ရောက်လာပြီ
Vol. 98 Ch. 1284
ယန်အာ့လက်ထဲရှိ မီးအိမ်စွမ်းအားသည် ပေါ်ထွက်လာပြီး အလင်းကြိုးမျှင်တစ်မျှင်က ဘေးသို့ ကားထွက်သွားသည်။
မီးအိမ်က သူမလက်ထဲမှ ပျံထွက်သွားကာ လေထဲတွင် မြောလွင့်နေသည်။ ယန်အာက သူမခန္ဓာကိုယ်ကို လှုပ်ခါ၍ နဂါးစာကလေးအသွင် ပြောင်းလိုက်ရင်း ရှည်လျားသော လက်သည်းစွယ်ကြီးများဖြင့် အလင်းကြိုးမျှင်ကို ဆွဲယူလိုက်သည်။ ထို့နောက် တောင်ပံများ တဖျတ်ဖျတ် ခတ်လျက် အနောက်သို့ ပျံသန်းလိုက်သော်လည်း မီးအိမ်ကား နေရာမှ တုပ်တုပ်မလှုပ်ပေ။
ဝုန်း….
အလင်းကြိုးမျှင်သည် ရှေ့သို့ပြေးထွက်သွားပြီး ကြည်လင်ပြတ်သားသော ဗျပ်စောင်းသံက တောင်ကြားတစ်ခုလုံး တုန်ရီသွားစေသည်။
ဗျပ်စောင်းသံ ထွက်ပေါ်လာသည်နှင့် လေးကြိုး၏ တဒင်ဒင် တုန်ခါသံများလည်း ပေါ်ထွက်လာ၏။ မြားရောင်တစ်ချက်က တောင်စောင်းနံရံမှ သက်တံ့တစ်စင်းအလား ပြေးထွက်လာပြီး မီးအိမ်အား လျှပ်တပြက် ကျော်သွားသည်။
မီးအိမ်ထဲရှိ နေလုံးမှာ ဟုန်းခနဲ ထသောက်သွားသဖြင့် မီးတောက်များက မီးအိမ်ကို ပြာကျသွားစေ၏။ ကောင်းကင်နတ်အရှင်ယွဲ့၏ ရတနာထဲတွင် ကိန်းဝပ်နေသော နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းမှာ ချက်ချင်း ချေမှုန်းခံလိုက်ရလေပြီ။
မီးလုံးများ တစ်လုံးနှင့်တစ်လုံးဝင်တိုက်သွားသည့်အခါ အလင်းတန်းကြိးမျှင်သည် မီးတောက်များကို ကျော်ဖြတ်၍ ခပ်ပိန်ပိန်ရုပ်ခန္ဓာ၏ လည်ပင်းနားသို့ ချဉ်းကပ်သွား၏။
ထိုလူရိပ်၏ မျက်လုံးများ တောက်ပလာပြီး အလင်းတန်းနှစ်တန်းက မြားနှစ်စင်းအလား ထွက်ပေါ်လာသည်။ မြားတစ်စင်းက အလင်းတန်းကြိုးမျှင်တစ်မျှင်၏ ဗဟိုသို့ ထိုးစိုက်ပစ်လိုက်ရာ အလင်းတန်းမှာ နှစ်ခြမ်းကွဲသွား၏။ အလင်းနှစ်ခြမ်းက သူ့လည်ပင်း ဘေးနှစ်ဖက်မှ ဖြတ်သွားကာ လည်ပင်းပြတ်လုနီးပါး ဖြစ်သွားစေသည့် သွေးအစင်းကြောင်းနှစ်ကြောင်း ထားရစ်ခဲ့သည်။
သူ၏မျက်လုံးမှ ကျန်အလင်းတန်းက ယန်အာ အသွင်ပြောင်းထားသော နဂါးစာကလေးနောက် လိုက်သွားသည်။ ၎င်း ယန်အာ့နောက်ကျောသို့ ရောက်ရှိချိန်တွင် နဂါးစာကလေးမှာ တောင်ပံသွက်သွက် ခတ်လျက် ပျံသန်းလိုက်သော်လည်း အချိန်မီ မရှောင်တိမ်းနိုင်လိုက်ချေ။
ထိုအခိုက်အတန့်တွင် ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံက ပြန့်ကားလာပြီး နဂါးစာကလေးကိုပါ ပထမကောင်းကင်ဘုံထဲ ထည့်သွင်းလိုက်သည်။
နဂါးချီလင်သည် ကောင်းကင်ဘုံများကို အားကုန်အသက်သွင်းလျက် နေရာအစီအစဉ်များအား ပြောင်းလဲနေ၏။ သူက နဂါးစာကလေးအား ထိုကြောက်မက်ဖွယ် မြားရောင် ထိမှန်မသွားအောင် အဆက်မပြတ် နေရာရွှေ့ပေးနေသည်။
ဒုတ်… ဒုတ်… ဒုတ်…
မြားရောင်က ကောင်းကင်ဘုံများကို ဖောက်ထွက်၍ လေကို ခွင်းထွက်သွား၏။ ၎င်း ဖြတ်သွားသော ညအမှောင်ကောင်းကင်ထက်တွင် တောက်ပလင်းလက်နေသည့် အလင်းတန်းတစ်တန်း ကျန်ရစ်ခဲ့လေသည်။
နဂါးချီလင်မှာ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး သူ့နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျနေသည်။
ထိုအခိုက်အတန့်တွင် ပထမလူသားဧကရာဇ်၊ ကျန်းယွင်ကျန့်နှင့် အခြားသူများသည် ဖန်သားကောင်းကင်စေတီ၏ ရတနာများအပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြပြီး လက်ကျန်မှော်စွမ်းအင်များကို ထုတ်လွှတ်ကာ ရတနာတို့အား အသက်သွင်းလိုက်ကြ၏။
ဖန်သားကောင်းကင်စေတီထဲရှိ ရတနာများက ကြယ်တာရာများကဲ့သို့ တောက်ပလင်းလက်လာကြတော့သည်။
ဖန်သားကောင်းကင်စေတီမှာ လောကတွင် နံပါတ်တစ်ရတနာ ဖြစ်၏။ ထိုက်စုဥ မရှိတော့သော်လည်း မျက်ကန်းနှင့် ရွှေအတို့ ပြန်လည်ရေးဆွဲပြုပြင်ထားသဖြင့် ယခင်ကထက်ပင် ရှုပ်ထွေးအနုစိတ်လေသည်။
သို့သော် ဤသို့ အထွတ်အထိပ်ရတနာတစ်ခုအား ပြုပြင်ရသည်မှာ အချိန်များစွာ ယူရသဖြင့် မျက်ကန်းနှင့် ရွှေအတို့မှာ အပြီးမသတ်ရသေးချေ။
ထိုမျှသာမက နတ်ဘုရားအင်အား မရှိသဖြင့် ဤအထွတ်အထိပ်ရတနာ၏ စွမ်းအားကို အဆုံးအစွန်အထိ ထုတ်လွှတ်ရသည်မှာ အားလုံး၏ သိုင်းအခြေခံအပေါ် ထိခိုက်စေ၏။ ၎င်းက အကြီးမားဆုံး နစ်နာမှုကြီးတစ်ခု ဖြစ်သည်။
ချင်မူလည်း ဖန်သားကောင်းကင်စေတီ၏ မ,ယူခြင်း ခံလိုက်ရပြီး အထွတ်အထိပ်ရတနာတစ်ခုအပေါ်သို့ ကျဆင်းသွား၏။ သူက နတ်လေးကို ဆွဲလိုက်သော်လည်း နတ်လေးမှာ သူ့လက်ထဲတွင် ထိန်းချုပ်မရနိုင်စွာ ခုန်ပေါက်နေကာ မူလသခင်ဆီသို့ ပြန်သွားချင်နေသည်။
ချင်မူမှာ အံ့ဩမှင်သက်နေပြီး အားကုန်ထုတ်၍ နတ်လေးအား ထိန်းနေရသည်။
“နောက်ဆုံးတော့ အဲ့ဒီပျက်စီးနေတဲ့ စကြ၀ဠာကနေ ငါ လွတ်မြောက်လာခဲ့ပြီ”
လက်ပြတ်နေသည့် ခပ်ပိန်ပိန်အရိပ်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါ အနှိုင်းမဲ့အောင် ကြီးမားသော သူ၏ အသိစိတ်အလျဉ်သည် အချိန်နှင့် နေရာဟင်းလင်းပငြ်ကို တုန်လှုပ်သွားစေပြီး လူတိုင်းအား သူ့အတွေးတို့ကို နားလည်သွားစေ၏။
“လတ်ဆတ်လိုက်တဲ့ လေ... လတ်ဆတ်လိုက်နဲ့ ကောင်းကင်နဲ့ မြေကြီး… ဘ၀အသစ်… အိုမင်းခြင်းနဲ့ သေခြင်းအရှိန်အဝါတွေ ကင်းမဲ့နေတဲ့ လောက”
သူ့မှာ ရေဓာတ်ခမ်းခြောက်နေသည့်အလား ထိတ်လန့်စရာကောင်းလောက်အောင် ပိန်လှီခြောက်ကပ်နေသည်။ သူ့၏ မွဲခြောက်နေသော အရေပြားအောက်တွင် မည်သည့်သွေးမှ စီးဆင်းမနေဘဲ ကြွက်သားအခြောက်များကသာ အရိုးများတွင် ကပ်တွယ်နေသည်။
သူ လမ်းလျှောက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ အရွတ်များ ပြတ်တောက်ကုန်သည့်အလား တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေ၏။
“ငါ့ခေတ်က ရှေးကျလွန်းပေတယ်… ရှေးကျလွန်းတဲ့အတွက် အဘယ်သက်ရှိမှ မတည်ရှိတော့ဘူး”
“ဒြပ်ထုတွေကို ဖွဲ့တည်ပေးတဲ့ အမှုန်တွေလည်း ပျက်စီးလွင့်ပျယ်ကုန်ကြပြီ… လောကကြီးကို စနစ်တကျ လည်ပတ်နေစေတဲ့ မဟာတာအိုကလည်း ပြိုလဲပြီး အားနည်းနေပြီ… အရာအားလုံးကို ဆိတ်သုဉ်းပျက်စီးစေတဲ့ ကပ်ဘေး ကျန်ရှိတယ်… ဒီနေရာက ငါ အသစ်တဖန် ပြန်စတင်ဖို့ နေရာဖြစ်လာလိမ့်မယ်”
နဂါးချီလင်က သူ၏သက်ပြင်းချသံကို လျစ်လျူရှု၍ သူ့အား ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံတို့ဖြင့် ဖုံးအုပ်လိုက်သည်။ နဂါးချီလင်သည် သူ့အား ကောင်းကင်ဘုံများအတွင်းသို့ စုပ်ယူ၍ ကောင်းကင်ဘုံရတနာတို့၏ စွမ်းအားကို စုစည်းကာ သတ်ဖြတ်ရန် ကြံရွယ်ထား၏။
သို့သော် ကောင်းကင်ဘုံများ ထိုလူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည့်အခါ ထိုလူသည် လုံး၀မလှုပ်ရှားချေ။ ကောင်းကင်ဘုံ ၂၈ ဘုံမှာ သူ့အား လုံး၀စုပ်ယူနိုင်ခြင်း မရှိပေ။
နဂါးချီလင်မှာ အံ့ဩမှင်သက်သွားသည်။ ဤသို့ ကြောက်မက်ဖွယ်ပုဂ္ဂိုလ်မျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်သဖြင့် မည်သို့ဆက်လုပ်ရမလဲ မသိတော့ပေ။
ပထမလူသားဧကရာဇ်နှင့် ကျန်သူများက ဖန်သားကောင်းကင်စေတီထဲရှိ ရတနာများကို ထိန်းချုပ်နေကြသည်။ ရတနာများ၏ စွမ်းအားတို့က ပေါက်ကွဲထွက်၍ ခပ်ပိန်ပိန် ပုဂ္ဂိုလ်အား တိုက်ခိုက်ကြ၏။
ခပ်ပိန်ပိန်ပုဂ္ဂိုလ်တွင် လက် မရှိသည့်အပြင် ခန္ဓာကိုယ်မှာလည်း အင်မတန် ပိန်လှီခြောက်ကပ်နေသည်။ သူ၏ချီနှင့်သွေးတို့လည်း ဆိတ်သုဉ်းနေသည့်တိုင် သူသည် ဤအံ့မခန်းလိလိ တိုက်ခိုက်မှုများအရှေ့တွင် တည်ငြိမ်မြဲတည်ငြိမ်နေဆဲပင်။
“ငါ့သွေးတွေ ပြန်စီးဆင်းလာမှရမယ်… ငါ့ခန္ဓာကိုယ် ပြန်သက်သာလာမှဖြစ်မယ်”
“ကပ်ဘေးကြီးကို ခုခံဖို့ ငါ့ခွန်အား အများကြီး သုံးစွဲခဲ့ရတယ်… ခွန်အား ပြန်ဖြည့်ရမယ်”
ခပ်ပိန်ပိန်ပုဂ္ဂိုလ်က ပါးစပ်ဟလိုက်သည်။ သူ၏ပါးစပ်ကြီးကား သူ့ခေါင်းထက်ပင် ကြီးမားလာချေပြီ။ သူက ကောင်းကင်ဘုံ ၂၈ ဘုံမှ ပြေး၀င်လာနေသည် တိုက်ကွက်များအရှေ့တွင် အသက်တစ်ရှိုက် ရှူသွင်းလိုက်ရာ တိုက်ကွက်များက သူ့ပါးစပ်ထဲ ၀င်ရောက်သွားတော့သည်။
ဝုန်း… ဝုန်း… ဝုန်း…
သူ့ဗိုက်မှ ဗလုံးဗထွေးအသံများ ထွက်ပေါ်လာသည်။ ဗိုက်ကြီးသည် ရုတ်တရက် ပူဖောင်းလာကာ ပြန်ကျုံ့ဝင်သွားပြီး တဖန်ပူလာပြန်သည်။ ထိုသို့ အကြိမ်ဒါဇင်ခန့် ဖြစ်နေပြီး နောက်ဆုံးတွင်တော့ ငြိမ်ကျသွား၏။
သူ့မျက်နှာတွင် သွေးရောင်တချို့ သမ်းလာချေပြီ။
ဖန်သားကောင်းကင်စေတီထဲရှိ လူအားလုံး ကျောချမ်းသွားကြသည်။ စကြ၀ဠာအဟောင်းမှ ဤပုဂ္ဂိုလ် တောင်စောင်းနံရံထဲတွင် ရှိနေတုန်းက ရင်ဆိုင်နိုင်ခဲ့သော်လည်း သူ နံရံထဲမှ ထွက်လာပြီးနောက်၌ ရင်ဆိုင်နိုင်စွမ်း မရှိတော့ချေ။
သူ၏ စွမ်းအားသည် မှန်းဆမရနိုင်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေ၏။ သူက ဖန်သားကောင်းကင်စေတီ၏ အဖိုးတန်ရတနာများကိုပင် ဝါးမြို၍ အားပြန်ဖြည့်နိုင်နေသည်။
“ငါ ချီနဲ့သွေး ပိုလိုအပ်တယ်”
ထိုခပ်ပိန်ပိန်ပုဂ္ဂိုလ်၏ အသိစိတ်အလျဉ်က ပေါ်ထွက်လာပြီး သူက ပါးစပ်ကြီးဟကာ အသက်တစ်ရှိုက် ရှူသွင်းလိုက်ပြန်သည်။ တောင်ကြားထဲရှိ လူအားလုံး၏ မူလဝိညာဉ်များ ယိမ်းယိုင်သွားပြီး ခန္ဓာကိုယ်ထဲမှ စုပ်ယူခံရတော့မတတ် ဖြစ်ကုန်ကြသည်။
အားလုံးက မူလဝိညာဉ်များကို ထိန်းလျက် ပြင်းထန်လှသော စုပ်အားကြီးကို တောင့်ခံနေသော်လည်း သူတို့၏ ချီနှင့်သွေးတို့မှာ အထိန်းအကွပ်မဲ့စွာ စိမ့်ထွက်နေကြချေပြီ။
ချင်မူက ကျယ်လောင်စွာ အော်လိုက်သည်။ “ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာ သုံးပြီးတော့ သွေးကြောတစ်ရာကို ချိပ်ပိတ်လိုက်ကြ”
မျိုးဆက်သစ်လူငယ်များက ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာအတိုင်း လက်ချောင်းများကို အလျင်အမြန် လှုပ်ရှား၍ ချီနှင့်သွေးကြောတို့အား ပိတ်လိုက်ကြသည်။ သို့သော် ချီနှင့်သွေး ပိတ်သွားသည်နှင့် သူတို့၏သိုင်းအခြေခံမှာ စုပ်အားကို ခံနိုင်ရည်မရှိချေ။ သူတို့မှာ စုပ်ယူအားကြောင့် ကောင်းကင်ထက်သို့ မြောက်တက်သွားကြသည်။
နဂါးချီလင်က ဖန်သားကောင်းကင်စေတီကို အလျင်အမြန် အသက်သွင်းလျက် ကောင်းကင်ဘုံများအား လှည့်လိုက်သောကြောင့် မြောက်တက်နေကြသူများမှာ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။
မျက်ကန်း၊ ဆေးဆရာနှင့် ပထမလူသားဧကရာဇ်ကဲ့သို့ မျိုးဆက်ဟောင်းများမှာတော့ ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကို တစ်ခါမှ မကျင့်ကြံဖူးခဲ့ကြချေ။ သူတို့၏ ချီနှင့်သွေးမှာ အထိန်းအကွပ်မဲ့စွာဖြင့် အဆက်မပြတ် စီးထွက်နေကြသည်။ သူတို့ခေါင်းမှတစ်ဆင့် ချီနှင့်သွေးတို့မှာ စက်၀န်းပိုင်းများအလား စိမ့်ထွက်၍ ခပ်ပိန်ပိန်ပုဂ္ဂိုလ်၏ စုပ်ယူခြင်းခံနေရ၏။
ချင်မူက တင်းမာလေးနက်နေသော မျက်နှာအမူအရာဖြင့် နတ်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူက ကောင်းကင်ဘုံတစ်လျှောက် လှည့်ပတ်ပျံသန်းရင်း ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာ သုံးကာ ပထမလူသားဧကရာဇ်နှင့် အခြားသူတို့၏ ချီနှင့် သွေးများ စိမ့်မထွက်အောင် လိုက်ပိတ်ပေးနေသည်။
သို့သော် သူ မျိုးဆက်ဟောင်းတို့၏ ချီနှင့်သွေးကို ပိတ်မပေးနိုင်ခင် မျိုးဆက်သစ်များမှာ ခံနိုင်ရည်မရှိတော့ဘဲ ပိတ်ထားမှုများ ပြန်ပွင့်ထွက်ကုန်သဖြင့် ချီနှင့်သွေးတို့ ဒဟဟော စိမ့်ထွက်ကုန်တော့သည်။
ချင်မူမှာ ကူကယ်ရာမဲ့သလို ခံစားလာရတော့၏။ ‘တာအိုနောင်တော်ထိုက်ယီက လာခဲ့မယ် ပြောသွားတာမလား…. ဘာလို့ အခုထိ မရောက်သေးတာလဲ’
ထိုအခိုက်အတန့်တွင် ထိုက်ရှီဥမှာ စုပ်အားကြောင့် ဖန်သားကောင်းကင်စေတီအပြင်သို့ လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည်။
ရှေးဟောင်းနတ်ဘုရားဥမှာ ခပ်ပိန်ပိန်ပုဂ္ဂိုလ်၏ စုပ်ယူအားကို ခံနိုင်ရည်ရှိပုံမရဘဲ ထိုသူ၏ ပါးစပ်ထဲသို့ ၀င်သွားချေပြီ။
ချင်မူ လိုက်ဖမ်းသော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့၏။ ထိုက်ရှီဥမှာ ခပ်ပိန်ပိန်ပုဂ္ဂိုလ်၏ ပါးစပ်ထဲသို့ ကျသွားသော်လည်း ကြီးမားလွန်းနေသဖြင့် လည်ချောင်းထဲတွင် တစ်နေပြီး မြိုချမရချေ။
ခပ်ပိန်ပိန်ပုဂ္ဂိုလ်က အာရုံမရှိပေ။ ထိုက်ရှီဥထဲရှိ ချီမှာ ပျံထွက်လာပြီး ခပ်ပိန်ပိန်ပုဂ္ဂိုလ်၏ မြိုချခြင်း ခံလိုက်ရသည်။
ထိုက်ရှီဥထဲရှိ စွမ်းအင်သည် သူ ထင်ထားသည်ထက် များပြားနေပြီး သူ့ခန္ဓာကိုယ်ထဲသို့ တရစပ် စိမ့်၀င်နေ၏။
ထို့နောက်မှသာ ခပ်ပိန်ပိန်ပုဂ္ဂိုလ်မှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။ သူသည် ဥထဲမှ ထွက်လာနေသာ ထိုက်ရှီချီကို သန့်စင်ပြီး မစုပ်ယူနိုင်ပေ။
“ကောင်းကင်နတ်အရှင်မူ၊ ထိုက်ရှီတာအိုက ယင်ယန်နှစ်ဖြာမှ တစ်ခုတည်း ပေါင်းစည်းခြင်း... ပေါင်းစည်းခြင်းမှတစ်ဆင့် ဒြပ်ထုမရှိသော သဏ္ဍာန် ဖြစ်တည်လာခြင်းပဲ”
ထိုက်ရှီဥထဲမှ အသံတစ်သံက လုံးထွေးစွာ ထွက်ပေါ်လာသည်။ “ယင်နဲ့ယန်ကို ယူပြီး ထိုက်ကျိအသွင် ပြောင်းလိုက်… မင်း ဘာလို့ မတိုက်ခိုက်သေးတာလဲ..”