← Chapters

မကူညီဘဲ နေခြင်းသည်လည်း ကူညီခြင်းတစ်မျိုးပေတည်း

Vol. 98 Ch. 1285

မကူညီဘဲ နေခြင်းသည်လည်း ကူညီခြင်းတစ်မျိုးပေတည်း

Vol. 98 Ch. 1285

ချင်မူမှာ ထိုက်ရှိစကားကို ကြားလျှင် ရင်ထဲ လှုပ်ရှားသွားသည်။ သူက ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံအတွင်းမှ ဆင်းသက်လာသည်။ သူ ဆင်းသက်လာချိန်တွင် သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးက ပွင့်လာသည်။

ဒေါင်လိုက်မျက်လုံးထဲရှိ ထိုက်ကျိမူလကျောက်တုံးမှာ အသက်သွင်းခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော သင်္ကေတများက ထိုက်ကျိနတ်ကျောက်တုံးပေါ်တွင် တောက်ပလာကြပြီး တဝီဝီမြည်ကာ လှည့်ပတ်နေကြ၏။

သူ့မျက်ခုံးနှစ်ဖက်ကြားရှိ သူငယ်အိမ်မှာ ချက်ချင်း အဖြူရောင်နှင့် အနက်ရောင်အဖြစ် ပြောင်းလဲကာ လျင်မြန်စွာ လည်ပတ်လာကြသည်။

ဝီ…

အဖြူရောင်နှင့် အနက်ရောင်သည် ရောယှက်သွားပြီး အလင်းတန်းတစ်တန်းက ကောင်းကင်ထက်မှ ကျဆင်းလာကာ ခပ်ပိန်ပိန်ပုဂ္ဂိုလ်၏ လည်ပင်းပေါ်သို့ ဖြာကျသွားသည်။

ထိုအလင်းတန်း ကျဆင်းလာသည့်အခါ ခပ်ပိန်ပိန် ပုဂ္ဂိုလ်၏ လည်ချောင်းမှာ ချက်ချင်း ကျောက်သားဖြစ်သွားသည်။ အလင်းတန်း ရွေ့လျား၍ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျောက်သားဖြစ်လာတော့၏။

ချင်မူက ဒေါင့်ဖြတ်ပျံသန်းသွားပြီး သူ၏ခြေထောက် မြေပြင်နှင့် ထိတွေ့လိုက်သည်နှင့် သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးက သူ့အား ခေါင်းမှခြေထောက်အထိ တောက်ပသွားစေသည်။

ခပ်ပိန်ပိန်ပုဂ္ဂိုလ်မှာ ကျောက်ရုပ်တု ဖြစ်သွားကာ မလှုပ်ရှားနိုင်တော့ချေ။

ဖန်သားကောင်းကင်စေတီထဲရှိ လူအားလုံး စိတ်အေးသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စုပ်အားကြီးမှာ ပျောက်ကွယ်သွားသဖြင့် သူတို့၏ချီနှင့်သွေးများ စိမ့်ထွက်နေခြင်း ရပ်တန့်သွားသည်။

ကျန်းယွင်ကျန့်နှင့် မျိုးဆက်သစ်သိုင်းပညာရှင်အချို့မှာ ကောင်းကင်မှ မြေပြင်သို့ ပြုတ်ကျလာကြပြီး အချိန်အတော်ကြာသည်အထိ မထနိုင်ကြပေ။

ပထမလူသားဧကရာဇ်၊ ယန်အာနှင့် အခြားသူများလည်း ကြောက်ရွံတုန်လှုပ်နေကြသေး၏။

ချင်မူ့ခန္ဓာကိုယ်က တစ်ချက်ကလေးမှ မရပ်တန့်ဘဲ ကျောက်ရုပ်တုအား လှည့်ပတ်ကြည့်ရှုနေသည်။ သူ့တတိယမျက်လုံး၏ အဖြူရောင်နှင့် အနက်ရောင်တို့က ရောယှက်နေပြီး ထိုလူ့ခန္ဓာကိုယ်အနှံ့အပြားအပေါ်သို့ ဖြာကျလျက် ကျောက်ဖြစ်ခြင်းကို ပိုမာကြောလာစေသည်။

ဝှစ်…

သူ လက်မြှောက်လိုက်ရာ ကျောက်ရုပ်တုက ပျံတက်သွားသည်။ ချင်မူက ခေါင်းမော့လိုက်ရာ သူ၏တတိယမျက်လုံးက ကျောက်ရုပ်တု၏ ခြေဖနောင့်များအပေါ်သို့ အလင်းဖြင့် ထိုးလိုက်သည်။

ဝုန်း….

ရုပ်တုက မြေပေါ်ပြန်ကျလာပြီး ချင်မူသည် တစ်နေရာမှ မကျန်ခဲ့အောင် ဆက်ကြည့်နေ၏။

“တော်တော့… ရပြီ… ကောင်းကင်နတ်အရှင်မူ၊ မင်း အခု ရပ်လိုက်လို့ရပြီ”

ဥထဲမှ ထိုက်ရှီအသံက အော်ပြောသည်။ “သူ့တစ်ကိုယ်လုံး ကျောက်ဖြစ်နေပြီဟ … မူလဝိညာဉ်တောင်မှ ကျောက်ရုပ်ဖြစ်နေပြီ… ထပ် ကြည့်နေစရာမလိုတော့ဘူး… ငါ မြန်မြန် ပြန်ထွက်နိုင်မယ့် နည်းလမ်းသာ ရှာပေးတော့”

ချင်မူ့ခြေလှမ်းများက ရပ်တန့်သွားပြီး သူ့မှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဒူးများ ခွေကျသွားပြီး မြေပေါ်လှဲလျက် အသက်လုရှူနေရလေသည်။

ယခုလေးတင် ဖြစ်ပွားခဲ့သော အခြေအနေကြီးကား အန္တရာယ်များလှသည်။ ခပ်ပိန်ပိန်ပုဂ္ဂိုလ်က ထိုက်ရှီဥကို စုပ်ယူ၍ ထိုက်ရှီချီသာ မဝါးမြိုခဲ့လျှင် ချင်မူတို့ အနိုင်ရနိုင်မည့် အခွင့်အရေးမရှိပေ။

ထိုက်ရှီတာအိုနှင့် ထိုက်ကျိတာအိုတို့က အကြီးမားဆုံး အန္တရာယ်ကို ဖြေရှင်းပေးခဲ့သည်။

“ကောင်းကင်နတ်အရှင်မူ၊ ငါ့ကို မြန်မြန်ကယ်ပေးပါတော့ဟ… ငါ သူ့လည်ချောင်းထဲမှာ ညပ်နေပြီ”

‌ကျောက်ရုပ်တု၏ လည်ချောင်းထဲမှ ထိုက်ရှီဥ၏ ဗလုံးဗထွေးအသံများ ထွက်လာသည်။ “ဒီကျောက်ရုပ်တုက မာလွန်းတယ်… ငါ လှုပ်လို့ မရတော့ဘူး… ကောင်းကင်နတ်အရှင်မူ… ကောင်းကင်နတ်အရှင်မူ၊ ဘယ်ရောက်သွားတာတုန်း... အသက်မှ ရှိသေးရဲ့လား… ငါ့ကို ထားခဲ့ပြီး ထွက်ပြေးသွားတာတော့ မဟုတ်ဘူးမလား”

ယန်အာက ကပျာကယာ ပြေးလာကာ နဂါးစာကလေးအဖြစ် အသွင်ပြောင်းလိုက်သည်။ သူမက လက်သည်းစွယ်များ ထုတ်၍ ‌ကျောက်ရုပ်တု၏ လည်ချောင်းထဲသို့ နှိုက်သည်။ တခဏကြာသော် ထိုက်ရှီဥကို ဆွဲထုတ်နိုင်သွား၏။

ထိုက်ရှီဥမှာ မြေပေါ်ကျသွားပြီး နှစ်ပတ်မျှ လိမ့်သွားသည်။ အပြင်သို့ ပြန်ရောက်လာခဲ့ကြောင်း အတည်ပြုပြီးမှသာ သူ့မှာ စိတ်အေးနိုင်တော့သည်။ “တော်သေးတာပေါ့ကွာ.. တော်သေးလို့ပေါ့… ထိုက်ရှီချီတချို့ ဆုံးရှုံးလိုက်ရတာတော့ နှမြောစရာပဲ.. ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့ကို ပြန်လျော်ပေးရမယ်”

ချင်မူမှာ နေရာတွင် လှဲ၍ ဟောဟဲလိုက်နေဆဲဖြစ်သည်။ ဤသည်မှာ သူ့မှာ သေချင်စိတ်ပေါက်သည်အထိ ပင်ပန်းမှုကို ခံစားဖူးသော ပထမဦးဆုံးအကြိမ် ဖြစ်၏။

ထိုက်ရှီဥက သူ့ဘေးသို့ လာရပ်နေသည်။

ကောင်းကင်မှာ လင်းထိန်လာပြီး ညတာ ကုန်ဆုံးသွားခဲ့ချေပြီ။

အားလုံးမှာ အလင်းရောင်ထွက်လာသည်ကို မြင်မှ စိတ်ဒုန်းဒုန်းချနိုင်တော့သည်။ တစ်ယောက်ပြီးတစ်ယောက် မြေပေါ်တွင် ထိုင်ကြသူက ထိုင်၊ လှဲသူက လှဲ၊ အချင်းချင်း မှီသူက မှီ၊ ကျောက်တုံးများကို မှီသူမှီဖြင့် အသီးသီး နေရာယူလိုက်ကြသည်။ သူတို့မှာ ပင်ပန်းနွမ်းနယ်နေကြလေသည်။

ညသည် ကြောက်စိတ်ကို အသွေးထဲအသားထဲအထိပင် တုန်ဆင်းစေပြီးနောက် ကုန်ဆုံးသွားခဲ့လေပြီ။

ချင်မူက အားနည်းနည်း ပြန်ပြည့်လာသဖြင့် တုန်ရီစွာ ထရပ်လိုက်သည်။ ပါးစပ်ကြီးဟနေသည့် ကျောက်ရုပ်တုကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကျောက်ရုပ်သည် လုံးဝငြိမ်သက်နေကြောင်း သိလိုက်ရ၏။ ထို့မှသာ သူ့မှာ စိတ်အေးနိုင်တော့သည်။

“တာအိုနောင်တော်ထိုက်ယီက အခုထိ ပေါ်မလာဘူးပဲ…” ချင်မူမှာ အနည်းငယ် စိတ်ပျက်နေမိသည်။

“မင်း သူ့ကို ယုံရင် သူ့ကိုယ်သူ ဘာပြောမှန်းတောင် မသိတဲ့ ထိုက်ကျိကိုလည်း ယုံလိုက်တော့...”

ထိုက်ရှီက ပြောသည်။ “သူ တစ်နေရာရာမှာ ကြောက်ဒူးတုန်နေတာပဲ ဖြစ်မယ်…”

ချင်မူက တဟားဟား ရယ်လျက် ခေါင်းရမ်းလိုက်သည်။ ဆေးဆရာသည် ဒဏ်ရာများ လိုက်ကုပေးရင်း အလုပ်ရှုပ်နေသည်။ နောက်ဆုံးတော့ အားလုံး သက်သာခဲ့ကြ၏။

ထိုညမှာ အန္တရာယ်များလွန်းသည်။ သတိရမိတိုင်း ကြောက်စိတ်များ ၀င်လာမိသေးသည်။

တောင်ကြားထဲမှ ထွက်၍ နေရောင် သူတို့မျက်နှာအပေါ် ဖြာကျလာသည့်အခါ တောက်ပလင်းလက်လွန်းသည့်အတွက် ငေးမောနေမိကြသည်။

“အသက်ရှင်ရတာ သိပ်ကောင်းတာပဲကွာ” ရွှေအက မျက်လုံးများ မှေးကျဉ်းကာ ရေရွတ်လိုက်၏။

ချင်မူက အဝေးသို့ ကြည့်လိုက်ရာ အနက်ရောင်တောင်ကြီးတစ်ချို့ အက်ကွဲ၍ အဖြူရောင်ဓာတ်ငွေ့များ လွင့်ပျံ့နေကြောင်း တွေ့လိုက်ရသည်။ ရေပုံးတစ်ပုံး သယ်ထားသည့် လူငယ်တစ်ယောက်က အပြေးတစ်ပိုင်းသွားနေလေသည်။

သူ့မျက်နှာကြီးမှာ မည်း‌မှောင်သွားပြီး ရှေ့လျှောက်သွားသည်။ လူငယ်က ရေပုံးကို ချ၍ အပြုံးလေးဖြင့် နှုတ်ဆက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ညက အိပ်ပျော်ပါစ…. အခု ဒီမဟူရာသစ်ပင်ကြီးအောက်မှာ ဘာတွေမြှုပ်နှံထားသလဲ သိသွားပြီမလား”

ချင်မူက သူ့ဘေးတွင် ရပ်၍ တခဏ တိတ်ဆိတ်နေပြီးနောက် ပြောသည်။ “တာအိုနောင်တော် ပြောသွားတုန်းကတော့ လာကူမယ်ဆို”

“ငါ ကူညီချင်တယ်လို့ပဲ ပြောခဲ့တာပါ… ကူမယ် မပြောခဲ့ဘူး”

လူငယ်က မိုးမခသစ်ကိုင်း ထုတ်လိုက်ရင်း ရေပုံးထဲမှ ရေတို့အား အက်ကွဲနေသည့် တောင်ထိပ်သို့ ပက်ဖြန်းနေသည်။ “မင်းတို့ကို အပေါ်ကနေ အားပေးပြီး ကူညီပေးနေတာပဲလေ”

ချင်မူမှာ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်ချေ။ သူ ပါးစပ်ပြင်လိုက်စဉ် အက်ကွဲနေသည့် တောင်ထိပ်က တဖြည်းဖြည်း ပြန်စေ့သွား၏။

“မင်းကို ကူညီဖို့ အကောင်းဆုံးနည်းလမ်းက စကြဝဠာအဟောင်းရဲ့ သိုင်းပညာရှင်ကို ကူတိုက်ပေးတာ မဟုတ်ဘူး… မင်း ရင်ဆိုင်နေရတဲ့ ရန်သူတွေက ဘယ်သူတွေဆိုတာ သိအောင် လုပ်ပေးတာပဲ... မင်း မဟူရာသစ်ပင်ကြီးကို သိမ်းပိုက်ပြီး ပိုင်ရှင်ဖြစ်လာချင်တယ်ဆိုရင် ဒါတွေအားလုံးကို ကြုံတွေ့ရလိမ့်မယ်”

လူငယ် ထိုက်ယီက ရေဖြန်းနေရင်း ဆက်ပြော၏။ “မင်း ဒါလေးကိုတောင် နားမလည်ရင် ကမ္ဘာဦးမိစ္ဆာတွေ ကျူးကျော်လာတာကို ငါနဲ့အတူ ဘယ်လိုလုပ်ကူညီတားဆီးနိုင်မှာလဲ… သူတို့ထဲမှာ ဟင်းလင်ပြင်သားရဲတွေကို ဖန်တီးပြီး ဒီကို စေလွှတ်နိုင်အောင် အစွမ်းထက်တဲ့ ဖြစ်တည်မှုတွေ ရှိတယ်…. သူတို့က ဒီစကြဝဠာထဲ ၀င်လာနိုင်ဖို့ အောက်တန်းကျတဲ့ နည်းလမ်းပဲ ဖြစ်ဖြစ် သုံးကြမှာ… ပြီးခဲ့တဲ့ညက စမ်းသပ်မှုလေးကိုတောင် မကျော်ဖြတ်နိုင်ရင် မင်းအနေနဲ့ ဒီနေရာကို သိမ်းပိုက်ပိုင်ခွင့် မရှိဘူး”

သူက ရေပုံးနှင့် မိုးမခသစ်ကိုင်းအား ချင်မူ့ဆီ ပေးလိုက်ပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ သစ်နက်တောင်တန်းတစ်သိန်းရဲ့ အရှင်သခင်… မင်းရဲ့ တောင် အက်နေတယ်… ကိုယ့်ဘာသာ ပြင်လိုက်တော့”

ချင်မူက ရေပုံးနှင့် မိုးမခသစ်ကိုင်းကို ယူလိုက်ပြီး သူ ပြသည့်အတိုင်း သစ်နက်တောင်တန်း၏ တောင်ကြားထဲသို့ ရေဖြန်းလိုက်သည်။ အနက်ရောင်တောင်တန်း၏ အက်ကွဲကြောင်းထဲတွင် တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကြီးတစ်ခု တည်ရှိနေ၏။ ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်က အထဲမှ တိုးထွက်၍ သူ၏ လက်သည်းအရာများ ချန်ရစ်ခဲ့သည့်အလားပင်။

“ငါ မနေ့ညက မလာခဲ့တဲ့ အကြောင်းပြချက် နောက်တစ်ခု ရှိသေးတယ်”

လူငယ် ထိုက်ယီက သူ့အား တောင်ကြားထဲတွင် ရေဖြန်းပုံရေဖြန်းနည်းအား ပြသရင်း ဆက်ပြောသည်။ “အကြောင်းအရင်းက တာအိုမိတ်ဆွေထိုက်ရှီပဲ… တာအိုမိတ်ဆွေထိုက်ရှီက ထိုက်ချူ ဖိနှိပ်တာကို နှစ်ပေါင်းများစွာ ခံခဲ့ရတယ်… သူ့ရဲ့စိတ်က မသန့်စင်တော့ဘူး… သူ အလေးစားဆုံးသူက ငါ မဟုတ်ဘဲ သူ့ကို ဖိနှိပ်ခဲ့တဲ့ ထိုက်ချူ ဖြစ်နေတယ်”

ချင်မူက တိတ်ဆိတ်စွာ နားထောင်နေသည်။

“သူက တစ်လောကလုံးကို အုပ်ချုပ်နိုင်တဲ့ ထိုက်ချူ နောက်တစ်ယောက် ဖြစ်လာချင်နေတာ”

လူငယ်ထိုက်ယီက ပြော၏။ “မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားထဲမှာတုန်းက သူ ထိုက်စုနဲ့ ပြောခဲ့တဲ့ စကားတွေက မင်းရဲ့လက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ကြမယ်… မင်းရဲ့ကျောက်တုံးတွင်းကို ဘယ်လိုအပိုင်းသိမ်းကြမယ် ဆိုတာတွေပဲ… အနာဂတ်မှာ လောကကြီးအပေါ် အုပ်ချုပ်နိုင်မယ့် နည်းလမ်းတွေကို အတူဖန်တီးကြဖို့ တိုင်ပင်နေခဲ့ကြတာ… ထိုက်စုက ဧကရီဖြစ်လာပြီး ထိုက်ရှီက ဧကရာဇ်ဖြစ်လာဖို့တောင် ပြောခဲ့ကြသေးတယ်”

ချင်မူလည်း တွေးလိုက်ပြီး ပြုံးလျက် ပြောသည်။ “အဲဒီလိုတဲ့လား… ကျွန်တော်က သူနဲ့ထိုက်စု ဘာတွေဆွေးနွေးခဲ့တာလဲ စဉ်းစားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားခဲ့တာ ကြာပြီ”

လူငယ်က အေးအေးလူလူ ပြော၏။ “ငါ မင်းကို မနေ့ညက ကူညီခဲ့မယ်ဆိုရင် ထိုက်ရှီက မင်းကို ကူညီပါ့မလား”

ချင်မူမှာ ကြောင်အသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်မိသည်။ ပြုစုပေးရသည်ကို သဘောကျသော ယန်အာက ထိုက်ရှီဥကို တောင်တစ်လုံးအပေါ် တင်နေ၏။ နဂါးစာကလေးမှာ ကြိုးကြိုးစားစားဖြင့် သစ်ကိုင်းသစ်ရွက်များ ရှာဖွေကာ ဥအတွက် အသိုက်ဆောက်ပေး၍ ဥပေါက်လာစေအောင် ၀ပ်ထားပေးဖို့ အသင့်ပြင်နေသည်။

ချင်မူက ခေါင်းတယမ်းယမ်းဖြင့် ရယ်လိုက်မိလေသည်။

“အခုထိုက်ရှီက ထိုက်ချူရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်လာခဲ့တဲ့ ထိုက်ရှီ မဟုတ်တော့ဘူး…. သူက မင်းရဲ့ လွှမ်းမိုးမှုကို ဖြည်းဖြည်းချင်းလည်း ခံနေရပြီ”

လူငယ်က အေးဆေးတည်ငြိမ်စွာပင် ပြောပြန်သည်။ “အဲဒါကောင်းတယ်... ဒီစကြ၀ဠာက သူ့ကို မွေးပေးပြီး တာဝန်တစ်ခု ပေးခဲ့မှန်း သူ သဘောပေါက်ပြီးသွားပြီ… သူ့နှလုံးသားထဲက ရည်မှန်းချက်တွေ၊ လိုအင်ဆန္ဒတွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေပြီ… ကြည့်လေ သူ အခု အေးချမ်းနေတာပဲမလား”

ချင်မူလည်း လှမ်းကြည့်လိုက်ရာ ထိုက်ရှီဥသည် ယန်အာ သတိမထားမိသည့်အချိန်တွင် အသိုက်ထဲမှ ခိုးကြောင်ခိုးဝှက် ထွက်နေသည်။ သို့သော် ဇွဲကြီးသည့် ယန်အာက ပြန်ဖမ်းပြီး အသိုက်ထဲ ပြန်ထိုးထည့်လေသည်။

“ငါ မင်းကို ကူညီရင် ထိုက်ရှီက ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ နောက်တစ်ယောက် ဖြစ်လာလိမ့်မယ်… သူက အနာဂတ်မှာ ထိုက်ချူထက်တောင် ပိုရက်စက်လိမ့်မယ်”

လူငယ်က အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောလိုက်၏။ “ဒါကြောင့် ငါ မင်းကို မကူညီခဲ့တာပဲ”

All Chapters