ထိတ်လန့်ချောက်ချားဖွယ်ရာ ဘိုးဘေးနန်းတော်
Vol. 98 Ch. 1286
ချင်မူလည်း လူငယ်ထိုက်ယီ၏ စကားကို ပြန်စဉ်းစားပြီးနောက် အကျိုးအကြောင်းသင့်သဖြင့် ဦးညွှတ်အရိုအသေကာ ကျေးဇူးတင်လိုက်သည်။
စောစောက သူသည် ဒေါသအမျက်တစ်ချောင်းချောင်းဖြင့် ရောက်လာခဲ့သော်လည်း ယခုတော့ ဒေါသစိတ် မရှိတော့ပေ။
“တာအိုနောင်တော်ထိုက်ယီ၊ စကြ၀ဠာအဟောင်းရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေက အဲဒီ့လောက် ရင်ဆိုင်ရမခက်ခဲပါဘူး … ခင်ဗျား ဘာလို့ သိပ်သတိထားနေရတာလဲ”
သူက ရင်ထဲရှိ သံသယများအား ထုတ်မေးလိုက်သည်။ “အဲဒီသိုင်းပညာရှင်ရဲ့ အစွမ်းအစတွေက ထူးခြားပေမယ့် ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အစွမ်းအစတွေအောက်တော့ အနည်းငယ် နိမ့်ကျတယ်”
“အဲဒါက သူ အင်အားအကြီးဆုံး အခြေအနေကို ပြန်မရောက်သေးလို့လေ… အဲဒီအခြေအနေဆီ ပြန်ရောက်သွားရင် သူ့ရဲ့အစွမ်းအစက ကောင်းကင်နတ်အရှင်ဆယ်ပါးအောက် နိမ့်ကျတော့မှာ မဟုတ်ဘူး”
လူငယ်က ရှင်းပြသည်။ “ဒါ့အပြင် သူက စကြဝဠာအဟောင်းမှာ အင်အားအကြီးမားဆုံးပုဂ္ဂိုလ် မဟုတ်သေးဘူး… စကြဝဠာအဟောင်းမှာ သူ့ထက် အင်အားကြီးတဲ့သူတွေ အများကြီး ရှိတယ်… အဲ့ဒီပုဂ္ဂိုလ်တွေက သူတို့ရဲ့ တာအိုတွေကို အန္တိမဟင်းလင်းပြင်ထဲမှာ တံဆိပ်ခတ်နှိပ်ခဲ့တဲ့အတွက် မသေနိုင်သလို ပျက်လည်း မပျက်စီးဘူး… စကြဝဠာ ဖျက်ဆီးခံရတော့မှ သူတို့ သေဆုံးကြမှာ… အဲဒီပုဂ္ဂိုလ်တွေက လက်ရှိကောင်းကင်နတ်အရှင်ဆယ်ပါးထက်တောင် တန်ခိုးကြီးကြသေးတယ်”
ချင်မူမှာ ကြက်သီးမွေးညှင်းများ ထသွားသည်။
“ဒီသစ်ပင်ကြီးရဲ့ အမြစ်အောက်မှာ ဘာတွေရှိလဲ မင်း သိလား”
လူငယ်က ပြုံးလျက် ပြောသည်။ “မင်းက သတ္တုကြောတစ်ကြောပဲ မြင်ခဲ့ရတာ … ဒီ သစ်နက်တောင်တန်းတွေရဲ့ အသက်ရစ်ကွင်း ၁၆ ကွင်းအနက် အပြင်ဘက်ဆုံးအလွှာမှာပဲ သတ္ထုကြောကို မြင်နိုင်တယ်… အဲဒီသတ္ထုကြောတွေက ထောင်နဲ့ချီပြီး ရှိတယ်”
သူက ချင်မူ့ကို တားလိုက်ပြီး ရေပုံးထဲ လက်ချောင်းတစ်ချောင်း နှစ်လိုက်ကာ ကြည်လင်နေသည့် ရေတစ်စက်အား လက်ချောင်းထိပ်တွင် တွဲခိုနေစေသည်။ “မင်းမှာ အစွမ်းထက်ဆုံး နတ်မျက်လုံး ရှိပေမယ့် ထိုက်ချူ၊ ထိုက်ကျိနဲ့ မြေအောက်ဘုံအရှင်သခင်တို့ရဲ့ စွမ်းအားကို မထုတ်ဖော်နိုင်သေးဘူး… ဒီရေစက်က မင်း မြေအောက်က အခြေအနေတွေကို မြင်ရအောင် လုပ်ပေးလိမ့်မယ်”
သူက ရေစက်ကို ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးထဲသို့ ထည့်ပေးလိုက်ရာ ချင်မူသည် မျက်လုံးများတောက်ပလာသလို ခံစားလိုက်ရ၏။ ထိုက်ကျိမူလကျောက်တုံးနှင့် ထိုက်ချူဥထဲတွင် ပါဝင်သော မဟာတာအိုတို့က အလွန်တရာ ကြည်လင်ပြတ်သားလာကာ လှုပ်ရှားသက်ဝင်လာတော့သည်။
ချင်စာလုံးမြေတွင်ပင်လျှင် ယိုတုမဟာတာအိုများစွာ ပေါ်ထွက်လာကြပြီး သူငယ်အိမ်၏ သွေးကြောများတစ်လျှောက် စီးဆင်းသွားကြ၏။
သူက မြေအောက်သို့ ကြည့်လိုက်သည့်အခါ သစ်နက်တောင်တန်းတို့၏ အပြင်ဘက်ဆုံးအလွှာကို ချက်ချင်း မြင်လိုက်ရသည်။ နှိုင်းယှဉ်မရနိုင်အောင် ထူထပ်လှသော ကျောက်တုံးတွင်းများက မဟူရာသစ်ပင်ကြီး၏ အမြစ်များတွင် တွယ်ကပ်နေကြ၏။ အချို့ကျောက်တုံးတွင်းများက မြေမျက်နှာပြင်နှင့် နီးကပ်ပြီး အချို့ကတော့ မြေအောက်ထဲတွင် နစ်မြုပ်နေကြသည်။
ထိုကျောက်တုံးတွင်များမှာ မဟူရာသစ်ပင်ကြီး၏ အမြစ်များသဖွယ် အရပ်လေးမျက်နှာဆီ ပျံ့နှံ့နေကြလေသည်။ မြေအောက် နိမ့်ဆင်းသွားလေလေ ပိုမို အိုမင်းလာလေလေ ဖြစ်လိမ့်မည်။
ကျောက်တုံးတွင်းများ၌ ရောင်စုံအလင်းတန်းမျိုးစုံ တဖျတ်ဖျတ် လင်းလက်ကူးလူးနေကြရာ မျက်စိပင် ကျိန်းလာသည်။
ချင်မူ့အသံက ဩရှရှ ထွက်ပေါ်လာသည်။ “ကျောက်တုံးတွင်းထဲမှာ ဘာတွေရှိနေတာလဲ”
“မင်း သူနဲ့ တွေ့ပြီးသွားပြီ မဟုတ်လား”
လူငယ်က အေးအေးလူလူ ဖြေသည်။ “အပြင်ဘက်က သတ္တုကြောတွေက စကြဝဠာအဟောင်းရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေပဲ… သူတို့က ဒီကိုလာချင်ကြတာမလို့ သူတို့ရဲ့ မဟာတာအိုတွေ ဒါမှမဟုတ် လက်နက်တွေကို အရင်ပို့ထားကြတာ… အဲဒီလိုနဲ့ အချိန်ကြာလာတော့ မဟူရာသစ်ပင်ကြီးအောက်မှာ သတ္တုကြောတွေ ဖြစ်တည်လာတော့တာပေါ့ ... မင်း မနေ့က တွေ့ခဲ့တဲ့တစ်ယောက်က ငချွတ်ကလေးပဲ ရှိသေးတယ် … အနောက်မှာ တကယ့်အကောင်ကြီးကြီးတွေ ရှိသေးတယ်.. မဟူရာသစ်ပင်ရဲ့ တခြားအသက်ရစ်ကွင်းတွေဆီ ကြည့်လိုက်”
ချင်မူလည်း သူပြောသည့်အတိုင်း သစ်နက်တောင်တန်း၏ ဒုတိယအသက်ရစ်ကွင်းကို ကြည့်လိုက်သည်။ ထိုနေရာတွင်လည်း အရပ်လေးမျက်နှာသို့ ဖြာထွက်နေသော မြေအောက်ကျောက်တုံးတွင်းများ ရှိသော်လည်း အများစုမှာ ဗလာဖြစ်နေကြ၏။
ထိုကျောက်တုံးတွင်းများ၏ အရေအတွက်မှာ အပြင်ဘက်ဆုံးအလွှာလောက် မများပြားသော်လည်း တစ်ထောင်မှ နှစ်ထောင်အထိ ရှိလေသည်။
ထို့နောက် သူက တတိယအသက်ရစ်ကွင်းဆီ ကြည့်လိုက်သည်။ ဗလာဖြစ်နေသော ကျောက်တုံးတွင်းများ ရှိနေပြီး အရေအတွက်ကမူ မိုနည်းလာသည်။
မဟူရာသစ်ပင်ကြီး၏ အတွင်းဘက်သို့ရောက်လေလေ ကျောက်တုံးတွင်းအရေအတွက်မှာ နည်းပါးလေလေ ဖြစ်သည်။ အသက်ရစ်ကွင်း၏ ဗဟို ရောက်လာသည့်အခါ မည်သည့်ကျောက်တုံးတွင်းမှမရှိဘဲ ၎င်းအပြင်ဘက်တွင်သာ ကျောက်တုံးတွင်းတစ်တွင်း ကိန်းအောင်းနေသည်။
ဤအခြင်းအရာအရ စကြဝဠာအဟောင်းမှ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးသည် မဟူရာသစ်ပင်ကြီးကို ဖြတ်၍ နောက်စကြ၀ဠာတစ်ခုသို့ သွားရောက်နိုင်ခဲ့သောကြောင့် ကျန်သိုင်းပညာရှင်များလည်း သူ့နည်းတူ လိုက်လုပ်ခဲ့ကြခြင်း ဖြစ်မည်။ နောက်ဆုံး၌ ဤစကြ၀ဠာသို့ ရောက်လာခဲ့ကြသည့်အတွက် ကျောက်တုံးတွင်းထောင်ပေါင်းများစွာ ပေါ်လာခဲ့ပြီး မသေနိုင်၊ မပျက်စီးနိုင်သော သိုင်းပညာရှင်များက ခိုးဝင်လာခဲ့ချေပြီ။
“သူတို့က ကပ်ပါးကောင်တွေပဲ”
လူငယ်က ခပ်အေးအေး ပြောသည်။ “ဒါပေမဲ့ သူတို့ထဲမှာ အင်မတန် ကြောက်စရာကောင်းလွန်းတဲ့ ဖြစ်တည်မှုတွေ ရှိတယ်… ငါ့မှာသာ ရွေးချယ်စရာ ရှိခဲ့ရင် မဟူရာသစ်ပင်ကို ခုတ်ပြီး မီးရှို့ခဲ့မှာမဟုတ်ဘူး.. ဒါပေမဲ့ ခဏပဲ အချိန်ဆွဲထားနိုင်ခဲ့ပြီး သူတို့ရောက်လာမှာကို မတားဆီးနိုင်ခဲ့ဘူး”
ချင်မူက လက်သီးဆုပ်လိုက်ပြီးနောက် ပြန်ဖြေလျော့လိုက်သည်။ “သူတို့ လာတာက ဆိုးတဲ့အရာ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ.. လူတိုင်းမှာ အသက်ရှင်ချင်တဲ့စိတ် ရှိကြတယ်… ဒီပုဂ္ဂိုလ်တွေက စကြဝဠာပျက်စီးမှုကို ကြုံတွေ့ခဲ့ရတာဆိုတော့ နားချလို့ ရလောက်မှာပါ... စိတ်လိုက်မာန်ပါ မလုပ်လောက်ပါဘူး”
“မင်း ထပ်မှားပြန်ပြီ”
လူငယ်က ဆက်ပြောသည်။ “သူတို့က ကပ်ပါးကောင်တွေလို့ ငါ ပြောခဲ့ရတာ ဒါကြောင့်ပဲ… မဟူရာသစ်ပင်ကြီးရဲ့ ပထမအသက်ရစ်ကွင်းဆီ ကြည့်လိုက်….. နှစ်ပေါင်းကုဋေ ၈၀၀ ကျော် ကျော်ဖြတ်ခဲ့ပြီးပြီ… အပြင်ဘက်ဆုံး အသက်ရစ်ကွင်းမှာ နှစ်သန်း ၆၀၀ ပဲ ကျန်တော့တယ်…. ရစ်ကွင်းတစ်ကွင်းစီက အရင်ရက်ကွင်းထက် နည်းလာတယ်… အဲဒီမသေနိုင်တဲ့ သောက်ကျိုးနည်းပုဂ္ဂိုလ်တွေက စကြဝဠာအသစ်ကို ပိုပြီးမြန်မြန် ပျက်စီးလာနေစေတာပဲ”
ချင်မူမှာ ငြိမ်ကျသွားတော့သည်။
လူငယ်က ဆက်ပြော၏။ “ငါက စကြာဝဠာနှစ်တစ်နှစ်ကို ခေတ်တစ်ခေတ်လို့ ခေါ်တယ်…. အဲဒီမသေနိုင်တဲ့ မိစ္ဆာအိုကြီးတွေကို တစ်ခေတ်ထဲ စုပြုံထည့်လိုက်မယ်ဆိုရင် ခေတ်အသစ်က တောင့်ခံနိုင်မှာ မဟုတ်ဘူး… ဥပမာပြောရရင် ဒီနေရာထဲ ဝင်လာဖို့ သူတို့တွေက မဟူရာသစ်ပင်ကြီးကို အသုံးချရင်း ဟင်းလင်းပြင်သားရဲတွေကို ဖန်တီးခဲ့ကြတယ် ... သူတို့က ဟင်းလင်းပြင်သားရဲတွေ သေဆုံးသွားခဲ့အခါ စွမ်းအင်လျော့ကျသွားတာကို အသုံးချပြီး အလွယ်တကူ ဝင်လာနိုင်အောင် လုပ်ထားကြတာပဲ”
ချင်မူမှာ အံ့ဩမှင်သက်နေမိသည်။ “ဟင်းလင်းပြင်သားရဲတွေကို သူတို့ ဖန်တီးခဲ့တာလား… နေပါဦး… ဟင်းလင်းပြင်သားရဲတွေကို သူတို့ဖန်တီးခဲ့တာဆိုရင် ဘယ်လိုလုပ် မဟာဧကရာဇ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားရတာလဲ… မဟာဧကရာဇ်ကများ…’
“မဟာဧကရာဇ်က ရည်မှန်းချက်ကြီးတဲ့သူ… စကြဝဠာအဟောင်းရဲ့ ပုဂ္ဂိုလ်တွေက သူ့ရဲ့ရည်မှန်းချက်ကို အသုံးချပြီး ဟင်းလင်းပင်သားရဲတွေကို ထိန်းချုပ်ကြတယ်… အဲဒီကနေ သေဆုံးမှုတွေ ပိုဖြစ်လာတော့ သူတို့တွေ မြန်မြန်လာနိုင်တာပေါ့”
လူငယ်ထိုက်ယီက ရှင်းပြ၏။ “မဟာဧကရာဇ်က ဒီအကြောင်းတွေ မသိဘူး.. သူ့မှာ လောဘစိတ်များနေတဲ့အပြင် ကိုယ့်အမျိုးကို ကြောက်နေတာ… သူ့မျိုးနွယ်တွေက မဟာဧကရာဇ်တွေ ထပ်ခါထပ်ခါ ဖန်ဆင်းမှာကို လန့်နေခဲ့တာလေ… ဒါကြောင့်ပဲ ဟင်းလင်းပြင်သားရဲတွေကို သုံးပြီး သူ့မျိုးနွယ်တွေကို သတ်ဖြတ်ပစ်ခဲ့တယ်… သွေးချောင်းစီးခဲ့ရတာပေါ့…”
သူက ခေါင်းရမ်းလိုက်သည်။ “အဲဒါကြောင့်ပဲ ဘိုးဘေးနန်းတော်လည်း ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့တယ်… စကြ၀ဠာအဟောင်းရဲ့ မသေနိုင်တဲ့ပုဂ္ဂိုလ်တွေက သေဆုံးမှုတွေကို အသုံးချခဲ့တာမလို့ မဟူရာသစ်ပင်ကြီးရဲ့ သစ်နက်တောင်တန်းဟာ သိပ်ကိုကြောက်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာခဲ့တော့တာပဲ ... သူတို့ရောက်လာကြတော့မယ်”
ချင်မူမှာ အသွေးအသားအထဲထိ တုန်ဆင်းကြောက်လန့်သွားမိသည်။
မနေ့ညက ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ဦး ထွက်လာရန် ကြိုးစားခဲ့ရုံကတင် သူတို့တစ်အုပ်စုလုံးအား သူတို့၏ မျိုးသုဥ်လုနီးပါးဖြစ်စေခဲ့သည်။ ပို၍ တန်ခိုးကြီးမားသော ပုဂ္ဂိုလ်များသာ အတူတကွ ရောက်လာခဲ့ကြလျှင်….
တွေးပင် မတွေးရဲချေ။
“နောက်တော့ ငါက အခြေအနေတွေ အဖတ်ဆယ်လို့မရတော့တာ မြင်တော့ တာအိုအသွင်ပြောင်းပြီး ဖန်ဆင်းရှင်တွေကို သတ်ပစ်ရမယ်လို့ ရှေးဟောင်းနတ်ဘုရားတွေဆီ ပြောခဲ့တယ်... သူတို့သာ မသေခဲ့ရင် စကြဝဠာတစ်ခုလုံး ပျက်စီးရတော့မှာမလို့ပဲ”
လူငယ်ထိုက်ယီက ခပ်ပြတ်ပြတ် ပြောသည်။ “ရေးဟောင်းနတ်ဘုရားတွေဖြစ်တဲ့ ထိုက်ချူ၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ အမိကမ္ဘာမြေက ငါ ပြောတဲ့အတိုင်း လုပ်ခဲ့ကြတယ်… အဲဒါကြောင့် ဖန်ဆင်းရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေကြားက စစ်ပွဲ ပေါ်ပေါက်လာခဲ့တာ”
ချင်မူမှာ သူ့အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်။
“စစ်ပွဲက ဘိုးဘေးနန်းတော်မှာ မဟုတ်ဘဲ အပြင်လောကရဲ့ ကြယ်တာရာကောင်းကင်မှာ ဖြစ်ပွားခဲ့တယ်… သေသွားတဲ့လူတွေက မဟူရာသစ်ပင်ကြီးအတွက် မြေသြဇာတွေ ဖြစ်ကုန်မှာ ငါ စိုးရိမ်မိလို့ပေါ့… အဲဒီစစ်ပွဲရဲ့ ပြင်းထန်မှုက သမိုင်းတလျှောက်မှာ နံပါတ်တစ်လို့ ဆို*ရမယ်… အဲဒီစစ်ပွဲအပြီး ဖြစ်လာခဲ့တဲ့ စစ်ပွဲတွေ... နဂါးဟန်ခေတ်စစ်ပွဲတို့… ချိမင်ပျက်သုဉ်းခြင်းစစ်ပွဲတို့…. ချုံဧကရာဇ် သတ်ခံရတဲ့ စစ်ပွဲတို့... ဘယ်စစ်ပွဲပဲဖြစ်ဖြစ် အကုန်လုံးနိမ့်ကျတယ်”
လူငယ်က မှင်သေသေ ပြောသည်။ “နောက်ဆုံးတော့ ဖန်ဆင်းရှင်တွေ ရှုံးသွားခဲ့ပြီး ကျန်ခဲ့တဲ့ဖန်ဆင်းရှင်တွေက မဟာလေဟာနယ်ဆီ ရွှေ့ပြောင်းသွားခဲ့ကြတယ်.. ဘိုးဘေးနန်းတော်ထဲမှာ ကြောက်စရာဖြစ်ရပ်ကြီးတစ်ခု ရှိနေလို့ မဝင်ရဘူးလို့ ထိုက်ချူနဲ့ တခြားသူတွေကို ပြောခဲ့တာလည်း ငါပဲ ... အဲဒီအကြောင်းပြချက်နဲ့ ငါက သူတို့ကို ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ခိုင်းခဲ့တယ်… သူတို့အားလုံးက ဘိုးဘေးနန်းတော်နဲ့ ဟင်းလင်းပြင်သားရဲတွေကို ချိတ်ပိတ်ပြီး ပြန်သွားကြတယ်... အထဲမှာ ငါတစ်ယောက်ပဲ ကျန်ခဲ့တာပေါ့… အဲဒီ့ မသေနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဘိုးဘေးနန်းတော်ထဲ ၀င်မလာနိုင်အောင် ငါ နှစ်သောင်းပေါင်းများစွာ တားဆီးနေခဲ့ရတာ”
ချင်မူမှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံကို နှစ်ခြမ်းခွဲခဲ့ပြီး ချိပ်တံဆိပ်ကို အက်ကွဲသွားစေခဲ့တဲ့ အချိန်မတိုင်ခင်အထိပေါ့”
လူငယ်ထိုက်ယီက ခေါင်းညိတ်သည်။ “ကောင်းကင်နတ်အရှင်ကိုးပါး ဆင်းသက်လာပြီးတဲ့နောက်ပိုင်း၊ မဟာဧကရာဇ် ဟင်းလင်းပြင်သားရဲတွေကို တဖန်ထိန်းချုပ်ပြီး သစ်နက်တောင်တန်းကို တိုက်ခိုက်တဲ့နောက်ပိုင်း ချိပ်တံဆိပ်က ပိုပြီးလျော့ရဲလာခဲ့တယ်… မင်းက မြေအောက်ကျောက်တုံးတွင်းကို တူးခဲ့တာမဟုတ်ဘူး… နတ်လေးကိုလည်း ယူခဲ့တာမဟုတ်ဘူး… ဒါပေမဲ့ တာဝန်ယူပေးပြီး အရင်စကြဝဠာရဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ပေးခဲ့တယ်.. ဒါကြောင့် ငါ့အမြင်အရတော့…”
သူက တခဏ စကားရပ်သွား၏။ “သစ်နက်တောင်တန်းရဲ့ ပိုင်ရှင်အနေနဲ့ မင်း ဒီထက်ပိုပြီး တာဝန်ယူသင့်တယ်”