← Chapters

ကမ္ဘာဦးသားရဲကြီး ပြန်ပေါ်လာပြီ

Vol. 98 Ch. 1287

ကမ္ဘာဦးသားရဲကြီး ပြန်ပေါ်လာပြီ

Vol. 98 Ch. 1287

ချင်မူ့မျက်နှာမှာ ချက်ချင်း သွေးမရှိတော့ပေ။ သူက ခွေးအကြီး လှည်းနင်းခံလိုက်ရသကဲ့သို့ အ,ထစ် အ,ထစ်ဖြင့် ပြောတော့သည်။ “တာအိုနောင်တော်ထိုက်ယီ၊ မနောက်ပါနဲ့ဗျာ…. ကျွန်တော်က ဘယ်လိုလုပ် တာ၀န်ယူနိုင်မှာလဲ‌ဗျ… ဒီမြေကနေ ကလေးလူကြီးမကျန် အကုန်ပြန်ခိုင်းဖို့ ပြောလိုက်ပါ့မယ်”

လူငယ်ထိုက်ယီက သူ့ကို မပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ကြည့်နေရင်း မတားပေ။

ချင်မူက တခဏ စောင့်နေပြီးနောက် သူ့အား မတားသည်ကို တွေ့လိုက်ရ၏။ သူလည်း ထွက်မသွားပေ။

“ငါ မင်းအကြောင်း ကောင်းကောင်းသိပြီးသားပါ ကောင်းကင်နတ်အရှင်မူ”

လူငယ်က ပြုံးလျက် ပြောသည်။ “မင်း ဒုက္ခိတဘိုးဘွားကျေးရွာမှာ ပညာသင်နေကတည်းက ငါက ကြက်နဂါးအသွင်နဲ့ မင်းကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့တာ… ကောင်းကင်နတ်အရှင်မူ၊ မင်းက ဒီလိုအခြေအနေမျိုးမှာ ကြောက်ရွံနေမှာမဟုတ်ဘူး… အဲဒီအစား ပိုလို့တောင် စပ်စုချင်လာမှာ”

ချင်မူ့မှာ စိတ်ပျက်သွားမိသည်။ ဟန်လုပ်ထားသမျှ လူမိသွားချေပြီမဟုတ်လော။

လူငယ်က ဆက်ပြောသည်။ “တခြားသူတွေသာဆိုရင် ဒီနေရာက ကြောက်စရာဇာတ်လမ်း ကြားလိုက်ရင် ဒါမှမဟုတ် စကြဝဠာအဟောင်းရဲ့ အံ့မခန်းဖြစ်‌တည်မှုတွေကို မြင်တွေ့ရရုံနဲ့တင် တာအိုနှလုံးသား ပြိုလဲပြီး ဘယ်လိုနလန်ထူနိုင်မှာမဟုတ်ဘူး … ဒါပေမဲ့ မင်းကတော့ ထိုက်စုကို စကြဝဠာအဟောင်းဆီ ခေါ်သွားခဲ့တုန်းက စကြဝဠာတစ်ခုရဲ့ ပျက်စီးမှုကို နဖူးတွေ့ဒူးတွေ့ ကြုံပြီး ပြန်လာတာတောင်မှ တာအိုနှလုံးသားမှာ ထိခိုက်မှု မရှိခဲ့ဘူး… ထိုက်စုကို သတ်ဖို့တောင် ပြင်နိုင်ခဲ့သေးတယ်”

ချင်မူက ပြုံးလျက် တုံ့ပြန်လိုက်သည်။ “အတိတ်ကို ပြောင်းလဲလို့မရဘူး၊ အနာဂတ်နဲ့ ပစ္စုပ္ပန်ကိုပဲ တန်ဖိုးထားပါတဲ့ … ဒုက္ခိတဘိုးဘွားကျေးရွာက ကျွန်တော့်ကို အဲဒီလို သင်ပေးခဲ့တာလေ”

သူက တဖန် သိချင်စိတ်ပြင်းပြလာပြီး မေးလိုက်မိသည်။ “တာအိုနောင်တော်က တကယ်ပဲ ကြက်နဂါးအသွင် ပြောင်းခဲ့တာလား”

ထိုက်ယီမှာ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ရသည်။

ချင်မူက စိတ်လှုပ်ရှားစွာ မေးလေသည်။ “ဒါဆိုရင် နှစ်သစ်ကူးရောက်တိုင်း ညစာစားပွဲပေါ် ရောက်ရတာပေါ့”

လူငယ်ထိုက်ယီမှာ ပို၍ပင် မျက်နှာကြီး ရှုံ့မဲ့သွားပြီး ခေါင်းညိတ်လိုက်သည်။ “မျက်ကန်းပေါ့…. ငါက အဝဆုံးလို့ ပြောပြီး သတ်တယ်လေ... မင်းတို့ကလည်း ကောင်းကောင်းစားကြတယ်လေ… ဒီအကြောင်း ဒီမှာတင် တော်ကြစို့… မင်းလို မောင်စပ်စုက မဟူရာသစ်ပင်ကြီးကနေ လုံးဝ ထွက်သွားမှာမဟုတ်ဘူး… ဆိုတော့ ဘာဆက်လုပ်မှာလဲ”

ချင်မူ့မျက်လုံးများသည် တောက်ပလာပြီး သူက ရုတ်တရက် လက်ခုပ်တီးလိုက်ရင်း စပ်ဖြဲဖြဲဖြင့် ပြုံးလိုက်သည်။ “ကျောက်ဆက်တူးရမှာပေါ့ဗျာ…. နေရာတိုင်းမှာ ရွှေတွေနဲ့ ပြည့်နေတာ… စကြဝဠာအဟောင်းမှာ တည်ရှိခဲ့တဲ့ သတ္တုကြောတွေကို တူးလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အားဖြည့်ပေးနိုင်တဲ့အထိ ချမ်းသာလာမှာပေါ့ဗျ”

လူငယ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။

ချင်မူက ဆက်ပြောသည်။ “သူတို့ရဲ့ရတနာတွေကိုလည်း သိမ်းရမှာပေါ့… သူတို့ရတနာတွေအားလုံးက အရည်အသွေးမြင့်တော့ လွယ်လွယ်နဲ့တော့ ပေးမှာမဟုတ်ဘူး… ဒါကြောင့် သူတို့လက်ကို ဖြတ်နိုင်မယ့် ရတနာတစ်ခု သွန်းလုပ်ရမယ်”

လူငယ်မှာ ငေးကြောင်နေမိသည်။ “သူတို့ စကြဝဠာအဟောင်းကနေ တိုးထွက်လာကြရင်ရော…”

“အဲ့ကျ သတ်ပစ်လိုက်ရုံပေါ့”

ချင်မူက ဂရုမစိုက်ဘဲ ပြုံးနေသေး၏။ “ဘယ်သူပဲလာလာ သတ်ဖို့က လွယ်ပါတယ်… ခင်ဗျားရဲ့ ချိပ်တံဆိပ်ရှိနေသရွေ့ အလွယ်တကူ တိုးထွက်မလာနိုင်ဘူးမလား”

လူငယ်က သက်ပြင်းချလိုက်မိသည်။ “ဘိုးဘေးနန်းတော်သာ စစ်မြေပြင်ထပ်ဖြစ်လာခဲ့ရင် ငါ သူတို့ကို ထွက်လာခွင့်ပေးရလောက်တယ်… အဲဒီအချိန်ကျရင် ငါ သူတို့ကို ဖိနှိပ်မထားနိုင်တော့ဘူး”

ချင်မူက တဟားဟား ရယ်၍ ယုံကြည်ချက်အပြည့် ရှိနေသည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက တစ်ယောက်နဲ့ တစ်ယောက် သတိထားနေကြတာ… ဘယ်သူက ဘိုးဘေးနန်းတော်ထဲမှာ လှုပ်ရှားအုံကြွရဲမှာလဲဗျာ… ဘိုးဘေးနန်းတော် ဘယ်လောက်အန္တရာယ်များမှန်း သိထားကြတဲ့ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းတို့လည်း ရှိနေကြတာပဲကို… ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမလည်း ရှိတာပဲဟာ… သူတို့ လှုပ်ရှားကြမှာမဟုတ်ဘူး… တာအိုနောင်တော်ထိုက်ယီကသာ ဘာမှမဟုတ်တာကို စိုးရိမ်နေတာပါဗျာ”

သူ ထိုသို့ပြောနေစဉ် ကျန်းယွင်ကျန့်က ပျံသန်းလာ၏။ “မွေးစားဖေဖေ၊ နတ်အရှင်မယန်ဆီက သံတမန်တစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်”

ချင်မူလည်း ရင်ထဲ အနည်းငယ် လှုပ်ရှားသွားပြီး မိုးမခသစ်ကိုင်းနှင့် ရေပုံးအား လူငယ်ထိုက်ယီ၏ လက်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။ သူက ပြုံးလျက်ပင် ပြော၏။ “ကျွန်တော့်ကိစ္စကတော့ ပြီးပြီဗျို့…. တာအိုနောင်တော်ထိုက်ယီ၊ တောင်တွေကို ကိုယ့်ဘာသာ ဆက်ပြင်လိုက်တော့နော်”

လူငယ်သည် မိုးမခသစ်ကိုင်းနှင့် ရေပုံးကို ကိုင်ရင်း သူ ထွက်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိ၏။

ကျန်းယွင်ကျန်လည်း ခိုးထွက်တော့မည်အချိန်တွင် လူငယ်က သူ့ကို တားလိုက်သည်။ ကျန်းယွင်ကျန့်မှာ ထိုနေရာ၌ တရိုတသေ ရပ်၍ မိုးမခသစ်ကိုင်းနှင့် ရေပုံးအား ထိုက်ယီလက်ထဲမှ ယူကာ ကောင်းကင်နှင့် မြေကြီးကို စိတ်မပါလက်မပါ ပြုပြင်နေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

အစပိုင်းတွင် သစ်နက်တောင်တန်းအား ပြုပြင်ရသည်မှာ အသစ်အဆန်းဖြစ်သဖြင့် စိတ်ဝင်စားစရာကောင်းသည်။ သို့သော် ချင်မူ ထွက်ခွာသွားပြီး နောက်ပိုင်းနှစ်များတွင် သူတို့မှာ ထိုက်ယီ အနက်ရောင်တောင်တန်းများကို ပြုပြင်ရာတွင် ကူညီပေးခဲ့ရသောကြောင့် ငြီးငွေ့နေလေပြီ။

နတ်အရှင်မယန်၏ သံတမန်က ရှို့ဟုန်စု ဖြစ်သည်။ သူမက နတ်အရှင်မယန်၏ ဖိတ်ခေါ်စာကို ယူလာ၍ အရိုအသေပေး၏။ “ကောင်းကင်နတ်အရှင်မူ၊ နတ်အရှင်မယန်က သူ့ဆီ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

“ရှို့ရှို့ ခဏလေးနော်‌”

ချင်မူက ယန်အာ အသိုက်ထဲတွင် ထည့်ထားသည့် ထိုက်ရှီဥကို သွားယူသည်။ ဥဘေးတွင် ပန်းကုံးတစ်ခု ရှိနေလေသည်။

ဟင်းလင်းပြင်သားရဲများသည် နဂါးချီလင်၏ ထိန်းချုပ်ခြင်း ခံထားရသောကြောင့် ဘိုးဘေးနန်းတော်မှာ ဖြည်းဖြည်းချင်း ပြန်လည်အသက်ဝင်လာသည်။ ပန်းများ၊ သစ်ပင်များလည်း ပေါက်ရောက်လာကြသည်။

ထိုက်ရှီဥမှာ သူ့ပုခုံးမှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလို ခံစားလိုက်ပြီး စိတ်သက်သာရာရနေသည်။ ယန်အာ၏ဖူးဖူးမှုတ် ဂရုစိုက်ခံရသည်မှာ အနေရခက်လှလေသည်။ သူက ချင်မူနှင့် အလျင်အမြန် လိုက်သွားသဖြင့် ယန်အာမှာ ‌နှမြောတသဖြစ်ရင်း ကျန်ခဲ့တော့သည်။

နဂါးချီလင်က အလောတကြီး လိုက်လာရင်း ပြော၏။ “ဂိုဏ်းသခင်၊ ကျွန်တော် အခုရက်ပိုင်းအတွင်း လေ့ကျင့်တဲ့အနေနဲ့ ဟင်းလင်းပြင်သားရဲတွေအပေါ် ထိန်းချုပ်နေတာကနေ ရတနာအများကြီး ရထားတယ်… ရတနာအားလုံးက ကျွန်တော်တို့ရဲ့ နတ်တောင်တစ်သိန်းရတနာတိုက်ထဲမှာပါ… အချိန်ရရင် ကြည့်သွားပေးပါဦး”

သူ့မျက်နှာမှာ မျှော်လင့်ချက်အပြည့် ဖြစ်နေ၏။

ချင်မူက ပြုံးလိုက်ရင်း ပြောသည်။ “နတ်အရှင်မယန်နဲ့ အရင်သွားတွေ့လိုက်ဦးမယ်… ပြန်လာရင် ကြည့်ပေးတာပေါ့… ဟုတ်သားပဲ… လုံပိ၊ မဟာဧကရာဇ် အသက်ပြန်ရှင်လာပြီ… နောင်ကျရင် ဟင်းလင်းပြင်သားရဲမိခင်ကို ပြန်ယူပြီး ဟင်းလင်းပြင်သားရဲတွေကို ထိန်းချုပ်လိမ့်မယ်… ဘိုးဘေးနန်းတော်မှာ ကပ်ဘေးကြီးတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်တယ်… ထိုက်ယီနဲ့ သေချာစကားပြောပြီး သူ့မှာ ဘာအစီအစဉ်ရှိလဲ မေးကြည့်”

“မဟာဧကရာဇ်လား”

နဂါးချီလင် ကြက်သီးမွေးညှင်းများ ထသွားသည့်အချိန် ချင်မူက ရှို့ဟုန်စု ရှိရာသို့ လျှောက်သွားသည်။ နဂါးချီလင်က သူ့နောက်မှ ကရောသောပါး လိုက်သွားလေသည်။ “ဂိုဏ်းသခင်၊ ဂိုဏ်းသခင်ရဲ့ ရတနာတိုက်ကိုရော ကြည့်မသွားတော့ဘူးလား”

ချင်မူမှာ စိတ်ရှုပ်ထွေးစွာဖြင့် ဖြေ၏။ “ဒီကိစ္စက အရေးကြီးတယ်… ငါ နတ်အရှင်မယန်နဲ့ သွားညှိနှိုင်းပြီး ထိုက်ချူနတ်ကျောက်တုံးတချို့ ပြန်ယူလာခဲ့မယ်… ပြန်ရောက်တော့မှ မင်း စုဆောင်းခဲ့တဲ့ ရတနာတွေကို ကြည့်မယ်ကွာ”

နဂါးချီလင်မှာ သူ့အရှေ့တွင် အပြင်လူတစ်ယောက် ရှိနေသဖြင့် ဘာမှထပ်မပြောနိုင်တော့ပေ။ သူက ချင်မူ ရှို့ဟုန်စုနှင့်အတူ ထွက်သွားသည်ကို ကြည့်ရင်း တွေးကျန်ခဲ့သည်။ ‘ထိုက်ချူနတ်ကျောက်တုံးလား… အဲဒါတွေက ငါတို့ရတနာတိုက်ထဲမှာ အများကြီးပဲလေ… ရှို့ဟုန်စုတို့ တူးလို့ရတာမှန်သမျှ ငါ အကုန်လုပြီးတော့ ရတနာတိုက်ထဲ ထည့်ထားခဲ့တာ.. ရက်ပြန်တွက်ကြည့်ရင်… ဒီနေ့က ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ ပိုင်နက်က တူးလို့ရတဲ့ရတနာတွေကို ကောင်းကင်နတ်ဘုံဆီ ပြန်ပို့မယ့်နေ့ပဲ… ငါ လှုပ်ရှားဖို့ အချိန်ရောက်ပြီ”

ခပ်တိုးတိုး ဟိန်းဟောက်သံနှင့်အတူ ဧရာမဟင်းလင်းပြင်သားရဲကြီးတစ်ကောင်က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။

နဂါးချီလင်က ဟင်းလင်းပြင်သားရဲမိခင်၏ ကျောပေါ်သို့ ခုန်တက်၍ အော်ဟစ်လိုက်၏။ “မင်းရဲ့ သားတွေကို နှိုးလိုက်တော့… ဓားပြသွားတိုက်ကြစို့..”

ထိုဟင်းလင်းပြင်သားရဲမိခင်မှာ ယခင်ကထက် သန်မာနေပြီး သူမခန္ဓာကိုယ်မှာလည်း အဆပေါင်းများစွာ ကြီးမားလာခဲ့သည်။ သူမက ခန္ဓာကိုယ်ပေါ်ရှိ အရိုးတောင်တန်းများကို လှုပ်ခါလိုက်ရာ တောင်တန်းများပေါ်ရှိ လေထုဆီမှ တဝီဝီ လေချွန်သံများ ပျံ့လွင့်လာ၏။

မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများ ထွက်လာကြပြီး နဂါးချီလင်နှင့် ဟင်းလင်းပြင်သားရဲမိခင်ကို သယ်ဆောင်လိုက်ကြသည်။

ချင်မူသည် ရှို့ဟုန်စုနှင့် ရထားလှည်းထဲတွင် ထိုင်နေ၏။ ရထားလှည်းမှာ နတ်အရှင်မယန်၏ ရထားလှည်းဖြစ်သည့်အလျောက် အလွန်မြန်လေသည်။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် လှိုင်းထသွားသည်ကို ချင်မူ ခံစားလိုက်ရသောကြောင့် ပြတင်းပေါက်ဖွင့်ကာ ကြည့်လိုက်သည်။ ထူးဆန်းစွာဖြင့် ထိုက်ယီ သူ့မျက်လုံးပေါ်သို့ ရေစက်တစ်စက် ချပေးလိုက်ကတည်းက မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးသည် ဘိုးဘေးနန်းတော်ထဲရှိ အရာအားလုံးကို အလွယ်တကူ ထွင်းပေါက်မြင်လာရ၏။ ဟင်းလင်းပြင်လည်း အပါအဝင်ဖြစ်သည်။

ဟင်းလင်းပြင်အတွင်းပိုင်းထဲတွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများသည် ဝံပုလွေများအလား ပြေးလွှားနေကြသည်ကို တွေ့လိုက်သသည်။ ဗဟိုတွင် ပို၍ကြီးမားသော ဟင်းလင်းပြင်သားရဲမိခင်က နေရာယူထားသည်။

သားရဲမိခင်၏ ကျောပေါ်တွင် ရပ်နေသော နဂါးချီလင်ကိုပါ တွေ့လိုက်ရလေသည်။

‘ဖက်တီးနဂါး ဘာလုပ်နေတာပါလိမ့်' သူ့မှာ အထူးအဆန်းဖြစ်သွားသည်။

ရှို့ဟုန်စုလည်း သူ့နည်းတူ အပြင်သို့ လှမ်းကြည့်သော်လည်း မည်သည်ကိုမှ မမြင်ရချေ။ သူမသည် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော်လည်း ချင်မူ့လို နတ်မျက်လုံးများအား ပိုင်ဆိုင်မထားပေ။

“ကောင်းကင်နတ်အရှင်မူ၊ ဘာတွေများ ကြည့်နေတာပါလဲ” ရှို့ဟုန်စုက အပြုံးလေးဖြင့် မေး၏။

ချင်မူက အကြည့်ရုတ်လိုက်ရင်း ပြုံးလျက် ဖြေသည်။ “ဘာမှမဟုတ်ပါဘူး… အခုလေးတင် ငှက်လေးတွေ ပျံသွားတာ တွေ့လိုက်ရလို့ပါ”

“ငှက်လေးတွေတဲ့လား… ဘိုးဘေးနန်းတော်မှာ ငှက်က ဘယ်လိုလုပ်ရှိမှာတုန်း” ရှို့ဟုန်စုက ရယ်သည်။

ချင်မူက ဆက်ရှင်းမပြပေ။ ထိုစဉ် မြေပြင်နှင့် တောင်တန်းများကို လှုပ်ခါသွားစေသည့် လှိုင်းလုံးကြီးတစ်လုံးက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်လုံး လှမ်းကြည့်လိုက်သည့်အခါ မိုင်ပေါင်းများစွာ ရှည်လျားသည့် ရွှံ့မြေတစ်ခုကို တွေ့လာရသည်။ ၎င်းအပေါ်တွင် ချုံပုတ်တချို့ ပေါက်ရောက်နေပြီး ယခုတွင် ထိုမြေထုမှာ မြေပြင်မှ မြင့်တက်လာနေချေပြီ။

၎င်းက ဧရာမသားရဲကြီးတစ်ကောင် ဖြစ်ပြီး ထိုသို့သားရဲမျိုးသည် ချွယ်ချီသားရဲဟု ခေါ်ကြောင်း ကောင်းကင်နတ်အရှင်ကုန်း ပြောပြခဲ့သည်ကို ချင်မူ ကြားခဲ့ဖူးသည်။ ၎င်းက ဘိုးဘေးနန်းတော်၏ ကမ္ဘာဦးသားရဲကြီးတကောင် ဖြစ်၏။

ဤချွယ်ချီသားရဲသည် ငယ်ရွယ်သေးသော်လည်း အလွန်တရာ ကြီးမားလှ၏။ အရွယ်ရောက်လာသည့်အခါတွင် ရွေ့လျားနေသည့် ကုန်းမြေတိုက်ကြီးတစ်ခုအလား အံ့ဩဖွယ်ကောင်းပေလိမ့်မည်။

သို့သော် ဘိုးဘေးနန်းတော်ရှိ ဧရာမသားရဲအားလုံးမှာ ဟင်းလင်းပြင်သားရဲများ၏ စားသုံးခြင်း ခံခဲ့ရပြီးဖြစ်သည်။ အဘယ်ကြောင့် ချွယ်ချွီကဲ့သို့ သားရဲမျိုး ရှိနေသေးသနည်း။

မြေထုထံမှ တဝုန်းဝုန်း မြည်သံများ ထပ်မံထွက်လာပြီး မြေထုအရွယ်အစားမျိုးစုံ မြောက်တက်လာကြ၏။ ချွယ်ချီသားရဲရာပေါင်းများစွာသည် သာယာနာပျော်ဖွယ်ရာ အော်ဟစ်သံများ ထုတ်လွှတ်လျက် ရွှံ့မြေထဲမှ လိမ့်ထွက်လာလေသည်။

ချင်မူမှာ ပါးစပ်ဟောင်းသား ဖြစ်နေတော့သည်။

All Chapters