← Chapters

စီးပွားရေးအကြီးကြီး

Vol. 98 Ch. 1288

စီးပွားရေးအကြီးကြီး

Vol. 98 Ch. 1288

ယခုလို ကမ္ဘာဦးသားရဲတစ်ကောင် နှစ်ကောင်မျှ ရှိနေခြင်းက အကြောင်းမဟုတ်သော်လည်း သားရဲအုပ်စုကြီးလိုက် ရှိနေသောကြောင့် ချင်မူမှာ ဇဝေဇဝါဖြစ်သွားမိသည်။

ဟင်းလင်းပြင်သားရဲများသည် ဘိုးဘေးနန်းတော်ကို အပိုင်စီးထားသောကြောင့် အခြားသက်ရှိများအနေဖြင့် ဤနေရာတွင် ရှင်သန်ရန် မဖြစ်နိုင်ပေ။ ဤဆန်းကြယ်သားရဲကြီးများက မည်သည့်နေရာမှ ရောက်ရှိလာကြသနည်း။

“ကောင်းကင်နတ်အရှင်မူက ဒီဧရာမသားရဲကြီးတွေအကြောင်း သိနေတာလား”

ရှို့ဟုန်စုက ရွှံ့မြေထဲမှ ထလာသော ဆန်းကြယ်သားရဲများကို ကြည့်လိုက်ရင်း ပြုံးသည်။ “နတ်အရှင်မက ဒီလို သားရဲမျိုးတွေကို ချွယ်ချီလို့ခေါ်တဲ့အကြောင်း ပြောပြခဲ့ဖူးတယ်… သူတို့တွေက သိမ်မွေ့ကြတယ်တဲ့လေ ... ချွယ်ချီအပြင် ဘိုးဘေးနန်းတော်ထဲမှာ ပေါ်လာခဲ့တဲ့ တခြားဧရာမသားရဲကြီးတွေလည်း ရှိသေးတယ်”

ချင်မူမှာ သိလိုစိတ်ပြင်းပြသွားပြီး မေးလိုက်သည်။ “တခြားဧရာမသားရဲကြီးတွေလည်း ပေါ်လာခဲ့သေးတာလား… အဲ့ဒီဧရာမသားရဲကြီးတွေက မျိုးသုဥ်းသွားပြီမဟုတ်လား… ဘာလို့ပေါ်လာကြတာလဲ”

ရှို့ဟုန်စုက ဖြေ၏။ “ကျွန်မလည်းမသိဘူး… ဒါပေမဲ့ နတ်အရှင်မကတော့ သိလောက်တယ်.. ကျွန်မ မေးကြည့်ပေမယ့် ပြောမပြဘူးလေ”

ချင်မူ့အကြည့်များ လင်းခနဲ လက်သွားသည်။ သူက စိတ်ထဲမှတွေးနေလေသည်။ ‘ထိုက်ကျိကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ယင်ယန်ချီကို သုံးပြီး ဘိုးဘေးနန်းတော်ထဲမှာ ဒီလိုဧရာမသားရဲကြီးတွေ ဖန်ဆင်းနေတာများလား… ဒါပေမဲ့ အဲဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးက ကပ်စေးနည်းတွေပဲဟာ… ဒီလို ဧရာမသားရဲကြီးတွေ ဖန်တီးဖို့ အင်အားအကုန်မခံလောက်ဘူးမလား’

ထိုက်ကျိကျောက်တုံးတွင်းထဲရှိ ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ လက်ချက်မဟုတ်လျှင် ဤဧရာမသားရဲကြီးများသည် မည်သည့်‌နေရာမှ ထွက်ပေါ်လာခဲ့သနည်း။

လမ်းတလျှောက်တွင် ချင်မူမှာ ဧရာမသားရဲမျိုးစုံကို တွေ့ရသည်။ ကျောတွင် တောင်ကုန်းများ ပေါက်နေသော သားရဲကြီးများလည်း ရှိကြသည်။ သူတို့လမ်းလျှောက်ကြသည့်အခါ လေတို့က သူတို့ကျောပေါ်ရှိ တောင်တန်းများ၊ လိုဏ်ဂူများတစ်လျှောက် တိုးဝှေ့တိုက်ခတ်သွားကြသဖြင့် တဝီဝီမြည်သံများ ပျံ့လွင့်နေ၏။

တောင်ထိပ်တစ်ခုပေါ်တွင် မိုင်တစ်ရာ ရှည်လျားသော တောင်ပံများ ဖြန့်ကျက်လျက် လှဲလျောင်းနေသော သားရဲတစ်ကောင်လည်း ရှိသည်။ ထိုသားရဲသည် သားကောင်ကို တွေ့သောအခါ တောင်ပံများ ဖြန့်ကား၍ လေဟုန်စီးပြီး သားကောင်ကို ခုန်အုပ်တတ်၏။

လွဲချော်သွားလျှင် တောင်ပေါ် ပြန်ခုန်တက်ပြီး တောင်ပံအောက်မှ လက်သည်းစွယ်များဖြင့် တောင်ကို ပြန်ကုပ်ထားတတ်သည်။

အရိုင်းဆန်သော သားရဲကြီးများ၊ လေနံ့ခံသားရဲများနှင့် ထိုက်ပူတစ်ကောင်ကိုပင် တွေ့ခဲ့သေးသည်။

ထိုက်ပူသားရဲဆိုသည်မှာ အလွန်တရာ ကြောက်စရာကောင်းလှသည့် သတ္တဝါတစ်ကောင်ဖြစ်၏။ ၎င်း၏ အတိုက်အခိုက်စွမ်းရည်သည် ဟင်းလင်းပြင်သားရဲအောက် မနိမ့်ကျသည့်အပြင် ပို၍ပင် သာလွန်သည်။

ကမ္ဘာဦးနတ်ဘုရင် သုံးပါးထဲမှ တစ်ပါးဖြစ်သော ရှုကျွင်းက ထိုက်ပူတစ်ကောင်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုထိုက်ပူသားရဲ၏ အတိုက်အခိုက်စွမ်းရည်သည် ဟင်းလင်းပြင်သားရဲမိခင်အောက် မလျော့ကျပေ။

သို့သော် ထိုက်ပူသားရဲမျိုးစိတ်သည် မျိုးသုဉ်းသွားခဲ့ပြီဖြစ်သည်။

“ဧရာမသားရဲကြီး တစ်ကောင်၊ နှစ်ကောင်လောက်ကို ဖန်တီးတာက ကိစ္စမရှိဘူး... ဒါပေမဲ့ အများကြီး ဖန်တီးနေရရင် ဟိုရှေးဟောင်းနတ်ဘုရားနှစ်ပါး နှမြောလွန်းပြီး သေကုန်လိမ့်မယ်… ဒီ သားရဲတွေကို သူတို့ ဖန်တီးထားတာ မဟုတ်ဘူး”

နောက်ဆုံး‌တော့ သူတို့ ထိုက်ရှီကျောက်တုံးတွင်းဆီသို့ ရောက်လာကြသည်။

ချင်မူက ရတနာလှည်းပေါ်မှ ဆင်း၍ ရှို့ဟုန်စုအနောက်မှ ကျောက်တုံးတွင်းထဲသို့ လျှောက်သွား၏။

ကျောက်တုံးတွင်း၏ အထဲတွင် ထိုက်ရှီအရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်။ အရှိန်အဝါသည် သိပ်သည်းထူထပ်ပြီး အလွန်အမင်း အန္တရာယ်များ၏။ တချို့နတ်ဘုရားများဆိုလျှင် တစ္ဆေများသဖွယ် ဖြစ်လာနေပြီး ရုပ်ခန္ဓာများ ပျောက်၍ ထွင်းဖောက်မြင်နေရလေသည်။

ဤအဖြစ်အပျက်မှာ ထိုက်ရှီချီနှင့် အချိန်အတော်ကြာ ထိတွေ့မိခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ပင်။

ထိုက်ရှီတာအိုသည် အသွင်သဏ္ဍာန်ရှိသော်ငြား ဒြပ်ထုမရှိပေ။ ထိုနတ်ဘုရားများမှာ ထိုက်ရှီတာအိုနှင့် အချိန်‌အတော်ကြာ ထိတွေ့နေခဲ့ခြင်းကြောင့် ဒြပ်ထု ဆုံးရှုံးခဲ့ကြရသည်။ သူတို့၏ ရုပ်ခန္ဓာများ၊ မူလဝိညာဉ်များ၊ ချီစွမ်းအင်နှင့် ဝိညာဉ်များမှာ မတည်ရှိတော့ပေ။

သို့သော် မသေဆုံးကြသေး။

သူတို့သည် ဒြပ်ထုမရှိဘဲ အသိဉာဏ်ကင်းမဲ့နေကြ၏။ မည်သည့်အတွေးမှမရှိသလို မမြင်နိုင်၊ မကြားနိုင်ချေ။ မည်သည့်အရာကိုမှလည်း မခံစားနိုင်ကြဘဲ သေခြင်းထက် ဆိုးရွားသော ဘ၀တစ်ခုတွင် နေထိုင်နေကြရလေသည်။

ထိုနတ်ဘုရားများမှာ ကျောက်တုံးတွင်းထဲတွင် ရပ်နေကြပြီး မကြာခဏဆိုသလို တစ္ဆေများသဖွယ် မျောလွင့်လျက် တောင်အား ဖြတ်သွားကြတတ်သည်။

ဤနေရာ၏ ထူးခြားမှုကား ကြောက်မက်ဖွယ် ကောင်းလွန်း၏။

'နတ်အရှင်မယန်ရဲ့ ကောင်းကင်နတ်အရှင်ရတနာက ဒီနေရာကို ဖိနှိပ်ထား‌တာတောင် ဒီကျောက်တုံးတွင်းရဲ့ ထူးဆန်းမှုကို မကျော်လွှားနိုင်ဘူးပဲ’

ရှို့ဟုန်စုက သက်ပြင်းချ၍ ပြောသည်။ “ဒီနေရာရဲ့ ထူးခြားမှုက အရမ်းအစွမ်းထက်တယ်… ကျွန်မက ဒီနေရာကို စောင့်ရှောက်ဖို့ တာ၀န်ယူထားရပေမယ့် တစ်ခါတလေ ကြောက်ရွံ့တုန်လှုပ်မိတုန်းပဲ… ကျောက်တုံးတွင်းက အသက်အတွက် အန္တရာယ်ရှိလို့ မကြာခဏ အပြင်ထွက်ပြီး သိုင်းအခြေခံ ခိုင်မာအောင် ပြန်ကျင့်ကြံရတယ်”

ချင်မူမှာ သနားကရုဏာသက်စွာဖြင့် ပြောလိုက်မိသည်။ “အချိန်ရရင် ငါ့နေရာကို မကြာခဏ လာလည်လေ ရှို့ရှို့… ငါ့နေရာက ဒီနေရာလောက် အန္တရာယ်မများဘူး”

ထိုအခိုက်အတန့်တွင် နတ်အရှင်မယန်၏ အသံ ပျံ့လွင့်လာသည်။ “ဟုန်စုသာ နင့်နေရာကို သွားရင် သေလို့ သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး… ဒီကျောက်တုံးတွင်းက အန္တရာယ်များပေမယ့် နင့်နေရာနဲ့ ယှဉ်ရင် ကလေးသာသာနေရာတစ်ခုပဲ… ဘေးကင်းတဲ့ ရိပ်မြုံတစ်ခုပေါ့”

ရှို့ဟုန်စုလည်း ချက်ချင်း အရိုအသေပေးလိုက်ပြီး နတ်အရှင်မယန်က လက်ပြကာ သူမအား ထွက်ခွာသွားစေသည်။

ချင်မူက ရှေ့သို့တက်၍ ဦးညွှတ်အရိုအသေ ပေးလိုက်၏။ “နတ်အရှင်မ၊ ဒီတစ်ခါတော့ ကြောင်ဖြူကို ဘာလို့ မပိုက်ထားတာလဲဗျ”

နတ်အရှင်မယန်က ပြန်လည်နှုတ်ဆက်ရင်း ဖြေသည်။ “ဧရာမသားရဲကြီးကို လွှတ်ပေးလိုက်တဲ့ နောက်ကွယ်က သူက ဘယ်သူလဲ စုံစမ်းဖို့ တာ၀န်ပေးထားလို့ပါ… ရှောင်ချီက အဖြတ်လတ်ဆုံးပဲ… ငါ မရှာနိုင်တာကို သူ ရှာနိုင်တယ်”

ချင်မူမှာ ရင်ထဲ လှုပ်ရှားသွားကာ မေးလိုက်သည်။ “အဲ့ဒီဧရာမသားရဲကြီးတွေက အလွှတ်ခံလိုက်ရတာလား”

‌နတ်အရှင်မယန်က ခေါင်းညိတ်၍ သူ့အား ဘေး‌နန်းတော်ခန်းမသို့ ခေါ်သွားလေသည်။ သူမက လမ်းလျှောက်ရင်း သူ့အမေးကို ဖြေသည်။ “ဟုတ်တယ်”

“ဒါဆိုရင် အတိတ်တုန်းက အဲ့ဒီဧရာမသားရဲကြီးတွေက ဘယ်မှာနေခဲ့တာလဲ” ချင်မူက မေး၏။

“တချို့က ကမ္ဘာဦးဘုံအနောက်မှာ နေတယ် ...တချို့က ၀င်ရိုးစွန်းလေးခုအနောက်မှာ နေကြတယ်… ကောင်းကင်နတ်ဘုံ၊ ရွှမ်တုနဲ့ ယိုတုလို ကမ္ဘာတချို့ ရှိတယ်လေ… ငါ့ရဲ့ အဆုံးသတ်မြို့ပျက် အနောက်မှာတောင် နေနေကြတဲ့ ဧရာမသားရဲကြီးတွေ ရှိတယ်”

‌နတ်အရှင်မယန်က ခန့်မှန်းရခက်သော အပြုံးဖြင့် ပြုံးနေသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင်တို့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေက ငါတို့ရှေးဟောင်းနတ်ဘုရားတွေဟာ ရက်စက်ကြမ်းကြုတ်တယ်လို့ ပြောလေ့ရှိကြတယ်.. ဒါပေမဲ့ တစ်လောကလုံး စနစ်တကျဖြစ်အောင် ထိန်းညှိပေးနေတာက ငါတို့ဆိုတာ မသိကြဘူး… ငါတို့က ဘိုးဘေးနန်းတော်ကို ချိပ်မပိတ်ခင် အဲ့ဒီဧရာမသားရဲတွေကို ကမ္ဘာတွေအနောက်ကို ပို့ထားခဲ့ပြီး မျိုးပွားစေခဲ့တယ်… နင်တို့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေကရော ဘာတွေများ လုပ်ခဲ့သလဲ”

သူမက မဲ့လိုက်ရင်း ဆက်ပြော၏။ “ရက်စမ်းကြမ်းကြုတ်ကြတယ်ဆိုပြီး ငါတို့ကို တွန်းလှန်ဖြုတ်ချခဲ့တယ်လေ… ‌ဒါပေမဲ့ နင်တို့ကြောင့် မျိုးသုဉ်းခဲ့ရတဲ့ မျိုးနွယ်တွေကရော ဘယ်လောက်များလိုက်သလဲ… ရက်စက်တဲ့နေရာမှာ နင်တို့တွေက ငါတို့ရှေးဟောင်းနတ်ဘုရားတွေထက်တောင် သာကြသေးတယ်”

ချင်မူက ပြုံးသည်။ “နတ်အရှင်မ ထပ်ပြောနေစရာ မလိုတော့ပါဘူးဗျာ… ကျွန်တော် ရှေးဟောင်းနတ်ဘုရားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို နဂါးဟန်ခေတ်မှာ မြင်‌တွေ့ခဲ့ရပါတယ်… သူတို့က ရှေးဟောင်းနတ်ဘုရားတွေနဲ့ ကမ္ဘာခေတ်နှောင်းမျိုးနွယ်တွေထက် ပိုပြီး ရက်စက်၊ မရက်စက်ဆိုတာ စဉ်းစားဆင်ခြင်ခဲ့ပြီးသားပါ.. ခင်ဗျားတို့အတွက်တော့ ရှေးဟောင်းနတ်ဘုရားတွေက မရက်စက်ပေမယ့် ကျွန်တော်တို့အတွက်တော့ ရှေးဟောင်းနတ်ဘုရားတွေ မသေမချင်း လွတ်လမ်း မရှိခဲ့ပါဘူး...”

သူသည် နဂါးဟန်ခေတ်သို့ တစ်ကြိမ်ထက်မနည်း ရောက်ခဲ့ဖူးမှန်း နတ်အရှင်မယန် သတိရသွားသဖြင့် မည်သည်မှ ထပ်မပြောတော့ပေ။ သူမက သူ့ကို ထိုင်စေ၍ မေး၏။ “ဟောင်အာရဲ့ သွေးကို ဘယ်လောက်အထိ ရခဲ့လဲ”

“ကောင်းကင်နတ်အရှင်ဟောင်မှာ ကောင်းကင်နန်းဆောင် ၃၅ ဆောင် ရှိပေမယ့် သူကတော့ ၂၈ ဆောင်ပဲ ရှိတယ်လို့ ပြောပါတယ်”

ချင်မူက ထိုင်လိုက်ရင်း သူ့အရှေ့တွင် လက်ကို အသာအယာ ဝှေ့ရမ်းလိုက်သည်။ သူတို့အရှေ့တွင် သွေးစက်များ မြောလွင့်လာကြသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ သွေးစက်များမှာ တလက်လက် တောက်ပနေကြပြီး ကြည်လင်နေသဖြင့် လှပတင့်တယ်နေ၏။ အစင်ကြယ်ဆုံး ပတ္တမြားများအလားပင်။

နတ်အရှင်မယန်မှာ ရင်တဒိန်းဒိန်း ခုန်လာသည်။ ချင်မူ ပြသနေသည့် ကောင်းကင်နတ်အရှင်ဟောင်၏ သွေးစက်များမှာ စုစုပေါင်း ၃၅ စက် ရှိလေသည်။

သွေးစက် ၃၅ စက်က ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နန်းဆောင် ၃၅ ဆောင်ကို ကိုယ်စားပြု၏။

“ကျွန်တော် နတ်အရှင်မနဲ့ ဆွေးနွေးစရာ ကိစ္စကြီးတစ်ခု ရှိတယ်”

ချင်မူက အင်္ကျီလက်စ ခါလိုက်ရာ ကောင်းကင်နတ်အရှင်ဟောင်၏ သွေးစက် ၃၅ စက် ပျောက်ကွယ်သွားသည်။ သူက ပြုံးလျက် ပြောသည်။ “ခင်ဗျားရဲ့ ကျောက်တုံးတွင်းက တူးလို့ရတဲ့ ကျောက်တုံး ငါးဆယ်ရာခိုင်နှုန်းကို ကျွန်တော့်ဆီ ပေးပါ… ကျွန်တော့်ဘက်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သွေးစက် ၃၅ စက် ပြန်ပေးမယ်… ခင်ဗျား ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေကို ပိုနားလည်နိုင်တာပေါ့…. ဘယ်လို သဘောရပါသလဲ”

နတ်အရှင်မယန်၏ အကြည့်က လင်းခနဲ လက်သွားပြီး သူမက ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ နင်က ငါ့ရှေ့ ရောက်နေတာနော်… ငါ အားသုံးပြီး လုယူရင် နင် ခုခံနိုင်မှာလား…”

သူမ ထရပ်လိုက်သည့်အခါ မိဖုရားတစ်ပါး၏ မြူဆွယ်သည့် ဟန်ပန်များ ပျောက်ကွယ်သွားသည်။ တစ်လောကလုံးကို သိမ်းပိုက်တော့မည့် ဧကရာဇ်တစ်ပါး၏ ဟန်ပန်အပြည့်ဖြင့် ယုံကြည်ချက်ရှိစွာ ပြုံးနေ၏။ “ငါ လက်ချောင်းလေးတစ်ချောင်း လှုပ်ရုံနဲ့ နင့်ကို အကြိမ်ထောင်နဲ့ချီ သတ်လို့ရတယ်… နင့်ရဲ့ ဝိညာဉ်ကို ချေမှုန်းပြီး ဒီလောကမှာ နင်ဆိုတဲ့ တည်ရှိမှု ပျောက်ကွယ်သွားအောင် လုပ်ပစ်လို့ရတယ်”

သူမက အပြုံးမပျက်ပေ။ “နင့်ရဲ့ မသေနိုင်တဲ့ ပြိုင်ဘက်ကင်းမှော်ဝိဇ္ဇာရှင် ဆိုတဲ့ ဘွဲ့ဂုဏ်ထူးက ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး… ဒီလောကမှာ ငါတစ်ယောက်ပဲ နင့်ရဲ့ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်နိုင်တာ… မဟာဧကရာဇ်‌တောင် မလုပ်နိုင်ဘူး… ဒီလောကမှာ နင့်ကို ဝါးမြိုနိုင်တဲ့သူက ငါတစ်ယောက်ပဲ ရှိတယ်… ဟောင်အာရဲ့ သွေး ပေးရင် နင့်အသက်ကို ချမ်းသာပေးမယ်”

ချင်မူက တဟားဟား ရယ်လိုက်ရာ သူ့ရယ်သံသည် ‌နန်းတော်ခန်းမတခွင် ပဲ့တင်ထပ်သွားတော့၏။

All Chapters