← Chapters

ကောင်းကင်နတ်ဧကရီနှင့် ကောင်းကင်နတ်အရှင်ယွီ၏ အတိတ်

Vol. 98 Ch. 1289

ကောင်းကင်နတ်ဧကရီနှင့် ကောင်းကင်နတ်အရှင်ယွီ၏ အတိတ်

Vol. 98 Ch. 1289

နတ်အရှင်မယန်က အနည်းငယ် မျက်‌မှောင်ကြုတ်သွားသော်လည်း ချင်မူ့ကို တိတ်တဆိတ်သာ စိုက်ကြည့်နေသည်။

ချင်မူသည် အချိန်အတော်ကြာသည်အထိ ရယ်နေပြီး နတ်အရှင်မယန်ကလည်း မည်သည့်စကားမှ မပြောပေ။ သူ့မှာ ဆက်မရယ်နိုင်တော့မှ ရပ်သွား၏။ “နတ်အရှင်မ၊ ကျွန်တော် ဘာလို့ရယ်နေလဲ မမေးတော့ဘူးလား”

“နင့်အသက်ကို ကယ်ဖို့မလား… နင်ပဲ ပြောခဲ့တာလေ… ဘာလို့ ငါ့ကို ‌မေးတာလဲ” နတ်အရှင်မယန်က စိတ်မ၀င်စားစွာ ဖြေသည်။

ချင်မူက ချီးကျူးလိုက်၏။ “နတ်အရှင်မကတော့ တကယ်ကို အံ့မခန်းပါပဲဗျာ… ကျွန်တော်သာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူဆိုရင် ကျွန်တော်လည်း ခင်ဗျားကို လက်ထပ်ပြီး ကောင်းကင်နတ်ဧကရီ မြှောက်မိမှာပဲ”

နတ်အရှင်မယန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။

ချင်မူက ပြော၏။ “နတ်အရှင်မဟာ အဆုံးသတ်မြို့ပျက်မှာ မွေးဖွားခဲ့တဲ့ နတ်ဘုရား‌တစ်ပါးအနေနဲ့ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်… ဝိညာဉ်ကိုတောင် ဖျက်ဆီးပြီး အနက်ရောင်ဝိညာဉ်သဲမှုန်ပါ မရှိတော့အောင် လုပ်လို့ရတယ်… ဒါပေမဲ့ ကျွန်တော် အသက်ရှင်နေတာက ခင်ဗျားအတွက် ပိုပြီး အသုံးမ၀င်ဘူးလား”

နတ်အရှင်မယန်က မျက်ခုံးပင့်သည်။

ချင်မူက ဆက်ပြော၏။ “နတ်အရှင်မက ရှေးဟောင်းနတ်ဘုရားဆိုတဲ့ ဘဝကနေ လွတ်မြောက်လာပေမယ့် ရှေးဟောင်းနတ်ဘုရားတစ်ပါးတော့ ဖြစ်နေတုန်းပဲလေ… အနည်းဆုံးတော့ ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်နဲ့ တခြားသူတွေရဲ့ မျက်လုံးထဲမှာ ခင်ဗျားက ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ… သူတို့က ခင်ဗျားအပေါ် ဘယ်တော့မှ သစ္စာရှိမှာ မဟုတ်ဘူး… ခင်ဗျား ကျွန်တော့်ကို သတ်လိုက်ရင် သူတို့ရဲ့ ပြိုင်ဘက် ဖြစ်သွားလိမ့်မယ်… တကယ်တော့ နတ်အရှင်မအနေနဲ့ နှစ်ဖက်လုံးမှာ လောင်းကြေးထပ်ထားလို့ ရပါတယ်”

နတ်အရှင်မယန်၏ မျက်ဝန်းများက ဖျတ်ခနဲ တောက်ပသွားသည်။ “နှစ်ဖက်လုံးမှာ လောင်းကြေးထပ်တာတဲ့လား”

ချင်မူက ခေါင်းညိတ်၏။ “ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ခုနစ်ပါးကပဲ ကျွန်တော့်ကို သတ်ချင်ကြတာ.. ကျွန်တော့်ကို ကာကွယ်ပေးခဲ့တဲ့ ကောင်းကင်နတ်အရှင် သုံးပါး ရှိတယ်… တစ်နည်းပြောရရင် ကောင်းကင်နတ်အရှင်ခုနစ်ပါးက တစ်ဖက်… ကျန်တဲ့ ကောင်းကင်နတ်အရှင်သုံးပါးနဲ့ ရှေးဟောင်းနတ်ဘုရားတွေက တစ်ဖက်ပေါ့… နတ်အရှင်မက ‌ကောင်းကင်နတ်အရှင် ခုနစ်ပါးအပေါ်ကိုပဲ လောင်းကြေးထပ်ထားရသေးတာ… ဒါပေမဲ့ အဆုံးသတ်မှာ အနိုင်ရတဲ့သူက ကောင်းကင်နတ်အရှင်ခုနစ်ပါးမဟုတ်ဘဲ ရှေးဟောင်းနတ်ဘုရားတွေ ဖြစ်နေခဲ့ရင်ရော… အဲ့ဒီအချိန်ကျ ခင်ဗျား ဘာလုပ်မှာလဲ”

နတ်အရှင်မယန်က ခေါင်းရမ်းသည်။ “နင် မှားနေပြီ… ရှေးဟောင်းနတ်ဘုရားတွေ အနိုင်မရနိုင်ဘူး.. ရှေးဟောင်းနတ်ဘုရားတွေရဲ့ ခေတ်က ကုန်သွားခဲ့ပြီ… အနိုင်ရနိုင်တဲ့ဖက်က တစ်ဖက်ပဲ ရှိတယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးပဲ”

“အနိုင်ရမယ့်သူက ကောင်းကင်နတ်အရှင်ခုနစ်ပါးလို့ နတ်အရှင်မ ကျိန်းသေပေါက် အာမခံနိုင်လို့လား”

ချင်မူက ဆက်ပြောသည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တို့က ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက သုံးပါးကို ပေါင်းထည့်လိုက်ရင် ကောင်းကင်နတ်အရှင်အဆင့် ငါးယောက် ရှိပြီ ... ကောင်းကင်နတ်အရှင်အဆင့် ငါးယောက်အပြင် ခိုင်ဧကရာဇ်နဲ့ လန်ဝူလည်း ရှိသေးတယ်... သူတို့ကလည်း ကောင်းကင်နတ်အရှင်အဆင့်ပဲ... ဒါပေမဲ့ သူတို့ချည်းပဲ မဟုတ်သေးဘူး…. ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကို ပေါင်းထည့်လိုက်ရင် ကောင်းကင်နတ်အရှင်ကိုးပါး ရှိတယ်… ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးလည်း ရှိသေးတယ်…. တစ်ဖက်မှာက ကောင်းကင်နတ်အရှင်ခုနစ်ပါးပဲ ရှိတာ… နိုင်ဖို့ ခက်သွားပြီးမလား”

နတ်အရှင်မယန်မှာ မျက်မှောင်ကြုတ်သွားပြန်၏။

ချင်မူက ဆက်ပြောသည်။ “နတ်အရှင်မယန်က တစ်ဖက်မှာပဲ လောင်းထားလို့ အနာဂတ်မှာ ရှုံးနိမ့်သွားခဲ့ရင်ရော… ရှေးဟောင်းနတ်ဘုရားတွေက ခင်ဗျားကို သည်းခံပါ့မလား… ခင်ဗျား အခု ကျွန်တော့်ကို သတ်ရင် အဲဒီကောင်းကင်နတ်အရှင်ကိုးပါး အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက‌ရော ငြိမ်ခံနေပါ့မလား”

နတ်အရှင်မယန်က ပြုံးလျက် တုံ့ပြန်၏။ “ကောင်းကင်နတ်အရှင်ယွဲ့က ဒုက္ခိတဖြစ်နေပြီ… ကောင်းကင်နတ်အရှင်လင်ကလည်း‌ သေပြီ…. ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ဆိုတာလည်း သူတို့တာအိုနဲ့ သူတို့ ပိတ်မိနေကြတာ… ခိုင်ဧကရာဇ်နဲ့ လန်ဝူက ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ မယှဉ်နိုင်ဘူး…. ကောင်းကင်နတ်အရှင်မူ၊ နင်က ကောင်းကင်နတ်အရှင်ဆယ်ပါး ဘယ်လောက် တန်ခိုးကြီးလဲ မသိဘူး‌… နင် ဘယ်လိုနည်းနဲ့မှ နိုင်မှာမဟုတ်ဘူး”

ချင်မူက ခေါင်းညိတ်သည်။ “ကောင်းကင်နတ်အရှင်ယွီပါ ပါလာခဲ့ရင်ရော”

နတ်အရှင်မယန်မှာ ရင်ထဲ ပြင်းပြင်းထန်ထန် ခုန်သွားသည်။ သူမက ကြည်လင်တောက်ပသော မျက်လုံးလေးများက တဖျတ်ဖျတ် ပုတ်ခတ်သွားပြီး ချင်မူ့အတွေးမှန်သမျှအား ရှာဖွေနေသည့်အလား သူ့မျက်နှာပေါ်တွင် ပြေးလွှားနေကြသည်။

တခဏကြာသော် နတ်အရှင်မယန်က စိတ်မ၀င်စားဟန်ဖြင့် တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်ယွီက သေသွားပြီ… လွန်ခဲ့တဲ့ နှစ်တစ်သန်းတည်းက သေသွားလို့ပဲ ကောင်းကင်နတ်မြစ်မှာ မြုပ်နှံထားတယ်”

“ဒါပေမဲ့ သူ့အခေါင်းက ဗလာဖြစ်နေတယ်မလား”

ချင်မူက ပြုံးလျက် ပြောသည်။ “သူ့အလောင်းကို ခိုးပြီး ယိုတုမှာ သွားဖွက်ထားခဲ့တဲ့သူက ကျွန်တော်ပဲ… နတ်အရှင်မ၊ ရှေးဟောင်းနတ်ဘုရားတွေကြားမှာ ကျွန်တော့်ရဲ့နာမည်က ပြိုင်ဘက်ကင်းမှော်ဝိဇ္ဇာရှင်ဆိုတာ မမေ့နဲ့နော်”

နတ်အရှင်မယန်မှာ တုန်ရီသွားပြီး နှုတ်ဆိတ်သွား၏။

ချင်မူက စကားရပ်လိုက်သည်။

အချိန်အတော်ကြာသော် နတ်အရှင်မယန်သည် အနည်းငယ် မျက်ခုံးပင့်၍ ‌ညင်သာစွာ ပြော၏။ “ငါ့နှလုံးသားထဲမှာ ထိုက်ချူက ကောင်းကင်နတ်ဧကရာဇ်ဖြစ်ဖို့ မထိုက်တန်ဘူး… သူက ခေါင်းမာပြီး သူ့ကိုယ်သူပဲ ကြည့်တတ်တယ်…. သူ့စွမ်းအားကလည်း ကြီးမားလွန်းတယ်… တစ်လောက်လုံးက အာဏာတွေ သူ့လက်ထဲ ရှိနေမှ နေသာထိုင်သာ ရှိတတ်တဲ့သူပဲ… အဲ့အချိန်… နဂါးဟန်ခေတ်မရောက်ခင် နှစ်တစ်ထောင်လောက်တုန်းကပေါ့…. ငါ ငါ့မိသားစုနဲ့တွေ့ဖို့ မွေးရပ်မြေကို ပြန်ခဲ့တုန်းက လမ်းမှာ ခပ်ချောချော လူငယ်တစ်ယောက်ကို တွေ့ခဲ့တယ်.. သူက သစ်ပင်အောက်မှာ ထိုင်ပြီး တာအိုကို သိမြင်နားလည်အောင် ကျင့်ကြံနေခဲ့တာ”

ချင်မူက တိတ်တဆိတ် နားထောင်နေသည်။

“ငါ့အဆင့်အတန်းက ဘယ်လောက် မြင့်မြတ်လိုက်သလဲ… ငါကရော ဘယ်လောက်လှလိုက်သလဲ… ငါ့ရထားလှည်းကရော ဘယ်လောက်တောင် ခမ်းနားလိုက်သလဲ… ငါ သွားတဲ့နေရာတိုင်းမှာ နတ်ပန်းပွင့်တွေ ကျဆင်းရပြီး နတ်ဘုရားကြီးငယ်မျိုးစုံက ငါ့ကို ဒူးထောက်အရိုအသေပေးကြရတယ်… ဒါပေမဲ့ ငါ သူ့ကို တွေ့တဲ့အချိန်မှာ ရထားလှည်းကို ရပ်ဖို့က လွဲပြီး တခြားမတွေးနိုင်ခဲ့ဘူး”

နတ်အရှင်မယန်က အတိတ်ကို တမ်းတလျက် တည်ငြိမ်စွာ ဆက်ပြော၏။ “သူကတော့ လမ်းစဉ်၀င်ရောက်နေတဲ့အတွက် ငါ ရောက်လာတာကို လုံး၀ သတိမထားမိခဲ့ဘူး.. သစ်ပင်အောက်မှာပဲ တိတ်တဆိတ် ထိုင်နေခဲ့တယ်… သူ့ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ တာအိုသင်္ကေတက အေးချမ်းလွန်းလို့ ငါ သူ့ဘေးမှာ ရပ်‌ပြီး အချိန်အတော်ကြာ ‌နားထောင်နေမိခဲ့တဲ့ အထိပဲ… လူသားတွေက ဘယ်လောက် နိမ့်ကျသလဲ ငါ သိတယ်… ဒါပေမဲ့ လူသားတွေဟာ မြင့်တက်လာတော့မှာ...”

သူမက စိတ်ပျက်ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် ဆက်ပြော၏။ “ငါ အနာဂတ်ကို မြင်ခဲ့ရတယ်… ရှေးဟောင်းနတ်ဘုရားတွေ ပြိုလဲပြီး လူသားတွေ၊ နတ်ဘုရားတစ်ပိုင်းတွေနဲ့ တခြားမျိုးနွယ်တွေ ဦးမော့လာမယ့် အနာဂတ်ပေါ့… အဲ့ဒီ တခဏမှာ ငါ သူ့ကို သတ်ဖို့ ဆုံးဖြတ်ခဲ့တယ်”

နတ်အရှင်မယန်က တခဏ ရပ်၍ ဆက်သည်။ “အဲ့အချိန်မှာပဲ သူက လမ်းစဉ်၀င်ရောက်နေတာကနေ နိုးထလာပြီး သူ့ရဲ့ သိပ်ကိုကြည်လင်လွန်းတဲ့ မျက်၀န်းတွေနဲ့ ငါ့ကို စိုက်ကြည့်လာခဲ့တယ်… ငါ့ရဲ့ သတ်ဖြတ်ချင်စိတ်လည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့တာပဲ… ငါ သူ့ကို ရထားလှည်းပေါ် ဖိတ်ခေါ်ပြီး ဂုဏ်သရေရှိတဲ့ ဧည့်သည်တစ်ယောက်လို ဆက်ဆံပေးခဲ့တယ်… ပင်လယ်လေးစင်းကို အတူ လျှောက်ကြည့်ရင်း အဆုံးသတ်မြို့ပျက်ဆီလည်း သွားလည်ခဲ့ကြတယ်… နောက်တော့ သူက ဝိညာဉ်သ‌န္ဓေသားကောင်းကင်ရတနာကို နားလည်နိုင်ခဲ့ပြီး ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တယ်လေ… သူ့ရဲ့ အမျှော်အမြင်ကြီးမားတဲ့ စိတ်ဓာတ်နဲ့ နှလုံးသားကို မြင်ခဲ့ရတာမလို့ သူကသာ ကောင်းကင်နတ်ဧကရာဇ်ဖြစ်လာဖို့ ထိုက်တန်တဲ့သူလို့ ငါ ခံစားခဲ့ရတယ်”

သူမ၏ စကားသံ‌တွင် လေးစားအားကျမှုနှင့် ချစ်မြတ်နိုးမှုတို့ ပါ၀င်နေကြောင်း ချင်မူ ကြားနိုင်လေသည်။ သူ့မှာ စိတ်ထဲတွင် ထူးဆန်းလာမိသည်။

ကောင်းကင်နတ်အရှင်ယွင်၌ ဤသို့အတိတ်မျိုး ရှိခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

နတ်အရှင်မယန်က ဆက်ပြောသည်။ “သူ သေသွားတော့ ငါ သူ့ရဲ့အလောင်းကို ယူပြီး အဆုံးသတ်မြို့ပျက်ရဲ့ ပန်းပွင့်ထဲမှာ မြုပ်နှံချင်ခဲ့တယ်.. သူ ဘယ်တော့မှ မပုပ်သိုးသွားအောင်လို့ပေါ့… ဒါပေမဲ့ သူ့အခေါင်းက ဗလာဖြစ်နေခဲ့တယ်”

“ကျွန်တော် ယူသွားတာလေ” ချင်မူက ပြုံးလျက် ဝင်ပြောလိုက်၏။

နတ်အရှင်မယန်မှာ တခဏကြာ တိတ်ဆိတ်နေသည်။ ထို့နောက် ချက်ချင်းဆိုသလို ကောင်းကင်နတ်အရှင်တစ်ပါးနှင့် သင့်လျော်သည့် စိတ်အခြေအနေသို့ ပြန်ရောက်သွားပြီး လွမ်းဆွတ်မနေတော့ချေ။ “ဟောင်အာရဲ့သွေးနဲ့ ကျောက်တုံးတွင်းဆီက ကျောက်တုံးတစ်၀က်ကို လဲလှယ်မယ်ပေါ့”

ချင်မူက ခေါင်းညိတ်သည်။

နတ်အရှင်မယန်က မှင်သေသေ ပြော၏။ “ငါ့ရဲ့ရုပ်ခန္ဓာနဲ့ အဲ့ဒီအပျက်မရဲ့ ရုပ်ခန္ဓာကိုလည်း လိုချင်သေးတယ်”

ချင်မူက ယတိပြတ် ငြင်းကာ ခေါင်းရမ်းသည်။ “နတ်အရှင်မကလည်း လောဘကြီးလိုက်တာ… ကောင်းကင်နတ်ဧကရီရဲ့ ရုပ်ခန္ဓာနဲ့ အရှင်မယွမ်မုရဲ့ ရုပ်ခန္ဓာက ကျွန်တော့်အတွက် သိပ်အဖိုးတန်တယ်ဗျ… သူတို့ ရုပ်ခန္ဓာအတွက် ငါးဆယ်ရာခိုင်နှုန်းလေးနဲ့ လဲချင်နေတာလား… အိပ်မက်သာ မက်နေလိုက်တော့ဗျာ… ကျွန်တော် ခင်ဗျားကို ကျွယ်ဝူချိန်ရဲ့ ရုပ်ခန္ဓာပဲ ပေးနိုင်မယ်”

နတ်အရှင်မယန်က ခေါင်းရမ်း၏။ “ငါ့ရုပ်ခန္ဓာနဲ့ အဲ့အပျက်မရဲ့ ရုပ်ခန္ဓာကို သိမ်းထားတာ နင့်အတွက် ဘာအသုံး၀င်လို့တုန်း… ငါ့ကို ပေးရင် ဒီကျောက်တုံးတွင်းရဲ့ ငါးဆယ်ရာခိုင်နှုန်း ပြန်ပေးမယ်… အဲ့ဒါက မိုးကောင်းကင်က ကောင်းချီပေးတာလောက်ကို တန်နေပြီ.. ဖန်ဆင်းရှင်တွေက ထိုက်ချူကျောက်တုံးတွင်း တစ်တွင်းတည်းနဲ့ စကြ၀ဠာကို နှစ်ကုဋေနဲ့ချီ အုပ်စိုးခဲ့တာလေ… နင်တို့ လူသားတွေအတွက် တစ်၀က်နဲ့ ဆိုရင်တောင် တစ်လောကလုံးကို သိမ်းပိုက်ပြီး မျိုးနွယ်အားလုံးရဲ့ အရှင်သခင် ဖြစ်လာနိုင်နေပြီ”

ချင်မူက တဟားဟား ရယ်လိုက်သော်လည်း နတ်အရှင်မယန်က ဘာမှမပြောချေ။

ချင်မူက အရယ်ရပ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “နတ်အရှင်မ၊ ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုရဲ့ ရုပ်ခန္ဓာ ပေါင်းစည်းသွားရင် ဘယ်လောက် အစွမ်းထက်မလဲဆိုတာ ခင်ဗျား သိမှာပါ…. ဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးရဲ့ ရုပ်ခန္ဓာတွေက အဆုံးသတ်မြို့ပျက် အမှောင်ထုက အမြွှာပန်းပွင့်ကို ရဖို့ သော့ချက်ပဲ”

နတ်အရှင်မယန်၏ အကြည့်များက သတ်ဖြတ်တော့မည့်အလား မီးဝင်းဝင်းတောက်လာသည်။

ချင်မူမှာ မျက်ခုံးလှုပ်လာပြီး စကားကျွံမိပြီဖြစ်ကြောင်း သိလိုက်ရ၏။

နတ်အရှင်မယန်က အသတ်အဖြတ်စိတ်ဆန္ဒကို ရုပ်သိမ်း၍ တည်ငြိမ်စွာ ပြောသည်။ “ငါ အဲ့ဟာမရဲ့ ရုပ်ခန္ဓာကို မယူလည်း ရတယ်… ဒါပေမဲ့ ငါ့ရုပ်ခန္ဓာကိုတော့ ပြန်ပေး… ငါ့ရုပ်ခန္ဓာက နင့်လိုလူလက်ထဲ ရောက်နေတာကို တွေးမိရင်… အမလေး ကြက်သီးထလိုက်တာ…”

ချင်မူက တခဏ ပွစိပွစိ ရေရွတ်နေပြီးနောက် အံတင်းတင်းကြိတ်လိုက်၏။ “ဒါ‌ဆို ငါးဆယ်ရာခိုင်နှုန်းအပြင် ဒီကျောက်တုံးတွင်းထဲက ကျောက်တုံးရိုင်းတွေကိုပါ ပေးပါ… နတ်အရှင်မ သဘောတူရင် ခင်ဗျားရဲ့ရုပ်ခန္ဓာကိုရော၊ ကျွယ်ဝူချိန်ရဲ့ ရုပ်ခန္ဓာကိုရော ပေးမယ်”

နတ်အရှင်မယန်က ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးနောက် ရပ်လိုက်သည်။ သူမက အပြုံးမဟုတ်သော အပြုံးဖြင့် ပြော၏။ “ငါ ကတိပေးတယ်…. ဒါပေမဲ့ ကျောက်တုံးရိုင်းတွေက ကျောက်တုံးတွင်းထဲမှာဆိုတော့ နင့်ဘာသာ တူးရမယ်… တူးနိုင်ရင် ကိုယ့်ဘာသာ ယူသွား… မတူးနိုင်ရင်တော့ ကျောက်တုံးတွင်းထဲမှာ သေပေါ့… ဘယ်လိုလဲ‌ ကောင်းကင်နတ်အရှင်မူ သတ္တိရှိရဲ့လား”

ချင်မူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးနောက် ခြေဆောင့်ချလိုက်သည်။ “ကောင်းပြီဗျာ..”

All Chapters