စိတ်ထားယုတ်ညံ့သော အမိကမ္ဘာမြေ
Vol. 98 Ch. 1290
နတ်အရှင်မယန်၏ မျက်ဝန်းများ တောက်ပသွားသည်။ “ငါ့ရုပ်ခန္ဓာကို အရင်လိုချင်တယ်… ဟောင်အာရဲ့ သွေးကို မူလကျောက်တုံး ရပြီးမှ ပေးလို့ရတယ်ေခ”
ချင်မူက ချက်ချင်းပင် ကောင်းကင်နတ်ဧကရီ၏ အခေါင်းကို ထုတ်၍ နတ်အရှင်မယန်၏ အရှေ့တွင် ချလိုက်သည်။
နတ်အရှင်မယန်သည် အင်္ကျီလက်စကို ဝှေ့ရမ်းလိုက်ရာ ခေါင်းတလားအဖုံးက ပွင့်သွားသည်။ သူမက သူမ၏ရုပ်ခန္ဓာအား ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်နေလေသည်။
ကောင်းကင်နတ်ဧကရီ၏ ရုပ်ခန္ဓာအပြင် ရုပ်ခန္ဓာနောက်တစ်ခုက ကျွယ်ဝူချိန်၏ ရုပ်ခန္ဓာပင်။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ သေဆုံးပေးခဲ့သော အမျိုးသမီး ဖြစ်သည်။
ချင်မူက ဉာဏ်နီဉာဏ်နက်များဖြင့် ကျွယ်ဝူချိန်၏ ခန္ဓာကိုယ်ကို နတ်အရှင်မယန်ဆီ ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ နတ်အရှင်မယန်နှင့် ကောင်းကင်နတ်အရှင်ရှောင်အကြား မတည့်အောင် ဖန်တီးရန်ပင်။
နတ်အရှင်မယန်ကလည်း ကောင်းကောင်းသိသော်လည်း သူမနှင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူအကြားရှိ ရန်ငြိုးမှာ ဖြေဖျောက်မရနိုင်ချေ။ ကျွယ်ဝူချိန်၏ ရုပ်ခန္ဓာကို ရထားခြင်းက အပေါ်ယံကိစ္စလေးတစ်ခုသာ ရှိသေးသည်။
“ကောင်းကင်နတ်အရှင်မူ၊ နင့်ရဲ့ ဘယ်လက်နဲ့ ငါ့လက်ကို ထိခဲ့သေးလဲ” နတ်အရှင်မယန်က ရုတ်တရက် မေးသည်။
ချင်မူမှာ ကြောင်သွားသည်။ ရုတ်တရက် အလင်းတန်းတစ်တန်းက ဖျတ်ခနဲ တောက်ပလာပြီး ချင်မူ့လက်ကောက်၀တ်များ ကျိုးကြေသွားသည်။
“ဘယ်လက်ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူးလေ”
နတ်အရှင်မယန်က စိတ်မ၀င်စားစွာ ပြော၏။ “နှစ်ဖက်လုံးကိုသာ ဖြတ်ပစ်လိုက်တော့… ငါ့ခန္ဓာကိုယ်က ချောမောတဲ့ ယောက်ျားတွေကလွဲပြီး တခြား ညစ်ပတ်တဲ့ယောက်ျားတွေ ကိုင်တာ မကြိုက်ဘူး”
ချင်မူသည် စူပုပ်နေသော မျက်နှာဖြင့် အမြုတေသုံးသွယ် လောကသခင်ခန္ဓာကျင့်စဉ်အား လှည့်ပတ်လိုက်ရာ လက်နှစ်ဖက် ပြန်ပေါက်လာ၏။
“နင့်လက်ကို ဖြတ်လိုက်လည်း တကယ် မကျေနပ်သေးဘူး”
နတ်အရှင်မယန်က ခေါင်းတလားထဲရှိ ပြိုင်ဘက်ကင်းအလှပိုင်ရှင်နှစ်ဦးကို ငေးကြည့်နေရင်း အေးအေးလူလူ ပြောသည်။ “နင် ကျောက်ရိုင်းတုံးတွေ တူးဖို့ ကျောက်တုံးတွင်းထဲ အချိန်မရွေး သွားလို့ရတယ်နော်.. နင် သေသွားတော့မှ ငါလည်း ကျောက်တုံးတွင်းထဲ ၀င်ပြီး နင့်ဆီက ဟောင်အာရဲ့သွေးနဲ့ တခြားရတနာတွေကို ယူတော့မယ်”
ချင်မူက တည်ကြည်စွာ တုံ့ပြန်လိုက်သည်။ “ကျွန်တော် ပြင်ဆင်ဖို့ အချိန်လိုသေးတယ်ဗျာ… ကျောက်တုံးတွင်းတိုင်းက သိပ်ကို အန္တရာယ်များလွန်းတယ်… လုံလုံလောက်လောက် မပြင်ဆင်သွားရင် သေကြောင်းကြံတာနဲ့ အတူတူပဲဟာ”
“နင့်သဘောပဲ”
နတ်အရှင်မယန်၏ အတွေးတို့က ကျွယ်ဝူချိန်၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ၀င်ရောက်သွားသည်။ ဧကရာဇ်ခေါင်းတလားထဲမှ မိန်းမလှသည် လမ်းလျှောက်ထွက်လာပြီး အသက်ပိုငယ်သော လန်ဝူအလားပင် ထင်ရနေသည်။ သူမ၏လှုပ်ရှားမှုတိုင်းက အသက်ရှူမှားစေနိုင်၏။
နတ်အရှင်မယန်က ကျွယ်ဝူချိန်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးနောက် ချင်မူရှေ့တွင် တစ်ပတ် ပတ်ပြစေသည်။ သူမ၏ ခြေလှမ်းလေးများက ပေါ့ပါးသွက်လက်နေပြီး သူမခန္ဓာကိုယ်က ညှို့အားပြင်းလှ၏။
“ကြည့်ကောင်းလားဟင်” သူမအကြည့်မှာ ပြောပြမတတ်နိုင်အောင် ဆွဲဆောင်မှုရှိလှသည့်အပြင် အသံလေးမှာလည်း နူးညံ့ငြင်သာနေသည်။
ချင်မူမှာ ငေးကြည့်ရင်း နှုတ်မှ လွှတ်ခနဲ ထွက်သွားမိသည်။ “ကောင်းတာပေါ့ဗျာ”
“ငတုံးကောင်”
နတ်အရှင်မယန်က ရုတ်တရက် သူမအတွေးများကို ရုတ်သိမ်းလိုက်ရင်း အေးစက်စွာ ပြော၏။ “တစ်ယောက်မှ မကောင်းဘူး”
ချင်မူမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ ဤနတ်အရှင်မယန်၏ အကျင့်စရိုက်ကား အလွန်တရာ ထူးဆန်းလှ၏။ သူမအတွေးများကို သူ လုံး၀ လိုက်မမှီနိုင်ချေ။
သူ နန်းတော်ခန်းမထဲမှ ထွက်တော့မည့်အချိန်တွင် ငွေရောင်ချပ်ဝတ် ၀တ်ဆင်လျက် ငွေလှံတံ ကိုင်ဆောင်ထားသော တပ်မှူးလေးတစ်ယောက်က လျှောက်၀င်လာသည်။ သူသည် ခံ့ညားချောမောနေပြီး ချင်မူ့ကို မြင်လျှင် ဖျတ်ခနဲ တစ်ချက်ကြည့်၍ နှာတစ်ချက် မှုတ်လိုက်၏။
ချင်မူက ပြုံးသည်။ “ရှောင်ချီ”
တပ်မှူးလေးသည် ကြောင်ဖြူအဖြစ် အသွင်ပြောင်းသွားပြီး သူ့ဘေးမှ ဖြတ်ပြေးသွား၏။ နတ်အရှင်မယန်က လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းလိုက်သည့်အခါ ကြောင်ဖြူက နတ်အရှင်မယန်၏ ရင်ခွင်ထဲ တိုး၀င်၍ ကျောကော့လိုက်သည်။ “အရှင်မ၊ ကျွန်တော် ဧရာမသားရဲကြီးတွေနဲ့ ပက်သက်တဲ့ သဲလွန်စတချို့ သိခဲ့ရပါတယ်”
သူက ဆက်မပြောဘဲ ချင်မူ့ကို သတိအနေအထားဖြင့် ကြည့်လိုက်သည်။
နတ်အရှင်မယန်က ချင်မူ့ကို တစ်ချက်လှမ်းကြည့်သော်လည်း သူက တစ်ဖဝါးမှ မခွာပေ။ ထိုအစား ရပ်၍ နားစွင့်နေသည်မှာ ဆင်နားရွက်သဖွယ် နားကြီး ကြီးလာသကဲ့သို့ ထင်ရသည်။ ဤသတင်းကို လွတ်မသွားလိုသည်မှာ သိသာလှသည်။
“ရှောင်ချီ၊ ကောင်းကင်နတ်အရှင်မူက အပြင်လူမဟုတ်ဘူး... ဆက်ပြော...” နတ်အရှင်မယန်က ပြော၏။
ကြောင်ဖြူမှာ ထိုစကားကို ကြားသောအခါ ချင်မူ့အား မကျေမနပ် ဖြစ်သွားပုံရသည်။ သူ၏အမွှေးများ ဖွားထွက်သွားပြီး ချင်မူ့ဘက် လှည့်ကာ ခွီးခနဲ အသံပြုလိုက်သည်။ ထို့နောက်မှ ဆက်ပြော၏။ “ဘိုးဘေးနန်းတော်ထဲမှာ ယဇ်ပလ္လင်တချို့ တွေ့ခဲ့ရပါတယ်… လောကအသီးသီးရဲ့ အနောက်မှာ နေထိုင်နေကြတဲ့ ဧရာမသားရဲတွေကို အဲ့ဒီယဇ်ပလ္လင်တွေတစ်ဆင့် ယဇ်ပူဇော်ပြီး ဘိုးဘေးနန်းတော်ထဲ အတင်းအကြပ် ဆွဲခေါ်ထားကြတာပါ … ယဇ်ပလ္လင်တွေကို ဖွက်ထားကြပေမယ့် ကျွန်တော် တချို့တစ်၀က်တော့ ရှာတွေ့ခဲ့ပါတယ်… ယဇ်ပလ္လင်ပေါ်မှာ အရှင်မရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ချန်ထားခဲ့တဲ့ အရှိန်အဝါကို တွေ့ခဲ့ရတယ်… ရွှမ်တုအစုလိုက်အပြုံလိုက်သတ်ပွဲကို အရှင်မ မှတ်မိသေးလား”
နတ်အရှင်မယန်မှာ ရင်ဒိန်းခနဲ တုန်သွားပြီး ခေါင်းညိတ်သည်။
“ရွှမ်တုအစုလိုက်အပြုံလိုက်သတ်ပွဲတဲ့လား”
ချင်မူမှာ စပ်စုချင်စိတ်များ ပြင်းပျလာသဖြင့် မေးလိုက်၏။ “ရွှမ်တုအစုလိုက်အပြုံလိုက်သတ်ပွဲက ဘာကြီးတုန်း”
ကြောင်ဖြူက သူ့အား မျက်လုံးဝေ့ကြည့်လိုက်ရင်း ပြောပြလိုသည့် အရိပ်အယောင် မရှိပေ။
နတ်အရှင်မယန်က ရှင်းပြသည်။ “လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက ဖြစ်ခဲ့တဲ့ ရွှမ်တုရဲ့ကပ်ဘေးပေါ့… လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက အမိကမ္ဘာမြေဟာ ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ နေထိုင်ကြတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့တယ်… အရွယ်အစားမျိုးစုံရှိတဲ့ နတ်ဘုရားမြို့တွေကိုတောင် ဖျက်ဆီးပစ်ခဲ့တာ… မဟာနေဧကရာဇ်လည်း အမိကမ္ဘာမြေကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး မထွက်ပြေးနိုင်လုနီးပါး ဖြစ်ခဲ့ရတယ်… ရှေးဟောင်းနတ်ဘုရားဘုရင်ကတော့ ဒေါသူပုန်ထခဲ့တာပေါ့.. သူက သူ့အဖေကို သတ်ပစ်မယ်ဆိုပြီး ကြိမ်ဝါးခဲ့တာ… ဒါပေမဲ့လည်း သိတဲ့အတိုင်း အပြောပဲရှိပြီး အလုပ်တော့ မလုပ်ခဲ့ပါဘူး”
ချင်မူမှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ ထိုသို့ဖြစ်ရပ်မျိုး အမှန်တကယ် ဖြစ်ပွားခဲ့လည်လား။
ထိုမျှ စိတ်၀င်စားစရာကောင်းသော ဖြစ်ရပ်တစ်ခုကို လွဲချော်သွားခဲ့ရသည်တဲ့လား။
“ရွှမ်တုအစုလိုက်အပြုံလိုက်သတ်ပွဲကို အမိကမ္ဘာမြေ လုပ်ခဲ့တာ… ရှေးဟောင်းနတ်ဘုရားဘုရင်က အစက ကောင်းကင်နယ်စားမင်းရဲ့ မဟာတာအို ပြည့်စုံဖို့ နှစ်နှစ်ရာ စောင့်ခဲ့မလို့…. ဒါပေမဲ့ နှစ်ပေါင်း ၁၈၀ တောင် ကျန်သေးတော့ စိတ်မရှည်တော့ဘူးလေ..”
နတ်အရှင်မယန်က ပြော၏။ “ရှောင်ချီ…. ဒါဆို အမိကမ္ဘာမြေက ဒီနေရာကို ကျူးကျော်လာခဲ့တာပေါ့… သူ အသက်ရှိနေသေးတာလား”
ကြောင်ဖြူက ဖြေသည်။ “အမိကမ္ဘာမြေဆိုတာ သေချာတယ်… ကျွန်တော် သူ့အနံ့ကို ယဇ်ပလ္လင်ပေါ်မှာ အနံ့ခံမိတယ်… သူ့အစွမ်းအစက အမြင့်ဆုံးမှာ မဟုတ်ပေမယ့် သန်မာနေသေးတယ်…. နောက်က လိုက်သွားချင်ပေမယ့် သူ သတ်မှာစိုးလို့ မလိုက်ရဲခဲ့ပါဘူး… ဒါကြောင့် ပြန်လာပြီး အရှင်မဆီ သတင်းပို့တာပါ”
“လိုက်မသွားတာ မှန်တယ်”
နတ်အရှင်မယန်က ပြော၏။ “ရွှမ်တုမှာ အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာကို နင် မမြင်ခဲ့ဖူးလို့.. မြင်ဖူးရင် သူ့အနားကို ဘယ်တော့မှ ကပ်ရဲမှာ မဟုတ်ဘူး… ရွှမ်တုက အင်မတန် ကြီးမားကျယ်ပြောတဲ့အပြင် ယိုတုအောက် နိမ့်ကျမနေဘူး… ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်ကို အလင်းတန်းတွေနဲ့ ဖွဲ့တည်ထားပြီး သူ့ခန္ဓာကိုယ်ပေါ်မှာလည်း မရေမတွက်နိုင်တဲ့ ညနတ္ထိနတ်ဘုရားမြို့တွေ ရှိကြတယ်… မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေ အဲ့မှာ နေထိုင်ကြတာပေါ့… သူတို့တွေအားလုံး တစ်ရက်ထဲနဲ့ သေသွားခဲ့ကြရတာ”
သူမမျက်နှာအမူအရာက တည်ငြိမ်နေသည်။ “ငါ အဲ့ဒီက မရှူမလှအဖြစ်အပျက်တွေကို သွားကြည့်ခဲ့ဖူးတယ်… နတ်ဘုရားတွေအားလုံး ပိန်လှီခြောက်ကပ်နေတဲ့ အလောင်းတွေ ဖြစ်နေပြီးတော့ ချီနဲ့သွေးတွေလည်း စုပ်ယူခံထားကြရတယ်… သူတို့၀ိညာဉ်တွေဆို အသက်စွမ်းအားမရှိတော့ဘဲ ငြိုးခြောက်ကုန်ကြတယ်… မဟာနေဧကရာဇ်တစ်ယောက်ပဲ အလျင်အမြန် ထွက်ပြေးနိုင်ခဲ့တာ… ရက်စက်ကြမ်းကြုတ်တဲ့ အမိကမ္ဘာမြေက သိပ်ကို စိတ်ထားယုတ်ညံ့တယ်”
ချင်မူမှာ ကြက်သီးမွေးညှင်းများ ထသွားမိ၏။
နတ်အရှင်မယန်က ပြောသည်။ “အမိကမ္ဘာမြေက လူယုတ်မာလမ်းစဉ်ကို လျှောက်နေပြီ… သူက ဘိုးဘေးနန်းတော်ကိုတောင် ဉာဏ်နီဉာဏ်နက်တွေနဲ့ လာခဲ့တာ… အရင်တုန်းက အမိကမ္ဘာမြေဖြစ်ခဲ့ဖူးတော့ သူက အဲ့ဒီဧရာမသားရဲတွေကို ထိန်းချုပ်ခဲ့ရတယ်… အခုတော့ အဲ့သားရဲတွေကို ဆင့်ခေါ်နေပြီ.. သူ့ရည်ရွယ်ချက်က ဒီနေရာက ခမ်းနားမှုတွေကို ပြန်ဆောင်ကျဥ်းဖို့ ဖြစ်လိမ့်မယ်… ဒါပေမဲ့..”
သူမက ခေါင်းရမ်း၏။ “အချိန်က အရင်လို မဟုတ်တော့ဘူး… သူ့ခေတ်က ကုန်သွားခဲ့ပြီ.. ကောင်းကင်နတ်အရှင်မူ၊ နင် ကြားသင့်သလောက် ကြားပြီးပြီပဲ… သွားမပြင်ဆင်တော့ဘူးလား”
ချင်မူလည်း နှုတ်ဆက်၍ နန်းတော်ခန်းမထဲမှ ထွက်လာသည်။
ကြောင်ဖြူက ပြော၏။ “အဲ့ဒီကောင်ကတော့…”
နတ်အရှင်မယန်က မြေပြင်ကို လက်ညှိုးထိုး၍ သတိပေးလေသည်။ “သူ နားထောင်နေသေးတယ်”
ကြောင်ဖြူမှာ မြေပေါ်တွင် လက်နှစ်ဖက်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ ၎င်းတို့က စောစောက ဖြတ်ခံလိုက်ရသော ချင်မူ့လက်များ ဖြစ်ကြပြီး နားရွက်လေးများ ပေါက်နေကြသည်။
ထိုအခိုက်အတန့်တွင် ထိုနားများက သူတို့ပြောစကားကို ကြားသွားပုံပင်။ နားရွက်လေးများက တဖျတ်ဖျတ် ခါသွားပြီး လက်နှစ်ဖက်စီမှ လက်ချောင်းငါးချောင်းက ခုန်ဆွခုန်ဆွဖြင့် ပင့်ကူတစ်ကောင်အလား ထွက်ပြေးသွားတော့သည်။
နတ်အရှင်မယန်က အင်္ကျီလက်စ ခါလိုက်ရာ သူ့လက်များ ပြာကျသွား၏။ “သူ အဝေးရောက်သွားပြီ…. ဆက်ပြောတော့”
ကြောင်ဖြူက ပြောသည်။ “အမိကမ္ဘာမြေက ကောင်းကင်နတ်အရှင်မူကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ကျွန်တော် ကြားခဲ့ရပါတယ်… ကောင်းကင်နတ်အရှင်မူက အမိကမ္ဘာမြေရဲ့ သိုင်းအခြေခံကို ယူပြီး ကုန်းစွန်းယန်ဆီ ပြောင်းပေးခဲ့တဲ့အပြင် ထူးဆန်းတဲ့ မန္တန်တစ်ခုနဲ့ အမိကမ္ဘာမြေရဲ့ ကောင်းကင်ဝိညာဉ်နဲ့ မြေကြီးဝိညာဉ်ကို ဖျက်ဆီးခဲ့တယ်တဲ့… ကောင်းကင်နတ်အရှင်မူ ဒီနေရာမှာ ရှိနေတယ်ဆိုတဲ့ သတင်းသာ ပြန့်သွားရင် အမိကမ္ဘာမြေက..”
နတ်အရှင်မယန်က ခေါင်းရမ်းလိုက်သည်။ “စိုးရိမ်စရာ မလိုဘူး… သူက ကျောက်တုံးတွင်းထဲ ၀င်ပြီး မူလကျောက်တုံး ယူဖို့ပြင်နေတာဆိုတော့ သေချာပေါက် သေမှာပဲ…. ငါ့ကိုယ်ငါ အပင်ပန်းခံပြီး အမိကမ္ဘာမြေကို သတင်းပေးစရာတောင် မလိုဘူး… ငါလည်း အမိကမ္ဘာမြေ ဒေါသကြီးတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်”
ကြောင်ဖြူမှာ စကားဆက်မပြောတော့ဘဲ သူမလက်မောင်းထက်တွင် လှဲလိုက်ကာ တရေးတမော အိပ်နေတော့သည်။
ချင်မူ နတ်အရှင်မယန်၏ ပိုင်နက်ထဲမှ ထွက်လာသည့်အခါ ရေငုံနှုတ်ပိတ်နေရသည့် ထိုက်ရှီမှာ မနေနိုင်မထိုင်နိုင် ဖြစ်လာ၏။ သူက ညည်းတွားလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဘာလို့ တစ်ခါတည်း ကျောက်တုံးတွင်းထဲ ၀င်ပြီး မူလကျောက်တုံး မရှာရတာတုန်း… ငါက ကျောက်တုံးတွင်းပိုင်ရှင်ပါဟ… မင်းကို ဘာမှမလုပ်ပါဘူးကွာ”
“ကျွန်တော် မပြင်ဆင်ဘဲ ကျောက်တုံးတွင်းထဲ တစ်ခါတည်း ၀င်သွားရင် နတ်အရှင်မယန်က သံသယဝင်လိမ့်မယ်… ကျွန်တော် ခင်ဗျားနဲ့အတူ မူလကျောက်တုံးကို ယူနိုင်ဖို့ ယုံကြည်ချက်ရှိပါတယ်ဗျာ”
ချင်မူက ပြုံးလိုက်ရင်း ပြော၏။ “သူ သံသယ၀င်မှာစိုးလို့ ခြေတစ်လှမ်း ဆုတ်လိုက်ရုံလေးပဲ… ပြီးတော့ လောလောဆယ် ထိုက်ရှီတာအိုကို ကျင့်ရဦးမယ်… တာအိုနောင်တော်၊ ထိုက်ရှိတာအိုကို သင်ပေးမယ်လို့ ကတိပေးခဲ့တယ်နော်… အခု သင်ပေးလို့ရပြီ”