တပည့်အဖြစ်လက်ခံရန် တောင်းဆိုခြင်း
Vol. 012 Ch. 1121
ဒွန်ချန်းကား ထိုအခိုက်တွင် ဖိအား၏ဆုံမှတ်ကို ရောက်နေရာ သူခံစားရသော ဖိအားသည်လည်း အကြီးဆုံး ဖြစ်ပေသည်။
သူ့ခန္ဓာကိုယ်မှ အလင်းရောင်များသည် လက်ညှိုးတစ်ထောင် အသွင်သဏ္ဌာန် အဖြစ်သို့ ပြောင်းလဲကာ မမြင်ရသော ခေါင်းလောင်းအား သွားရောက် တိုက်ခိုက်သည်။
သို့သော် ခေါင်းလောင်းနှင့် သုံးချောင်းထောက်တိုင်တို့ တစ်ပြိုင်နက်တည်း ဆင်းသက်လာသည်။ ခေါင်းလောင်းသည် စိတ်ဝိညာဉ်ကို တုန်လှုပ်စေကာ သုံးချောင်းထောက်တိုင်က ရုပ်ခန္ဓာကိုယ်အား ဖိအားပေးသည်။
ဒွန်ချန်းက လက်နှစ်ဘက်ကို သင်္ကေတတစ်ခုအသွင် ပြုလုပ်လိုက်လျှင် သူ့ထံမှ ရောင်စဉ် ရောင်ဝါများနှင့်အတူ လက်တစ်ထောင်ဗုဒ္ဓ အသွင်သဏ္ဌာန်တစ်ခု ပေါ်လာသည်။ လက်များသည် အလွန်တရာ ရှည်လျားကြပြီး ပြင်းထန်သော စွမ်းအားလှိုင်းများကို ထုတ်လွှတ်နိုင်သည်။
တာလီကျောင်းတော်မှ အကြီးအကဲများက ခေါင်းညိတ်ကြသည်။ ဒွန်ချန်းကား အမှန်ပင် တာလီကျောင်းတော်၏ အတော်ဆုံးတပည့် ဖြစ်သည်။ သူ၏ သိမြင်နားလည်နိုင်စွမ်းမှာ တပည့်များအပြား၌ အမြင့်ဆုံးဖြစ်ပြီး အချိန်အခါနှင့် လိုက်လျောညီထွေရှိသော ပညာရပ်များ မှန်ကန်စွာ ထုတ်သုံးနိုင်သည်။
နဂါးနှင့် ဆင်သုံးချောင်း ထောက်တိုင်သည် အောက်သို့ ဆင်းသက်လာကာ ဖိအားပေးလာသည်။ သို့သော် ဒွန်ချန်းကလည်း မဟာဗောဓိလက်ဝါးဖြင့် ခုခံလျှင် ပြင်းထန်သော ပေါက်ကွဲသံများအား ကြားရသည်။ အဝေးမှ ကြည့်နေသူများပင် တိုက်ပွဲကို ကြည့်ကာ အားလှိုင်းများကို ခံစားကြရသည်။ အားနည်းသူများကား ဖိအားဒဏ်ကို ခံနိုင်ရန် နောက်ကို ဆုတ်ကြရ၏။
ထိုအခိုက်တွင် ဒွန်ချန်းက မည်မျှ ကြီးမားသော ဖိအားအား ခံစားနေရသည်ကို အားလုံးက နားလည် လိုက်ကြသည်။
ဒေါင် …
သူ့ထံမှ များစွာသော ဗောဓိလက်များသည် ကောင်းကင်ထက်သို့ ထိုးတက်သွားကြကာ လေထဲတွင် ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ်လာနေသည်။
တိဟောက်က လက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် သူ့ထံမှ ကြီးမားသော စွမ်းအားတစ်ခုနှင့်အတူ အလွန်တရာ ထက်ရှသော ဓားအသိတစ်ခု ဖြစ်ပေါ်လာကာ သူ့နောက်တွင်လည်း ရွှေရောင်ဓားတစ်လက် မွေးဖွားလာခဲ့သည်။
“သူက ဓားပညာမှာလည်း ကောင်းတာပဲလား” လူအများအပြားက ထိတ်လန့် သွားကြသည်။
တိဟောက်ကား သက်စောင့်ဝိညာဉ် သုံးမျိုးကို ထုတ်လွှတ်ခဲ့ပြီး ဖြစ်သည်။
ခေါင်းလောင်း၊ သုံးချောင်းထောက်တိုင်နှင့် ဓား …။
ထိုအခိုက်တွင် သူသည် ကွင်းထဲတွင် နတ်ဘုရား တစ်ပါးအလား ရပ်နေသည်။
ဓားအသိ ဖြစ်ပေါ်လာလျှင် အဆုံးအစမဲ့သော ဓားအသိသည် အားလုံး၏ ရှေ့မှောက်တွင် အလွန်တရာ အားကောင်းသော ဓားတစ်လက် ဖြစ်လာသည်။ ထိုဓားကား သည်မတိုင်ခင် အပြစ်ခုနစ်ပါး အသုံးပြုခဲ့သော ကျားယဲ့ဓားပင် ဖြစ်သည်။
“ကျားယဲ့ဓား … တိဟောက်လည်း သိတာပဲလား …” လူငယ်မျိုးဆက်မှ လူများအားလုံးမှာ ကြီးစွာ စိတ်လှုပ်ရှား သွားကြသည်။ ထို့အပြင် တိဟောက်၏ ကျားယဲ့ဓားသည် အပြစ်ခုနစ်ပါးထက် အားကောင်းပေသည်။ လူအများအပြားက ဓားသမားတို့၏ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဟု ထင်မှတ် ထားခဲ့ကြသော်လည်း တိဟောက်သည်လည်း ဓားပညာတွင် ထူးချွန်နေမည်ဟု သူတို့ မထင်ထားခဲ့ကြ။
အပြစ်ခုနစ်ပါးသည် ကြီးမားသော အားနည်းချက် ရှိသည်ဟု ရီဖူရှင်းက ပြောခဲ့သည်။ သို့သော်လည်း တိဟောက်ကား အားနည်းချက် လုံးဝ မရှိသောသူဖြစ်သည်။
ခေါင်းလောင်းက တစ်ဖက်လူ၏ စိတ်စွမ်းအားကို ဖိနှိပ်ကာ သုံးချောင်းထောက်တိုင်က ရုပ်ခန္ဓာကိုယ်အား ဖိနှိပ်သည်။ ယခု သူက ဓားဝိညာဉ်ကို ထုတ်လွှတ်ခဲ့ရာ သူ၏ခွန်အားက မည်မျှ ကြီးမားလိုက်မည်နည်း။
တောက်လီတောင်မှ လူများသည် သိပ်အံ့ဩဟန်မရတော့။ တိဟောက် မည်မျှ အားကောင်းသည်ကို သူတို့အားလုံး သိထားကြပြီး ဖြစ်သည်။
“နန်းတွင်းအကြံပေး ဆရာသခင် … ဒွန်ချန်းက ဖိအားအောက်ကို ရောက်နေပုံပဲ” လီစွမ်းက ဘေးမှ လူကို ထပ်ပြောသည် … “ဦးရီးတော်က ဒီလို ထူးခြားထက်မြက်တဲ့သူ တစ်ယောက်ကို မွေးစားခဲ့မယ်လို့ မထင်ခဲ့ဘူး”
နန်းတွင်းအကြံပေးက တိုက်ပွဲကို တည်ငြိမ်စွာ ကြည့်သည်။ တိဟောက်၏ စွမ်းရည်ကား အမှန်ပင် ရှန့်ထိုအဆင့်အောက်၌ အမြင့်ဆုံးတွင် ရှိသည်။
ကျားယဲ့ဓားသည် မြန်ဆန်စွာပင် ဖွဲ့စည်းဖြစ်ပေါ်လာ၏။ အပြစ်ခုနစ်ပါးနှင့် မတူသည်ကား သူက ချက်ချင်းပင် ဓားများစွာကို ထုတ်လွှတ်နိုင်ခြင်းပင်။
ခေါင်းလောင်းက မြည်သံပေးသလို ထောက်တိုင်က အပေါ်မှ ဆင်းသက်လာကာ ဓားများက သူ့အား ခြိမ်းခြောက်လာနေကြရာ ဒွန်ချန်း မည်မျှကြီးမားသော ဖိအားနှင့် ရင်ဆိုင်နေရသည်ကို ခန့်မှန်းနိုင်ပေသည်။
ဒေါင် …
ဘန်းခနဲမြည်သံနှင့်အတူ ဒွန်ချန်း၏လက်များသည် တစ်ကြိမ်တည်း ဆန့်တန်းလာကြကာ သူ့ထံမှ အားလှိုင်းများသည်လည်း ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။ သူက နောက်ဆုတ်ခြင်းမရှိဘဲ တိဟောက်ထံသို့ ဦးတည်ကာ ပျံသန်းသွားခဲ့သည်။
သွား …
တိဟောက်၏ လက်ချောင်းက ရှေ့သို့ ညွှန်ပြလိုက်လျှင် ကျားယဲ့ဓားသည် အဆုံးစွန်သော အမြန်နှုန်းနှင့်အတူ လေထုကို ခွင်းသွားခဲ့သည်။
ဝှီး …
ထိုအခိုက်တွင် ရှေ့၌ ပုံရိပ်ယောင်များစွာ ဖြစ်ပေါ်လာခဲ့ကာ ထိုပုံရိပ်ယောင်များမှာ ဒွန်ချန်း၏ ပုံရိပ်များဖြစ်ပြီး တကယ့်ရုပ်သွင်နှင့် လုံးဝ ခွဲမရအောင် တူပေသည်။
ကျားယဲ့ဓား ဖြတ်သန်းသွားခဲ့လျှင် ပုံရိပ်ယောင်များ အားလုံးသည် ပျက်စီးသွားခဲ့ရ၏။ သို့သော်လည်း ပုံရိပ်ယောင်များသည် အဆက်မပြတ် ပေါ်လာကာ အရေမတွက်များမှာ ပိုမို၍ပင် များလာဟန်ရသည်။
ထိုမျှသာမက ပုံရိပ်ယောင်များ၏ အပေါ်တွင်ကား အလွန်တရာ အားကောင်းသော စိတ်အသိအား ခံစားကြရသည်။
တိဟောက်ကား အမှန်တကယ်ပင် အန္တရာယ်၏ အငွေ့အသက်ကို ခံစားရသည်။ ရုတ်တရက် နဂါးနှင့် ဆင်ထောက်တိုင်သည် ပြန်လည်၍ ပျံသန်းသွားကာ သူ့အပေါ်သို့ ရောက်လာသည်။ ဤတွင် အလွန်တရာ ကြီးမားသော အရှိန်အဝါ ဆင်းသက်လာသည်။ သူက ခေါင်းလောင်းနှင့် ထောက်တို့သို့နှင့်အတူ ရှေ့သို့ ဆက်လှမ်းလာခဲ့သည်။
သူက လက်ကို ဆန့်တန်းလိုက်လျှင် လေထဲတွင် ရူးသွပ်စွာ ပြေးလွှားနေသော ကျားယဲ့ဓားသည် ဒွန်ချန်း၏ပုံရိပ်ယောင်များအား အဆက်မပြတ် ဖျက်ဆီးသွားသည်။
ကျားယဲ့ဓား၏အပေါ်တွင် အလွန်တရာ အားကောင်းသော သတ်ဖြတ်ခြင်း အသိတစ်ခုသည် ပုန်းကွယ်နေဟန် ရှိသည်။ ထိုအသိသည် တိဟောက်က စစ်မြေပြင်၌ နှစ်ပါးများစွာ သန့်စင် စုဆောင်းထားခဲ့ခြင်းလည်း ဖြစ်သည်။
ဒေါင် …
မဟာဗောဓိတိုက်ခိုက်ရေး ပုံစံသည် ပုံရိပ်ယောင်တစ်ခုထံမှ ပေါက်ကွဲထွက်လာခဲ့ပြီး ရူးသွပ်စွာ တိုက်ခိုက်လာသော ဓားအသိအား ကာကွယ်သည်။ တစ်ချိန်တည်းမှာပင် မဟာဗောဓိခန္ဓာကိုယ်က တိဟောက်၏ စစ်မှန်သော တည်နေရာအား ဖိအားပေးလာသည်။
တိဟောက်က ကြောက်ရွံ့ဟန်မပြပေ။ နဂါးနှင့်ဆင်ထောက်တိုင်တို့ အောက်သို့ ဆင်းသက်လာသောအခါ သူကတည်း မဟာဗောဓိလက်ဝါးကို တွန်းထုတ်လိုက်သည်။ ဒွန်ချန်း၏ ခန္ဓာကိုယ်သည် အဆုံးစွန်သော ရောင်စဉ်များဖြင့် လင်းလက်နေပြီး ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နေခဲ့၏။
တိဟောက်က လက်နှစ်ဖက်ကို ပူးကပ်လိုက်ကာ ဓားသည် သူ့အား လှည့်ပတ်လာခဲ့သည်။ ထို့နောက် ကျားယဲ့ဓားသည် ကောင်းကင်သို့ ထိုးတက်သွား၏။ ဒွန်ချန်းအား ဗဟိုပြုလျက် ထိုဓားက အလွန်တရာ မြင့်မားသော အမြန်နှုန်းဖြင့် တိုက်ခိုက်၏။
တာလီကျောင်းတော်မှ တပည့်အများအပြားက လက်သီးကို တင်းတင်းဆုပ်ကြသည်။ ထိုအခိုက်တွင် ကျားယဲ့ဓားနှင့် သန်းပေါင်းများစွာသော ဓားတို့သည် အတူတူ ဆင်းသက်လာကာ အရာအားလုံးကို ဖျက်ဆီးတော့မည့်ဟန် မြင်နေရ၏။
သို့သော်လည်း ဒွန်ချန်းက ဂရုမစိုက်ဟန်ဖြင့် ရှေ့သို့ ဆက်တိုး သွားခဲ့သည်။
ဓားက ဒွန်ချန်းထံသို့ ရောက်လုရောက်ခင်တွင်ပင် ရုတ်တရက် ရပ်တန့်သွားသည်။ ဒွန်ချန်းကို ရစ်ပတ်ထားသော အရောင်များသည် ပတ်ဝန်းကျင်သို့အထိပင် ပျံ့နှံ့လာခဲ့၏။ ဓားသည် ကျယ်လောင်သော မြည်သံကို ပေးသလို တိဟောက်က ရှေ့သို့ တက်လာပြီး လက်ညှိုးကို ဆန့်းတန်းကာ ဓားအား ဆက်လက် တိုက်ခိုက်ရန် အမိန့်ပေးသည်။
ကျယ်လောင်သော အသံတစ်ခုအား ကြားရသည်။ ထိုအခိုက်တွင် ဒွန်ချန်း၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားပြီး များစွာသော ကိုယ်ပွားများ ဖြစ်ပေါ်လာကာ ကျားယဲ့ဓားနှင့် ရင်ဆိုင်မိပြီး အဆက်မပြတ် ပေါက်ကွဲသည်။
ဝုန်း …
တိဟောက်၏ရှေ့သို့ ပုံရိပ်ယောင် တစ်ခုသည် ကြီးမားသော စွမ်းအားနှင့်အတူ လက်ညှိုးကို ဆန့်တန်းလျက် ဆင်းသက်လာ၏။ ထိုအခိုက်တွင် ကောင်းကင်နှင့်မြေပြင်သည် ကြီးမားသော ဖိအားအောက်သို့ ရောက်လာပြီး တစ်လောကလုံးတွင် ထိုလက်ညှိုး တစ်ချောင်းတည်းသာ ရှိဟန်ရသည်။
လက်ညှိုး ဆင်းသက်လာသောအခါ တိဟောက်က သူ၏စိတ်ဝိညာဉ် တုန်ခါမှုကို ခံစားရသည်။
ဒွန်ချန်း၏ အားအကောင်းဆုံးမှာ နတ်လက်ညှိုး တိုက်ကွက်ဖြစ်ကြောင်း သူသိသည်။ သူထုတ်လွှတ်သော စွမ်းအားမြင့် စိတ်အသိအား ကျိုးကြေသွားခဲ့သည်။ မမြင်ရသော အားလှိုင်းသည် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အား ရစ်ပတ်လာခဲ့၏။
ဝုန်း …
ရှေးဟောင်း ခေါင်းလောင်းက သူ့အား ပတ်ပတ်လည်မှ ရစ်ပတ် ကာကွယ်သွားခဲ့ပြီး သူကလည်း ဒွန်ချန်းကဲ့သို့ပင် ရှေ့သို့ လက်ညှိုးအား ဆန့်ထုတ်လိုက်သည်။
ထိုလက်ညှိုးသည် ကောင်းကင်နှင့်မြေပြင်ကို ကိုယ်စားပြုကာ ထက်ရှသော ဓားတစ်လက်အလား အရာအားလုံးကို ထွင်းဖောက်နိုင်စွမ်း ရှိပေသည်။
သူတို့နှစ်ယောက်၏ လက်ညှိုးများ ရင်ဆိုင်မိလျှင် လေထုသည် သိမ့်ခနဲတုန်သွားပြီး ခေါင်းလောင်း၊ ထောက်တိုင်နှင့် ဓားများအားလုံး ပျက်ပြယ် သွားသည်။
ဝုန်း …
ကျယ်လောင်သော အသံနှင့်အတူ အလွန်တရာ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး ခန္ဓာကိုယ်နှစ်ခုက နောက်သို့ တစ်ချိန်တည်း ဆုတ်သွားသည်ကိုသာ လူအများက မြင်ကြရ၏။
တိဟောက်သည် နောက်ဆုတ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်နေသည်။
ဒွန်ချန်းသည်လည်း နောက်ဆုတ်သွားခဲ့ပြီး တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ မျက်နှာသည် အလွန်တရာ ပြာနှမ်းနေ၏။ ရုတ်တရက် ဒွန်ချန်းက သွေးတစ်ပွက် အန်ကာ ဒူးထောက်ကျသည်။
“ဒွန်ချန်း … ရှုံးသွားတယ် …”
လူအများ၏ စိတ်နှလုံးများ တုန်ခါသွားကြသည်။ တာလီကျောင်းတော်မှ ရှန့်ထိုအဆင့်အောက်တွင် အတော်ဆုံးဖြစ်သော ဒွန်ချန်းသည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
ဘုရင်ခံထန်တောက်၏ မွေးစားသား၊ တောက်လီတောင်၏ အတော်ဆုံးတပည့် တိဟောက်သည် တာလီတွင် နံပါတ်၁ ပါရမီရှင် ဖြစ်သွားပြီဖြစ်သည်။
“အများကြီး သင်ယူခဲ့ရပါတယ် …” တိဟောက်က လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ သူက အနိုင်ရခဲ့သော်လည်း ဒွန်ချန်း၏စွမ်းရည်ကို လေးစားပေသည်။
ဒွန်ချန်းကလည်း ပြန်လည်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးပြီး ဒယိမ်းဒယိုင်ဖြင့် နောက်ဆုတ်သွားသည်။ သူက ဘာမှ မပြောပေ။ အရှုံးက အရှုံးသာဖြစ်သည်။
အားလုံးက အံ့အားသင့်နေပြီးမှ နန်းတွင်းအကြံပေးအား လှမ်းကြည့်ကြသည်။ သူ ဘာတွေးနေသည်ကို မည်သူမှ မသိပေ။
ထိုစဉ်မှာပင် တိဟောက်က ရုတ်တရက် ရှေ့သို့ တက်သွားကာ နန်းတွင်း အကြံပေးအား ကြည့်လျက်ပြောသည် … “နန်တွင်းအကြံပေး ဆရာသခင်က တပည့်လက်ခံမယ်လို့ ကျွန်တော် ကြားပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က တာလီကျောင်းတော်မှာ လမ်းညွှန်မှု လာယူတာပါ။ နန်တွင်းအကြံပေး ဆရာက ကျွန်တော့ကို တပည့်အဖြစ် လက်ခံစေချင်ပါတယ်”
တိဟောက်က ထိုသို့ပြောလိုက်လျှင် အားလုံးမှာ ကြီးစွာ ထိတ်လန့်သွားကြသည်။ အားလုံးက ဒွန်ချန်းသည် နန်းတွင်းအကြံပေး၏ တပည့်ဖြစ်လာမည်ဟု ယူဆခဲ့ကြသည်။ သို့သော် လက်ရှိတွင် တိဟောက်က နန်းတွင်းအကြံပေး၏တပည့် ဖြစ်လိုကြောင်း ပြောသည်။
လူအများက မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။
ဒွန်ချန်းကား ပိုမို၍ပင် ပြာနှမ်းလာခဲ့သည်။ သူကား အရှုံးသမားဖြစ်ရာ နန်းတွင်းအကြံပေး၏ တပည့်ဖြစ်ရန် တောင်းဆိုခွင့် မရှိပေ။
နောက်တစ်ဖန် လူတိုင်းက နန်းတွင်း အကြံပေးအား ကြည့်ကြသည်။ တိဟောက်က သူ၏တပည့်ဖြစ်ရန် တောင်းဆိုသည်။
နန်တွင်းအကြံပေးက လက်ခံမည်လား။
***