မင်းက ငါ့သူငယ်ချင်း မဟုတ်ဘူး။
Vol. 169 Ch. 2359
ဤသည်မှာ နဂါးပြာ ဘိုးဘေး၏ အမည် ဖြစ်သည်။ အဖြူဝတ် လူငယ်၏ အနေအထိုင်နှင့် အမူအရာထံ တစ်ချက် ပြန်ကြည့်ကာ ထိတ်လန့်သွားသည်။
သည်နာမည်နှင့် ဒဏ္ဍာရီကို သူ ကြားဖူးနေသည်မှာ ကြာပြီ ဖြစ်၏။ လင်းယွန်က သူတို့ နှစ်ဦးကြား ဆက်စပ်မှုကိုတောင် ခံစားလိုက်ရသည်။
“ ဘာလို့လဲ ... မင်းငါ့ကို မယုံဘူးလား ... ။ ”
အဖြူဝတ်လူငယ်က ပြုံးကာ ပြန်မေးလေသည်။ အသိစိတ် ပြန်ဝင်လာပြီး ပြုံးလျက်၊
“ မင်းကို မယုံလို့တော့ မဟုတ်ပါဘူး ... ဒါပေမယ့် ဒီနာမည်က ဒဏ္ဍာရီ ဆန်လွန်းတယ် မဟုတ်လား၊ မင်းက အဖြူဝတ် ဆေဘာဓား ဆိုတော့ နဂါးပြာ ဘိုးဘေးပဲ။ ”
“ ထိုင်ပါဦး ... ။ ”
ရှောင်ချန်က ပြုံးလိုက်သည်။ လက်ဝှေ့ယမ်းလိုက်သည်နှင့် စားပွဲတစ်လုံးနှင့် ကုလားထိုင်နှစ်လုံး ပါရှိသော သစ်ပင်ကြီး တစ်ပင် ပေါ်လာ၏။
“ ပလောက် ... ပလောက် ... ။ ”
နှစ်ယောက်သား ဝင်ထိုင်ပြီးနောက် ဝိုင်အိုးထုတ်ယူကာ လင်းယွန်အတွက် ခွက်ကို ဖြည့်ပေးလိုက်သည်။
လင်းယွန်က ပတ်ဝန်းကျင်ကို စူးစမ်း လိုက်မိ၏။ ဤနေရာသည် သူ့စိတ်ဝိညာဉ် ပင်လယ် ဖြစ်သည်။
နဂါးပြာ ဘိုးဘေးသည် အဘယ့်ကြောင့် သူ့အိမ်ကဲ့သို့ ပြုမူနေရသနည်း။ ထိုင်ချလိုက်ပြီး ခွက်ကို ကောက်ကိုင်သည်။
မေးခွန်းများ ပြည့်နှက်လာသော်လည်း မမေးဝံ့ဘဲ ဝိုင်ကို ဦးစွာ မော့သောက်လိုက်မိ၏။ ယင်းက နဂါးပြာ ဘိုးဘေးကို ပြုံးစေသည်။
“ မင်း ဘာသိချင်လဲ မေးလို့ရတယ် ... ငါတို့ကြားမှာ ဒီလောက်အထိ သတိထားစရာ မလိုပါဘူး။ ”
-ဟု စကားဖွင့်ပေး လိုက်၏။
လင်းယွန်က အနည်းငယ် စဉ်းစား ပြီးနောက်၊
“ မင်းက ဆန္ဒတစ်ခုလား ဒါမှမဟုတ် ကိုယ်ပွားလား။ ”
-ဟု စတင် မေးမြန်းလိုက်သည်။
ဤနှစ်ခုသည် မတူချေ။ ဆန္ဒတစ်ခု ဆိုက တစ်ဖက်လူသည် အတိတ်က မှတ်ဉာဏ်မျှသာ ဖြစ်ချေမည်။
ကိုယ်ပွား ဟူသည် နဂါးပြာ ဘိုးဘေး ကိုယ်တိုင် ရောက်ရှိခြင်းဟု အဓိပ္ပါယ်ယူနိုင်၏။ နဂါးပြာ ဘိုးဘေး ရှောင်ချန်က ဝိုင်ခွက်ကို ချလိုက်ပြီး ပြုံးရယ်ကာ၊
“ ငါက ဆန္ဒတစ်ခုပါပဲ ... ဒါပေမယ့် ငါ့ရဲ့ တကယ့် ဝိညာဉ်ဆီကို ဒီအတွေးတွေ အလိုလို ရောက်သွားလိမ့်မယ် ... ဒါကြောင့် မင်းငါ့ကို ကိုယ်ပွားအဖြစ် သတ်မှတ်နိုင်တယ်။ ”
“ မင်းက ငါ့အတွက် ဒီကိုလာတာလား။ ”
လင်းယွန်က တစ်ဖက်လူကို သတိထားကြည့်ကာ မေးလိုက်သည်။
“ ဟုတ်တယ် ... ခွန်လွန်မှာက ... မင်းနဲ့တွေ့ဖို့ အဆင်မပြေဘူး။ ”
နဂါးပြာ ဘိုးဘေး ရှောင်ချန်က ခေတ္တရပ်လိုက်ပြီး ဝမ်းနည်းသော အသွင်ဖြင့်၊
“ ငါ ... မင်းကို သတိရနေတာ။ ”
-ဟု ရေရွတ်လာတော့သည်။
“ ငါ့ခန္ဓာကိုယ်ထဲက ဓားဟာ မင်းနဲ့ သက်ဆိုင်လား။ ”
လင်းယွန်မေးခွန်းကို နဂါးပြာ ဘိုးဘေးက ခေါင်းညိတ်ပြသည်။ ဤအရာက လင်းယွန်ကို ကြီးမားသော သက်ရောက်မှု ဖြစ်စေ၏။
“ အဲဒီအကြောင်း ပြောပြပါရစေ။ ”
နဂါးပြာ ဘိုးဘေးက လင်းယွန်ထံ စိုက်ကြည့်ကာ သူ့စကားကို ခဏရပ်ထားသည်။ ဤအကြောင်းအရာများသည် သူ့အတွက် အရေးကြီး ဖြစ်သဖြင့် လင်းယွန် တစ်ယောက် စိတ်လှုပ်ရှားလာ၏။
၎င်းသည် ဆုဇီယာပင် မသိသေးသော သူ့လျှို့ဝှက်ချက်ပေပင်။ ခရမ်းငယ် တစ်ယောက် တည်းသာ သိထား၏။
လင်းယွန် မျက်နှာ ပြောင်းလဲနေသဖြင့် နဂါးပြာ ဘိုးဘေးက မှန်းဆချက် အချို့ ဖြစ်ပေါ် လာသည်။
“ ဒီအတွက် မင်းမှာ ... အဆင်သင့် မဖြစ်သေးဘူး ထင်တယ်။ ”
လင်းယွန်က ပြန်မဖြေနိုင်သေးချေ။ ဤကမ္ဘာသို့ သူ ရောက်ရှိလာမှုသည် နဂါးပြာ ဘိုးဘေးနှင့် အမှန်ပင် ဆက်စပ်နေနိုင်၏။
ယင်းက သူသည် တစ်ဖက်လူ၏ နယ်ရုပ်တစ်ရုပ် ဖြစ်ကြောင်း မြင်သာစေသည်။ လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသမျှ အရာ အားလုံး အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။
ခါးသီးသော အပြုံးဖြင့် ဝိုင်ခွက်ကို တကျိုက်တည်း မော့သောက်လျက် နဂါးပြာ ဘိုးဘေးထံ ပြန်ကြည့်၏။
“ ဒါတွေ အားလုံးက … တိုက်ဆိုင်မှု အဖြစ်နိုင်ဘူး။ ”
“ မင်းဘာတွေ စိတ်ပူနေတာလဲ ဆိုတာ ... ငါနားလည်ပါတယ် ဒါနဲ့ ကံကြမ္မာကို ဘယ်သူမှ ထိန်းချုပ်လို့ မရဘူးဆိုတာ မင်းသိလား။ ”
နဂါးပြာ ဘိုးဘေး ရှောင်ချန်က သက်ပြင်းချလျက်၊
“ ခွန်လွန်ကို မင်းရောက်လာတာက ငါ့ကြောင့်လို့ ပြောလို့ရတယ် ... ဒါပေမယ့် မင်း ကံကြမ္မာအပေါ် ငါထိန်းချုပ်လို့ မရဘူး ... မင်း ကြုံခဲ့ရသမျှ မင်းရဲ့ ရွေးချယ်မှုပဲ။ ”
ထိုစကားကိုကြားမှသာ လင်းယွန် တစ်ယောက် အမူအရာ ပြေလျော့သွားသည်။
“ ဒါဆို ငါဆက်ပြောလို့ ရပြီလား။ ”
လင်းယွန်က ခေါင်းညိတ် ပြလိုက်၏။ ဤလူငယ်သည် ယုံ၍ ရမှန်း သူ့ဗီဇက ပြောနေ ခဲ့သည်။ နဂါးပြာ ဘိုးဘေး ရှောင်ချန်က ကောင်းကင်ကို မော့ကြည့်ပြီး၊
“ တစ်ချိန်က ငါ့မှာ သူငယ်ချင်းကောင်း တစ်ယောက်ရှိတယ် ... ငါတို့က ပြိုင်ဘက်တွေ အဖြစ်ကနေ သူငယ်ချင်း ဖြစ်လာခဲ့တာ ... ငါက နတ်နဂါးခေတ်ကို ထူထောင်တယ်လို့ လူတိုင်း မြင်ကြပေမယ့် ... ငါ့မှာ ...
... အဲဒီ ဓားသမား မရှိရင် မဖြစ်နိုင်ဘူး၊ သူ မသေဆုံးမီက နောက်ဘဝဆိုတာ ရှိခဲ့ရင် ... ငါနဲ့ မိတ်ဆွေ ဖြစ်လိုကြောင်း ပြောတယ်၊ သူ့ဓားက ငါ့ဆေဘာဓားကို စောင့်နေမယ်တဲ့။ ”
“ ဒါဆို ... ငါက အဲဒီဓားသမားလား။ ”
“ ဟုတ်တယ် ... ဒါပေမယ့် မဟုတ်ဘူး။ ”
နဂါးပြာ ဘိုးဘေးက ရှောင်ချန်က ပြုံးပြီး၊
“ လူသေကို အသက် ပြန်ရှင်စေချင်လို့ မရဘူး၊ ကမ္ဘာပေါ်မှာ ထပ်တူကျတဲ့ ပန်းနှစ်ပွင့် မရှိဘူး၊ ဒါက လူတိုင်းအတွက် လွန်ဆန်လို့ မရတဲ့ ကံကြမ္မာပဲ ... ငါအဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ဘူး ...
... သူ့ကို အသက် ပြန်သွင်းနိုင်မဲ့ ... နည်းလမ်းတွေ ငါလိုက်ရှာခဲ့တယ် ... ဒါပေမယ့် ခေတ်တစ်ခုကို မွေးဖွားလိုက်ခြင်းက အရမ်း အန္တရာယ်များ ပါတယ် ...
... နတ်နဂါးခေတ်မှာ တိုက်ပွဲတွေက ရပ်မသွားခဲ့ဘူး ... ဒုက္ခပေါင်းစုံ ကြုံလာရတယ်၊ ရှေးဟောင်း နတ်ဘုရားတွေ၊ ရှေးဟောင်း သားရဲတွေနဲ့ နတ်ဆိုး အမျိုးမျိုးပဲ ...
... ပိုဆိုးတာက ကောင်းကင်လမ်း (၉)သွယ်ကို ခင်းပေးလိုက်တဲ့ နောက်မှာပဲ ငါတို့ မိတ်ဆွေတွေ သွေးမြေကျလာရတယ်။ ”
နဂါးပြာ ဘိုးဘေး ရှောင်ချန်က သက်ပြင်းချသည်။
“ ငါသိတယ် ... ဒါပေမယ့် နောက်ဆုံး တိုက်ပွဲမှာ သူတို့အားလုံးက အနိုင်ရခဲ့တယ် မဟုတ်လား။ ”
လင်းယွန်က ပြောသည်။
“ တဝက် မှန်တယ် ... ခွန်လွန်ကနေ သူတို့ကို စောင့်နေဖို့ ငါမှာခဲ့ပြီး ... ဒီကတိကို အမြဲ အမှတ်ရနေခဲ့တယ် ... ငါတို့ တိုက်ပွဲက မပြီးသေးဘူး။ ”
ရှောင်ချန်က ပြုံးကာ ခေါင်းညိတ်၏။ ထို့နောက် ဆက်လက်ပြီး၊
“ ငါ့မိတ်ဆွေအတွက် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားကြည့်ခဲ့တယ် ... ဒါဟာ လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး အကြိမ်ကြိမ် ကျရှုံးပြီး နောက်ဆုံးမှာတော့ ငါ အောင်မြင်လာတယ် ...
... အဲဒီနည်းလမ်းက ကမ္ဘာမြေပေါ်က တန်ခိုးရှင် ပညာရပ် တစ်ခုပဲ ... သူ့ဝိညာဉ်ကို နှစ်ပိုင်းခွဲပြီး ... ကမ္ဘာမြေမှာ တစ်ပိုင်း ထားခဲ့ လိုက်တယ် ... ကျန်တစ်ပိုင်းကို ခွန်လွန်မှာ ပြန်ထားတယ်။ ”
“ ဘာလို့ ခွဲထားရတာလဲ။ ”
လင်းယွန်က စိတ်ဝင်စားလာ၏။
“ ဘာလို့လဲ ဆိုတော့ ... မင်းဝိညာဉ်က ကမ္ဘာမြေကြီးမှာဆိုရင် ... အဲဒီကမ္ဘာရဲ့ သေခြင်း နိယာမက မင်းကို စီမံနိုင်တယ် ... အဲဒီလိုပဲ ခွန်လွန်မှာ ဆိုရင် ခွန်လွန်ရဲ့ နိယာမက မင်းရဲ့သေခြင်းကို ဆုံးဖြတ်လိမ့်မယ် ...
... ကမ္ဘာမြေကြီးမှာ မင်းသေသွားတဲ့အချိန် မင်းခန္ဓာကိုယ်ထဲက နတ်ဓားက ဝိညာဉ် နှစ်ခုကို ပြန်လည် ပေါင်းစည်းဖို့ ဆင့်ခေါ်လိမ့်မယ် အဲဒီ မရေရာတဲ့ မျှော်လင့်ချက်နဲ့ ... မင်းကို ငါ စောင့်ကြည့်နေခဲ့တာ။ ”
ထိုစကားကို ကြားမှသာ လင်းယွန် တစ်ယောက် စိတ်သက်သာရာ ရသွားသည်။ ဤအရာက သူ့စိတ်ထဲရှိ ကြီးမားသော စိုးရိမ် ကြောင့်ကြမှုကို ဖြေရှင်းပေး၏။
သူသည် ခွန်လွန်နယ်မြေရှိ လင်းယွန်၏ ခန္ဓာကိုယ်ကို သိမ်းယူခြင်း ဖြစ်သော် အဆင်ပြေ နေမည် မဟုတ်ချေ။ ဘဝ တစ်လျှောက်လုံး အပြစ်သား အဖြစ် ခံစားမိပေမည်။
သို့သော် ပြဿနာအသစ် တစ်ရပ် ပေါ်လာပြန်၏။
“ ဒါဆို ... မင်းရဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုတာ ငါဘာလို့ မမှတ်မိရတာလဲ ... ငါ့အတိတ်ရဲ့ အရာရာတိုင်းကို။ ”
“ မင်းမှာ ... စိုးရိမ်စိတ်တွေ အများကြီး ရှိနေတာပဲ ... ငါက ထာဝရ ကောင်းကင် မိုးပြာ သခင် လူပြန်ဝင်စားတာ ... ဒါကြောင့် နဂါးပြာ ဘိုးဘေးဘဝက မင်းအပေါ် သက်ရောက်မှု ဘယ်ရှိပါ့မလဲ။ ”
ရှောင်ချန်မှ ပြန်ဖြေ၏။
“ ငါ သိပြီ ... ငါက ပစ္စုပ္ပန်အတွက်သာ အသက်ရှင်နေပြီး ... နောင်ဘဝအတွက် လူဖြစ် နေတာ မဟုတ်ဘူး။ ”
ဆိုလိုသည်မှာ အဖြူရောင် ဆေဘာဓား ရှောင်ချန်ကို သိနိုင်ပြီး နဂါးပြာဘိုးဘေး ဘွဲ့ကို မရင်းနှီးခြင်း ဖြစ်ချေပြီ။
“ မင်းလက်ထဲက ဓားကို ဘာအတွက် ကိုင်ထားတာလဲ။ ”
“ ငါ့ဓားက ကောင်းကင်ကို ခွဲဖို့ပဲ။ ”
“ ပြောတာ ကောင်းတယ် ... ။ ”
နဂါးပြာဘိုးဘေး ရှောင်ချန်က ဝိုင်ခွက်ကို မာန်ပါပါ ဆောင့်ချလိုက်ကာ ရွှင်မြူးသွားသည်။
“ ဟား ဟား ဟား ... ငါမှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပုံပါပဲ။ ”
ရှောင်ချန်က ရယ်သည်။ လင်းယွန်က မျက်မှောင်ကြုတ်လျက်၊
“ ဒါနဲ့ ... ငါတို့က အတိတ်ဘဝတုန်းက သူငယ်ချင်းတွေ ဆိုတော့ မင်းကို ဘိုးဘေးလို့ မခေါ်နိုင်ဘူး အစ်ကိုချန်ဆို အဆင်ပြေမလား။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန် မေးခွန်းကြောင့် ရှောင်ချန်က မျက်ခုံးပင့်လျက် တဟားဟား အော်ရယ်သည်။
“ ပြဿနာ မရှိပါဘူး ... ငါမင်းကို အစ်ကိုယွန်လို့ ခေါ်မယ်။ ”
“ အဆင်ပြေတယ် ... ဒါနဲ့ အစ်ကိုချန် ... မင်းအခု ဘယ်မှာလဲ ... မင်းကို ငရဲကမ္ဘာမှာ ချုပ်နှောင်ထားတယ်လို့ ငါကြားတယ်။ ”
“ မင်း ပြောတာမှန်တယ် ... ဒါပေမယ့် ငရဲကမ္ဘာရဲ့ ... ကံကြမ္မာ နတ်ငရဲ နန်းတော်ကို ငါ နှိမ်နှင်းနေတာ ... ဖမ်းဆီးခံထားရတာ မဟုတ်ဘူး။ ”
ရှောင်ချန်က မောက်မာစွာ ပြန်ဖြေ၏။ ဤဆေဘာဓား သမားသည် လွယ်ကူပုံ မရချေ။ ခရမ်းငယ်နှင့် တူ၏။ ဝံ့ကြွားလွန်ချေပြီ။
နှစ်ယောက်သား ခွန်လွန်၏ လက်ရှိ အခြေအနေ၊ လင်းယွန် အတွေ့အကြုံ၊ အိုင်းရစ် ဓားသူတော်စင်နှင့် ကောင်းကင်လမ်း အကြောင်း ဆက်ပြောနေမိသည်။
ကောင်းကင်လမ်း ဖြတ်ချလိုက်ရကြောင်း ကြားသောအခါ နဂါးပြာ ဘိုးဘေး ရှောင်ချန်က ငြိမ်သက်သွားသည်။
ဆိုလိုသည်မှာ သူ ကူညီမည် မဟုတ်ချေ။ လင်းယွန်က သူ့ကိုယ်သူသာ အားကိုးနိုင်မည်။ မလုပ်နိုင်သော် နောင်မျိုးဆက်သစ်များထံ ထားခဲ့နိုင်၏။
ထို့နောက် သိုင်းဝိညာဉ် နတ်ဓားနှင့် ကမ္ဘာဦးဖျက်ဆီးခြင်း သားရဲကြီး ရှစ်ကောင် အကြောင်း ဆက်ပြောသည်။
“ ငါတို့ နိုင်ပွဲတွေ ... အများကြီး ရခဲ့ကြပါတယ် ... ဒါပေမယ့် တစ်ကြိမ်ရှုံးခြင်းရဲ့ အကျိုးဆက်က ဒီလောက်အထိ ဆိုးရွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ”
ရှောင်ချန်က လေးနက်သော အမူအရာဖြင့် သက်ပြင်းချလိုက်၏။
“ နတ်ဘုရား တိုက်ပွဲမှာ ... မင်း မပါဝင်နိုင်ဘူးလား အစ်ကိုချန်။ ”
လင်းယွန်က သေချာအောင် ထပ်မေး၏။
“ ဟုတ်တယ် ... ဘိုးဘေး အဆင့်တွေကို ပါဝင်ခွင့် မပြုဘူး။ ”
ရှောင်ချန်က ခေါင်းညိတ်သည်။
“ မင်းအတွက် ... အခွင့်အရေးတချို့ ချန်ထားခဲ့ဖို့ အိုင်းရစ်ကို ငါ အကြောင်းကြား ခဲ့ပေမယ့် ... မမျှော်လင့်ဘဲ မင်းက နဂါးတံခါး သခင်နဲ့ ကံကြမ္မာပါခဲ့တယ် ...
... အကြောင်းတရား ဆိုတာ ဖြတ်ရခက်တာမို့ မိုးပြာ နဂါး သခင်ကို ... မင်း ပေးထားတဲ့ ကတိအတိုင်း ဖြည့်ဆည်းပါ။ ”
ယင်းသည် ကောင်းကင်လမ်းများကို ပြန်ပြင်မည်ဟူသည့် လင်းယွန်၏ ကတိအပေါ် ရည်ညွှန်းခြင်း ဖြစ်သည်။
ဤအကွာအဝေး အထိ ရောက်ရှိ လာခဲ့သည်မှာ သူ့အစ်ကိုကြီး ကျန့်လင်းကြောင့် ဖြစ်မှန်း လင်းယွန်လည်း သိသည်။ ယင်းက ငြင်းစရာ အကြောင်း မရှိချေ။
“ ငါ့ဆရာ ဒုက္ခအတွက် ... မင်းမှာ နည်းလမ်းရှိလား အစ်ကိုချန် ... ။ ”
“ မင်း နှလုံးသားထဲမှာ ... အဖြေ ရှိနေပြီးသားပဲ မဟုတ်လား ဘာလို့ ငါ့ကို မေးနေရတာလဲ။ ”
ရှောင်ချန်က ပြုံးပြီး ပြန်ဖြေ၏။
လင်းယွန် အမြင်၌ ရှောင်ချန်သည် ခွန်လွန်သို့ ပြန်မလာနိုင်သည့်တိုင် သက်တံဓား သူတော်စင်အတွက် အိုင်းရစ်ဓားသူတော်စင်ဖြင့် တစ်စုံတစ်ရာ ကူညီပေးနိုင်မည်ဟု မျှော်လင့်မိခြင်း ဖြစ်သည်။
“ ဒါပေမယ့် ... ငါယုံတယ် ... ဒီအခက်အခဲတွေကို မင်းဖြတ်ကျော်နိုင် ပါလိမ့်မယ်။ ”
“ ဘာလို့လဲ ... ။ ”
“ ဘာလို့လဲ ဆိုတော့ ... မင်း မျက်လုံးတွေထဲမှာ ယုံကြည်ချက် အလင်းရောင် ရှိနေတယ် ... မင်း လုပ်နိုင်ပါတယ် ဟုတ်တယ် မဟုတ်လား။ ”
ထို့နောက် ရှောင်ချန်က ထရပ်လိုက်ပြီး၊
“ ငါထွက်သွားဖို့ အချိန်ရောက်ပြီ၊ ဒီဆန္ဒက ကြာကြာ မနေနိုင်ဘူး။ ”
“ ခဏနေပါဦး … ။ ”
“ ဘာလဲ ... ။ ”
“ ငါတို့ သူငယ်ချင်းတွေ မဟုတ်လား။ ”
“ သေချာတာပေါ့ ... မင်းက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ချူချောင်ယွန်ပဲ။ ”
“ ဒါဆို ... ဘိုးဘေး နယ်ပယ်က သူငယ်ချင်း တစ်ယောက်က ငါ့ကို ဒီအတိုင်း ထားသွားတော့ မလို့လား။ ”
လင်းယွန် စကားကြောင့် ရှောင်ချန်က မျက်လုံးပြူးလျက် သေချာ ပြန်စိုက်ကြည့်ကာ၊
“ ငါ့သူငယ်ချင်း ချူချောင်ယွန်ဆိုရင် ... ဒီလိုအရှက်မဲ့တဲ့ စကားမျိုး ... သေချာပေါက် မပြောတတ်ဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ ဒါပေမယ့် ကမ္ဘာပေါ်မှာ ထပ်တူကျတဲ့ ပန်းနှစ်ပွင့် မရှိနိုင်ဘူးလို့ ... စောစောက မင်း ပြောခဲ့တာ မေ့သွားပြီလား။ ”
“ သေချာတယ် မင်းက ချူချောင်ယွန် မဟုတ်ဘူး ... ကောင်းပြီ မင်း ဘာလိုချင်လို့လဲ ငါက ဆန္ဒတစ်ခုမို့ အများကြီး မရှိဘူး ... ကိုယ်ခံပညာပဲ ပေးနိုင်မယ်။ ”
“ အဲဒါ မလိုဘူး။ ”
“ ဒါဆို မင်းဘာလိုချင်တာလဲ။ ”
“ နဂါးပြာနတ်ဆေးအိုး ... ။ ”
ထိုတောင်းဆိုချက်ကြောင့် ဤခရီးအပေါ် ရှောင်ချန်တစ်ယောက် မလာသင့်ဟု ခံစားလိုက် ရလေသည်။
“ ဘယ်လိုလဲ အဆင်ပြေတယ် မဟုတ်လား အစ်ကိုကြီး။ ”
“ မင်း ငါ့ကို အစ်ကိုကြီးလို့ မခေါ်နဲ့ ... တကယ်တော့ ငါကသာ မင်းကို အစ်ကိုကြီးလို့ ခေါ်သင့်တာ ... ။ ”
ရှောင်ချန်က ကူကယ်ရာမဲ့စွာ ပြုံးလျက် ခေါင်းယမ်းလိုက်သည်။
“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ... ။ ”
ရှောင်ချန်ထံမှ ကတိ မရသေးခင် လင်းယွန်က ကြိုတင်ပြီး ကျေးဇူးတင်စကားဖြင့် အဆုံးသတ် လိုက်သည်။
“ ငါ သူတို့ကို ပေးထားပြီးပြီ ... ပြန်ယူလို့ မရနိုင်ဘူး ... ဘာလို့ တခြားအရာတွေ မပြောင်း ရတာလဲ။ ”
“ ကောင်းပြီ ... မင်းစကား ငါနားထောင်မယ် အစ်ကိုကြီးချန် ... ။ ”
လင်းယွန် အပြုံးကို မြင်လိုက်ရချိန်၌ ဤအရာသည် ထောင်ချောက် တစ်ခု ဖြစ်မှန်း ချက်ချင်း သိလိုက်သည်။
“ ဒါဆို နဂါးပြာ နတ်ဆေးအိုးနဲ့ပဲ ထားလိုက်ရအောင်။ ”
“ ကောင်းပြီ ... အစ်ကိုကြီးချန် ... မင်းငါ့ဆီကို အချိန်မရွေး လာလည်လို့ရပါတယ်။ ”
စိတ်ပြောင်းသွားပြီး လင်းယွန်ကို နဂါးပြာနတ်ဆေးအိုး ထိန်းချုပ်ရန် လျှို့ဝှက် နည်းပညာ သင်ပေးလိုက်ရ၏။
လင်းယွန်က ဖော်ရွေစွာ ဖိတ်ခေါ်၏။ ဤအရာက ရှောင်ချန်ကို မျက်လုံးပင့်ကာ ပြုံးမိ စေသည်။
သူ့အနေဖြင့် ကောင်းကင်ဘုံ ပျက်စီးခြင်း ဘိုးဘေးအပေါ် တောင်းပန်ရုံသာ တတ်နိုင်ပေ တော့မည်။
***