ယင်ယန် ပန်းချီကား။
Vol. 169 Ch. 2361
ခုနစ်ရက် အကြာတွင် ပိုးအိမ်မှ ထွက်လာသော လိပ်ပြာကဲ့သို့ မီးတောက်များ လောင်ကျွမ်းသွားသည်။
မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ လျှို့ဝှက်နယ်မြေ၌ ခေါင်းလောင်းသံများ လှိုင်းသဖွယ် ပျံ့နှံ့နေ၏။
“ ဟိတ် ... ။ ”
လွန်ခဲ့သည့် ခုနစ်ရက်အတွင်း မီးလျှံဆေးပြား နှစ်ဆယ်ကို သန့်စင်ပစ်ခဲ့သည်။ ထို့နောက် လေထဲ ခုန်တက်ကာ လက်သီးဖြင့် ထိုးနှက်လိုက်၏။
“ ဘုန်း ... ။ ”
သူ့ရှေ့ရှိ လေဟာနယ် ပေါက်ကွဲကာ လျှို့ဝှက် နယ်မြေ တစ်ခုလုံး တုန်လှုပ်သွား လေသည်။
“ ဒါက ကျေနပ်စရာပဲ။ ”
မြေပြင်ပေါ် ဆင်းသက်လျက် ရေရွတ် လိုက်သည်။ အတွေးတစ်ချက်ဖြင့် ခရမ်းရောင် နန်းတော် အတွင်းရှိ စွမ်းအင် ပင်လယ်ပြင်တွင် ရှေးဟောင်း ရောင်ဝါများ ရစ်သိုင်းလာ၏။
“ ရှေးဟောင်း ရောင်ဝါက တကယ့်ကို မှော်ဆန်တာပဲ။ ”
မီးလျှံမူလဆေးပြားကြောင့် ကျင့်ကြံမှုသည် သတ္တမအဆင့် သူတော်စင်သခင် နှောင်းပိုင်းသို့ ရောက်ရှိလာခဲ့သည်။
အထွတ်အထိပ် ရောက်ရန် ခြေတစ်လှမ်း မျှသာလိုတော့၏။ ကျင့်ကြံမှုမှာ လျင်မြန်သည်။ မရိုးရှင်းကြောင်း သူ ခံစားနိုင်၏။
“ ဒါဟာ ... ကောင်းကင်ဘုံ ဘိုးဘေး နတ်ဘုရားက ကိုယ်တိုင် သန့်စင်ပေးထားတဲ့ ရှေးဟောင်း ရောင်ဝါပဲ ... ဒါကြောင့် ငါအဲဒါကို ထပ်ပြီး သန့်စင်နေစရာ မလိုတော့ပါဘူး။ ”
ရှေးဟောင်း ရောင်ဝါ ကြိုးမျှဉ်များကို ကြည့်ကာ အတွေးများ နေမိသည်။ ထို့နောက် အဓိပတိ နဂါးလက်သီးကို စတင် လေ့ကျင့် လိုက်၏။
လျှို့ဝှက်နယ်မြေ၏ အစီရင်မှာ ထပ်မံ တုန်ခါလာသဖြင့် သင်းထောက် နှစ်ယောက်က ခေါင်းမော့ကြည့် လိုက်သည်။
“ သူ ဘာလုပ် နေတာလဲ ... ။ ”
ပိန်ပိန်ပါးပါး သင်းထောက်က မကျေမနပ်ဖြင့် ပြောသည်။
“ ငါတို့ သတိပေးသင့်လား။ ”
သန်မာသော သင်းထောက်က မေး၏။
“ ထားလိုက်ပါ ... သူ ဒီကျောက်စိမ်း တံဆိပ်ကို ဖျက်ဆီးနိုင်မယ်လို့ မင်းထင်လား။ ”
ပိန်ပိန်ပါးပါး သင်းထောက်က လှောင်ပြုံး လိုသော အပြုံးဖြင့် ပြန်မေးသည်။ ထိုအချိန်တွင် အဓိပတိ နဂါးလက်သီးကို ကစားပြီးနောက် လင်းယွန်က ဝမ်းသာအားရ ရပ်လိုက်၏။
“ သတ္တမအဆင့် သူတော်စင် သခင် ... နှောင်းပိုင်း ရောက်ဖို့ ခုနစ်ရက်ပဲ ကြာတယ် ... ခွန်လွန်မှာသာ ဆိုရင် ... အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမယ်။ ”
နတ်နဂါး ကံကြမ္မာသည် ကျင့်ကြံမှု နည်းစနစ်များ အပေါ် အကျိုးသက်ရောက်မှု ရှိချေပြီ။
ထို့ကြောင့် အကြံတစ်ခု ရရှိလာ၏။ လက်ရှိအချိန်၌ ဓားသုတ္တန် နှစ်ခုကို လေ့ကျင့် ထားသော်လည်း မဟာ တော်ဝင်ဓားကျမ်းမှာ မပြည့်စုံသဖြင့် အခက်အခဲ ရှိခဲ့သည်။
“ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းနဲ့ အရင်သွားရအောင်။ ”
ခရမ်းရောင် နန်းတော် အထက်တွင် လက်သီးဆုပ် အရွယ် ရွှေဆေးပြား တစ်ခု ရှိ၏။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက် မိစဉ် ခရမ်း-ရွှေရောင် ဓားရောင်ဝါများ ရစ်သိုင်း လာသည်။
နတ်နဂါး ကံကြမ္မာ အကူအညီဖြင့် ခရမ်းရွှေရောင် ဓားရောင်ဝါမှာ ပို၍ သပ်သည်း လာခဲ့၏။
နှစ်နာရီ ကုန်လွန်ပြီးနောက် နတ်နဂါး ကံကြမ္မာ ပျောက်ကွယ်သွားရာ နှမျောစိတ်များ ဝင်ရောက်လာသည်။
တိုးတက်မှုသည် ကျေနပ်စရာ ကောင်းခဲ့သော်လည်း ကုန်ဆုံးနှုန်းမှာ လျင်မြန် လွန်းချေ၏။
“ ဟမ့် ... နေပါဦး ... ဘာလို့ ငါက နှမျောနေရတာလဲ ... ဒါရှန့်ကွမ်ကြွယ် ပိုင်တာပဲ သူ့အကျိုးဆောင်မှု အတွက် ကျေနပ်စွာ စားသုံး သင့်တယ် မဟုတ်လား ဟား ဟား ဟား ... ။ ”
ဆယ့်ရှစ်နာရီ ထပ်မံ ကုန်လွန်ပြီးနောက် သူတော်စင် စွမ်းအင်ပင်လယ် အထက်ရှိ နဂါး-ဖီးနစ် ဓားရောင်ဝါကြိုးများ တစ်သိန်းသို့ ရောက်ရှိလာသည်။
ဤသည်မှာ ကန့်သတ်ချက် ရောက်ရှိနေပြီ ဖြစ်သောကြောင့် အောင်မြင်မှု တစ်ခု ပြုလုပ်ရန် အချိန်တန်ချေပြီ။
“ ပေါင်းစပ် ... ။ ”
ကောင်းကင်နဂါးနှင့် နတ်ဖီးနစ်၏ ရောင်ဝါများကို ဖြည်းညင်းစွာ ပေါင်းစပ်နေ ခဲ့သည်။ များမကြာမီ စွမ်းအင် ပင်လယ်၌ လှိုင်းလုံးများ ပြည့်နှက်လာ၏။
၎င်းတို့တွင် ဓားရောင်ဝါ ကြိုးများ ပါဝင်နေပြီး အသက်ရှင်နေကြ သကဲ့သို့ လှုပ်ရှား သွားလာနေသည်။
မျက်လုံး ဖွင့်ကြည့် လိုက်ချိန်ဤ ဒသမအဆင့်သို့ ရောက်ရှိ သွားပြီး ဖြစ်ချေ၏။ ရင်ဘတ်ထဲမှ ဓားကိုဆွဲထုတ်ကာ၊
“ ကောင်းကင်နဂါး ... ။ ”
-ဟု ခေါ်ယူလိုက်သည်။
ခရမ်းရောင် နန်းတော်ရှိ ကောင်းကင် နဂါးဓားရောင်ဝါသည် ပန်းသင်္ချိုင်းဓား အပေါ် ရစ်ပတ်လာ၏။
“ ဟမ့် ... ။ ”
ထိုစဉ် ကောင်းကင် နဂါး ဓားရောင်ဝါက မီးတောက်များ အဖြစ် စတင် လောင်ကျွမ်းကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမြိုရန် ပြသလာတော့သည်။
ထိုမြင်ကွင်းက တုန်လှုပ်ဖွယ် ကောင်းလှ၏။
“ ကောင်းကင် နဂါး နတ်မီးတောက်က မဟာနေမင်း နတ်မီးတောက်ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေတာလား။ ”
ပန်သင်္ချိုင်းမှ ထုတ်လွှတ်နေသည့် လောင်မြိုက်လိုသော ရောင်ဝါက အသက်ရှူ ကြပ်စေသည်။
ဘယ်ဘက်လက်ကို ဓားဖြင့် လှီးဖြတ် လိုက်သောအခါ သူတော်စင် စွမ်းအင်များက ကာကွယ်ရန် ထွက်လာခဲ့သည်။
သို့သော် ကောင်းကင် နဂါး နတ်မီးတောက်က အရိုးများ ပေါ်လာသည် အထိ ချက်ချင်း လောင်ကျွမ်းပစ်၏။
“ အ ... ။ ”
နာကျင်မှုကြောင့် နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။
“ အရမ်း အစွမ်းထက်တယ်။ ”
သူတော်စင် စွမ်းအင် အကာအကွယ် အလွှာကို ချက်ချင်း ဖန်တီး လိုက်သည်မှာ ကံကောင်းချေ၏။
မဟုတ်သော် အကျိုးဆက်များ ဆိုးရွားလာနိုင်မည်။ ထိတ်လန့် တုန်လှုပ်နေစဉ် နဂါးပြာအရိုးက ပြန်လည် ကုစားပေး၏။
“ နတ်ဖီးနစ် ... ။ ”
ထိုနောက် နတ်ဖီးနစ်က ဓားကို ရစ်ပတ်လျက် အော်ဟစ်သံ တစ်သံ ထုတ်လွှတ် လာသည်။
ဖီးနစ် နတ်မီးတောက် ဖြစ်၏။ အဖြစ်အပျက်ကို နားလည်လာပြီး မျက်လုံးများ တောက်ပလာခဲ့သည်။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည် ဒသမအဆင့် ရောက်ရှိပြီးနောက် ဝိညာဉ် နှစ်ပါး ရနိုင်သည်သာမက၊ ဓားတာအိုလည်း အားကောင်း လာပေမည်။
ဝိညာဉ် နှစ်ပါးသည် သက်ဆိုင်ရာ ဂုဏ်ရည်များ ပါရှိသည့် နတ်မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွား၏။
“ ကောင်းကင်နဂါးဆိုတာ ယန် ... နတ်ဖီးနစ်က ယင်ပဲ ... ။ ”
မီးတောက် ယင်-ယန် ပန်းချီကားတွင် ထိုမီးတောက်များကို မည်ကဲ့သို့ ချိန်ညှိရမည်ကို ညွှန်ကြားထားနိုင်ကြောင်း ရုတ်တရက် သတိရ သွား၏။ ဤသည်မှာ တိုက်ဆိုင်မှု ပေပင်။
ရွှေရောင် ကျောက်စိမ်းတုံးကို ထုတ်ယူကာ မီးတောက် ယင်-ယန် ပန်းချီကားထံ တစ်ဖန် ပြန်လည် ကြည့်ရှုခဲ့သည်။
တစ်နာရီကြာ ပြီးနောက် ရွှေရောင် ကျောက်စိမ်းတုံးကို ပြန်ချလိုက်၏။ မီးတောက် ယင်-ယန် ပန်းချီကားသည် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်မျိုးလုံး ပါ၀င်သည့် လျှို့ဝှက်နည်းစနစ် ဖြစ်သည်။
ယင်နှင့်ယန် ဟူသည် ရုပ်နှင့်နာမ်ကို မွေးဖွားပေး၏။ ရုပ်နှင့်နာမ်ကြောင့် ဓာတ်ကြီး လေးပါး ဖြစ်ပေါ်လာသည်။
(မြေ၊ မီး၊ လေ၊ ရေ = ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ။)
ဓါတ်ကြီး လေးပါးကြောင့် ကောင်းကင်၊ မြေကြီး၊ မိုးကြိုး၊ လေ၊ ရေ၊ မီး၊ တောင်တန်းနှင့် ပင်လယ်ဟူသည့် အင်္ဂါရပ် ရှစ်ပါး ပေါ်လာ၏။ ထိုအင်္ဂါရပ် ရှစ်ပါးသည် သတ္တလောကကို မွေးဖွားပေးနိုင်သည်။
အချက်အလက်များကို ဖတ်ကြည့်ပြီး မျက်နှာ ပြောင်းလဲသွားသည်။ ရုပ်နှင့်နာမ်သည် ယင်နှင့်ယန် ဖြစ်ပါက ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်သည်လည်း အကြုံးဝင်၏။
ရွှေကျောက်စိမ်းတုံးကို ကိုင်လျက် လက်တစ်ဖက်ကို နောက်ပို့ပြီး လျှို့ဝှက်နယ်မြေ အတွင်း ဖြည်းညှင်းစွာ လျှောက်လှမ်း နေရာမှ ရုတ်တရက် ရပ်လိုက်သည်။
လက်ဝှေ့ရမ်းလျက်၊
“ ဒါပဲ ဖြစ်နိုင်တယ်။ ”
-ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
ယင်ယန် စွမ်းအင် နှစ်ခုသည် ဓားဝိညာဉ်နှစ်ပါးအဖြစ် သူ့ခန္ဓာကိုယ်မှ ထွက်ခွာလာသည်။
ထိန်းချုပ်မှု အောက်တွင် ထိုဓားဝိညာဉ် နှစ်ကောင်က အချင်းချင်း တစ်ယောက် အမြီးကို တစ်ယောက် လိုက်ကိုက်နေခဲ့၏။
“ ပေါင်းစပ် ... ။ ”
ဖြည်းဖြည်းချင်း ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ များမကြာခင် ယင်ယန် စက်ဝန်းပုံသဏ္ဍာန် ဖြစ်ပေါ်လာ၏။
များမကြာခင် ဓားဝိညာဉ်များ၌ မီးတောက်လောင်လာပြီး စက္ကန့်ပိုင်းအတွင်း လောင်ကျွမ်းသွားသည်။
နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ ပန်းချီကားထဲ ရုန်းကန်နေသည့် မီးတောက်များကို ဟန်ချက်ညီအောင် ထိန်းလိုက်၏။
“ ငါက ဉာဏ်ကြီးရှင်ပဲ။ ”
မျက်ခုံးပင့်ကာ ပြုံးပြီး သူ့ကိုယ်သူ ချီးကျူးလိုက်မိသည်။ အကယ်၍သာ နဂါးပြာ ဘိုးဘေး ရှိနေခဲ့ပါက သူ့အရည်အချင်းကြောင့် ထိတ်လန့်သွားပေလိမ့်မည်။
“ နောက်တစ်ခုက ဓာတ်ကြီး လေးပါး၊ အင်္ဂါရပ် ရှစ်သွယ်နဲ့ သတ္တလောကကြီး။ ”
လက်ဝှေ့ယမ်းကာ လေထဲရှိ ယင်ယန် ပန်းချီကားကို ဖယ်လိုက်ပြီး ဓားဝိညာဉ်နှစ်ပါး ပြန်ခေါ်သည်။
“ နဂါးဖီးနစ် ကိုယ်ပွား - ။ ”
ဓားဝိညာဉ်များ ပြန်ရောက်လာသည်နှင့် လင်းယွန် နှစ်ယောက် ခွဲထွက်သွားလေသည်။
“ ကောင်းကင် နဂါး ... ။ ”
“ နတ်ဖီးနစ် ... ။ ”
၎င်းတို့ နှစ်ယောက် စလုံးသည် ပန်းသင်္ချိုင်းကို ကိုင်ဆောင်ပြီး မတူညီသော မီးတောက်များ လွှတ်ထုတ်လျက် အချင်းချင်း ဓားဖြင့် ထိုးလိုက်ကြ၏။
ဓားနှစ်လက် ထိပ်တိုက်တွေ့သော အခါ မီးတောက်များ အတွင်း အမျိုးသားတစ်ဦးသာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
“ ဘယ်လောက်တောင် ခန့်ငြားလိုက်တဲ့ လူလဲ။ ”
“ ဟား ဟား ဟား ... ။ ”
ဤလူသည် သူပင် ဖြစ်၏။ ခရမ်းငယ်သာ ရှိနေပါက လူယုတ်မာဟု ကင်ပွန်းတပ်ပေမည်။ လင်းယွန် နှစ်ယောက် ပြန်လည် ပေါင်းစပ်ပြီး ရယ်မောသံ ထွက်လာ၏။
“ နက္ခတ်ကို စမ်းကြည့်ရမယ်။ ”
ထိုအချိန်တွင် ပြင်ပကမ္ဘာ၌ ကြံ့ခိုင်သော သင်းထောက်က တုန်လှုပ်နေသော တံဆိပ်ကို စိုက်ကြည့်ကာ တွေးနေမိ၏။
“ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ... လျှို့ဝှက်နယ်မြေကို ဖောက်ခွဲဖို့ ကြိုးစားနေ တာလား။ ”
ပိန်ပိန်ပါးပါး သင်းထောက်က ဒေါသများ လွက်လာပြီး လင်းယွန်ကို ကြိမ်းမောင်းရန် ပြင် လိုက်တော့သည်။
“ ဘောင်း ... ။ ”
သို့သော် သူ မထွက်ခွာနိုင်မီ လင်းယွန် ကိုယ်စားပြု ကျောက်စိမ်းတံဆိပ်မှာ ပေါက်ကွဲ သွားသဖြင့် ချက်ချင်း ဆုတ်ခွာလိုက်ရ၏။
***