← Chapters

ဓားတာအို မြင့်မြတ်မြေ။

Vol. 169 Ch. 2363

ဓားတာအို မြင့်မြတ်မြေ။

Vol. 169 Ch. 2363

ရှန့်ကွမ်ကြွယ်က လင်းယွန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ကာ ပြောကြားလိုက်သည်။

“ ခေါင်းဆောင် ... သူပဲ သူက ငါတို့ရဲ့ မီးလျှံမူလ ဆေးပြားတွေနဲ့ ... အစ်ကိုရှန့်ကွမ်ရဲ့ နတ်နဂါးကံကြမ္မာ (၁၈)လုံးကို ယူသွားတယ်။ ”

ကျောက်ကျန်းလီက သူ့ကဲ့သို့ မတည်ငြိမ်ချေ ဒေါသနှင့် ပြောကြားလိုက်တော့၏။

“ အရိပ် နတ်ဘုရား နန်းတော်က ဘယ်အချိန်ကစပြီး ဒီလို ဆုံးရှုံးနစ်နာမှုမျိုး ခံလာရတာလဲ။ ”

ကောင်းကင် စာအုပ်က ပြုံးလျက်၊

“ မင်း စိတ်တွေပူနေတာ ငါသိပါတယ်၊ ဒါပေမယ့် စိတ်အေးအေးထားပြီး ရှန့်ကွမ်ကို ပြီးအောင် လုပ်ပါစေ။ ”

-ဟု နှစ်သိမ့်လိုက်၏။ တစ်ဖက်တွင် ရှန့်ကွမ်ကြွယ်က လေးနက်နေပြီး၊

“ ဖြစ်စဉ်ပေါင်း တစ်သောင်းကို တွေ့ရှိခဲ့တာက လှည့်ကွက်တွေတော့ ရှိရမယ် ထင်တယ် ... ဒါကြောင့် သူ့နားလည် နိုင်စွမ်းက အဲဒီလောက်လည်း မဟုတ်နိုင်ပါဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ကောင်းကင်စာအုပ်က ခေါင်းညိတ်ပြပြီး၊

“ ဒါတောင် ဒီလူကို ငါတို့ လျှော့တွက်လို့ မရဘူး ... သွားပြီး နှုတ်ဆက် လိုက်ရအောင် ။ ”

-ဟု ဆိုလျက် လင်းယွန်ထံ လျှောက်လှမ်း သွားတော့၏။

လက်ထဲတွင် ခေါက်ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ကာ အပြုံးတစ်ပွင့် ထုတ်ဖော် ထားလေသည်။ ယင်းက အရိပ်နတ်ဘုရား နန်းတော် အပါအဝင် လူတိုင်းကို အံ့အားသင့် သွားစေ၏။

“ ကြည့်ရတာ ... အရိပ် နတ်ဘုရား နန်းတော်က လက်မလျော့သေးဘူး ထင်တယ် သူတို့ရဲ့ မီးလျှံ မူလ ဆေးပြားကို ပြန်လို ချင်ပုံရတယ်။ ”

လူတိုင်း၏ အာရုံများက ကောင်းကင် စာအုပ်ထံ ကျရောက်လာ၏။ ရှန်းထျန်းနန်က မျက်မှောင်ကြုတ်လျက်၊

“ ဒီကောင် ဘာလုပ်ချင်တာလဲ။ ”

-ဟု ရေရွတ်လိုက်သည်။

သူသည် ကောင်းကင် စာအုပ်နှင့် တိုက်ခိုက်ဖူးသည်။ သို့သော် တစ်ဖက်သတ် ရိုက်နှက်ခြင်းသာ ခံခဲ့ရ၏။

ထို့အပြင် ၎င်းသည် ခွန်အားကို အပြည့်အ၀အသုံးချ မထားခဲ့ချေ။ ယင်းကြောင့် ဤလူသည် သူ့အတွက် အိပ်မက်ဆိုး ဖြစ်၏။

တစ်ဖက်တွင် လင်းယွန်က ငြိမ်သက်စွာ စောင့်ကြည့်သည်။ ကျိကျစ်ရှီနှင့် လင်းကျန့်ရှန့် တို့၏ မျက်နှာများ ပျက်ယွင်းကုန်၏။

“ မင်းက ပန်းသင်္ချိုင်းဖြစ်မယ် ... မင်းမှာ မီးလျှံမူဆေးပြားနဲ့ ... နတ်နဂါး ကံကြမ္မာတွေ ကျန်သေးလား ... ငါ့ဂျူနီယာတွေက နည်းနည်း ဆိုးတယ် ငါ့ကိုမျက်နှာသာ ပေးလို့ရမလား။ ”

“ မရဘူး။ ”

လင်းယွန်က ပြန်ဖြေ၏။

“ ရှိရင်လည်း ... ငါပြန်မပေးဘူး ... လိုချင်ရင်တော့ တခြားရတနာနဲ့ အလဲအလှယ် လုပ်ပါ ... ပြီးတော့ ဒီကိစ္စမှာ ရှန့်ကွမ်ကြွယ်က လောင်းကြေးထပ်ဖို့ စခဲ့တဲ့ လူပဲ ... မင်းက ဘာကိစ္စ ဝင်ပါနေရတာလဲ။ ”

ဤတစ်ကြိမ်၌ လူတိုင်း၏ မျက်လုံးများ ပြူးသွားသည်။ သို့သော် ကောင်းကင်စာအုပ်က ဒေါသ မထွက်ဘဲ ပြုံးလျက်၊

“ ဒါကြောင့် မင်းငါ့ကို မျက်နှာပေးပြီး ကျန်သေးတဲ့ အရာတွေကို ပြန်ပေးခိုင်းနေတာ ဒါဆို ငါတို့ သူငယ်ချင်း ဖြစ်မယ်။ ”

“ စိတ်မဝင်စားဘူး။ ”

“ မင်း တကယ့်ကို ကောလဟာလတွေ အတိုင်း မာနကြီးတာပဲ၊ နတ်မျိုးနွယ် မိသားစုရဲ့ သူတော်စင် မူလကို နှိုက်ထုတ်ပြီး ငါတို့ အပေါ်တောင် ... ဂရုစိုက်ပုံ မရဘူး ... ။ ”

ကျိကျစ်ရှီက ဒေါသထွက်လာပြီး ၊

“ ဘာကို ပြောချင်နေတာလဲ ... အစ်ကိုကြီးလင်းကို ဒီလိုလူယုတ်မာ ဖြစ်အောင် မပြောပါနဲ့ ... အဲဒီတုန်းက နတ်မျိုးနွယ်တွေက စခဲ့တဲ့ ဇာတ်လမ်းပါ ...

... ပြီးတော့ သူတို့က လူအုပ်နဲ့ အစ်ကိုကြီးလင်းရဲ့ သူတော်စင် မူလကို ယူဖို့ ကြိုးစားခဲ့တာပဲ ... နင့်ရဲ့ အရိပ် နတ်ဘုရား နန်းတော်ကတော့ အရှုံးကို လက်မခံနိုင်ရင် ဘာလို့ လာပြိုင်နေသေးလဲ။ ”

-ဟု ပြန်လည် ကြိမ်းမောင်းလိုက်သည်။

ကောင်းကင် စာအုပ်က စကားလုံးများ ခဏတာ ပေျာက်ဆုံးသွား၏။ ကျိကျစ်ရှီသည် အမှန်ပင် နှလုံးရည် ပြည့်ဝချေပြီ။

“ ဘယ်လိုများ နှုတ်ရေးကြွယ်တဲ့ အမျိုးသမီးလေးလဲ ... လင်းယွန် မင်းကို အဲဒီလို မထင်ထားဘူး ... ဒါအမှန်တွေလား။ ”

“ သူပြောတာ အကုန် အမှန်တွေပဲ ... ဒါပေမယ့် တစ်ခုတော့ ပြန်ပြင်ချင်တယ် မင်းရဲ့ အရိပ်နတ်ဘုရား နန်းတော်ကို ငါ့မျက်လုံးထဲ တကယ် မရှိဘူး။ ”

တစ်ဖက်လူ၏ ပြတ်သားသော စကားကြောင့် ကောင်းကင်စာအုပ်တစ်ယောက် အံ့ဩသွားလေသည်။

“ ခေါင်းဆောင် ... သူနဲ့ စကားပြောပြီး အချိန်ဖြုန်း မနေပါနဲ့ သင်ခန်းစာ တစ်ခုလောက် သင်ပေးပါ။ ”

ကျောက်ကျန်းလီက မြှောက်ပင့် ပေးလိုက်၏။

“ သူ ပြောတာ မှန်တယ် ... မင်း လှုပ်ရှားလို့ရတယ် ... ဒါပေမယ့် ဘယ်သူက သင်ခန်းစာ သင်ပေးမယ် ဆိုတာတော့ မသေချာသေးပါဘူး။ ”

လင်းယွန်က မကြောက်မရွံ့ မျက်ခုံးပင့်ကာ စိန်ခေါ်လိုက်သည်။ ကောင်းကင်စာအုပ် မျက်နှာ ပြောင်းလဲသွားပြီး နေမင်းရည်ရွယ်ချက်ကို အသက်သွင်းလိုက်၏။

အပူရှိန်များ တဟုန်ထိုး ထွက်ပေါ်လာသည်။ အခြားသူတစ်ယောက်သာ ဆိုသော် ပြာကျသွား ပေလိမ့်မည်။

တောက်ပသော နေမင်းကြီးက သူ့ထံ ကျရောက်လာ သကဲ့သို့ ခံစားလိုက်ရသဖြင့် လင်းယွန်က ပြုံးကာ ရွှေအလင်းများကို ထုတ်ဖော်လိုက်၏။

ဤသည်မှာ အမည်ခံ နတ်အလင်းဓား ဖြစ်ချေပြီ။ တစ်ယောက်ကို တစ်ယောက် စူးစူး စိုက်စိုက် ကြည့်နေမိပြီး လေဟာနယ် အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။

အဆုံးတွင် ကောင်းကင် စာအုပ်က ပြုံးလျက်၊

“ လူငယ်တွေ မာနကြီးတာ ... ကောင်းပါတယ် ဒါပေမယ့် မောက်မာလွန်းရင် ရလဒ်တော့ ကောင်းမယ် မထင်ဘူး။ ”

-ဟု မှတ်ချက်ပေးပြီး လှည့်ထွက် သွားတော့သည်။

လင်းယွန်ကို ကျောခိုင်းလိုက်ချိန်၌ သူ့အပြုံးများ ပျောက်ကွယ်ကုန်၏။ ထိုနောက် အောင်းကြွယ်က၊

“ သူ့မျက်နှာမှာ ... ဒီလို ခံရခက်တဲ့ အမူအရာမျိုးကို ပထမဆုံး မြင်ဖူးတာပဲ။ ”

-ဟု ပြုံးကာ မှတ်ချက်ပေး လိုက်သည်။

“ မင်းပြောနေတဲ့ လူက ကောင်းကင် စာအုပ်ပဲ ... ငါတို့ အဆင်မပြေမှာ နည်းနည်း ကြောက်တယ်။ ”

ရှန်းထျန်းနန်ကလည်း စိတ်လှုပ်ရှားစွာ ဝင်ပြောလာ၏။

“ အဲဒီလူက သန်မာလား။ ”

ကျိကျစ်ရှီမှ ပြန်မေးသည်။ အောင်းကြွယ်က ခေါင်းညိတ်ပြီး၊

“ မယုံနိုင်လောက်အောင် သန်မာတယ် မဟာနေမင်း တာအိုကို ဆုပ်ကိုင်ထားပြီး မဟာ နေမင်း မီးတောက်နဲ့ မဟာနေမင်း ဒိုမိန်းကို ဖန်တီးနိုင်တယ် ... မဟာနေမင်း တာအိုမှာ သူ့အောင်မြင်မှုက လင်းယွန်ဓားထက် ဘယ်နည်းနဲ့မှ မလျော့ဘူး။ ”

“ ငါ့နတ်ဖီးနစ် မီးတောက် ကိုတောင် ဖိနှိမ်ထားနိုင်တယ်လို့ ခံစားနေရတာ အံ့သြစရာ မရှိတော့ပါဘူး။ ”

ကျိကျစ်ရှီက ဝန်ခံလိုက်သည်။

“ အောင်းကြွယ် ပြောတာ မမှားပါဘူး။ ”

“ ငါလည်း ရှေးဟောင်း သင်္ချိုင်းတစ်ခုမှာ သူ့ဆီက သင်ခန်းစာရခဲ့ဖူးတယ် သူ့ရဲ့ နေမင်း မီးတောက်က ကြောက်စရာ ကောင်းတယ် ...

... အရိပ် နတ်ဘုရား နန်းတော်ရဲ့ နတ်သားတော်တောင် သူ့လို ကြောက်စရာ ကောင်းမယ် မထင်ဘူး။ ”

ရှန်းထျန်းနန်ခမျာ ကြောက်လန့်တကြား ဖြစ်နေဆဲပေပင်။ လင်းယွန်က ပြုံးရယ်လိုက်၏။ ကြောက်ပုံ မပြချေ။

“ လင်းယွန် မင်းဒီလောက်ထိ တင်းမာဖို့ လိုလို့လား ... သူက မင်းကို စစ်ဆေးဖို့ လာတာ ... စော်ကားဖို့ မဟုတ်လောက်ပါဘူး။ ”

ရှန်းထျန်းနန် စကားကြောင့် လင်းယွန်က ပြန်လှည့်ကြည့်၏။ ထိုအကြည့်သည် အကြည့်ခံ လိုက်ရသည့် သူ့အပေါ် အသက်ရှူ ရပ်သွားစေသည်။

“ ငါပြောတာ မှားလို့လား။ ”

“ မင်းပြောတာလည်း ... ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ... ဒါပေမယ့် ငါနှောက်ယှက်တာ မဟုတ်ဘဲ သူကသာ နှောက်ယှက်တာလို့ရော မင်းဘာလို့ မတွေးရတာလဲ။ ”

“ ဒါ ... ။ ”

“ ဟား ... ဟား ... ဟား ... ငါက နောက်နေတာပါ ... ငါက နှလုံးသား ကြီးတယ် သူငါ့ကို စော်ကားခဲ့ရင်တောင် ... ငါသည်းခံ နိုင်ပါတယ်။ ”

လင်းယွန်က ရယ်ကာ ပြောလိုက်သည်။ သို့သော် ရှန်းထျန်းနန်မှ မယုံချေ။ နတ်ဘုရား မျိုးနွယ်စုထံမှ သူတော်စင်မူလများ နှိုက်ယူ ခဲ့သည့် မြင်ကွင်းက ပြန်ပေါ်လာသည်။

ရုတ်တရက် လင်းယွန်၏ ဓားပင်လယ် လှုပ်ခါသွားကာ ကြယ်ဓားနှစ်လက်က အထိန်း အကွပ်မဲ့စွာ လှုပ်ခါလာ၏။

အနားသို့ အစွမ်းထက်သော ဓားသမား တစ်ယောက် ရောက်ရှိလာပြီ ဖြစ်သည်။ ဤသို့ ဓားနှစ်လက် ဝိညာဉ်အပေါ် ထိတ်လန့်စေသည့် ပြိုင်ဘက်မျိုး ရှားချေ၏။

“ ကောင်းကင်ဓားခန်းမ ရောက်လာပြီ။ ”

လင်းကျန်းရှန့်က လင်းယွန်အနား တိုးကပ်ကာ တိုးတိုးလေး သတိပေး၏။ သူမက ဌာနချုပ်တွင် နေဖူးသဖြင့် ဤလူများကို သဘာဝကျကျ သိထားလေသည်။

***

All Chapters