← Chapters

ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်#

Vol. 36 Ch. 506

ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်#

Vol. 36 Ch. 506

အချိန်က တိမ်တိုက်ဖြူများပမာကုန်ဆုံးသွားပြီး နှစ်လတာက မျက်စိတမှိတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့သည်။

လွန်ခဲ့သည့်နှစ်လအတွင်း နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက မုဇီရှင်းနှင့် ယဲ့ချိုးပိုင်တို့ကို ရှာဖွေနေခဲ့သော််လည်း ၎င်းတို့က ရုပ်ဖျက်ကာ ငန်းဆိပ်ကမ်းဂိုဏ်းတွင် ၀င်ရောက်နေကြလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။

တချိန်တည်းမှာပင် မုဇီရှင်း၏ခွန်အားက ထိုနှစ်လတာအတွင်း အလွန်အမင်းမြန်ဆန်စွာတိုးတက်လာခဲ့ပြီး သူမက တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်ကိုပင် ရောက်သွားခဲ့သည်။

သူမ၏ဂုဏ်သတင်းက ငန်းဆိပ်ကမ်းဂိုဏ်းတွင်သာမက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးတွင်သာ ထိုးတက်သွားခဲ့သည်။

တခြားတဘက်တွင် ကောင်းကင်မုန်းတီးတောင်ထိပ်ကို၀င်ပြီးနောက် ယဲ့ချိုးပိုင်၏ သတင်းအချက်အလက်များကို မကြားရတော့ပါ။

တချို့ဂိုဏ်းတပည့်များကမူ သနားစရာကောင်းလွန်းသည်ဟုခံစားနေကြရသည်။

"ဟူး၊ ဒီလိုအရည်အချင်းရှိတဲ့လူတယောက်က ဘာလို့ကောင်းကင်မုန်းတီးတောင်ထိပ်မှာ ၀င်ရတာလဲ"

"အရင်းအမြစ်နဲ့ကျင့်ကြံခြင်း၀န်းကျင်တခုမရှိဘူးဆိုရင် ပါရမီဆိုတာဘာသုံးစားလို့ရမှာလဲ"

"ချိုးပိုင်က တစ်လအတွင်းမှာ လောင်းကြေးကို ဆုံးရှုံးရတော့မယ်၊ ဒါ့အပြင် သူက ငါတို့ရဲ့ငန်းဆိပ်ကမ်းဂိုဏ်းကို ဆွဲချသွားတာပဲ၊ အခြေအ‌နေတရပ်လုံးကို သူဂရုမစိုက်ဘူး"

အလ်ကိုက်တောင်ထိပ်တွင် အမျိုးသမီးတစ်ဦးက ကျင့်ကြံနေသည့်မုဇီရှင်းအား ပြောသည်။

"မုပိုင်၊ နင်နဲ့အတူ၀င်လာခဲ့တဲ့ အဲဒီယဲ့ချိုးထက် နင်မိုင်ပေါင်းများစွာရှေ့ရောက်နေပြီးပြီ"

ထိုအမျိုးသမီးက အလ်ကိုက်တောင်ထိပ်ခေါင်းဆောင်၏ကိုယ်ပိုင်တပည့်ဖြစ်ပြီး မုဇီရှင်း၏ စီနီယာအစ်မဖြစ်သော ရှုချီဖြစ်သည်။

သူမ၏ခွန်အားကလည်း တာအိုနယ်ပယ် အထွပ်အထိပ်အဆင့်ကိုရောက်နေပြီဖြစ်ကာ ငန်းဆိပ်ကမ်းဂိုဏ်း၏တပည့်များအကြား သူမကထိပ်တန်းတွင်တည်ရှိသည်။

ထိုစကားကိုကြားသောအခါ မုဇီရှင်းမျက်လုံးဖွင့်ကာပြုံးလိုက်သည်။။

"သူကရှုံးဖို့အတွက်ဆန္ဒရှိတဲ့သူတယောက်မဟုတ်ဘူး"

"ဖြစ်နိုင်ပါတယ်"

ရှုချီထိုစကားကိုပြောလိုက်သည့်တိုင် သူမမျက်လုံးများက သံသယဖြင့်ပြည့်နှက်နေသည်။

....

ထိုစကားဝိုင်း၏အဓိကအက္ခရာဖြစ်သည့် ယဲ့ချိုးပိုင်ကမူ လွန်ခဲ့သည့်နှစ်လအတွင်း ယင်ယန်မိုးကြိုးကန်၌ ကျင့်ကြံနေခဲ့သည်။

သူကအနားယူခြင်းမရှိသလို မိုးကြိုးကန်ကနေ ခြေလှမ်းတ၀က်ပင်လှမ်းခဲ့ခြင်းမရှိချေ။

ဒါက ကောင်းကင်မုန်းတီးတောင်ထိပ်ခေါင်းဆောင်ဖြစ်သည့် ကျဲလောင်ကို အံ့ဩသင့်သွားစေခဲ့သည်။

ဘေးတွင် ကြွေကျနေသည့်သစ်ရွက်များကို သန့်ရှင်းနေရသည့်ကျန်းကျိက နှာခေါင်းစူလိုက်၏။

"မောင်လေးယဲ့က အခုထိထွက်မလာသေးဘူးလား၊ နှစ်လတောင်‌ရှိသွားပြီလေ"

ယင်နှင့်ယန်တည်ရှိသည့် ယင်ယန်လျှပ်စီးကန်တွင် ဒီနတ်လျှပ်စီးနှစ်မျိုးကို တချိန်တည်းတွင် ပြုပြင်မွမ်းမံသောအခါ ပါရမီရှင်တစ်ဦးပင်လျှင် ခုနှစ်ရက်သာနေနိုင်သည်။

ကျဲလောင်ကမေးသည်။

"ကျန်းကျိ၊ မင်းရက်ဘယ်လောက်နည်းနည်းကြာခဲ့လဲ"

ကျန်းကျိက အရွက်များကိုသိမ်းဆည်းနေရင်းပြောသည်။

"ရက်နည်းနည်းဆိုတာဘာကိုပြောချင်တာလဲ၊ ကျွန်မရက် ၂၀တောင်ခံနိုင်ရည်ရှိခဲ့ပါတယ်နော်"

ကိုင်လောင်ကခေါင်းညိတ်ကာ လက်ထဲ၌ ကျိုးပဲ့နေသည့်ဘူးသီးလုံးကိုကိုင်ရင်း ဝိုင်တငုံမော့သောက်လိုက်သည်။

(ဝိုင်ဆိုတာအရက်ကိုပြောတာပါ)

ကြည့်ရတာ ဒီကောင်လေးမှာ ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကို ရယူဖို့အတွက် အခွင့်အလမ်းအများဆုံးရှိပုံပဲ!

ထိုအချိန်တွင် ယင်ယန်လျှပ်စီးရေကန်၌ ယဲ့ချိုးပိုင်၏ကိုယ်မှ ညစ်ညမ်းသောသေမျိုးချီများက ဖယ်ရှားခံလိုက်ရပြီးဖြစ်သည်။

သို့စေကာမူ သူ့ကိုယ်ထဲ၌ သိုမှီးနေသည့်ဝိဉာဉ်ချီများက မြေအင်မော်တယ်နယ်ပယ်ကိုမရောက်သေးပါ။

သူ့နယ်ပယ်ကမူ အာရုံထွေပြားခြင်းအလယ်အလတ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။

ယခုအချိန်တွင် တာအိုနယ်ပယ်ကျင့်ကြံသူတစ်ဦးကိုပင် သူထိပ်တိုက် တိုက်ခိုက်နိုင်သည်ဟု ယဲ့ချိုးပိုင်ယုံကြည်သည်။

သို့သော် ဒါတခုတည်းကမလုံလောက်ပါ။

ယင်နှင့်ယန်လျှပ်စီးများ၏ အဆက်မပြတ်ပြုပြင်မွမ်းမံမှုအောက်တွင် ယဲ့ချိုးပိုင်၏ ဝိဉာဉ်ချီက တဖြည်းဖြည်းယိုယွင်းလာသည်။

ထို့ထဲတွင် ယင်နှင့်ယန်ဟူသော လျှပ်စီးစွမ်းအားနှစ်မျိုးရှိသည်။

သို့စေကာမူ ယဲ့ချိုးပိုင်ကိုအံ့ဩသင့်စေတာက ယင်နှင့်ယန်စွမ်းအား၏ လမ်းကြောင်းက အနည်းငယ်လျှို့ဝှက်ဆန်းကြယ်နေခြင်းပင်။

ဒါက ကျင့်ကြံခြင်းနည်းစနစ်တခုခုနဲ့ တူသလိုလိုပဲ!

ကိုယ်ခန္ဓာကိုပြုပြင်မွမ်းမံရင်း ယဲ့ချိုးပိုင် လျှပ်စီးစွမ်းအား၏သွားရာလမ်းကို ခံစားနေရသည်။

သူ့စိတ်ထဲတွင် ကျင့်ကြံခြင်းကျင့်စဉ်တခုက ဖြည်းညင်းစွာပုံပေါ်လာသည်။

ယင်နှင့်ယန်လျှပ်စီးတို့ရဲ့ အပြန်အလှန်သက်ရောက်မှုက ဧရာမအဖျက်စွမ်းအားတခုကို ဖန်တီးနေတာလား!

တကယ်လို့ဒါကိုဓားပိုင်နက်ထဲမှာ အသုံးပြုလိုက်မယ်ဆိုရင် ဘာထွက်လာနိုင်လဲ!

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင်၏အတွေးများကပို၍ရှင်းလာပြီး တဖြည်းဖြည်းနှင့် ဆန်းကြယ်သည့်အော်ရာတခုက ယဲ့ချိုးပိုင်၏ကိုယ်ကနေ ထုတ်လွှတ်လာသည်။

ထိုအချိန်တွင် ဒီအော်ရာကိုသူခံစားနေရသည်။

ထိုစဉ် ကျဲလောင်၏မျက်လုံးများက ဆတ်ခနဲပွင့်သွားပြီး အရက်မူးနေတာက ချက်ချင်းပင် ပပျောက်ကာ အလွန်အမင်းကြည်လင်လာသည်။

"ကောင်းကင်ဘုံနယ်မြေ"

ကျန်းကျိကလည်း လက်ထဲက တံမြက်စည်းကိုရပ်ကာ အံ့ဩသင့်တကြီးပြောသည်။

"ဒါကမတရားဘူးလေ၊ ကျွန်မကြွေကျနေတဲ့အရွက်တွေကိုလှည့်လာတာကြာပြီကို၊ ဘာလို့ကောင်းကင်ဘုံနယ်မြေကို တခါမှ မ၀င်နိုင်ရတာလဲ"

ကောင်းကင်ဘုံနယ်မြေက အခွင့်အရေးများနှင့်ပါရမီကိုလိုအပ်သည်သာမက တချိန်တည်းတွင် ငြိမ်ချမ်းသည့်စိတ်ကိုလည်းလိုအပ်သည်။

မည်သည့်အတွက်ကြောင့် အကြီးအကဲကျဲက ကြွေကျနေသည့်သစ်ရွက်များကို လှည့်သောအခါ ကျန်းကျိနှင့်ယဲ့ချိုးပိုင်တို့အား ဝိဉာဉ်ချီကို အသုံးမပြုရန် ပြောခဲ့လေသနည်း။

ဒါကသူတို့ကိုတည်ငြိမ်မှုရလာစေရန်ဖြစ်သည်။

အချိန်အများကြီးကြာပြီးနောက်တွင် သူ့နှလုံးသားက အမှန်တကယ်တည်ငြိမ်သွားခဲ့လေသည်။

အကယ်၍ ယဲ့ချိုးပိုင်က အရင်က ကောင်းကင်ဘုံနယ်မြေကို အကြိမ်ရေအနည်းငယ်ခန့် ၀င်ခဲ့ဖူးတာ သူတို့သိမည်ဆိုပါက ဒီလိုတွေးကြမည်မဟုတ်ပေ။

နောက်ထပ်ခုနှစ်ရက်ကုန်ဆုံးသွားပြန်သည်။

ဆန်းကြယ်သည့်အော်ရာကပျောက်ကွယ်သွားပြီး ယဲ့ချိုးပိုင်ကနောက်ဆုံးတွင် လျှပ်စီးကန်ထဲကနေ ထွက်လာခဲ့သည်။

ကျဲလောင်နှင့် ကျန်းကျိတို့က ဂူအပြင်ဘက်တွင် စောင့်နေကြသည်။

"မောင်လေးယဲ့၊ နင်ဘာကိုနားလည်ခဲ့တာလဲ" ကျန်းကျိကချက်ချင်းရှေ့တိုးကာ ယဲ့ချိုးပိုင်ပေါ်လာတာကိုမြင်တာနှင့် စိုးရိမ်ပူပန်စွာမေးသည်။

ယဲ့ချိုးပိုင်ကပြုံးရင်း လက်ကိုဆန့်ထုတ်လိုက်သည်။

ရုတ်ချည်းဆိုသလို ကောင်းကင်ဘုံနယ်မြေ၏ ဓားဆန္ဒကထိုးထွက်လာပြီး လေဟာနယ်အားဖြတ်သန်းသွား၏။

ဓားပိုင်နက်!

တချိန်တည်းမှာပင် အဖြူရောင်နှင့်အနက်ရောင်ရှိသည့် လျှပ်စီးကြောင်းနှစ်ခုက ယဲ့ချိုးပိုင်၏လက်ထဲကနေ ရူးသွပ်စွာ ထွက်သွားကြသည်။

ဓားပိုင်နက်က အမှန်တကယ်ပင် ယင်နှင့်ယန်စွမ်းအားဖြင့် ပြည့်နှက်နေသည်။

၎င်းက ဓားဆန္ဒနှင့်ပြီးပြည့်စုံစွာပေါင်းစပ်သွားခဲ့သည်။

အတိတ်က ဓားပိုင်နက်၏စွမ်းအားက ယဲ့ချိုးပိုင်၏တိုက်ခိုက်မှုအောက်တွင်သာ ထိုးထွက်လာတတ်သည်။

သို့စေကာမူ ယင်ယန်နတ်လျှပ်စီး၏ တိုးတက်မှုအောက်တွင် ၎င်းက ပေါက်ကွဲတော့မည့်မီးတောင်တခုအလားပင်။

လျှပ်စီးနှစ်မျိုးပေါက်ကွဲသွားသောအခါ အဖျက်စွမ်းအားဖြင့်ပေါက်ကွဲကြသည်။

ဒါကိုမြင်သောအခါ ကျဲလောင်က ကျေနပ်စွာခေါင်းညိတ်သည်။

"ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးကျင့်စဉ်၊ နောက်ဆုံးမှာတော့ တယောက်ယောက်က အရင်ဂိုဏ်းချုပ်ဟောင်းရဲ့ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကို အမွေရလိုက်ပြီပဲ"

ဒါကကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်လား!

ယဲ့ချိုးပိုင်အနည်းငယ်အံ့ဩသင့်သွား၏။

ကျန်းကျိနှုတ်ခမ်းစူထားသည်။

"ငါအကြိမ်ပေါင်းများစွာသွားခဲ့တာတောင် ဒါကိုနားမလည်နိုင်သေးဘူး"

ယဲ့ချိုးပိုင်ပြုံးသည်။

"ဒါကတိုက်ဆိုင်မှုတခုပါပဲ"

ထိုအချိန်တွင် ကျဲလောင်ပြောလာသည်။

"ဒီလိုဆိုမှတော့ မနက်ဖြန်ပြိုင်ပွဲမှာ မင်းနဲ့ကျန်းကျိတို့က ကောင်းကင်မုန်းတီးတောင်ထိပ်ကို ကိုယ်စားပြုရမယ်"

ငန်းဆိပ်ကမ်းဂိုဏ်းရှိ တောင်ထိပ်ငါးခု၏ မဟာပြိုင်ပွဲ!

ဒါက နှစ်စဉ်နှစ်တိုင်း တောင်ထိပ်ငါးခုမှ တပည့်များ၏ကျင့်ကြံခြင်းရလဒ်များကို စမ်းသပ်ခြင်းလည်းဖြစ်ပြီး အလားတူပင် တောင်ထိပ်ငါးခုကို အဆင့်သတ်မှတ်ရန်လည်းဖြစ်သည်။

ယခုအချိန်တွင် ကောင်းကင်မြင့်တောင်ထိပ်က ပထမ၊ ရှေးဦးခေးအောသ့်တောင်ထိပ်ကိုဒုတိယ၊ အလ်ကိုက်တောင်ထိပ်နှင့် မိုးကြိုးတိမ်တိုက်တောင်ထိပ်က နောက်တွင်ရှိပြီး ကောင်းကင်မုန်းတီးတောင်ထိပ်က နောက်ဆုံးဖြစ်သည်။

အဆင့်ပိုမြင့်လေလေ၊ အရင်းအမြစ်များကို ပိုရလေလေဖြစ်သည်။

ကောင်းကင်မုန်းတီးတောင်ထိပ်က နှစ်ရာချီကြာအောက်တွင်ရှိနေခဲ့သည်။

သူတို့တွင်ကျင့်ကြံခြင်းအရင်းအမြစ်များစွာမရှိပေ။ ဒါကလည်း ကောင်းကင်မုန်းတီးတောင်ထိပ်တွင် မည်သူမှ၀င်ရန် ဆန္ဒမရှိကြသည့် အကြောင်းရင်းလည်းဖြစ်သည်။

ကျဲလောင်၏စကားလုံးများကိုကြားသောအခါ ယဲ့ချိုးပိုင်စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။

တိုက်ဆိုင်စွာပင် ဒါက ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးကျင့်စဉ်ကို စမ်းသပ်ရန်အတွက် အချိန်ပေတည်း။

ဒါ့အပြင် သူက ငန်းဆိပ်ကမ်းဂိုဏ်းတွင် ခြေကုပ်ရယူကာ စကားပြောနိုင်သည့် အခွင့်အလမ်းရလိုပါက ဒီတိုက်ပွဲတွင် ယဲ့ချိုးပိုင်နာမည်ကြီးကျော်ကြားရန်လိုအပ်သည်။

သို့သော်ကျန်းကျိကဝေခွဲမရဖြစ်နေသည်။

"ဆရာ၊ ဒီနှစ်တွေမှာ တပည့်တို့ရဲ့ကောင်းကင်မုန်းတီးတောင်ထိပ်က တိုက်ပွဲမှာတခါမှ၀င်မပါခဲ့ဘူးမလား၊ အခုဘာလို့ ၀င်ပါရတာလဲ"

ကျဲလောင်ကဝိုင်တငုံသောက်ပြီး သူ့မျက်လုံးများကထက်ရှနေသည်။

"ယဲ့ချိုးက ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကိုနားလည်ပြီးသွားပြီဆိုတော့ သူ၀င်ပါဖို့လိုတယ်"

"အခုငါတို့ကောင်းကင်မုန်းတီးတောင်ထိပ်အတွက် အဲဒီအဖိုးကြီးတွေကို ထိတ်လန့်အောင်လုပ်ဖို့အချိန်ကျပြီ"

ကျန်းကျိက စိတ်ရှုပ်နေသည်။

"ဒါပေမယ့် မောင်လေးယဲ့တယောက်တည်းကမလုံလောက်ဘူးလေ၊ တောင်ထိပ်တိုင်းက သူတော်စင်တွေက တာအိုနယ်ကယ်ကျင့်ကြံသူတွေဖြစ်ပြီး ကောင်းကင်မြင့်တောင်ထိပ်က သူတော်စင်ဆိုရင် သွေးပြောင်းလဲခြင်းနယ်ပယ် တ၀က်အဆင့်ကိုတောင်ရောက်နေပြီးပြီ၊ နယ်ပယ်ခြားနားချက်က....."

ကျဲလောင်ဘာစကားမှမဆိုဘဲပြုံး၍သာနေသည်။

ငန်းဆိပ်ကမ်းဂိုဏ်းတွင် ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်က ဘာကို ကိုယ်စားပြုလေသနည်း။

ဒီဂျူနီယာလေးတွေကတော့မေ့သွားကြပုံပဲ!

(စာရေးဆရာက lightning or thunder နှစ်ခုလုံးသုံးထားပါတယ် lightning ကို ပိုသုံးတာမို့ ညီမ မိုးကြိုးဆိုတာကိုမသုံးဘဲ လျှပ်စီးလို့ပဲသုံးထားပါတယ်)

အပိုင်း(507) coming။

All Chapters