#စွမ်းရည်များကိုဖုံးကွယ်ထားခြင်း#
Vol. 37 Ch. 525
ငရဲမီးအဆင့်အဆောင်က ကောင်းကင်အဆင့်အဆောင်များအကြား၌ အတော်လေးနိမ့်ကျသည့်တည်ရှိမှုမျိုးဖြစ်သည်။
သို့စေကာမူ အသေးစိတ်အချက်အလက်များစွာရှိပြီး အတော်လေးရှုပ်ထွေးသည်။
ဒါက အဆောင်သခင်၏စိတ်အခြေအနေနှင့် အဆောင်၏အခြေခံများကို ထိန်းချုပ်မှု၏ စမ်းသပ်ချက်တခုပင်။
ထို့ကြောင့်လည်း အဆောင်မျှော်စင်က ငရဲမီးအဆင့်အဆောင်ကို ဒီကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုအတွက် စံနမူနာတခုအဖြစ် သုံးထားခြင်းဖြစ်သည်။
အကြီးအကဲတချက်ကြည့်လိုက်သောအခါ မုဖူရှန်းကသူ့ကိုစိုက်ကြည့်ရုံမျှသာကြည့်ပြီး စတင်ထွင်းထုနေတာကို တွေ့လိုက်ရသည်။
လူအနည်းငယ်ကသာ ဒီအဆောင်စည်းတံဆိပ်ကိုထွင်းထုနိုင်သည်။
ဒါကအတော်လေးရှုပ်ထွေးပြီး စိတ်စွမ်းအင်အများကြီးကိုကုန်ဆုံးစေသည်။ ယင်းအစား အလားတူအဆင့်ရှိသည့် တခြားသတ်ဖြတ်ခြင်းစည်းတံဆိပ်များကို ထွင်းထုတာက ပိုကောင်းသည်။
ထို့ကြောင့် ငရဲမီးအဆင့်အဆောင်၏ထွင်းထုနည်းကို ကြိုတင်နားလည်ထားရန်ဟူသည် မဖြစ်နိုင်ပါ။
သူပင်လျှင် ငရဲမီးအဆင့်အဆောင်ကို အကြမ်းဖျင်းကြည့်ရုံနဲ့ အသေးစိတ်အချက်အလက်များကိုမမှတ်မိပေ။
မုဖူရှန်းကတချက်ပဲကြည့်တာလား!
ဒါဘယ်လိုဖြစ်နိုင်မှာလဲ!
ဒင်းရှောင်ချင်းကရောဒါကိုတွေးမိနိုင်လား!
စည်းတံဆိပ်စာအုပ်တွင် ပို၍ရှုပ်ထွေးပြီး သိမ်မွေ့သည့်အဆောင်များစွာရှိသည်။
ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်နှင့် ကိုးသွယ်မိုးကြိုးဒိုင်းကို ဥပမာထား၍ရသည်။ အသေးစိတ်နှင့်ရှုပ်ထွေးမှုက ဒီငရဲမီးအဆင့်အဆောင်ထက် အများကြီးပိုပေသည်။
ထို့ကြောင့် ဒီအဆောင်က မုဖူရှန်းအတွက် ပြဿာနာကြီးတခုတော့မဟုတ်။
တခဏအကြာတွင် မုဖူရှန်းလက်ထဲက အဆောင်စုတ်တံက အဆောင်စာရွက်ပေါ်၌ကခုန်နေပြီး နောက်ဆက်တွဲပုံရိပ်များကိုပင် ချန်ထားခဲ့သည်။
တကယ်တမ်းတွင် အရင်ကသူထွင်းထုခဲ့သည့်နေရာကိုအာရုံစိုက်ရန်အတွက်ပင် မုဖူရှန်းအာရုံအနည်းငယ်လွှဲပြောင်းခဲ့သေးသည်။
အမှားတခုခုများရှိသလားဆိုတာ သူဂရုတစိုက်စစ်ဆေးကြည့်သည်။
မုဖူရှန်းနောက်ဆုံးအဆင့်တွင် တမင်တကာနှေးသွားအောင်လုပ်ပြီး အတွေးနက်ထဲ ၀င်နေသည့်ပမာဟန်ဆောင်လိုက်သည်။
ဒီလိုမှမဟုတ်ပါက အမွေးတိုင်တစ်တိုင်စာအချိန်မကုန်ခင်မှာပင် ဒီကောင်းကင်အဆင့်အဆောင်ကိုရရှိပါက အတော်လေး ထိတ်လန့်စရာကောင်းသွားပေလိမ့်မည်။
သူ့အသိပညာများအရ အခြေခံများကို အလွန်အမင်းကျွမ်းကျင်သည့် ဝိဉာဉ်အဆောင်သခင်များကသာ ဒီလိုလုပ်နိုင်သည်။
ထို့ကြောင့် အရမ်း၀င့်ကြွားခြင်းကနေ ရှောင်ရှားရန်အတွက် မုဖူရှန်းပိုတည်ငြိမ်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူကကောင်းကင်အဆောင်သခင်အဆင့်အတွက် အရည်အချင်းရှိနေသေးသရွေ့ အဆင်ပြေပါသည်။
အချိန်အားလပ်သောအခါ ဒင်းရှောင်ချင်း မုဖူရှန်းရေးတာကိုရပ်လိုက်ပြီး အတွေးနက်ထဲ၀င်နေသည့်ပုံဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူစိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
ဒီစိတ္တဇလေးက တကယ့်ကိုပုံမှန်မဟုတ်ဟု သူထင်နေခဲ့သည်။
"ဂျူနီယာညီလေးမု၊ အဆောင်သခင်တယောက်က အရမ်းစိတ်မရှည်မဖြစ်သင့်ဘူး"
"မင်းအရင်ကဒီလောက်မြန်မြန်ဆွဲခဲ့တာ အမှားတခုခုများလုပ်မိသွားလားကြည့်ပါဦး"
မုဖူရှန်းထိုစကားကိုကြားသောအခါ ခါးသီးစွာပြုံးဟန်ဆောင်လိုက်၏။
"သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကိုကြီး"
အကြီးအကဲကသာအနည်းငယ်မျက်မှောင်ကြုတ်ရင်း မုဖူရှန်းကို စိတ်ရှုပ်ထွေးစွာကြည့်နေသည်။
သူအရင်ကအံ့ဩသင့်သွားရသည့်အကြောင်းရင်းက မုဖူရှန်း၏အရင်ရေးဆွဲမှုများ၌ ဘာတခုမှမှားယွင်းမနေခြင်းပင်။
စာမေးပွဲစစ်သူတစ်ဦးအနေဖြင့် သူအသိကြွယ်၀သည်။
လူတစ်ယောက်၏အဆောင်ထွင်းထုမှုကို သူ့လက်ထဲကလှုပ်ရှားမှုလေးကိုကြည့်ရုံမျှဖြင့် ခန့်မှန်းနိုင်သည်။
ဒါပေမယ့်ဘာလို့မုဖူရှန်းကဒီလိုဟန်ဆောင်နေရတာလဲ!
ဒါပေမယ့် နောက်ဆုံးအဆင့်ကိုဘယ်လိုလုပ်ရမလဲဆိုတာ သူမေ့သွားတာလား!
အမွေးတိုင်နှစ်တိုင်စာကုန်ပြီးနောက် ဒင်းရှောင်ချင်းနဖူးကချွေးများကိုသုတ်ရင်း အဆောင်စုတ်တံကိုချကာ သက်ပြင်းတချက်ရှုလိုက်သည်။
"အကြီးအကဲ၊ ကျွန်တော်ပြီးပါပြီ"
အကြီးအကဲကခေါင်းညိတ်ရင်း ငရဲမင်းအဆင့်အဆောင်ကိုကြည့်လိုက်၏။
အကြည့်တချက်တည်းဖြင့် သူကမျက်မှောင်ကြုတ်လိုက်သည်။
"အသေးစိတ်အချက်အလက်တွေက နည်းနည်းကြမ်းတမ်းနေတာကြောင့် စွမ်းအားကို သိသိသာသာလျော့ကျသွားစေပေမယ့် သုံးလို့ရတုန်းပဲ၊ အောင်မြင်ရုံမျှအောင်မြင်တယ်"
ထိုစကားကိုကြားသောအခါ ဒင်းရှောင်ချင်းကျေနပ်စွာခေါင်းညိတ်သည်။
တကယ်တမ်းတွင် သူကအဆောင်ပညာ၌မကောင်းပေ။ သူ့အတွက်ဒီလိုလုပ်နိုင်တာကပင်လုံလောက်နေလေပြီ။
ဒီအကြောင်းကိုတွေးမိသောအခါ ဒင်းရှောင်ချင်း မုဖူရှန်းအားကြည့်ရင်းပြုံးပြသည်။
"ဂျုနီယာညီလေးမု၊ မင်းဘာမှမစဉ်းစားနိုင်တော့ဘူးဆိုရင် မေ့လိုက်ပါ၊ ပြန်မလာခင် ပြန်သွားပြီး ပြန်လေ့ကျင့်လိုက်ပါဦး"
မုဖူရှန်းပြုံးလိုက်သည်။
နောက်ဆုံးတွင် သူနောက်ဆုံးအဆင့်ကို စတင်ထွင်းထုလေတော့သည်။
တခဏကြာပြီးနောက် သူကငရဲမီးအဆင့်အဆောင်ကို ထွင်းထုပြီး အကြီးအကဲအား ပေးလိုက်သည်။
အကြီးအကဲက မုဖူရှန်းကို သံသယဖြင့်ကြည့်နေသည်။
သူအပြီးမသတ်သေးခင် ဒင်းရှောင်ချင်းအရင်ထွင်းထုပြီးဖို့အတွက် အထူးတလည်စောင့်နေခဲ့တာလား!
ဒါပေမယ့်ဘာလို့လဲ!
သူပဟေဠိဖြစ်နေသည်။
အကြီးအကဲက ငရဲမီးအဆင့်အဆောင်ကိုကြည့်လိုက်စဉ် သူ့မျက်လုံးများ၌ အံ့ဩသင့်နေသည့်အကြည့်တချက် လင်း၀င်းသွား၏။ သူကကျေနပ်စွာခေါင်းညိတ်သည်။
"မဆိုးဘူး၊ စည်းတံဆိပ်ရဲ့အသေးစိတ်တွေထဲမှာ အမှားအယွင်းနည်းနည်းရှိတယ်ဆိုပေမယ့် အလုံစုံပြီးမြောက်မှုနှုန်းက အတော်လေးကောင်းတယ်၊ အောင်မြင်တယ်"
ထိုစကားကိုကြားသောအခါ ဒင်းရှောင်ချင်း တုန်လှုပ်ချောက်ချားသွားရသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
သူကချက်ချင်းပင် မုဖူရှန်းအား လှမ်းကြည့်လိုက်သည်။
"မင်းဘယ်လိုလုပ်နိုင်တာလဲ၊ နောက်ပိုင်းဘယ်လိုထွင်းထုရမလဲဆိုတာ မင်းမေ့သွားတာမလား"
မုဖူရှန်းပြုံးသည်။
"ကျုပ်ကံကောင်းပြီးသတိရသွားတာပါ"
သို့စေကာမူ မုဖူရှန်းက ထိုအမှားကို တမင်တကာပင်လုပ်ခဲ့ခြင်းပင်။
အကြီးအကဲကအပြုံးဖြင့်ပြောသည်။
"ကောင်းပြီ၊ မင်းတို့နှစ်ယောက်လုံးအောင်မြင်တယ်၊ ငါနဲ့အတူစာရင်းသွင်းပြီးရင် မင်းတို့ကောင်းကင်အဆောင်သခင်အဆင့်ဘွဲ့ကိုရရှိမယ်"
နှစ်ဦးစလုံးကခေါင်းညိတ်ကာ အကြီးအကဲနောက်မှလိုက်သွားကြသည်။
ခန်းမ၏ပထမထပ်တွင် လင်းယောင်က လှမ်းကြည့်နေပြီး နှစ်ယောက်သားထွက်လာတာကိုမြင်သောအခါ သိလိုစိတ်ဖြင့်မေးလိုက်သည်။
"ရလဒ်ကဘယ်လိုလဲ"
အကြီးအကဲကပြုံးသည်။
"နှစ်ယောက်လုံးအောင်မြင်တယ်"
ဒင်းရှောင်ချင်းကျော်လွှားနိုင်သည့်အပေါ် လင်းယောင်မအံ့ဩပေ။ မည်သို့ပင်ဆိုစေကာမူ သူကနတ်တံဆိပ်ဂိုဏ်း၏ပါရမီရှင်ဖြစ်သလို အတွင်းဂိုဏ်းအကြီးအကဲ၏ ဂုဏ်ယူရသည့်တပည့်ပင် မဟုတ်ပေလော။
သို့သော် အမျိုးအမည်မသိရသည့်မုဖူရှန်းက တကယ်အောင်မြင်ခဲ့သည်လား!
ကြည့်ရတာ စာအုပ်တစ်အုပ်ကို အဖုံးကနေတဆင့် အကဲဖြတ်လို့မရဘူးထင်တယ်!
ထို့နောက် အကြီးအကဲက တိမ်ပုံသဏ္ဍာန်ရွှေတံဆိပ်နှစ်ခုကို ထုတ်ယူလိုက်၏။
"ဒါကကောင်းကင်အဆောင်သခင်တံဆိပ်ပဲ၊ ကောင်းကောင်းသိမ်းထားကြပါ"
နှစ်ဦးစလုံးကယူရင်းခေါင်းညိတ်ကြသည်။
လက်ခံရရှိပြီးနောက် မုဖူရှန်းထွက်သွားရန်အတွက် ပြင်ဆင်လိုက်သည်။
ထိုစဉ်အကြီးအကဲကပြောသည်။
"မင်းရည်ရွယ်ချက်ရှိရှိတမင်လုပ်ခဲ့တာမလား"
ဒင်းရှောင်ချင်းနှင့်လင်းယောင်တို့က စိတ်ရှုပ်ထွေးနေကြသည်။ အကြီးအကဲဘာကိုပြောနေသလဲဆိုတာ သူတို့မသိကြပါ။
မုဖူရှန်း၏နှုတ်ခမ်းများကအနည်းငယ်ကွေးညွတ်သွားကြ၏။
"တမင်ဆိုတာကဘာကိုဆိုလိုချင်တာလဲ၊ ခင်ဗျားဘယ်အကြောင်းပြောနေတာလဲ"
အကြီးအကဲကအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"ဘာမှမဟုတ်တော့ဘူး၊ မင်းသွားလို့ရပြီ.."
မုဖူရှန်းလက်နှစ်ဖက်ဆုပ်ကာ အဆောင်မျှော်စင်ကနေထွက်သွားလေတော့သည်။
သူ့ပန်းတိုင်ကိုသူအောင်မြင်သွားလေပြီ။ သူဒါကိုလုပ်ခဲ့တာက အကြီးအကဲကသူ့ကို မြင်နိုင်တာ သေချာသောကြောင့်ပင်။
မုဖူရှန်းဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူကဒီလောက်မြန်မြန်ရေးဆွဲထွင်းထုမည်မဟုတ်ပေ။
ဒါက အဆောင်မျှော်စင်က အဆင့်မြင့်လူများ၏အာရုံကိုဆွဲဆောင်လိုသည့် အချက်ကြောင့်ပေတည်း။
တချိန်တည်းမှာပင် ဒင်းရှောင်ချင်းနှင့် လင်းယောင်တို့အတွက် ဒါကသိပ်သိသာမည်မဟုတ်။
ထို့ကြောင့် သူသတင်းကိုနေရာတိုင်းတွင်ဖြန့်ပြီး မိစ္ဆာနယ်မြေကို သူ့တည်ရှိမှုအကြောင်း သတိထားမိအောင်လုပ်ခဲ့သည်။
သူက အဆောင်မျှော်စင်နှင့်နတ်တံဆိပ်ဂိုဏ်း၏အဆင့်မြင့်လူများ၏အာရုံကို ဖမ်းဆုပ်နိုင်သရွေ့ မိစ္ဆာနယ်မြေသို့ဦးတည်သောအခါ သူတို့ကဘာမှမလုပ်ကြဘဲ ထိုင်နေမည်မဟုတ်ပေ။
မုဖူရှန်းထွက်သွားပြီးနောက် အကြီးအကဲက ငရဲမီးအဆင့်အဆောင်ကို ယူကာ အဌမအဆင့်သို့တက်သွားခဲ့သည်။
အဆောင်မျှော်စက်တွင် စုစုပေါင်းအထပ်ကိုးထပ်ရှိသည်။
အပေါ်ဆုံးအထပ်သုံးထပ်က အဆောင်မျှော်စင်၏ အဆင့်မြင့်လူများရှိသည့်နေရာများပင်။
ကိုးထပ်မြောက်တွင်မူ မျှော်စင်သခင်တည်ရှိသည်။
မျှော်စင်သခင်ကဘယ်သူလဲဆိုတာ အကြီးအကဲများပင်မသိကြပေ။ သူက အတော်လေးဆန်းကြယ်သည်။
"လူအိုကြီးယောင်၊ ဘာလို့ဒီကိုရောက်လာရတာလဲ၊ အောက်ကအကဲဖြတ်မှုက ပြီးသွားပြီလား"
အကြီးအကဲယောင်က ငရဲမီးအဆင့်အဆောင်ကိုထုတ်ယူကာ သူ့ရှေ့က အကြီးအကဲအားကြည့်ရင်း လေးနက်စွာပြောသည်။
"မဟာအကြီးအကဲ၊ ဒါကိုတချက်ကြည့်ပါဦး"
မဟာအကြီးအကဲကစိတ်ရှုပ်ထွေးသွားသည်။
"ဒါကငရဲမီးအဆင့်အဆောင်ပဲမလား၊ ဘာတွေများထူးဆန်းနေလို့လဲ"
ထို့နောက်တွင် အကြီးအကဲယန်က မကြာသေးခင်ကဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ရှင်းပြသည်။
ဒါကိုကြားသောအခါ မဟာအကြီးအကဲ၏ အမူအရာက ထူးဆန်းသွားသည်။
"ဒီလိုဆိုမှတော့ အဲဒီလူငယ်မျိုးဆက်က ကောင်လေးက ဒါကိုရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ရမယ်"
"ဒါ့အပြင် အသေးစိတ်တွေက အသေးစားအမှားလေးတွေပဲ၊ ကောင်းကင်အဆောင်သခင်တယောက်ဖြစ်တဲ့သူက ဒီလိုအမှားမျိုးကို ဘယ်လိုလုပ်နိုင်ရတာလဲ"
"ဒီလိုဆိုရင် သူတမင်တကာလုပ်ခဲ့တာပေါ့"
မဟာအကြီးအကဲကပြုံးသည်။
"စိတ်၀င်စားစရာပဲ.... ကြည့်ရတာ နတ်တံဆိပ်ဂိုဏ်းက အထင်ကြီးစရာကောင်းတဲ့ တပည့်တယောက်ကို မွေးထုတ်ပစ်လိုက်ပုံပဲ"
အကြီးအကဲယောင်ကမေးသည်။
"ဒီလိုဆိုမှတော့ ကျွန်တော့်ကို နတ်တံဆိပ်ဂိုဏ်းကိုသွားစေချင်လား"
ထိုစကားကိုကြားသောအခါ မဟာအကြီးအကဲကခေါင်းခါယမ်းပြသည်။
"မလိုဘူး၊ သူဒီလိုလုပ်ခဲ့တာက တခြားသူတွေကိုမသိစေချင်လို့ပဲ၊ သူငါတို့ကို လာရှာဖို့အတွက် သိပ်မလိုတော့ဘူး"
အပိုင်း(526) coming။