← Chapters

ဂုဏ်ပြုခြင်း

Vol. 012 Ch. 1122

ဂုဏ်ပြုခြင်း

Vol. 012 Ch. 1122

တာလီကျောင်းတော်တွင် တန်ခိုးရှင် အများအပြား ရှိကြပေသည်။ ထိုအခိုက်တွင် သူတို့အားလုံး တိတ်ဆိတ်နေကြကာ နန်တွင်းအကြံပေးနှင့် တိဟောက်တို့အား ကြည့်နေကြသည်။ ဤသို့ဖြစ်လာမည်ဟု မည်သူမှ မထင်ထားကြ။ တာလီကျောင်းတော်မှ တပည့်များ အားလုံးမှာ အလွန် စိတ်ဓာတ်ကျနေကြသည်။ မည်သို့ဆိုစေ သူတို့သည် တောက်လီတောင်ကုန်းအား ရှုံးနိမ့်ခဲ့ပေပြီ။

သူတို့က ပထမဆုံး တိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အပြစ်ခုနစ်ပါးက ကောင်းရှောင်အား သင်ခန်းစာပေးလိုသော ရည်ရွယ်ချက်ဖြင့်သာ ရှေ့ထွက် တိုက်ခိုက်စေလိုဟန် ရသည်။ ထို့နောက် သူက ကျားယဲ့ဓားဖြင့် ကျောကျုံးအား အနိုင်ယူခဲ့သည်။ ထို့နောက်တွင် တိဟောက်က ဒွန်ချန်းအား အနိုင်ယူပြီး နန်းတွင်းအကြံပေးအား တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့သည်။

သည်ကိစ္စက တာလီကျောင်းတော်မှ တပည့်များအတွက် သည်းမခံနိုင်စရာပင်။ သို့သော်လည်း တိဟောက်က သူ့အား တပည့်အဖြစ် လက်ခံစေရန် လူအများ၏ရှေ့တွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင် ဘုရင်ထန်တောက်က သူ့မွေးစားသားအား နန်းတွင်းအကြံပေး၏ လက်အောက်တွင် လေ့ကျင့်စေသည်။ ထိုအရာကပင် ပြိုင်ဘက် ဖြစ်သည့်တိုင် နန်းတွင်း အကြံပေး၏ အဆင့်အတန်းနှင့် အရည်အချင်းကို အသိအမှတ်ပြုခြင်း ဖြစ်သည်။

နန်တွင်းအကြံပေးက တိဟောက်အား မေးသည် … “မင်းက ငါ့တပည့် ဖြစ်ချင်တယ်ဆိုရင် … မင်းငါ့ကို ပြောပါ … ဘာလို့ လမ်းစဉ်ကို ရှာဖွေတာလဲ”

တိဟောက်က သူ့အား ကြည့်သည်။ သူ၏မွေးစားအဖေ ဘုရင်ခံထန်တောက်သည် နန်တွင်းအကြံပေး၏ ပြိုင်ဘက်ဖြစ်သော်လည်း တစ်ချိန်တည်းတွင် သူ့အား အလွန် လေးစားပေသည်။ ထို့ကြောင့်ပင် သူက နန်းတွင်းအကြံပေးထံသို့ သူ့မွေးစားသားအား စေလွှတ်ကာ တပည့်အဖြစ် လက်ခံရန် တောင်းဆိုစေခြင်း ဖြစ်သည်။

“ကျုပ်က စစ်မြေပြင်မှာ တိုက်ပွဲတွေကို အနိုင်ယူပြီးတော့ တာလီပြည်ထောင်ရဲ့ ဘေးရန်တွေကို ရှင်းလင်းချင်ပါတယ်။ ကျုပ်က တာလီပြည်ထောင်ကို ပိုပြီးတော့ အင်အား ကြီးမားအောင် လုပ်ဆောင်ပေးချင်ပါတယ်” တိဟောက်က ပြောသည်။ သူကား စစ်မြေပြင်မှာ ကြီးပြင်း လာခဲ့ခြင်းဖြစ်ကာ သူ၏လမ်းစဉ်မှာလည်း စစ်သားတစ်ယောက်၏ အတွေးသာ ရှိပေသည်။

“အင်း …”

နန်းတွင်းအကြံပေးက ခေါင်းညိတ်ကာ အကြည့်လွှဲလိုက်သည်။ ထိုအခါမှ တိဟောက်သည် စိတ်သက်သာရာ ရ၏။ နန်တွင်းအကြံပေး၏ အကြည့်အောက်တွင် သူသည် ထွင်းဖောက် မြင်နေရသလို ခံစားရပြီး ကြီးမားသော ဖိအားကို ခံစားရကာ လိမ်ညာရန် လုံးဝ မရဲတော့။ ထို့ကြောင့် သူက အမှန်ကို ပြောခဲ့သည်။ သူ၏အဖြေကို နန်းတွင်း အကြံပေးက စိတ်ကျေနပ်မည်လားကိုတော့ သူမပြောတတ်ပေ။

“ဒွန်ချန်း …” နန်းတွင်းအကြံပေးက ခေါ်သည်တွင် ဒွန်ချန်းက ရှေ့သို့ တက်လာသည်။

“ကျောင်းအုပ် …” ဒွန်ချန်းက ဦးညွှတ်သည်။

“ခေါင်းမော့ …” နန်းတွင်းအကြံပေးက ပြောလျှင် ဒွန်ချန်းက ခေါင်းမော့ကာ သူ့အား ကြည့်သည်။ ထိုအခိုက်တွင် သူက ဒွန်ချန်းကဲ့သို့ တူညီသော ခံစားချက်ကို ရသည်။

“မင်းကရော … ဘာလို့ လမ်းစဉ်ကို ရှာဖွေတာလဲ” နန်းတွင်းအကြံပေးက မေးသည်။ နန်တွင်းအကြံပေး၏ စကားကိုကြားလျှင် တာလီကျောင်းတော်မှ တပည့်များ အားလုံး၏ မျှော်လင့်ချက်များ တစ်ဖန် အသက်ဝင်လာခဲ့သည်။ သူက တပည့်ရွေးသောအခါ ပါရမီနှင့် အရည်အချင်းကိုသာ အဓိကထားသည် မဟုတ်ပေ။ ဒွန်ချန်းအတွက် မျှော်လင့်ချက် ရှိနိုင်လောက်သေးပေသည်။

“ကျုပ်က လမ်းစဉ်ကို ရှာဖွေတာ အသိပညာ အတတ်ပညာတွေကို ဖြန့်ဝေဖို့ပါ။ တာလီပြည်က လူတွေကို ပညာရပ်တွေ မျှဝေပြီးတော့ သူတို့တွေရဲ့ ကျင့်ကြံခြင်းကို ကူညီချင်ပါတယ်” ဒွန်ချန်းက ဦးညွှတ်ကာ ပြောသည်။ တာလီကျောင်းတော်မှ တပည့်များ အားလုံးသည် နန်းတွင်းအကြံပေးကို ကြီးစွာ လေးစားကြပေသည်။ ဒွန်ချန်းလည်း ထိုနည်းတူဖြစ်၏။ သူက အနာဂတ်တွင် နန်းတွင်း အကြံပေးကဲ့သို့ ဖြစ်လိုသည်။

“အင်း …” နန်းတွင်းအကြံပေးက ခေါင်းညိတ်သည်။ သူ ဘာတွေးနေသည်ကိုမူကား မည်သူမှ မသိကြပေ။

ထိုအခိုက်တွင် နန်းတွင်းအကြံပေးက လူအုပ်အား လှမ်းကြည့်ကာ သူ့မျက်လုံးက ရီဖူရှင်းထံသို့ ရောက်လာသည် … “သတ္တမဓား … လုချွန်က မင်းကို တော်တော် ချီးကျူးထားတယ်။ တာလီဓားတောင်ကုန်းက မင်းအတွက် ရောက်လာတယ်။ မင်းက ဓားပညာကို ဘာလို့ လေ့ကျင့်တာလဲ”

ထိုစကားကိုကြားလျှင် အားလုံး၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ နန်းတွင်းအကြံပေးက သတ္တမဓားကိုလည်း ထည့်သွင်း စဉ်းစားဟန် ရှိသည်။

ရီဖူရှင်းက နန်းတွင်း အကြံပေးအား ကြည့်ကာ ရှေ့သို့ တက်လာသည်။ နန်းတွင်း အကြံပေးက သူ့အား ကြည့်လျှင် ရီဖူရှင်းက ဒွန်ချန်းနှင့် တိဟောက်တို့ကဲ့သို့ ခံစားလိုက်ရသည်။

“ကျုပ်က ဓားပညာကို လေ့ကျင့်တာ ဓားပညာရဲ့အမြင့်ဆုံးသို့ ရောက်ချင်လို့ပါ …” ရီဖူရှင်းက ဖြေသည်။ သူက နန်းတွင်း အကြံပေး၏အကြည့်ကို ရှောင်လွှဲရန် ခေါင်းငုံ့ထား၏။

နန်းတွင်းအကြံပေးက သူ့အား ကြည့်ကာ တည်ငြိမ်စွာ ပြောသည် … “ငါ့ကို ကြည့် … မင်းက ဓားပညာတစ်ခုတည်းကို တိုးတက်အောင် လမ်းစဉ်ကို ရှာဖွေတာလား” ရီဖူရှင်းက အမှန်ကို ပြောခြင်း မဟုတ်ကြောင်း သူက သိဟန်ရသည်။

ရီဖူရှင်းက နန်းတွင်း အကြံပေး၏ မျက်လုံးကို ကြည့်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက အမှန်ကို မပြောပါက နန်တွင်းအကြံပေးက သိနိုင်သည်ဟု သူခံစားနေရသည်။ ရီဖူရှင်းက သူ၏ကျင့်ကြံခြင်းကို တွေးသည်။ သူက လမ်းစဉ်ကို အဘယ်ကြောင့် ရှာဖွေသနည်း။ ဒွန်ဟိုင်မှ မတော်တဆမှုမှသည် နန်ဒူနိုင်ငံမှ အကျပ်အတည်းသို့အထိ၊ အရှေ့မြေရိုင်း ကျောင်းတော်၊ မြေရိုင်းပြည်နယ်၏ကံကြမ္မာဆိုး …။

ထိုသို့တွေးမိလျှင်ပင် ရီဖူရှင်း၏ စိတ်နှလုံးသည် ကန်ရေပြင်အလား တည်ငြိမ်၏။ သူက နန်းတွင်း အကြံပေးအာ ကြည့်ကာ ပြောသည် … “ကျုပ် ငယ်စဉ်အခါက မကြာခဏ အနိုင်ကျင့်ခံရတယ်။ ဒါကြောင့်ပဲ ကျုပ်က ကျင့်ကြံခြင်းမှာပဲ စိတ်နှလုံးကို နှစ်မြှုပ်ထားခဲ့တယ်။ ကျုပ်က ဒီနည်းနဲ့ တစ်နေ့မှာ လွတ်လပ်ပြီး ပျော်ရွှင်နိုင်မယ်။ တစ်နေ့မှာ ကျုပ်က မကျင့်ကြံတော့ရင် တောင်မှ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိမယ်”

အားလုံးက ရီဖူရှင်းအား ကြည့်ကြသည်။ သတ္တမဓားတွင်လည်း တခြားတစ်ဖက်သော နာကျင်မှုများ ရှိဟန်ရသည်။

“ဒီလောကမှာ ဘယ်သူမဆို ခက်ခဲတဲ့ ရွေးချယ်မှုတွေနဲ့ ကြုံရတာပဲ။ မင်းက မကျင့်ကြံတော့ရင် တောင်မှ … လောကကြီးရဲ့ကိစ္စရပ်တွေမှာ ဝင်မပါတော့ရင်တောင်မှ မင်းဟာ ဒီအနှောင်အဖွဲ့တွေက လွတ်မြောက်ဖို့ ခက်တယ်။ မင်းရဲ့ လိုအပ်ချက်က နည်းနည်းမြင့်တယ်”

ရီဖူရှင်းက ခေါင်းညိတ်သည် … “အမှန်ပဲ… ဒါကြောင့်ပဲ ကျုပ်က လမ်းစဉ် တစ်ခုတည်းပဲ ရှာဖွေခဲ့တာ” သူက ဓားပညာဟု မပြောပေ။ သူက လမ်းစဉ်နှင့်ပတ်သက်၍ ပွင့်လင်းရိုးသားစွာ ပြောခဲ့ခြင်းသာ ဖြစ်သည်။

“တိဟောက်နဲ့ ဒွန်ချန်းတို့က တခြားလူတွေရဲ့ အရေးကို ဂရုစိုက်တယ်။ မင်းကတော့ မင်းအတွက်ပဲ လေ့ကျင့်တယ် … ဘာကြောင့်လဲ” နန်းတွင်းအကြံပေးက မေးသည်။

“လူတစ်ယောက်ဟာ မိမိကိုယ်ကို အရင်ချစ်ရတယ်။ ပြီးမှ တခြားလူတွေကို ဂရုစိုက်နိုင်မယ်” ရီဖူရှင်းက ဖြေသည်။

“ဒါက မင်းကျင့်ကြံတဲ့ အကန့်အသတ်လား …” နန်းတွင်းအကြံပေးက အနည်းငယ် စိတ်ဝင်စားဟန်ဖြင့် မေးသည်။

ရီဖူရှင်းက ဆရာဒူ၏ဆန္ဒများအား ပြန်တွေးကာ သူ၏ကျင့်ကြံခြင်း ခရီးလမ်းအား တွေးသည်။ ထို့နောက် နန်းတွင်း အကြံပေးအား ပြောသည် … “မဟာလမ်းစဉ်ရဲ့ သိမြင်နားလည်ခြင်းဟာ အကန့်အသတ် မဲ့ပါတယ်”

နန်းတွင်းအကြံပေးက ခေါင်းညိတ်ကာ ဘာမှ မပြောတော့ပေ။

လီစွမ်းက ရီဖူရှင်းအား ပြုံးလျက်ပြောသည် … “မင်းပြောတာက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သူက မိမိကိုယ်ကိုယ်အတွက်ပဲ တွေးတယ်။ ကြီးမြတ်တဲ့သူတွေက အများအတွက် တွေးတယ်။ မဟုတ်ဘူးလား …။ မဟာလမ်းစဉ်မှာ အကန့်အသတ် မရှိဘူး။ တစ်လောကလုံးဟာ ကန့်သတ်ခြင်း ခံထားရတယ်။ ဒါက ဘယ်လိုလုပ် အကန့်အသတ်မဲ့တာ ဖြစ်ပါ့မလဲ”

“အရှင့်သားပြောတာ မှန်ပါတယ်။ ကျုပ်က မိုက်မဲစွာ ပြောဆိုမိပါတယ်” ရီဖူရှင်းက ပုံမှန်အားဖြင့် မင်းသားလီစွမ်းနှင့် မငြင်းလိုပေ။ သူတို့ကား အဆင့်ချင်း အလွန်ကွာသည်။

“လူတိုင်းမှာ ကိုယ်ပိုင်အတွေး ရှိတာပဲ။ ဒါက မိုက်မဲတာ မဟုတ်ပါဘူး။ မင်းရဲ့အတွေးက စိတ်ဝင်စားဖို့ ကောင်းတယ်” လီစွမ်းက ပြုံးလျက်ပြောသည် … “နန်တွင်းအကြံပေး ဆရာသခင်က ဘယ်သူ့ကို တပည့်အဖြစ် ရွေးချယ်မှာပါလဲ”

ယနေ့ နန်းတွင်း အကြံပေးဆရာက မည်သူ့ကို ရွေးချယ်မည်နည်း။ သူက အလွန် စိတ်ဝင်စားပေသည်။

“ရွေးချယ်မှုကို နောက်ဆုံးရက်နေမှ ဆုံးဖြတ်မယ်” နန်းတွင်းအကြံပေးက ပြောသည်။ အားလုံးက အံ့အားသင့်ကြသည်။ သူက ပုံမှန်ဆိုလျှင် ယနေ့ရွေးရမည် ဖြစ်သော်လည်း ရက်ကို နောက်ဆုတ်လိုက်သည်။ သူက တွန့်ဆုတ်နေသည်များလား။

သို့သော်လည်း နန်းတွင်း အကြံပေး၏ဆုံးဖြတ်ချက်ကို မည်သူမှ မေးခွန်းမထုတ်နိုင်။

“အရမ်းကောင်းတယ်။ နန်းတွင်းအကြံပေး ဆရာသခင်ရဲ့တပည့်က တစ်နေ့မှာ တာလီရဲ့ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှာမလို့ သေသေချာချာ စဉ်းစားသင့်ပါတယ်” လီစွမ်းကလည်း ခေါင်းညိတ် ထောက်ခံသည်။

“ဒီနေ့ ရောက်လာကြတဲ့သူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်” နန်းတွင်း အကြံပေးဆရာက ပြောကာ လီစွမ်းအား ဦးညွှတ်နှုတ်ဆက်သည် … “အရှင့်သား … ဒီနေ့တော့ ဒီလောက်ပါပဲ”

ထို့နောက်တွင် သူတို့က အချင်းချင်း နှုတ်ဆက်ကာ ထွက်သွားကြသည်။ တောက်လီတောင်မှ လူများကလည်း ထွက်ခွာ သွားကြ၏။

ထိုစဉ်မှာပင် အရိပ်ရှန့်ထိုဓားက ရီဖူရှင်းထံသို့ လျှောက်လာသည်။

“စီနီယာ …” ရီဖူရှင်းက ဦးညွှတ်သည်။

“မင်းက ဓားတောင်ကုန်းကို မလိုက်တော့ဘူးပေါ့ …” အရိပ်ရှန့်ထိုဓားက မေးသည်။

“ကျွန်တော်က အနိုင်ရခဲ့တာမို့လို့ ဓားတောင်ကုန်းမှာ မလေ့ကျင့်တော့ပါဘူး” ရီဖူရှင်းက ပြောသည်။ သူက ဓားတောင်ကုန်းတွင်သာ လေ့ကျင့်နေပါက လီယောင်ကို မည်သို့ သတ်နိုင်တော့မည်နည်း။

“ကောင်းပြီ …” အရိပ်ရှန့်ထိုဓားက ခေါင်းညိတ်သည် … “နန်းမြို့တော်မှာ နေတာကလည်း မင်းတွက် ကောင်းတာပါပဲ။ နောက်မှ တွေ့တာပေါ့”

“နောက်မှ တွေ့တာပေါ့ …” ရီဖူရှင်းကလည်း အရိုအသေပေးသည်။ ထို့နောက် ဓားတောင်ကုန်းမှ တန်ခိုးရှင်များ ထွက်ခွာ သွားခဲ့ကြသည်။

“ရှင်က တကယ်ပဲ သူတို့ကို ငြင်းလိုက်တယ်ပေါ့” လီယူက ရီဖူရှင်းအား မေးသည်။

ရီဖူရှင်းက ပြုံးလျက်ပြောသည် … “သွားရအောင် …” ထိုသို့ပြောကာ သူကလည်း ထွက်ခွာသည်။

တွေ့ဆုံပွဲသို့ တက်လာသူများက တဖြည်းဖြည်း ထွက်ခွာကြပြီ ဖြစ်သည်။ တိဟောက်၏ ဂုဏ်သတင်းကား နေရောင်လရောင်ကဲ့သို့ ထွန်းလင်းလာတော့မည် ဖြစ်သည်။ တစ်ဖက်တွင် သတ္တမဓားသည်လည်း ကျင့်ဝူကို အနိုင်ယူခဲ့၏။ လူအများအပြားက စဉ်းစားတွေးတော နေကြသည်။ နန်းတွင်း အကြံပေးက မည်သူ့ကို တပည့်အဖြစ် ရွေးမည်နည်း။ တိဟောက်ကိုလား … ဒွန်ချန်းကိုလား။ သို့မဟုတ် သတ္တမဓားကိုလား။

***

မျက်လုံးတစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့သည်။ လူအများအပြားမှာလည်း သတင်းများကို နားစွင့်နေခဲ့ကြ၏။

ယနေ့တွင် ရီဖူရှင်းသည် သူ၏အိမ်၌ ငြိမ်သက်စွာ လေ့ကျင့်နေခဲ့သည်။ ယခုတွင် သူ့အတွက် တစ်ခုတည်းသော လုပ်စရာကား ရှန့်ထိုအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။

“သတ္တမဓား ရှိပါသလား” အပြင်မှ အသံတစ်သံကို ကြားကြရသည်။ ရီဖူရှင်းက မျက်လုံးကို ဖွင့်ကာ ပြောသည် … “ဘယ်သူများလဲ”

“အမတ်ကြီးချိန်ရီ အိမ်တော်က လာရောက် လည်ပတ်ပါတယ်” အသံတစ်သံအား ကြားကြရသည်။

“ဝင်လာခဲ့ပါ” ရီဖူရှင်းက ပြောလျှင် လူတစ်စု အိမ်ထဲသို့ ဝင်လာကြသည်။ သူတို့အုပ်စုအား ဦးဆောင်လာသူမှာ အဘိုးအိုတစ်ဦးဖြစ်ပြီး သူက ရီဖူရှင်းအား ဦးညွှတ်လျက်ပြောသည် … “ကျုပ်က သတ္တမဓားရဲ့နာမည်ကို ကြားခဲ့တာ တော်တော်ကြာပါပြီ။ မင်းက တကယ့်ကို လူတွေထဲက နဂါးတစ်ကောင်ပါပဲလား …” သူကား အလွန် ရင်းနှီးဖော်ရွေစွာ ပြောသည်။ သူ့နောက်မှ အစေခံမိန်းကလေး တစ်ယောက်က လက်ဆောင်သေတ္တာ တစ်လုံးအား သယ်လာ၏။ ထိုအရာက ရီဖူရှင်းအတွက် ဖြစ်ဟန်ရသည်။

“အခုလို လာရောက် တွေ့ဆုံတာ ကျုပ်လည်း ဝမ်းသာရပါတယ် … ဒါပေမဲ့ ဘာကြောင့်များ …” ရီဖူရှင်းကလည်း ဦးညွှတ်ကာ ဆိုသည်။ အဘိုးအို၏ဘေးတွင် အလွန်လှသော မိန်းကလေးတစ်ဦး ပါလာသည်။

“ကျုပ်သမီးကလည်း ဓားပညာကို နှစ်သက် သဘောကျတယ်။ သူမက သတ္တမဓားကို တွေ့ချင်တာကြောင့် ကျုပ်ကလည်း အခုလို လာပြီးတော့ အနှောင့်အယှက် ပေးရတာပါ။ မင်းရဲ့ အနိုင်ရလဒ်အတွက် ဂုဏ်ပြုပါတယ်” အဘိုးအိုက ပြုံးလျက်ပြောသည်။ ရီဖူရှင်းက အဘိုးအို၏ဘေးမှ မိန်းကလေးကို ကြည့်လျှင် သူမ၏မျက်နှာပေါ်မှ ရှက်ရွံ့မှု အငွေ့အသက်များအား ခံစားရသည်။

***

All Chapters