ဖျက်စီးခြင်းအလင်း
Vol. 24 Ch. 348
Child of light (ကျန်းကုန်း)
Volume 12: Chapter 23 - Annihilation Light Ray
အလင်းဓာတ်တွေရဲ့ အနွေးဓာတ်က ကျုပ်စိတ်ဝိညာဉ်ကိုတောင် သန့်စင်သွားသလိုပဲ။ ကျုပ်ခြေထောက် အောက်က ရွှေရောင် ဆဋ္ဌဂံနည်းနည်းလှုပ်နေတယ်။ ကြီးလွန်းလှတဲ့ ရွှေရောင်အလင်းတိုင်ကြီး ကောင်းကင်ကို တက်သွားတာနဲ့အမျှ ကျုပ်ပတ်ပတ်လည်မှာလဲ တထိန်ထိန်နဲ့ပေါ့။ တိမ်တွေကို ဖေါက်ပြီး မိုးကုတ်စက်ဝိုင်း ထိအောင် လင်းထိန်သွားတယ်။ အမွှေးရနံ့တမျိုးလဲ မြေပြင်ထဲထိ စိမ့်ဝင်သွားတယ်။ ပြီးတော့ ရွှေရောင် အလင်းတန်းအောက်ကနေ ကမ္ဘာမြေပေါ်ကို မိုးဖွဲဖွဲတွေ ကျလာတယ်။ ခံတပ်ပေါ်နဲ့ ခံတပ်ရှေ့ မီတာ (၅၀၀)အကွာထိအောင် အလင်းတန်းတွေ ဖုံးသွားတယ်။ ပြန်လည်ကုသရေး အလင်းတန်းက ထိတ်လန့် ကြောက်ရွံ့နေတဲ့ လူသားစစ်သည်တော်ကို ငြိမ်သက်သွားစေတယ်။ အလင်းမိုးတွေက သူတို့ ဒဏ်ရာတွေကို ပြန်ကောင်းလာစေပေမယ့် မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကတော့ ခနရပ်သွားတယ်။ ကျုပ် ကြိုးစားမှုနဲ့ ပြန်လည်ကုသရေး အလင်းမန္တန်အောက်မှာ လူသားမျိုးနွယ် ခေါင်းပြန်ထောင်လာနိုင်ခဲ့တယ်။
ရွှေရောင်အလင်းတန်းကြီးထဲမှာ အစိမ်းရောင် မီးလုံးကြီးတွေ ရုတ်တရက် မြင်လိုက်ရတယ်။ အလင်းမိုးဖွဲတွေကျနေတဲ့ ပတ်ဝန်းကျင် အပြင်ဘက်မှက မိစ္ဆာတွေ မီးလုံးစိမ်းစိမ်းကြီးတွေကြောင့် ချက်ချင်းကို သေကုန်ကြတာ။ အာ.. အစိမ်းရောင် မြှားရှည်ရှည်တွေ ကောင်းကင်ကိုတောင် ဖုံးမတတ်ပဲ။ အဲ့ဒါ သဘာဝ နတ်သူငယ်တွေရဲ့ မြှားတွေပဲ။ နောက်ဆုံးတော့ အရေးအကြီးဆုံး အချိန်မှာ သဘာဝ နတ်သူငယ်တွေ ရောက်လာခဲ့ပြီ။
နတ်သူငယ် ဘုရင်ကြီး၊ နတ်သူငယ် အဘိုးကြီးတွေနဲ့ သူ့စစ်သည်တွေကို ဦးဆောင်ပြီး ခံတပ်ထိပ် ပျံသွားကြတယ်။ မြှားစိမ်းစိမ်းတွေနဲ့ အဆက်မပြတ် ပစ်နေကြလေရဲ့။ သူတို့ မြှားတွေကလဲ မိစ္ဆာတွေကို တိတိကျကျ မှန်တာပဲ။ မြှားစိမ်းတွေကြားထဲမျာမှ အဖြူရောင် အလင်းတွေလဲ မြင်နေရတယ်။ အဲ့ဒါ အရင်က ကျုပ်သင်ပေးခဲ့ဖူးတဲ့ အလင်းမှော်ပညာတွေပဲ။
သူတို့ အကူအညီနဲ့ဆို မိစ္ဆာတွေ လျှပ်စီးခံတပ်ထဲ မဖောက်နိုင်တော့တာ သေချာတယ်။ ကျုပ်လဲ ခံတပ်အတွက် စိုးရိမ်စရာမလိုဘဲ ထားသွားလို့ရပြီပေါ့။ သဘာဝ နတ်သူငယ်တွေနဲ့ သွားတွေ့နေဖို့ အချိန်မရှိသေးဘူး။ ကျုပ်လဲ သုံးထားတဲ့အထဲက စွမ်းအား ထက်ဝက်ကျော် ပြန်ရုတ်သိမ်းပြီး ခန္ဓာကိုယ်အနှံ ဖြန့်ထုတ်လိုက်တယ်။ ပြီးတော့ ကောင်းကင်ကို ပျံတက်သွားလိုက်တာပေါ့။ သန့်ရှင်းသောဓားကို ဖုံးထားတဲ့ ငွေရောင်အလင်းနဲ့အတူ မိစ္ဆာဘုရင်ကို တိုက်ခိုက်နေတဲ့ နဂါးဘုရင်နဲ့ ဖီးနစ်တို့ဆီ သွားလိုက်တော့တယ်။
“သန့်ရှင်းသောဓား အလင်းတန်းခုတ်ချက်..”
ကျုပ် ဒေါသတကြီး အော်သံနဲ့အတူ သန့်ရှင်းသောဓားရဲ့ အလင်းတန်း ရုတ်တရက် ပြင်းထန်လာတယ်။ နဂါးဘုရင်နဲ့ ဖီးနစ်တို့ရဲ့ စွမ်းအားတွေနဲ့ ရောထွေးနေတဲ့ မီးခိုးရောင် စွမ်းအားပေါ်ကို အတိအကျ ရောက်သွားတာပေါ့။ မိစ္ဆာဘုရင် ဒေါသတကြီး ညီးတွားသံထွက်လာတယ်။ မီးခိုးရောင် အရှိန်အဝါတွေ တခဏအတွင်း ပြင်းထန်လာတယ်။ ထွက်လာတဲ့ အရှိန်အဝါတွေက ပြင်းထန်လွန်းတော့ မခံနိုင်တော့ဘဲ ကျုပ်နောက်ပြန်ဆုတ်လိုက်ရတယ်။ ရွှေရောင်နဲ့ အနီရောင် အရှိန်အဝါတွေလဲ နောက်ပြန်ဆုတ်လာလိုက်ရတယ်။ (၁)ကီလိုမီတာလောက် လွင့်ထွက်သွားပြီးမှ ကျုပ်တို့တွေ ခန္ဓာကိုယ်တည်ငြိမ်အောင် ထိန်းနိုင်တော့တယ်။ ကျုပ်လဲ မခံနိုင်တော့ပဲ ချောင်းဆိုးပြီး ပါးစပ်ကသွေးအံလိုက်ရတယ်။ ကျုပ်ရင်ထဲက အတွင်းဒဏ် ပိုပြင်းသွားတယ်။ နဂါးဘုရင်နဲ့ ဖီးနစ် ကျုပ်ဘယ်ညာ နှစ်ဖက်မှာ ပျံဝဲနေလေရဲ့။ စောစောက အရမ်းလှတဲ့ မီးတောင်ပံတွေ သိသိသာသာ မှိန်ဖျော့နေပြီ။ နဂါးဘုရင်ရဲ့ ပါးစပ်ကလဲ သွေးတွေ ဆက်တိုက် ထွက်ကျလာတယ်။ စောစောက သူ့ရဲ့၁ တောက်ပမှုတွေတောင် ပျောက်သွားပုံပဲ။ သူတို့လဲ စောစောက တိုက်ပွဲမှာ ဒဏ်ရာ အပြင်းအထန် ရသွားတဲ့ပုံပဲ။
မိစ္ဆာဘုရင် ကျုပ်တို့ရှေ့မှာ ပျံနေတာ။ သူ့ညာဘက် လက်စွပ်နားက အဝတ်အစားတွေ စုတ်ပြဲသွားတော့ ဖြူစင်လွန်းတဲ့ အသားအရေတွေတောင် ပေါ်နေပြီ။ နဂါးဘုရင်နဲ့ ဖိနစ်တို့ရဲ့ ပေါင်းစည်းစွမ်းအား အောက်မှာတောင် ဒဏ်ရာတစ်ခုမှ မရတာတွေ့ရလို့ ကျုပ်လန့်သွားမိတယ်။ သူ့မျက်ဝန်းထဲမှာလဲ ဒေါသတွေ ထင်းနေတဲ့အပြင် ခန္ဓာကိုယ်ကလဲ မရဏ အရှိန်အဝါတွေ ပိုတောင် သိပ်သီးလာသေး။
“နင်တို့တွေ ငါ့ကို ဆန့်ကျင်နေကြတယ်ပေါ့.. မနာစေချင်လို့ ကြည့်နေတာ.. မဟုတ်ရင် အကုန်သတ်ပြီးသွားပြီ.. လူမိုက်.. ငါ့ မိစ္ဆာဘီလူး (၃)ကောင်ကို ရှင်းပစ်နိုင်ရုံနဲ့ မိစ္ဆာမျိုးနွယ်ကို သုတ်သင်နိုင်ပြီ ထင်မနေနဲ့.. ငါ မသေမချင်း ဆန္ဒရှိသလောက် ခေါ်လို့ရတယ်.. အခု ငါ ဒေါသထွက်လာပြီ.. ဘယ်လောက် ပြင်းတယ်ဆိုတာ လက်တွေ့ သိရမယ်.. နင်တို့အားလုံး သေလိုက်ကြတော့..”
ပြောပြီးတာနဲ့ မိစ္ဆာဘုရင် သူ့လက်တွေ ဆန့်ထုတ်လိုက်တယ်။ သူ့ပတ်ဝန်းကျင်က မီးခိုးရောင် အရှိန်အဝါတွေ ဆက်တိုက် လှည့်ပတ်လာတာနဲ့အမျှ ရုတ်တရက် အပြင်းအထန် တုန်လှုပ်သွားတယ်။ ကျုပ်တို့ မြင်ကွင်းတောင် ပိတ်ဆို့သွားသေးတယ်။ ဒါပေမယ့် ဒီလိုမျိုး ထူထဲတဲ့ မီးခိုးရောင် မြူခိုးတွေနဲ့တောင် မိစ္ဆာဘုရင်ရဲ့ မျက်လုံးထဲက ထူးထူးခြားခြား အလင်းတန်းနှစ်ခု တွေ့နေရသေးတယ်။
နဂါးဘုရင်နဲ့ ဖီးနစ်ကို တစ်ချက်ကြည့်လိုက်တယ်။ သူတို့မျက်ဝန်းထဲမှာ ပြတ်သားမှုတွေ မြင်လိုက်ရတော့..
“မိစ္ဆာဘုရင်နဲ့ သူသေ ကိုယ်သေ တိုက်ကြတာပေါ့..”
နဂါးဘုရင် ခေါင်းမော့ပြီး အော်လိုက်တယ်။ သူ့အတောင်ကြီး နှစ်ဖက် ဖြန့်လိုက်တယ်။ ပါးစပ်ထဲက သွေးတစ်လုပ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းတွေ ရုတ်တရက် ပြင်းထန်လာတယ်။ ဘာမှန်းမသိတဲ့ မန္တန်လဲ ရွတ်နေသေးတယ်။ အာ.. အဲ့ဒါ နဂါးဘာသာစကားနဲ့ မန္တန်ပဲဗျ။ အကောင်းဆုံး လုပ်နေတာပဲ။ ရွတ်ပြီးတာနဲ့ နဂါးဘုရင်ရဲ့ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းတွေ ခြုံလွှမ်းသွားတယ်။ သူ့ဆီက ထွက်လာတဲ့ ဖိအားကြီးက ကျုပ်တောင် အရှုကြပ်မတတ်ပဲ။ ဒါ နဂါးဘုရင်ရဲ့ အန္တိမ တိုက်ကွက် ထင်တယ်ဗျ။
နဂါးဘုရင် သူ့မန္တန် စရွတ်တဲ့အချိန်မှာပဲ ဖီးနစ်ရဲ့ မျက်လုံးတွေ အေးစက်သွားတယ်။ ဖီးနစ်ရဲ့ ခန္ဓာကိုယ် ထက်ဝက်လောက် ကျုံ့သွားပြီး ပူလောင်မှုတွေ လေထဲမှာ ထပ်ပေါ်လာတာ ခံစားလိုက်ရတယ်။ သူ့ခန္ဓာကိုယ်ကလဲ တဖြည်းဖြည်းနီရဲလာတယ်။ ကျုပ်ခန္ဓာကိုယ်ကို လာလာရိုက်နေတဲ့ အပူလှိုင်းတွေက ကောင်းကင်ထိ မြင့်လာတယ်။
နဂါးဘုရင်၊ ဖီးနစ်နဲ့ ကျုပ် တြိဂံပုံစံ ထိန်းထားတယ်။ ကျုပ်လဲ သန့်ရှင်းသောဓားကို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်ပြီး..
“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”
ကျုပ်ရွတ်ဆိုသံနဲ့အတူ သန့်ရှင်းသောဓားကနေ မိုးကုတ်စက်ဝိုင်းထိအောင် ငွေရောင်တိုင်လုံးကြီး တစ်ခု ချက်ချင်း ဖန်တီးပြီးသား ဖြစ်သွားတယ်။
“ကောင်းကင်နဲ့ မြေပြင်က မျှော်လင့်ချက်အလင်းရောင် ကျုပ်ကို ကောင်းချီးပေးပါ.. ကြီးမြတ်တဲ့ အလင်းဒြပ်စင်တွေ.. ကျုပ်ရဲ့ ထာဝရ မိတ်ဆွေတွေ.. နောက်ဆုံး မျှော်လင့်ချက်အဖြစ် ပေးလိုက်စမ်းပါ.. အရှေ့အရပ်မှာ ထွန်းညှိထားတဲ့ အလင်းရောင်၊ အနောက်အရပ်က နွေးထွေးတဲ့ အလင်းရောင်၊ တောင်ဘက်က အသက်အလင်းရောင်နဲ့ မြောက်ဘက်က ဖျက်စီးခြင်း အလင်းရောင်တွေ ကောင်းချီးအလင်းရောင်အဖြစ် ပေးစွမ်းကြဖို့နဲ့ မြင့်မြတ်စွမ်းအားတွေနဲ့အတူ ပတ်ဝန်းကျင်က မျှော်လင့်ခြင်း အလင်းရောင် စုစည်းလိုက်ပါတော့.. သန့်ရှင်းသောဓားရဲ့ တောက်ပသော အန္တိမ ဖျက်စီးခြင်း အလင်း ကျုပ်အပေါ် သက်ရောက်နိုင်ပါစေ.. ကမ္ဘာကြီးကို ထာဝရမျှော်လင့်ချက် ပြန်ပေးဖို့ ကျုပ်ရှေ့က အယုတ္တမာသတ္တဝါကို အမြစ်ဖြတ် ဖယ်ရှား ပစ်လိုက်ပါ.. သန့်ရှင်းသောဓားရဲ့ တားမြစ် ဖျက်ဆီးခြင်း အလင်း…”
ရွတ်ပြီးတာနဲ့ ကျုပ်ခန္ဓာကိုယ်ကနေ နတ်ဘုရားစွမ်းအားတွေ သန့်ရှင်းသောဓားထဲကို အဆက်မပြတ် တိုးဝင်လာပြီး ထွက်ပေါက် တွေ့သွားတဲ့ပုံပဲ။ ပတ်ဝန်းကျင်က အလင်းတန်းတွေ မကြုံဖူးတဲ့ အရှိန်နဲ့ ကျုပ်ဆီ အရူးအမူး ရောက်လာကြတယ်။ အလင်းဒြပ်စင်တွေက ကန့်သတ်အရှိန်ကိုတောင် ကျော်သွားတော့ အလင်းတန်းတွေရဲ့အရှိန်နဲ့ ကျုပ်ကျောက အတောင်ပံတွေတောင် ကိုက်ခဲနာကျင်လာသလို ခံစားလိုက်ရတယ်။ သန့်ရှင်းသော ဓားကလဲ အနီ၊ လိမ္မော်၊ အစီမ်း၊ စိမ်းညို့၊ အပြာနဲ့ ခရမ်းရောင် တစ်ခုပြီးတစ်ခု ပြောင်းပြီး နောက်ဆုံး ရွှေရောင် ဖြစ်သွားတယ်။ သန့်ရှင်းသောဓားက ငွေရောင်အလင်းတန်း ကျုပ်ခေါင်းပေါ်မှာ လွင့်ပျံနေသလို ပေါင်းစပ်စွမ်းအားနဲ့ ဓားကြီးကနေ ထူးခြားလွန်းတဲ့ စွမ်းအားကြီးတစ်ခု ဖြစ်လာတယ်။ မိစ္ဆာဘုရင်ရဲ့ ကောင်းကင်နဲ့ မြေပြင်ကို ဖျက်ဆီးပစ်နိုင်တဲ့ မီးခိုးရောင် လေဆင်နှာမောင်းကြီးကို ကြည့်ရင်း အဲ့ကြောက်စရာ စွမ်းအားတွေကို ထိန်းချုပ်ဖို့ ကျုပ်အံကြိတ်ထားလိုက်တော့တယ်။
နဂါးဘုရင်လဲ မန္တန်ပြီးသွားတဲ့ပုံပဲ။ သူ့ ရွှေရောင်မျက်လုံးတွေက ကြီးစိုးလွန်းတဲ့ ရောင်ဝါတွေနဲ့။
“နဂါးတိုက်ပွဲကြီး....”
သူ ဒေါသတကြီး အော်လိုက်တယ်။ ပြင်းထန်လွန်းတဲ့ ရွှေရောင်အလင်းတန်းတွေ သူခန္ဓာကိုယ်ကနေ ထုတ်လွှတ်ပြီး စကားလုံးတွေအတိုင်းပဲ ရွှေရောင်အလင်းတန်းတွေ မမျှော်လင့်ဘဲ သူ့ရှေ့မှာ သူနဲ့ပုံစံတူတစ်ခု ဖြစ်လာတယ်။ ပြီးတော့ နဂါးဘုရင်ရဲ့ ခန္ဓာကိုယ်က အလင်းတန်းတွေ ချက်ခြင်း ပျောက်သွားတယ်။ စောစောက သူ့ရဲ့ ခန်းနားလွန်းတဲ့ အကြေးခွံတွေက စွမ်းအားကုန်သွားတော့ ခပ်မှိုင်းမှိုင်းတွေ ဖြစ်ကုန်ရော။
============= (*^*)=============
အပိုင်း( ၃၄၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား