နတ်ဘုရား ဘုရင်
Vol. 24 Ch. 355
Child of light (ကျန်းကုန်း)
Volume 12: Chapter 30 - God King
နောက်ဆုံးတော့ မိစ္ဆာဘုရင်ရဲ့ ပြဿနာ ဖြေရှင်းပြီးသွားလို့ နတ်ဘုရားဘုရင် ကျုပ်ကို လာကယ်သွားတာ။ ဒါပေမယ့် ဟိုင်ရှင်က ကျုပ်ကြောင့် သေသွားတဲ့အတွက် နည်းနည်းတော့ မပျော်ဘူးဗျာ။ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် မလုပ်နိုင်ဘူးလို့ သူပြောသွားတာလေ။ ဟိုင်ရှင်း ကျုပ်ဘဝထဲ ပြန်လာနိုင်မှာ မဟုတ်တော့ဘူးလို့ ပြောလိုက်တာ မဟုတ်ဘူးလား။ ဘာလို့လဲ။ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ ဟိုင်ရှင်းဆို အရမ်း ကြင်နာတတ်တဲ့ ကောင်မလေးပါ။ ဘာလို့ သူသေရတာလဲလို့။
“ကလေး.. မင်းဒီတာဝန် ပြီးမြောက်ခဲ့ပြီ… အဲ့အတွက် ငါအရမ်းပျော်တာပဲ.. လောလောဆယ် လူသားမျိုးနွယ်ကတော့ မင်းကို သေသွားပြီထင်နေကြတယ်.. ဒါဆိုရင် မင်း ဘာလို့ နတ်ဘုရားမျိုးနွယ်မှာ မနေတာတုန်း.. မင်း မင်းကျားလီရဲ့ ရာထူး အမွေဆက်ခံထားတော့ မင်းလဲ တိုက်ပွဲနတ်ဘုရားတမန်တော် အလင်းနတ်ဘုရားအသစ် ဖြစ်လာမှာပဲ.. ဒီနတ်ဘုရားမျိုးနွယ် နယ်မြေမှာ အဆုံးမဲ့ သက်တမ်း ရလိမ့်မယ်လေ..”
“မလိုချင်ဘူး.. မလိုချင်ဘူး.. ထာဝရအသက် မလိုချင်ဘူး.. လုံးဝမလိုချင်ဘူး..”
နတ်ဘုရားဘုရင် ခန အံ့ဩသွားတဲ့ပုံနဲ့..
“ကလေး.. မင်းသေချာ စဉ်းစားသင့်တယ်.. လူတော်တော်များများ နတ်ဘုရားဖြစ်ဖို့ အိပ်မက်တောင် မနည်း မက်ရတာလေ..”
ကျုပ် ဝမ်းနည်းစွာနဲ့ပဲ..
“မဖြစ်ချင်ဘူး.. ကျုပ် နတ်ဘုရား မဖြစ်ချင်သလို ထာဝရအသက်လဲ မလိုချင်ဘူး.. မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ပဲ နေချင်တယ်.. ခင်ဗျားက နတ်ဘုရားဘုရင်လေ.. ခင်ဗျား ကျုပ်သူငယ်ချင်းတွေကို အသက်ပြန်ရှင်အောင် ကူညီဖို့ နည်းလမ်း တစ်ခုခုမှ မရှိတော့ဘူးလား.. ကျုပ် အဲဒါလေး တစ်ခုပဲ တောင်းဆိုတာပါ.. အဲ့ဒါလေးပဲ ဖြည့်ဆည်းပေးပါ..”
သူ့ သက်ပြင်းချပြီး..
“ကလေး.. မင်းရဲ့ လက်ရှိခံစားချက်တွေကို ငါနားလည်တယ်.. ဒါပေမယ့် အဲ့ဒါ ငါ့မှာစွမ်းအား မရှိဘူးဆိုတာ အစောက ပြောဖူးတယ်လေ.. အဲဒါကလွဲရင် ကျန်တဲ့ တောင်းဆိုသမျှ လိုက်လျောပေးမယ်..”
ကျုပ်လဲ အချိန်တော်တော်ကြီးကြာအောင်ကိုပဲ နတ်ဘုရား လက်နက်တွေကို ကြည့်ရင်း မြေကြီးပေါ် စိတ်ပျက်လက်ပျက် ဒူးထောက်လိုက်တော့တယ်။
“ကလေး.. အဲ့လိုမဖြစ်ပါနဲ့.. ကမ္ဘာကြီးအတွက်၊ မျိုးနွယ်အားလုံးအတွက်ရော ငါတို့ နတ်ဘုရား မျိုးနွယ်အတွက်ရော မင်းရဲ့ ကူညီခဲ့တဲ့ကိစ္စက ကမ္ဘာကြီး (၂)ခုစလုံးရဲ့ ရှင်သန်မှု တိုးသွားစေတာပေါ့.. အမြတ်ရရင် အရှုံးဆိုတာလဲ ရှိတယ်.. မင်းသာ တောင်းဆိုလိုက်စမ်းပါ..”
ကျုပ် အသက်ပြင်းပြင်းရှူပြီး..
“အရှင်မင်းကြီး ကိုယ်တော် နတ်ဘုရားလက်နက်တွေ ပြန်သိမ်းပြီး ကျုပ်ကို လူသားမျိုးနွယ်ဆီ ပြန်ခွင့်ပြုဖို့ပဲ မျှော်လင့်ပါတယ်.. ထာဝရ အသက်ဆိုတာကြီးလဲ မလိုချင်ဘူး.. သာမန် လူသားတစ်ယောက်အဖြစ်နဲ့ပဲ မိသားစုတွေ သူငယ်ချင်းတွေနဲ့ မကြာမကြာ ခရီးထွက်ရင်း နေသွားချင်တယ်..”
“ဘာ.. မင်း ထာဝရသက်တမ်း မလိုချင်ဘူးပေါ့လေ..”
“ထာဝရအသက်ဆိုတာ ကျုပ်အတွက် သိပ်အဓိပ္ပါယ်မရှိဘူး.. ကျုပ်မိသားစုနဲ့ သူငယ်ချင်းတွေအားလုံး ကျုပ်မျက်စိရှေ့မှာ သေသွားရင် ဘယ်လိုစိတ်နဲ့ အသက်ရှင်နေနိုင်အုံးမှာလဲ.. ကျေးဇူးပြုပြီး ကျုပ်ဆန္ဒဖြည့်ဆည်းပေးပါ..”
“ကောင်းပြီလေ.. မင်းစိတ်ပိုင်းဖြတ်ထားပြီးမှတော့ ဖိအားမပေးတော့ပါဘူး.. ကျန်းကုန်း.. မင်းက ငါတို့ နတ်ဘုရား မျိုးနွယ်အတွက် ထာဝရ မိတ်ဆွေ ဖြစ်လိမ့်မယ်..”
အလင်းရောင် တဖျပ်ဖျပ်လက်လာပြီး ကျုပ်တစ်ကိုယ်လုံး ပူပူနွေးနွေးနဲ့ အရမ်းနေလို့ကောင်းတာပဲ။ အလင်းပင်လယ်ပြင်ကြီးထဲမျာ ရေတွေ ချိုးနေရသလိုပဲ။
“ကျန်းကုန်း.. မင်းခန္ဓာကိုယ်ထဲက နတ်ဘုရားလက်နက်တွေ ငါပြန်ရုတ်သိမ်းခဲ့ပြီးပြီ.. ဒါပေမယ့် အလင်းနတ်ဘုရား စွမ်းအားတော့ ထားပေးထားတယ်.. မင်းအသက်စွမ်းအား ပြန်ကောင်းသွားပြီ.. မင်းဆန္ဒရှိသလို လုပ်လို့ရတယ်.. အော်.. မင်းကိုပြောရအုံးမယ်ကွ.. မိစ္ဆာဘုရင် အပိုင်သိမ်းထားတဲ့ ခန္ဓာကိုယ် ပိုင်ရှင် ကောင်မလေးရဲ့ စိတ်ဝိဉာဏ် ပျောက်မသွားသေးဘူး.. နောင် မင်းသူနဲ့ ထပ်တွေ့ရဖို့ အခွင့်အရေး ရှိသေးတယ်..”
ကျုပ် အံ့ဩပြီး တုန်လှုပ်သွားမိတာပေါ့။ သူ့ကို မေးချင်သေးပေမယ့် ကျုပ်ခန္ဓာကိုယ်ကို အလင်းတန်းတွေ တဖျပ်ဖျပ်ဖုံးပြီး မြင်ကွင်းတစ်လုံး ဖြူစင်ဝင်းပ ပျောက်သွားပါလေရော။
............
မိစ္ဆာမျိုးနွယ်ကို ချေမှုန်းပစ်ခဲ့ပေမယ့် လျှပ်စီးခံတပ်တစ်ခုလုံးက ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့ ကျန်းကုန်းဝေ၊ အရွယ်ငယ်ငယ်နဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် စတေးခဲ့တဲ့ အလင်း၏ သားတော်လေးကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြလေရဲ့။
လောင်လွင်တိ မူကျီနှင့် ရှောင်ရို့တို့အား ကြည့်ကာ မျက်ရည်များ ဝဲလာသည်။
“ကလေးတို့ မငိုကြနဲ့.. လူတစ်ယောက် ဖြတ်သွားရင် ပြန်လာနိုင်လိမ့်မယ်.. ကျန်းကုန်းဆိုတာ ငါ့ရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်တဲ့အပြင် ဂုဏ်ယူရဆုံးဆိုလဲ ဟုတ်တယ်.. အားလုံးကို ကယ်တင်ဖို့ သူ့အသက် စတေးခဲ့တဘ်.. သူ့သေဆုံးမှုက နောင်နှစ်ပေါင်းများစွာအထိ တည်နေလိမ့်အုံးမယ်..”
လောင်လွင်တိရဲ့ ဖြေသိမ့်မှုက လူတွေကို မတားနိုင်တဲ့အပြင် ပိုတောင် ငိုခိုင်းနေသလိုပဲ။ ကျန်းကုန်းဝေဆိုတာ သူ့အသက်ကို ထည့်မတွက်ဘဲ မိစ္ဆာဘုရင်ကိုသတ်နိုင်ခဲ့တာ။ သူ့လုပ်ရပ်က လူတိုင်းရဲ့ နှလုံးသားထဲမှာ အရမ်းကို လွှမ်းမိုးလွန်းအားကြီးနေတယ်လေ။
“သတင်းပို့ပါတယ်…”
ဆက်သားတစ်ယောက် စစ်သူကြီး ခန်းမထဲကို အမြန်ပြေးဝင်လာပြီး..
“ကောင်းကင်မှာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပျက်နေတယ်ဆိုတာ သတင်းရပါတယ်..”
လူတွေအားလုံး ထိတ်လန့်သွားပြီး ချွဲစုန့်ကျန်းက..
“ဘာဖြစ်တာလဲ… အမြန်ရှင်းပြစမ်း..”
“ကောင်ကင်မှာ ရောင်စုံတိမ်အကွက်တစ်ခု ရုတ်တရက်ပေါ်လာပြီး ခံတပ် ထိပ်မှာ ရပ်သွားပါတယ်..”
ကျန်းဟူက တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး..
“အပြင်ထွက်ပြီး စစ်ဆေးကြည့်ရအောင်..”
နတ်ဘုရားကာကွယ်ရေးအဖွဲ့ကရော၊ (၃)နိုင်ငံက ဗိုလ်ချုပ်တွေ၊ အမတ်တွေ အားလုံး တပြင်နက်တည်း ထွက်လာခဲ့လိုက်ကြတယ်။ စစ်သည် သတင်းပို့ထားသလိုပါပဲ။ ကောင်းကင်ပေါ်မှာ ရောင်စုံတိမ်တိုက် တစ်ခု ပေါ်လာနေတယ်။ နေရောင်အောက်မှာ ထူးထူးခြားခြားကို ဆွဲဆောင်အား ကောင်းလွန်းနေတာ။
ချွဲစုန့်ကျန်းက..
“စစ်သည်တော်တွေကို တပ်လှန့်ဖို့ အမိန့်ပေးထားလိုက်…”
မိစ္ဆာမျိုးနွယ်ကြောင့် လူတွေအားလုံး အလွယ်တကူ ထိတ်လန့်တတ်လာနေပြီ။
“ကျုပ်တော့ အဲလိုလုပ်ဖို့ မလိုဘူးထင်တယ်.. ဆရာကျန်း ကျုပ်ကို ပြန်မလာစေချင်လို့လား..”
လူအားလုံးနဲ့ မစိမ်းတဲ့ အသံတစ်ခု ကြားလိုက်ရတယ်။ ရောင်စုံတိမ်တိုက်တွေကနေ ရွှေရောင်အလင်းတန်းတွေ လင်းလာပြီး လျှပ်စီးလက်သလိုမျိုး လူတိုင်းရှေ့ ရောက်လာတယ်။
“ကျန်းကုန်း…”
မျက်ရည်တွေအပြည့်နဲ့ လူအုပ်ကြီးတစ်ခုလုံး ပြုံးပျော်သွားကြတော့တယ်။ ကျုပ်လဲ အားရဝမ်းသာ ပြုံးရင်းနဲ့ ..
“အားလုံးကို စိတ်ပူစေမိပြီ… ကျုပ်ပြန်လာပြီ…”
မူကျီနဲ့ ရှောင်ရို့ ကျုပ်ရင်ခွင်ထဲပြေးဝင်လာပြီး မူကျီက..
“နင် ဘယ်တွေလျှောက်သွားတာလဲ.. ငါ့မှာဖြင့် စိတ်ပူလိုက်ရတာ သေလုမတတ်ပဲ..”
ကျုပ် မူကျီဆံနွယ်တွေကို ပွတ်သပ်ပေးပြီး..
“ကောင်မလေး… အရာအားလုံး ပြီးသွားပြီ.. ငါ နတ်ဘုရား မျိုးနွယ်ကို ခန သွားလိုက်တာ.. သနားစရာ အကောင်းဆုံးက.. ဟိုင်ရှင်း…..”
“နတ်ဘုရား နယ်မြေလား….”
လူတွေအကုန်လုံး ဝိုင်းအော်လိုက်ကြတဲ့အသံကြီးက ဟိန်းထွက်သွားပါလေရော။
============= (*^*)=============
အပိုင်း( ၃၅၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား