← Chapters

ခင်ဗျားစကားတွေက အကျုံးမဝင်ဘူး

Vol. 85 Ch. 1181

ခင်ဗျားစကားတွေက အကျုံးမဝင်ဘူး

Vol. 85 Ch. 1181

"အရှင်တောက်ဖန် ကယ်ပါဦး" ဘီလူးကြီးမှာ ကျဆင်းလာသော ဓားပြားကြီးကို စိုက်ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်လာပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

၎င်း အော်လိုက်သောအခိုက်အတန့်တွင် မှော်သင်္ကေတတများမှ အကြွင်းအကျန်အမှုန်များသည် ပြန်စုလာပြီး စောစောက ချပ်၀တ်တန်ဆာ၏ ရင်ဘတ်တွင် ပေါ်လာခဲ့သော မျောက်မျက်နှာ ပြန်ဖြစ်သွားသည်။ ၎င်း၏မျက်လုံးများသည် မန်ဟို့ကို စိုက်ကြည့်နေစဉ် ထူးဆန်းစွာ တောက်ပလျက်ရှိ၏။ ထို့နောက် ၎င်းက ခက်ထန်သော အသံဖြင့် စကားပြောလိုက်သည်။ "မိုးနဲ့‌မြေရဲ့ ဘ၀ပြန်၀င်စားခြင်း။ ငါကိုယ်တော်ရဲ့ အမိန့်တော်အတိုင်း သူ့ကို အသက်ပြန်သွင်းလိုက်လော့”

အသံပဲ့တင်ထပ်နေစဉ်မှာပင် မန်ဟို၏ စစ်လက်နက်က ဘီလူးကြီးအပေါ် ကျဆင်းသွားသည်။ သို့သော် ၎င်းဖျက်ဆီးလိုက်သည်က လည်ပင်းကိုသာမဟုတ်ဘဲ ဘီလူးတစ်ကောင်လုံးကို ဖြစ်၏။ မယုံနိုင်ဖွယ်စွမ်းအားက ၎င်းကို ပိုင်းချလိုက်ပြီး အစိတ်စိတ်အမွှာမွှာ ချေမှုန်းပစ်လိုက်လေသည်။

သို့သော် မျောက်၏အသံကို တုံ့ပြန်သည့်အနေဖြင့် ဘီလူးကြီးမှာ ရုတ်တရက် မိုးနှင့်မြေမှ ဖျက်ဆီးခြင်းမပြုနိုင်သော အသက်စွမ်းအားများဖြင့် တောက်လောင်လာတော့သည်။

၎င်းသည် ပျက်စီးနေသောအခြေအနေမှ မူလအခြေအနေသို့ နောက်ပြန်သွားနေသဖြင့် တဂျိန်းဂျိန်းမြည်သံများအား ကြားရနိုင်သည်။ မန်ဟို၏စစ်လက်နက်မှ ထုတ်လွှတ်လိုက်သောအားမှာ ဘီလူးကြီးကို မဖျက်ဆီးနိုင်သယောင်ပင်။

အသက်စွမ်းအားတို့ ပြည့်တင်းလာသောအခါ ဘီလူးကြီးမှာ ပထမဆုံး ပင့်သက်ရှိုက်လိုက်ပြီးနောက် ၀မ်းသာပျော်ရွှင်လာတော့သည်။ ၎င်းက ဟိန်းဟောက်ရင်း လက်နှစ်ဖက်လုံးဖြင့် လေကို ပင့်မရင်း မန်ဟို့ဆီ ပြေးတက်လာသည်။ မန်ဟိုကမူ ဘီလူးကို လျစ်လျူရှု၍‌ မျောက်ဘက် လှည့်လိုက်၏။

သူက အေးတိအေးစက်ပြောသည်။ "တောင်ပင်လယ်လောကက ခင်ဗျားရဲ့ကောင်းကင်မဟုတ်သလို မင်းရဲ့မြေကြီးလည်း မဟုတ်ဘူး။ ဒီနေရာမှာ ဘဝပြန်၀င်စားခြင်းကို ထိန်းချုပ်လို့မရဘူး။ ဒါကြောင့် ခင်ဗျားစကားတွေက ဒီမှာ အကျုံးမဝင်ဘူး” သူ စကားပြောနေစဉ် သူ၏စစ်လက်နက်သည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော မဟူရာအလင်းကို ဖြန့်ကျက်လိုက်၏။ ဘီလူးကြီးမှာ တုန်ရီသွားပြီးနောက် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။ မန်ဟို့အပေါ် ကျဆင်းလာသော လက်သီးချက်မှာ ယခုတော့ ပြာထက်မပိုတော့ပေ။

ဘီလူးကြီးသေဆုံးသွားသောအခါ မှော်သင်္ကေတမှ ဖြစ်ပေါ်လာသော မျောက်မျက်နှာကြီးသည် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီးနောက်‌ ပျောက်ကွယ်သွားတော့၏။ မန်ဟိုမှာ ယိမ်းယိုင်သွားပြီးနောက် စစ်လက်နက်လည်း ပျောက်ကွယ်သွားကာ ကြေးမုံနှင့် ကြက်တူရွေး ပြန်ပေါ်လာ၏။ ကြက်တူရွေးမှာ အလွန်တရာ ပင်ပန်းနွမ်းနယ်နေပုံရသည်။ ၎င်းက မန်ဟို့ကို စိုက်ကြည့်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲ ပြန်၀င်သွား၏။

မန်ဟို၏ ချပ်၀တ်တန်ဆာနှင့် ခြုံထည်မှာ အသားဂျယ်လီနှင့် သွေးခွေးကြီးအသွင် ပြန်ပြောင်းသွားသည်။ ၎င်းတို့နှစ်ကောင်လုံးမှာ ပင်ပန်းနေပုံရရာ သူက ကပျာကယာ သိုလှောင်အိတ်ထဲ ထည့်လိုက်၏။ သူ့မျက်နှာသည် ဖြူဖျော့နေပြီး ယခုတွင် သူ့မှာ တိုက်ခိုက်ရန် အားလည်း မရှိတော့ပေ။

သူ့တစ်ယောက်တည်းအားဖြင့်ဆိုလျှင် စစ်လက်နက်ကို ကိုင်ဆွဲရန် ခက်ခဲခဲ့လိမ့်မည်။ ထို့ကြောင့် ၀န်အားကို အသားဂျယ်လီနှင့် သွေးခွေးကြီးတို့နှင့်အတူ မျှခံခဲ့ရလေသည်။ ယင်းကဲ့သို့လုပ်ခဲ့၍သာ အစွမ်းထက်ဆုံးအဆင့်ကို ကြာကြာထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာနှင့် ဘီလူးကြီးကို အနိုင်ရရန် အချိန်သိပ်မယူရလိုက်ပေ။ သို့ထိတိုင် မန်ဟို့မှာ ခြေကုန်လက်ပန်း ကျသွား‌ရသေး၏။

ဘီလူးကြီးသေသွားသဖြင့် ပတ်၀န်းကျင်ရှိ‌ မှော်ချိတ်စည်းများ မှေးမှိန်ပျောက်ကွယ်စပြုလာကာ ထွက်ပေါက်ကို ဖော်ပြလိုက်သည်။ မန်ဟိုသည် ကျန်မီးပွားများကို ရယူရန် ကျန်နေရာများသို့ သွားသင့်မသွားသင့် စဉ်းစားနေ၏။ သို့သော် ရုတ်တရက် မြေငလျင်များ လှုပ်တခတ်လာသည်။ နတ်မီးတောက်ကမ္ဘာထဲတွင် တည်ရှိသော ကျန်မြေငါးမြေသည် လေပေါ် မြောက်တက်လာ၏။

မြေများတုန်ခါနေစဉ် ၎င်းတို့ထံမှ အရှိန်အဝါကြီးမားသော ဟိန်းသံများ ပဲ့တင်ထပ်လာသည်။ မန်ဟိုက သူ၏ နတ်ဘုရားအာရုံကို ချက်ချင်းဖြန့်ကျက်ကြည့်လိုက်ရာ တလူလူတက်နေသော အနက်ရောင်မီးခိုးငွေ့တန်းငါးတန်းကို မြင်လိုက်ရသည်။

အနက်ရောင်မီးခိုးငွေ့များက လေပေါ်ထိုးတက်သွားပြီး လျင်မြန်စွာပင် ဧရာမခေါင်းကြီးတစ်ခေါင်းအဖြစ် ပေါင်းစည်းသွားကြသည်။ ထိုခေါင်းကြီးတွင် မျောက်တစ်ကောင်၏မျက်နှာ ရှိ၏။

သူ့စိတ်ထဲတွင် တဝီ၀ီ မြည်နေသော အချက်ပေးခေါင်းလောင်းသံများမှာ စောစောကထက်ပင် ပို၍ ကျယ်လောင်လာသဖြင့် မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ့မှာ ကျန်မြေများသို့ရန် စိတ်ကူးများကို ရုတ်ခြည်း စွန့်လွှတ်လိုက်တော့သည်။ သူ၏ခန္ဓာကိုယ်က ထွက်ပေါက်ထံ ပျံသန်းသွားသော မိုးပြာရောင်သိမ်းငှက်အသွင် ‌ဖြတ်ခနဲ ပြောင်းသွား၏။

သူသည် ကမန်းကတန်း နေရာရွှေ့ပြောင်းရင်း ထွက်ပေါက်အနားတွင် ပေါ်လာ၏။ သို့သော် သူအထဲသို့ ခြေမချနိုင်ခင် အနက်ရောင်မီးခိုးမှဖြစ်ပေါ်လာသော မျောက်က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။

ထိုဟိန်းဟောက်သံက လေထုကို ချက်ချင်း ကြေမွသွားစေ၏။ ၎င်းက နတ်မီးတောက်ကမ္ဘာ၏ မြေခြောက်မြေလုံးတွင် ပဲ့တင်ထပ်သွားရင်း အရာအားလုံးကို တုန်ခါလာစေသည်။

ဖော်ပြမတတ်နိုင်သော ဖျက်ဆီးခြင်းအားက ထိုဟိန်းဟောက်သံထဲတွင် ပြည့်နှက်နေရာ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် ထွက်ပေါက်လည်း တဝုန်းဝုန်း ပြိုကွဲလာသည်။ တစ်ချိန်တည်းမှာပင် မျောက်ကြီးက ပါးစပ်ကြီးဖြဲ၍ မန်ဟို့ကို လှမ်းဟပ်လိုက်၏။

အန္တရာယ်အချက်ပေးခေါင်းလောင်းသံများ ပိုမိုကျယ်လောင်လာပြီး မန်ဟိုက နောက်ထပ်သွေးတစ်လုပ်အန်ပြီးနောက် ပြိုကျနေသော ထွက်ပေါက်ထဲသို့ ၀င်လိုက်သည်။

သို့သော် ၎င်းအပြီးတိုင် ပြိုကျမသွားခင် မန်ဟို့မျက်လုံးများ၌ ရဲတင်းသောအလင်းရောင်လက်သွား၏။ သူသည် အဆုံးသတ်တွင် အရှုံးမပေါ်လိုသည့်အပြင် အခွင့်အရေးဟူသမျှကို အမိအရဖမ်း‌ဆုပ်တတ်သော လူစားမျိုးဖြစ်သည်။ လောလောလတ်လတ် အန္တရာယ်အကြီးအကျယ် ကျရောက်နေသော်လည်း သူက ညာလက်ကို မြှောက်၍ လက်ချောင်းကို‌ သူ့ခေါင်းထက်ရှိ မျောက်မျက်နှာထံသို့ ဝှေ့ယမ်းလိုက်သည်။

"ကံကြွေးအမိန့်စာ ခင်ဗျား ကျုပ်အပေါ် အကြွေးတင်သွားပြီ" သူက ဟိန်းဟောက်လိုက်သည်။ ထို့နောက် ပျောက်ကွယ်သွား၏။

သူ ပျောက်ကွယ်သွားသော အခိုက်အတန့်တွင် ထွက်ပေါက်သည် မြေထုကြီးမှ ဖြစ်ပေါ်လာသော ဧရာမပါးစပ်ကြီး၏ ဝါးစားခြင်းခံလိုက်ရသဖြင့် ကြေမွသွားတော့သည်။

နတ်မီးတောက်ကမ္ဘာ၏အပေါ်ရှိ လေထဲတွင် မျောက်မျက်နှာကြီးမှာ သိမ့်ခနဲ တုန်သွားသည်။ ကံကြွေးမျှင်များက မန်ဟိုနှင့် ဆက်သွယ်မှုကို ဖန်တီးရင်း တစတစ ပေါ်လာသည်။ ဤသည်မှာ အထူးကံကြွေးအမျိုးအစားဖြစ်ပြီး ဖော်ဆောင်ပြီးသည်နှင့် မန်ဟို့ကို လုံလုံလောက်လောက် အကြွေးပြန်မဆပ်လျှင် ၎င်းက အတွင်းနတ်ဆိုးဖြစ်လာနိုင်သည်။

“ခွေးသူတောင်းစား။ မင်းမှာ ဘယ်လိုလုပ် ဒီလိုမှော်အစွမ်းမျိုး ရှိနေတာလဲ။ မင်းတို့အင်မော်တယ်တွေအကုန်လုံး သောက်ရှက်မရှိဘူး” မျက်နှာကြီးက ဒေါကန်နေရာ အရာအားလုံး ပြိုကျလာတော့သည်။ မန်ဟို ချည်နှောင်ခဲ့သော အထူးကံကြွေးမျှင်မှာ အတင်းအကြပ် ဖြတ်တောက်ခံလိုက်ရသဖြင့် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်သွားသည်။ မှန်သည်၊ ထိုဖြတ်တောက်ခြင်းက မန်ဟို့ကိုလည်း သက်ရောက်လိုက်သော တန်ပြန်ရိုက်ခတ်မှုကြီးကို ဖြစ်ပေါ်လာစေသည်။

မန်ဟိုမှာ သွေးအန်ရင်း ဒုတိယအထပ်တွင် ပြန်ပေါ်လာ၏။ ပထမသွေးလုပ်အား အန်၍မဆုံးသေးခင်မှာပင် နောက်သွေးတစ်လုပ်အန်လိုက်ရပြန်ပြီး သုံးလုတ်မြောက်က မည်းညစ်နေသောသွေးများကို ထုတ်ပေးလိုက်သည်။

ထို့နောက်တွင်တော့ သူ့မှာ မူးဝေသွားပြီး တစ်စုံတစ်ယောက်က ကံကြွေးအမိန့်စာကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း သိလိုက်လေသည်။ ထိုကဲ့သို့အရာမျိုးဖြစ်မည်ကို ကြိုမှန်းထားခဲ့ပြီးဖြစ်သလို တန်ပြန်ရိုက်ခတ်မှုကိုလည်း သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် ထိုအခြင်းအရာက သူ့ကို ထိုအတတ်အား သုံးဖို့ မတွေဝေစေခဲ့ပေ။ ယင်းးက မန်ဟိုပင်။ သူ့ကိုယ်သူပင် ရက်စက်တတ်သူဖြစ်လျှင် သူတစ်ပါးအပေါ် မည်မျှရက်စက်တတ်မည် ထင်သနည်း။

တန်ပြန်ရိုက်ခတ်မှုက မျောက်အပေါ် သက်ရောက်သရွေ့ သူလည်း လိုလိုလားလား ခံယူမည်။

ယင်းက သူ၏သတိပေးချက်လည်း ဖြစ်သည်။ ငါ့ကို ရန်မစနဲ့။

ဒုတိယအထပ်ရှိ ရှေးဟောင်းသားရဲကြီးက ထူးဆန်းနေသောအမူအရာဖြင့် မန်ဟို့ကို ကြည့်သည်။ ၎င်းသည် တတိယအထပ်သို့ ဝင်ပေါက်ပြိုကျသွားသည်ကို မြင်လိုက်၍ ဘာဖြစ်ခဲ့သလဲ မေးချင်နေပုံရ၏။ သို့သော် မဝံမရဲဖြစ်နေသည်။ ကြည့်ရသလောက် မှတ်တမ်းတင်ထိုက်သောအဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သယောင်ပင်။ သို့သော် တစ်ခါတရံ မသိခြင်းက သိခြင်းထက် ပိုကောင်း၏။

ထို့ကြောင့် ၎င်းက ဆိတ်ဆိတ်သာနေ၍ မမေးတော့ရန် ရွေးချယ်လိုက်သည်။

မန်ဟိုက သားရဲကြီးကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ဒုတိယအထပ်၏ ဝင်ပေါက်မှ ထွက်၍ မြေအောက်ထဲမှ ထွက်လာတော့သည်။

ဤစွန့်စားခန်းက သူ့ကို ဒဏ်ရာရစေခဲ့သော်လည်း အကျိုးအမြတ်လည်း များခဲ့လေသည်။ သူ၏တစ်ခုတည်းသော နောင်တမှာတော့ မီးပွားခြောက်ခုလုံးမရခဲ့ဘဲ တစ်ခုဖြင့်သာ အဆုံးသတ်ခဲ့ခြင်းဖြစ်၏။

“အင်း အလောကြီးစရာလည်း မလိုပါဘူးလေ” သူက တွေးလိုက်သည်။ “တစ်ရက်ရက် ငါ ပြန်လာရင် .... ကံကြွေးအမိန့်စာ အပြည့်အဝပေါ်လာအောင် လုပ်မယ်” မျောက်မျက်နှာမှာ တောက်ဖန်းဖြစ်နိုင်ကြောင်း မန်ဟို အကြမ်းဖျင်း ကောက်ချက်ချလိုက်မိသည်။

ဟော်ရန်စစ်သည်လည်း တောက်ဖန်က ကောင်းကင်ဘုံ ၃၃ ခု၏အပြင်တွင် စောင့်ကြပ်နေသောပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြခဲ့၏။

“ငါ ကံကြွေးအမိန့်စာကို အပြည့်အဝအခြေတည်သွားအောင် လုပ်နိုင်ရင် ငါ တောင်ပင်လယ်လောကက ထွက်ပြီး ကောင်းကင်ဘုံ ၃၃ ခုလုံးဆီ သွားနိုင်မယ့်အချိန်ကို မစောင့်နိုင်တော့ဘူး။ တောက်ဖန်ရဲ့ ကိုယ်အစစ်နဲ့ တွေ့ရင် သူ ငါ့ကို အရင်ဆုံးအကြွေးပြန်ဆပ်မလား၊ တိုက်ပဲတိုက်ခိုက်မလား မသိဘူး" မန်ဟိုက ညစ်ကျယ်ကျယ်ရယ်ရင်း ဖျတ်ခနဲ လှုပ်ရှားကာ တောင်ပိုင်းဒေသ၏ရှေးဟောင်းတာအိုရေကန်များကို ဝိုင်းထားသည် လွင်ပြင်ထဲတွင် ပြန်ပေါ်လာသည်။

ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက အသက်ပြင်းပြင်းရှူကာ မိုးနှင့်မြေ၏စိတ်ဝိညာဉ်စွမ်းအင်များအား သူ့ဆီ တဝေါဝေါ ပြေးဝင်လာစေသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးနောက် ပြန်ရှူထုတ်သည်။ ဤသို့ဖြင့် စက်ဝန်းတစ်ပတ်ပြည့်သွား၏။ သူ့ထာဝရအလွှာလည်း ကြိုးစားပမ်းစားအလုပ်လုပ်နေပြီး သူက ဆေးလုံးများကိုလည်း ထုတ်စားလိုက်သည်။

သူ့ဒဏ်ရာများ လျင်မြန်စွာ ကျက်နေစဉ် သူသည် တင်ပျဉ်ခွေ၍ တရားစထိုင်၏။ သူ ရောက်နေသောနေရာမှာ မြက်ရိုင်းများနှင့် ပြည့်နေပြီး လူရိပ်သူယောင်ဟူ၍ ကင်းမဲ့နေလေသည်။

ထိုနေရာတွင် နှစ်နာရီခန့်ထိုင်ပြီးနောက် သူ့ဒဏ်ရာကိုးဆယ်ရာခိုင်နှုန်းခန့် ကျက်သွားသည်။ အဆိုးဆုံးဒဏ်ရာများက ဘီလူးနှင့်တိုက်ပွဲကြောင့်မဟုတ်ဘဲ မျောက်မျက်နှာကြီး၏ဟိန်းဟောက်သံကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုဟိန်းဟောက်သံက သူ့ဝိညာဉ်ကို ဒဏ်ရာရစေခဲ့ရုံသာမက မီးပွားအပေါ်တွင်ပင် သက်ရောက်မှုရှိခဲ့သည်။ ကံကောင်းထောက်မစွာနှင့် မန်ဟိုမှာ ချက်ချင်းဆိုသလို ထွက်ပြေးနိုင်ခဲ့၍ ဒဏ်ရာများကား သေရာမပါတော့ပေ။ မဟုတ်လျှင် နောက်ဆက်တွဲအကျိုးဆက်များက ဆိုးရွားလိမ့်မည်။

သူ ဆက်လက်ကုစားနေစဉ် နောက်ဆုံးဆယ်ရာခိုင်နှုန်းသည် နာရီပေါင်းများစွာ ကြာမည်ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ထိုအခိုက်အတန့်တွင် သူက ရုတ်တရက် မျက်လုံးဖွင့်၍ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ကျောက်စိမ်းပြားတစ်ပြား ပျံထွက်လာပြီး သူ ၎င်းအပေါ် ဖိချလိုက်သည့်အခါ ဖန်ရှုတောက်၏အသံက သူ့စိတ်ထဲတွင် ပေါ်လာသည်။

“ပြန်လာတော့။ မင်းအဖေ တာအိုအဆင့်တက်ဖို့ ငါတို့နှစ်ယောက် ဓမ္မအစောင့်လုပ်ပေးမှာကို လာကူဦး”

မန်ဟို့မျက်နှာဝင်းပသွားသည်။ သူ့ဒဏ်ရာများက ထိုမျှအရေးမကြီးပေ။ အမှန်တကယ် အရေးကြီးသည်က သူ့အဖေ တာအိုအဆင့်တက်လှမ်းနိုင်အောင် ကူညီဖို့ ဖြစ်သည်။ သူနှင့်မျိုးနွယ်စုအတွက် ၎င်းသည် အရေးပါဆုံးကိစ္စဖြစ်၏။

အထူးသဖြင့် မိုးတိမ်ဂုရုကြီး တာအိုအဆင့်မဝင်ရောက်နိုင်သည်ကို မြင်တွေ့ပြီးနောက် မန်ဟိုသည် သူ့အဖေအတွက် စိတ်ပူနေခဲ့သည်။ သို့သော် ဖန်ရှုတောက်နှင့် ဖန်ယန်ရှီက ကူညီပေးဖို့ ကမ်းလှမ်းနေသည့်အပြင် သူ့အဖေမှာ ရှေးဟောင်းနယ်ပယ်၏ မဟာစက်ဝန်းအဆင့်သို့လည်း ရောက်ရှိနေခဲ့လေပြီ။ ထိုခြေလှမ်းသည် ... မဖြစ်မနေ လျှောက်လှမ်းရမည့် ခြေလှမ်းဖြစ်နေသည်။

မန်ဟိုက ထရပ်၍ အရှေ့ဘက်နယ်မြေသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ သူအနေဖြင့် တောင်ကောင်းကင်ဂြိုဟ်ပေါ်၌ လုပ်ဆောင်သင့်သမျှအရာအားလုံး လုပ်ဆောင်ပြီးပြီဖြစ်သည်။ သူ့အဖေ၏အခမ်းအနားပြီးသည်နှင့် ထွက်ခွာဖို့ အချိန်ရောက်လာတော့မည်။

“တာအိုနယ်ပယ်ကျင့်ကြံသူတွေဟာ တောင်ကောင်းကင်ဂြိုဟ်ကို ဝင်ရောက်ခွင့်မရှိဘူး... ဒါဆို ဘာလို့ ခေါင်းဆောင်ကြီးရှုတောက်က အဖေ့ကို ဒီမှာ တာအိုအဆင့်တက်ခိုင်းနေရတာလဲ” မန်ဟိုသည် ထိုကိစ္စနှင့်ပတ်သက်၍ သိချင်စိတ်များ ပြင်းပြနေလျက် အရှေ့ဘက်နေမြေသို့ ဆက်သွားနေသည်။ သူ့အတွက် ဖန်မျိုးနွယ်စုခံတပ်သို့ ပြန်ရောက်လာရန် အမွှေးတိုင်တစ်ဝက်ထွန်းစာက ကြာလိုက်၏။

သူ ရောက်လာလာချင်း ဖန်ရှုတောက်၏အသံက အတွင်းထဲမှ ဟိန်းထွက်လာသည်။ “ဟိုအာ ငါတို့ မင်းကို စောင့်နေတာ။ သွားကြစို့” သူက စကားပြောပြီးသည်နှင့် ဖန်ယန်ရှီနှင့်အတူ ဘိုးဘေးစံအိမ်ထဲမှ ထွက်လာသည်။ နောက်ဆုံးမှ ထွက်လာသူကတော့ မန်ဟို့အဖေ၊ ဖန်ရှုံ့ဖုန်းပင်။

ဖန်ရှုံ့ဖုန်းသည် မန်ဟို့ကို ကျေးဇူးတင်စွာ ကြည့်နေပြီး တာအိုအဆင့်သို့ ဝင်ရောက်ရာ၌ ကြုံတွေ့ရမည့် ပြစ်ဒဏ်ကို ကျော်လွှားလိုသော စိတ်လှုပ်ရှားမှုတို့အား မဖုံးကွယ်နိုင်ပေ။ သူသည် မျှော်လင့်ထားသော်လည်း စိုးလည်း စိုးရိမ်နေ၏။

All Chapters