← Chapters

သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်က ဒီလောက်တောင်ပဲလား? ၂

Vol. 44 Ch. 646

သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်က ဒီလောက်တောင်ပဲလား? ၂

Vol. 44 Ch. 646

ဒါကြောင့် ဒီလိုဖြစ်နေတာကိုး။

စမ်းသပ်ချက်တန်ဖိုးအားလုံးကျနေသည်။

အရင် PET-CT ပုံကိုကြည့်တုန်းက လုပ်ဆောင်ချက်၊ နည်းပညာ၊ စက်ပစ္စည်းချို့ယွင်းချက်​ကြောင့်ဟုထင်ခဲ့သည်။ ဒီလိုဖြစ်စရာအကြောင်းမရှိ။

တကယ်ကျုံ့သွားမယ်လို့ ဘယ်ထင်မလဲ?

ဒီကျဆင်းပုံအရ စမ်းသပ်မှုတိုင်းကျုံ့နေမည်။ ဒါဆို တော်ဝင်ပညာရှင်လီကို မခွဲမစိတ်၊ဓာတ်ရောင်ခြည်မပေးဘဲ ကုသနိုင်တယ်ပေါ့။

မခွဲမစိတ်၊ဓာတ်ရောင်ခြည်မပေးဘဲ ဒီလိုဖြစ်တာမယုံနိုင်စရာပင်။

ထန်ရှိုးဝမ်က သွမ့်မုရွေ့ရန်စိတ်လှုပ်ရှားနေပုံကိုကြည့်ရင်း သိချင်စိတ်နှင့်မေးလိုက်သည်_

"ဒေါက်တာသွမ့်မု... တော်ဝင်ပညာရှင်လီရဲ့စမ်းသပ်ချက်မှာ ပြောင်းလဲမှုရှိလို့လား?''

သွမ့်မုရွေ့ရန်ကဘာမှဖုံးကွယ်မထားဘဲ ထန်ရှိုးဝမ်အား စမ်းသပ်ချက်ပေးကာ_

"ဒေါက်တာထန်... ဒီစမ်းသပ်ချက်တွေရဲ့ကိန်းဂဏန်းတွေကိုယှဉ်ကြည့်လိုက်ပါဦး''

ထန်ရှိုးဝမ်က ဇဝေဇဝါနှင့်ကြည့်လိုက်သည်။ ခဏအကြာ သူမမျက်နှာမှာမယုံနိုင်ပုံနှင့်_

"ဒါမျိုးရှိလား?''

လင်းရန်ကကြည့်နေရင်း စမ်းသပ်ချက်ကိုယူပြီး စူးစမ်းလိုက်သည်။ ထို့နောက် သူလည်းအံ့အားသင့်သွားပြီး_

"ဒီအန္တရာယ်ဖြစ်စေတဲ့တန်ဖိုးတွေကျသွားတယ်ဆိုတော့ ကုသမှုကထိရောက်တာပေါ့... တော်ဝင်ပညာရှင်လီက ဘာဆေးသောက်လိုက်တာလဲ ဒါမှမဟုတ် ဘယ်လိုကုသမှုမျိုးကိုခံယူလိုက်တာလဲ?''

"ဆေးမသောက်ဘူး... ကုသမှုမခံယူဘူး''

ထန်ရှိုးဝမ် ခေါင်းခါလိုက်သည်။

“????”

လင်းရန်မယုံနိုင်။ ဆေးမသောက်၊ကုသမှုမရှိဘဲ ဒီတန်ဖိုးတွေက ဘယ်လိုလုပ်ပြီး သူ့ဘာသာကျမှာလဲ?

သို့ရာတွင် ဒီစမ်းသပ်ချက်တန်ဖိုးများသက်သက်နှင့်အတည်မပြုနိုင်သေး။ ကင်ဆာသန္ဓေ၊ ကင်ဆာ antibody၊ သွေးရည်ကြည်နှင့် အစာအိမ်ဟော်မုန်းစမ်းသပ်ချက်များကိုလည်းစောင့်ရဦးမည်။ တစ်ချိန်တည်း ဒီတန်ဖိုးများပါကောင်းလာရင် တော်ဝင်ပညာရှင်လီ၏ပြင်းထန်အကျိတ်က တကယ်တိုးတက်လာကြောင်းသက်သေပြနိုင်မည်။

နောက်တစ်ရက်ကုန်လွန်သွားသည်။

ထန်ရှိုးဝမ်က မနက်အစော ရုံချန်းဆေးရုံကိုဖုန်းဆက်ထားသည်။ နေ့လယ်ပိုင်းတွင် တော်ဝင်ပညာရှင်လီ၏စမ်းသပ်ချက်အားလုံးလက်ခံရသည်။

သူမကချက်ချင်း သွမ့်မုရွေ့ရန်ကိုဖုန်းဆက်လိုက်သည်။ အမြဲစူးစမ်းနေသောလင်းရန်ပါ ရောက်လာသည်။

သွမ့်မုရွေ့ရန်လည်း စမ်းသပ်ချက်ရလျှင် အရင်တစ်ခုနှင့်ချက်ချင်းနှိုင်းယှဉ်ကြည့်သည်။ ရလဒ်များကြောင့် သူတို့သုံးယောက်လုံးဝမ်းသာအားရဖြစ်သွားသည်။

"တကယ်သက်ရောက်မှုရှိတာပဲ''

သွမ့်မုရွေ့ရန် ပြုံးရွှင်နေသည်။

"မခွဲမစိတ်.. ဓာတ်ရောင်ခြည်မပေး.. ပြီးတော့ ဆေးမသောက်ဘဲနဲ့... မယုံနိုင်စရာ''

ထန်ရှိုးဝမ် ရေရွတ်လိုက်သည်_

"ဘာတွေဖြစ်နေလဲ သူဌေးကိုသွားမေးဦးမယ်... ဒါဆေးပြုတ်ရည်နဲ့ဆိုင်ရမယ်''

ထန်ရှိုးဝမ် အခန်းထဲမှခပ်သုတ်သုတ်ထွက်လာရာ သွမ့်မုရွေ့ရန်ကနောက်မှလိုက်လာသည်။ ဘာတွေဖြစ်နေလဲ သူလည်းသိချင်သည်။

တော်ဝင်ပညာရှင်လီတိုးတက်လာတဲ့အကြောင်းရင်းကိုသိမှ တရုတ်သိပ္ပံအကယ်ဒမီကခေါင်းဆောင်များကိုလည်း အစီရင်ခံနိုင်မည်။

ချင်းလင်အပန်းဖြေစံအိမ်တွင်လည်း ချင်လင်၏ရုံးခန်းရှိသည်။ လွန်ခဲ့သောရက်ပိုင်းအတွင်း သူ့ရုံးခန်းကိုနည်းနည်းချင်းရွှေ့ထားသည်။

ကျောက်မိုချင်းအတွက်မူ မတတ်နိုင်။ ဘာပဲဖြစ်ဖြစ် သူမက လက်လွတ်ခွက်ချွတ်မန်နေဂျာဖြစ်သောချင်လင်နှင့်မတူ။ စံအိမ်တွင်အစစအရာရာတာဝန်ခံထားရသောကြောင့် သူမရုံးခန်းကို အပန်းဖြေစံအိမ်ရွှေ့လျှင် အတော်ကသီလိမ့်မည်။

အပန်းဖြေစံအိမ်ရုံးခန်းအပြင်အဆင်က စံအိမ်နှင့်အတူတူပင်။ လက်ဖက်ရည်စားပွဲ၊ ရုံးစားပွဲနှင့် တခြားပရိဘောဂများအားလုံး ရွှေ့လာသည်။ အားလုံးကို သစ်မွှေး၊နံ့သာနီနှင့်လုပ်ထားသည်။

"ဝီရိယရှိသူကို ကောင်းကင်ဘုံကကောင်းချီးပေးသည်''ဟူသောကမ္ဗည်းကိုလည်း ဒီမှာချိတ်ဆွဲထားသည်။

ရုံးခန်းထဲ၌_

ချင်လင်မှာ ကွန်ပျုတာရှေ့ထိုင်ပြီး ပရိဘောဂ၊အပြင်အဆင်များရှာကြည့်နေသည်။

ရုံးခန်းအပြင် ဒါတွေရွှေ့ရဦးမည်။

ရှေ့လျှောက် ရုံချန်းထဲရှိပထမတန်းစားအိမ်မှထွက်ပြီး အပန်းဖြေစံအိမ်မှာနေမည်။

အပန်းဖြေစံအိမ်၏သီးသန့်နေရာက အလွန်ကျယ်ပြီး တစ်ဖက်မှသီးသန့်နေရာကိုဝင်ရန် အထူးကုဒ်နံပါတ်နှိပ်လိုက်ရုံပင်။

ထိုနေရာကို စွန်းမင်က သူလိုချင်သည့်အတိုင်း နှစ်ဆောင်ပြိုင်စံအိမ်အဖြစ်ဒီဇိုင်းလုပ်ထားသောကြောင့် အတွင်းပိုင်းပြင်ဆင်ရန် အကြာကြီးအချိန်ယူရသည်။ ဧည့်ခန်းအရွယ်အစားသက်သက်တင် ရုံချန်းထဲရှိအရင်ပထမတန်းစားအိမ်၏နှစ်ဆခန့်ကျယ်သည်။

ထို့ကြောင့် သူနှင့်ကျောက်မိုချင်းက ပစ္စည်းများကြည့်ပြီး စျေးဝယ်စာရင်းထဲထည့်ထားသည်။ နောက်ဆုံး စာရင်းချုပ်ပြီးပါက အဆင်ပြေရင် အော်ဒါတင်မည်။

ထိုအချိန်_

တံခါးခေါက်သံကြားရသည်။

"ဝင်ခဲ့ပါ!"

ချင်လင် လှမ်းအော်လိုက်သည်။

တံခါးပွင့်လာပြီး ထန်ရှိုးဝမ်နှင့်သွမ့်မုရွေ့ရန်ကခပ်သုတ်သုတ်ဝင်လာသည်။ နောက်တွင် လင်းရန်လိုက်လာ၏။

ချင်လင်က လင်းရန်ကိုကြည့်လိုက်သည်။

ထန်ရှိုးဝမ်က ဒီလူအကြောင်း သူနှင့်ကျောက်မိုချင်းဆီ မနေ့ညကပို့ထားသည်။

"သူဌေးချင်... ခင်ဗျားရဲ့ဆေးစွပ်ပြုတ်ထဲမှာ ဘာတွေပါလဲ? ပြောပြလို့ရမလား?''

သွမ့်မုရွေ့ရန်က ချင်လင်ကိုမြင်မြင်ချင်း မအောင့်နိုင်ဘဲမေးလိုက်သည်။

ထိုအမေးကြောင့် ချင်လင်က အကြောင်းရင်းကိုအကြမ်းဖျင်းခန့်မှန်းမိသည်။

တော်ဝင်ပညာရှင်လီ၏ပုံမှန်ဆေးစစ်ချက်ရပြီမှန်း သူလည်းသိသည်။ အရည်အသွေး ၂ လိပ်နှင့်အရည်အသွေး ၂ ငါးပုတ်သင်ဝါကြောင့်ဖြစ်မည်။

သို့ရာတွင် သူကဟန်လုပ်ပြီး မေးလိုက်သည်_

"ဘာဖြစ်လို့လဲ ဒေါက်တာသွမ့်မု?''

ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေသည်။ ချင်လင်မှာ ဒီလိုသရုပ်ဆောင်အရည်အချင်းကို ခဏခဏအသုံးချခဲ့သောဝါရင့်သရုပ်ဆောင်ဖြစ်လေသည်။

သွမ့်မုရွေ့ရန်က သူတကယ်မသိဟုထင်ပြီး အားတက်သရောရှင်းပြသည်_

"သူဌေးချင်... တော်ဝင်ပညာရှင်လီရဲ့ခန္ဓာကိုယ်စမ်းသပ်ချက်က တိုးတက်လာတယ်... ပြင်းထန်အကျိတ်တန်ဖိုးတွေ နည်းနည်းကျသွားတယ်... မသိသာဘူးဆိုပေမဲ့ တကယ်ပိုကောင်းလာတာ''

"ဒီအပတ်အတွင်း တော်ဝင်ပညာရှင်လီက ခွဲစိတ်တာ ဓာတ်ရောင်ခြည်ပေးတာ ဆေးသောက်တာတွေမရှိဘူး... ဒီတော့ ခင်ဗျားပြင်ဆင်ပေးတဲ့ဆေးစွပ်ပြုတ်နဲ့ပဲဆိုင်လိမ့်မယ်''

"ခင်ဗျားရဲ့ဆေးစွပ်ပြုတ်က တော်ဝင်ပညာရှင်လီကိုကုသနိုင်တာဖြစ်မယ်''

ချင်လင်ကအသေအချာသိသော်လည်း အံ့ဩဟန်ဆောင်ပြီး_

"တကယ်လား? ဒါဆို လိပ်နဲ့ငါးပုတ်သင်ဝါက တကယ်အလုပ်ဖြစ်တယ်ဆိုတဲ့သဘောပေါ့''

"တော်ဝင်ပညာရှင်လီရဲ့အချက်အလက်တွေကြည့်တုန်းက အဲဒီအကြောင်းစဉ်းစားခဲ့တယ်... ဆေးစွပ်ပြုတ်တွေထဲမှာ လိပ်နဲ့ငါးပုတ်သင်ဝါကြီးက ကင်ဆာကိုကာကွယ်နိုင်တယ် ဖိနှိပ်နိုင်တယ်တဲ့... တရုတ်တိုင်းရင်းဆေးမှာ ဆေးစွပ်ပြုတ်က ဒီအာနိသင်ကိုပိုကောင်းစေတယ်''

All Chapters