နေရောင်လိုက်သောသန့်စင်မြက်နှင့်အံ့ဩစရာလေအညွှန်းကိန်း!
Vol. 44 Ch. 654
ထူးခြားမှုကိုခံစားမိသည်မှာ စိုက်ပျိုးရေးဌာနမှဆရာဟွမ်နှင့်ဝန်ထမ်းများတင်မဟုတ်။
ယွီရွှေ့လည်း တစ်ခုခုမှားနေကြောင်းသတိထားမိသည်။
ချင်လင်လည်းခံစားမိသည်။ သန့်စင်မြက်က နေရောင်အောက်အလင်းအစာချက်ပြီး လေသန့်စင်ခြင်း +၂ အာနိသင်ပြနေပြီမှန်း သူသိသည်။
သန့်စင်မြက်အိုးစိုက်ပင်နှင့်ရွှေ့ပြောင်းမြက်များကိုအတူတူထားသောကြောင့် ထိုပေါင်းစပ်အာနိသင်က အလွန်ထိရောက်သည်။ အာနိသင်စပြရုံဖြစ်သော်လည်း ထိရောက်မှုတချို့ရှိသည်။
ဆရာဟွမ်တို့မှာ အံ့ဩနေသော်လည်း ဘေးနားသူဌေးရှိ၍ အလုပ်ကိုသာဦးစားပေးလုပ်နေရသည်။
အပင်များအဆင်ပြေအောင်သေချာလုပ်ပြီးနောက် ဆရာဟွမ်က ရွှေ့ပြောင်းစိုက်ထားသောသန့်စက်မြက်ကို စကြည့်သည်။ ထို့နောက် ရွှေ့ပြောင်းမြက်ကိုအပန်းဖြေစံအိမ်အနှံ့ဖြန့်ရန် သူ့လူများကိုညွှန်ကြားလိုက်သည်။
စံအိမ်ရှိသစ်ပင်ပန်းမန်များရွှေ့ပြောင်းစိုက်ပျိုးရာတွင်ပါဝင်လုပ်ဆောင်ခဲ့သောကြောင့် မူရင်းရှုခင်းကိုမပျက်စီးစေဘဲ မြက်ထားရမည့်နေရာကို သူရွေးချယ်တတ်သည်။
အရင်ဆုံး အားကစားကွင်းပြင်နေရာကိုရွှေ့စိုက်ရမည်။ မူလခွေးသွားစိတ်မြက်ကိုဖယ်ပြီး မြက်ခင်းရွှေ့စိုက်နိုင်သည်။
စိုက်ပျိုးရေးဌာနဝန်ထမ်းများက မြက်ခင်းကိုရွှေ့သွားသောကြောင့် ပတ်ဝန်းကျင်မှလေသန့်စင်မှုကျဆင်းသွားသည်ကို ချင်လင်သေသေချာချာခံစားမိပြန်သည်။
ဒါကလည်း သန့်စင်မြက်၏လေသန့်စင်ပေးခြင်း +၂ အရည်အသွေးက အလွန်ထိရောက်ကြောင်းပြနေခြင်းပင်။
ဒီသန့်စင်မြက်အိုးစိုက်ပင်နှင့်ရွှေ့ပြောင်းမြက်များကို အပန်းဖြေစံအိမ်အနှံ့စိုက်ပြီးပါက နေ့ဘက်နေရောင်ကိုအားပြုပြီး ညဘက်မီးရောင်ကိုအားထား၍ အလင်းအစာချက်နိုင်သည်။ တစ်နေ့ ၂၄ နာရီအလင်းအစာချက်နိုင်ပါက အပန်းဖြေစံအိမ်၏လေသန့်စင်မှုက အံ့ဩစရာအဆင့်အထိမြင့်တက်သွားနိုင်သည်။
တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က အပန်းဖြေစံအိမ်အပြင် လမ်းလျှောက်ထွက်လာသည်။ သန့်စင်မြက်ကိုတွေ့သောအခါ အံ့ဩသွားပြီး_
"သူဌေးချင်... စိမ်းစိမ်းစိုစိုအပင်တွေ ထပ်စိုက်တာလား? ဒီအပင်တွေက အရမ်းလှတာပဲ''
"ဟုတ်ကဲ့... ကျွန်တော်တို့က အချိန်နဲ့အမျှ လိုအပ်တာဖြည့်နေပါတယ်''
ချင်လင်ကပြုံးပြုံးနှင့်ခေါင်းညိမ့်ပြီး သူတို့နှစ်ဦးကိုမေးလိုက်သည်_
"လူကြီးမင်းတို့နှစ်ယောက် လမ်းလျှောက်ထွက်လာတာလား?''
တော်ဝင်ပညာရှင်လီမှာ အရည်အသွေး ၂ ငါးပုတ်သင်နှင့်လိပ်စွပ်ပြုတ်ကိုဆက်တိုက်စားပြီး ညတိုင်းအိပ်ရေးဝသည့်အတွက် သူ့အခြေအနေက ပိုပိုကောင်းလာသည်။
အစာအိမ်ကင်ဆာနည်းနည်းသက်သာလာသည့်အပြင် ဆေးစွပ်ပြုတ်ပင်ကိုယ်ကလည်း ကျန်းမာကြံ့ခိုင်စေခြင်း၊ စိတ်အားအင်ပြည့်ခြင်း၊ သွေးနှင့်ချီဓာတ်အားပြည့်စေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း အရည်အသွေးများရှိသည်။
ဒါတွေကလည်း သူ့ခန္ဓာကိုယ်အတွက် အလွန်အကျိုးပြုသည်။
"မင်းရဲ့ချင်းလင်ဓာတ်ခွဲခန်းကို ပါမောက္ခရန်နဲ့လိုက်ပြီး အားဖြည့်ဆေးရည်အခြေအနေသွားကြည့်မလို့''
တော်ဝင်ပညာရှင်လီလည်း စိတ်ခံစားချက်ကောင်းနေသည်။
ဒီအတောအတွင်း သူ့အစာအိမ်ကင်ဆာသက်သာလာရုံသာမက သူ့စိတ်အခြေအနေနှင့်စိတ်သဘောထားလည်း အတော်တိုးတက်လာသည်။ ဒါဘယ်သူ့ကြောင့်လဲ သူသိသည်။
ထို့ကြောင့် ချင်လင်အပေါ်ပိုပြီး လောကဝတ်ပြုနေသည်။
"သူဌေးချင်... မင်းကိုမနှောင့်ယှက်တော့ပါဘူး''
ပါမောက္ခရန်ကပြောသည်_
"တော်ဝင်ပညာရှင်လီနဲ့ ဓာတ်ခွဲခန်းသွားလိုက်ဦးမယ်''
ဒီမှာအားလာဖြည့်သည်ဆိုသော်လည်း ဝန်ကြီးလုပြောသလို သူ့လုပ်ဖော်ကိုင်ဖက်နှင့်အတူအားဖြည့်ပေးခြင်းဖြစ်သည်။
သူ့လက်ထောက်က ဓာတ်ခွဲခန်းတွင် အားကစားသမား၊စစ်သားအသစ်များနှင့် အားဖြည့်ဆေးရည်ကိုစမ်းသပ်နေဆဲပင်။ ဓာတ်ခွဲခန်းအခြေအနေကို သူအာရုံစိုက်ရဦးမည်။
ဒီနေ့ တော်ဝင်ပညာရှင်လီက အားဖြည့်ဆေးရည်အကြောင်းစိတ်ဝင်စားနေသောကြောင့် သူ့ကိုလိုက်ကြည့်ဖို့ခေါ်ခဲ့သည်။
ယွီရွှေ့နှင့်စိုက်ပျိုးရေးဌာနက အတော်အလုပ်ဖြစ်သည်။
သန့်စင်မြက်အိုးစိုက်ပင်နှင့်ရွှေ့ပြောင်းမြက်များ ပြောင်းရွှေ့စိုက်ပျိုးရာ နေ့ဝက်အတွင်းပြီးစီးသွားသည်။
စိုက်ပျိုးရေးဝန်ထမ်းများက အလုပ်ပြီးလျှင် အပန်းဖြေစံအိမ်မှထွက်သွားကြသည်။
သို့ရာတွင် ယွီရွှေ့နေခဲ့သည်။
အသစ်ရွှေ့ပြောင်းစိုက်ထားသောမြက်ခင်းများ ပြဿနာတစ်စုံတရာရှိမရှိ သူကြည့်ရဦးမည်။ မဟုတ်လို့ သူဌေးပြောစရာဖြစ်ရင် မျက်နှာပျက်စရာ။
သို့သော် ကြည့်ရင်းကြည့်ရင်း ယွီရွှေ့မျက်နှာမှာ အံ့ဩပုံပေါက်လာသည်။
မယုံနိုင်စရာတစ်ခုကို သူတွေ့လိုက်ရသည်။
သန့်စင်မြက်တွေက တစ်ဖက်ကိုယိမ်းနေတာပဲ။
…
ရုံးခန်းထဲ၌_
ချင်လင်၏အာရုံက သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ဆီပြန်ရောက်နေသည်။
သူ့ဂိမ်းဇာတ်ကောင်ကို ရေကန်သတ္တုတွင်းတွင်ဆက်တူးစေသည်။ ကံမကောင်းအကြောင်းမလှသဖြင့် ရေကန်သတ္တုတွင်းသတ္တမတစ်လွှာလုံးတူးပြီးသော်လည်း စိန်တချို့မှလွဲ၍ အသစ်ဘာမှမရချေ။
ရေကန်သတ္တုတွင်းအဋ္ဌမအလွှာရောက်သောအခါ အလောတကြီးတံခါးခေါက်သံကြားလိုက်ရသည်။
ယွီရွှေ့က အံ့ဩနေသောမျက်နှာထားနှင့်ဝင်လာသည်။
"မန်နေဂျာယွီ... ဘာဖြစ်လို့လဲ?''
ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်သည်။
"သူဌေး... ကျွန်တော်နဲ့လိုက်ခဲ့ပါဦး''
ယွီရွှေ့က လောလောလောလောနှင့်_
"ရွှေ့ပြောင်းစိုက်ထားတဲ့မြက်တွေမှာ အရမ်းစိတ်ဝင်စားစရာကောင်းတာတွေ့တယ်''
ချင်လင်က ယွီရွှေ့စကားကြားပြီး သန့်စင်မြက်၏လေသန့်စင်သောအရည်အသွေး +၂ ကို အမှတ်တမဲ့တွေးမိသည်။
ထူးထူးခြားခြားလေသန့်စင်မှုကို ယွီရွှေ့သတိထားမိတာဖြစ်မည်။
ယွီရွှေ့နောက်လိုက်ပြီး ရွှေ့ပြောင်းမြက်ကိုကြည့်မှ ထိုကိစ္စမဟုတ်ဘဲ သန့်စင်မြက်အားလုံးမှာ တစ်ဖက်တည်းယိမ်းနေသည်ကိုတွေ့လိုက်ရသည်။
လေမုန်တိုင်းတိုက်ထားသလိုပင်။
"ဘယ်လိုဖြစ်တာပါလိမ့်?''
ချင်လင်က ဇဝေဇဝါနှင့်မေးသည်_
"ရွှေ့ပြောင်းစိုက်တာ ပြဿနာရှိလို့လား?''
"သူဌေး... မဟုတ်ဘူး... သူတို့က နေဘက်ကိုမျက်နှာမူတာ!''
ယွီရွှေ့ကပြောရင်းဆိုရင်း ဘေးနားမှဘုတ်ပြားယူပြီး နေကာလိုက်သည်။
သို့ရာတွင် ထင်မထားတာဖြစ်လာသည်။ နေကာခံရသောမြက်က စောင်းနေရာမှမြန်မြန်ပြန်တည့်ပြီး ခပ်မတ်မတ်ပုံစံပြန်ဖြစ်သွားသည်။
"အမ်!''
ထိုအခြင်းအရာကြောင့် ချင်လင်နည်းနည်းအံ့ဩသွားသည်။
ထိုအချိန်တွင် ယွီရွှေ့ကဘုတ်ပြားကိုရွှေ့ပြီး ညာဘက်ကိုနေရောင်ပေးလိုက်သည်။ တစ်ခဏချင်း ထောင်မတ်နေသောသန့်စင်မြက်အားလုံး ညာဘက်စောင်းသွားသည်။
ယွီရွှေ့က တစ်ဖက်သို့ဘုတ်ပြားရွှေ့ပြီး ဘယ်ဘက်ကိုနေရောင်ပေးလိုက်ပြန်သည်။ ထိုအခါ သန့်စင်မြက်က ဘယ်ဘက်စောင်းသွားလေသည်။
ချင်လင် လုံးဝအံ့ဩသွားသည်။
ဒီသန့်စင်မြက်က နေကိုမျက်နှာမူတယ်!
နေရောင်ရှိတဲ့ဘက်ကိုယိမ်းတယ်ပေါ့!