မဟာတန် - လောကပါလ
Vol. 85 Ch. 1182
“အဖေ....” မန်ဟိုက ဖန်ရှုံ့ဖုန်းကို ပြန်လှည့်ကြည့်ရင်း ပြောသည်။ သူ့မှာ ကာယကံရှင်ဖန်ရှုံ့ဖုန်းထက်ပင် ပို၍စိတ်ပူနေလေသည်။
"မစိုးရိမ်ပါနဲ့။ ခေါင်းဆောင်ကြီးရှုတောက်နဲ့ ယန်ရှီတို့ ကူညီနေတာတောင် မအောင်မြင်ရင်တော့ အဖေ နှစ်ပေါင်းများစွာကျင့်ကြံခဲ့သမျှအကုန်လုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မှာပေါ့" ဖန်ရှုံ့ဖုန်းက ရယ်နေသော်လည်း သူ၏အမူအရာက လေးနက်သွားသည်။ "အဖေက ကျင့်ကြံသူတစ်ယောက် ... ပြီးတော့ အဖေ့ဘ၀မှာ တာအိုအဆင့်တက်လှမ်းဖို့ အမြဲရှေးရှုထားခဲ့တယ်
"စိတ်ဝိညာဉ်နယ်ပယ်ကနေ အင်မော်တယ်နယ်ပယ်၊ အင်မော်တယ်နယ်ပယ်ကနေ ရှေးဟောင်းနယ်ပယ်၊ ရှေးဟောင်းနယ်ပယ်ကနေ တာအို။ ဝေးဝေးရောက်လာလေလေ အောင်မြင်နိုင်ချေ နည်းလာလေလေ။ ဒါပေမယ့် အန္တရာယ်ကို ရှောင်ကွင်းနေစရာ အကြောင်းပြချက်မရှိသလို အဲ့ဒီနောက်ဆုံးခြေလှမ်းကို မလှမ်းဖို့ ဆင်ခြေလည်း မရှိဘူး။ အဖေက ရှေးဟောင်းနယ်ပယ်မီးအိမ်တွေကို တစ်လုံးပြီးတစ်လုံး ငြှိမ်းရင်း ပြစ်ဒဏ်တွေကို ကျော်လွှားနိုင်ခဲ့ပြီ။ ဒီမဖြစ်စလောက် တာအိုလျှောက်လှမ်းခြင်းပြစ်ဒဏ်က ဘာလုပ်နိုင်မှာတုန်း။ မအောင်မြင်ခဲ့ရင်တော့ ... သားနဲ့သားအစ်မကို ကာကွယ်ပေးဖို့ အနည်းဆုံး နှစ်တစ်ရာကျန်လိမ့်မယ်။ နောင်တဆိုလို့ နှစ်တစ်သိန်း စောင့်ရှောက်ပေးမယ်ဆိုတဲ့ ကတိကို မတည်နိုင်တော့မယ့် နောင်တပဲရှိတယ်" ထို့နောက် ဖန်ရှုံ့ဖုန်း၏ မျက်နှာပေါ်တွင် တာအိုအဆင့်တက်လှမ်းခြင်းနှင့်ပက်သက်၍ စိုးရိမ်နေသောအရိပ်အယောင်အား မမြင်ရတော့ပေ။
သူသည် မိုးတိမ်ဂုရုကြီးကဲ့သို့ တာအိုအဆင့်သို့ မလျှောက်လှမ်းရန် ရွေးချယ်ပိုင်ခွင့်ရှိ၏။ ၏။ သို့ဆိုလျှင် သတိထားသရွေ့ အချိန်ကြာကြာနေနိုင်မည်။ မည်သည့်ပြစ်ဒဏ်မခံရလျှင် အသက်အန္တရာယ်လည်း ရှိမည်မဟုတ်ရာ ပူပန်နေစရာမလိုပေ။
တကယ်တော့ ပြစ်ဒဏ်အပြင် ကျင့်ကြံသူများစွာ ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်၌သာ နေရန် ရွေးချယ်ခဲ့ကြသည့် အဓိကအကြောင်းရင်းများထဲက တစ်ခုမှာတော့ ဘေးကင်းကင်းနှင့် အသက်ရှည်ရှည် နေထိုင်သွားလိုသောဆန္ဒကို မကျော်လွှားနိုင်ကြ၍ဖြစ်သည်။
"အဖေ အောင်မြင်မှာပါ" မန်ဟိုက ပြတ်သားခိုင်မာစွာ ပြောသည်။ ထိုစကားလုံးများမှာ သားတစ်ယောက်၏ အမြင်မှပြောခြင်းမဟုတ်ဘဲ တောင်ပင်လယ်လောက သခင်အလောင်းအလျာ၏အမြင်မှ ပြောလိုက်ခြင်းဖြစ်သည်။
ဖန်ရှုံ့ဖုန်းက ပြုံး၏။ တစ်ချိန်တည်းမှာပင် မန်လီနှင့်ဖန်ယုက စွန်းဟိုက်နှင့်အတူ အောက်မှ ပျံတက်လာကြသည်။ တစ်ဖွဲ့လုံးသည် လေတွင် ပျံဝဲရင်း ဖန်ရှုံ့ဖုန်းကို စိုးရိမ်တကြီး ကြည့်နေကြသည်။
"ကောင်းပါပြီ ကောင်းပါပြီ" ဖန်ရှုံ့ဖုန်းက ဇနီးသည်နှင့် သမီးဖြစ်သူကို နူးညံ့ကြင်နာစွာ ကြည့်၍ ပြောသည်။ "အကုန်လုံး လိုက်လာစရာမလိုပါဘူး။ ဟိုအာတစ်ယောက်နဲ့တင် လုံလောက်ပါတယ်"
မန်လီက ဖန်ရှုံ့ဖုန်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"ကျွန်မ ရှင် ပြန်လာမှာကို စောင့်နေမယ်နော်" သူမက တိုးတိုးလေး ပြောလေသည်။
"အင်း ကိုယ် မင်းတို့အတွက် ပြန်လာပါ့မယ်" ဖန်ရှုံ့ဖုန်းက အားပါးတရရယ်ကာ ပြန်ဖြေသည်။ ထို့နောက် သူသည် လှည့်၍ ဖန်ရှုတောက်၊ ဖန်ယန်ရှီတို့နှင့်အတူ အဝေးသို့ ပျံသန်းသွားတော့၏။
မန်လီက သူမယောက်ျားထွက်သွားသည်ကို ကြည့်ပြီး တုန်ရီနေသောအသံဖြင့် ပြောသည်။ "မန်ဟို သားအဖေကို ဂရုစိုက်နော်။ အမေ သူ့ကို သားလက်ထဲ အပ်ပါတယ်"
"မပူပါနဲ့ အမေရယ်" မန်ဟိုက တည်ကြည်ပြတ်သားမှုအပြည့်ဖြင့် ပြောသည်။ "အဖေ အဆင်ပြေသွားမှာပါ" သူက ဖန်ယုနှင့် စွန်းဟိုက်ကို လှမ်းကြည့်၍ ခေါင်းညိတ်ပြပြီးနောက် ဖန်ရှုံ့ဖုန်းတို့နောက်သို့ လိုက်သွားလေသည်။
"အဖေ" ဖန်ယုမှာ သူမ၏ စိုးရိမ်သောကတို့ကို မထိန်းချုပ်နိုင်တော့ဘဲ နှုတ်ခမ်းကလေး ကိုက်ကာ ရေရွတ်လိုက်သည်။ "တာအိုအဆင့် တက်လှမ်းတာမှာ ကံကောင်းပါစေ။ အဖေအောင်မြင်ဖို့ သမီးဆုတောင်းနေပါ့မယ်"
ရွှင်မြူးတက်ကြွမှုနှင့် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေသည့် ဖန်ရှုံ့ဖုန်း၏ရယ်သံက အဝေးမှ ပဲ့တင်ထပ်လာသည်။
ဖန်ကျင့်ကြံသူလေးယောက်လုံး မဟာတန်တားမြစ်နန်းတော်ရှိရာသို့ ဦးတည်သွားကြလေသည်။
မန်ဟိုသည် တန်နိုင်ငံအစိုးရနှင့်ပက်သက်၍ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ။ သို့သော် အင်ပါယာမြို့တော်တွင် ဧကရာဇ်တန်ကို မြင်ခဲ့ရပြီး ထိုလူ့တွင် သူ့အဖေနည်းတူ နက်နဲသောကျင့်ကြံခြင်းအခြေခံရှိကြောင်း သဘောပေါက်လိုက်သည့်နှစ်ကတည်းက မဟာတန်ကား အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်ဟု သူ ခံစားခဲ့ရလေသည်။
"တန်နိုင်ငံတော်" သူသည် တစတစနီးကပ်လာနေသော မဟာတန်အင်ပါယာမြို့တော်ကို ကြည့်ရင်း ရေရွတ်လိုက်၏။ ထိုနေရာမှာ သေမျိုးများစွာ နေထိုင်ရာနေရာဖြစ်ပြီး တိုးတက်စည်ပင်လေသည်။ နေ၀င်ရီတရော မှောင်ရိပ်ပျိုးလာသော်လည်း ရောင်စုံမီးအိမ်များမှ ဖြန့်ကျက်နေသည့် တောက်တောက်ပပအလင်းရောင်များက လှပသောမြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။ တားမြစ်နန်းတော်မှာတော့ အိပ်ပျော်နေသော ဧရာမသားရဲကြီးတစ်ကောင်နှင့် တူသည်။
ပျံသန်းနေကြစဉ် မန်ဟိုသည် မဟာတန်အင်ပါယာမြို့တော်၏ နန်းတော်ထဲတွင် သူတို့လေးယောက် ချဉ်းကပ်လာသည်ကို ကြည့်ရင်း နဂါးပလ္လင်ထက်၌ အင်ပါယာအ၀တ်အစားများ၀တ်လျက် ထိုင်နေသော အရိပ်တစ်ခုကို မြင်လိုက်၏။
မန်ဟို မဟာတန်အင်ပါယာမြို့တော်ကို အကဲခတ်နေစဉ် ဖန်ရှုတောက်က နူးညံ့ကြင်နာစွာ ပြုံးရင်း သူ့ကို လှမ်းကြည့်ကာ ပြောသည်။ "ဟိုအာ ဒါက ထူးဆန်းတယ်လို့ မင်းထင်သလား"
"ဟုတ်ကဲ့။ ထူးဆန်းနေသလိုပဲ။ ကျွန်တော်တို့ ဘာကြောင့် မဟာတန်ကို သွားနေတာလဲ။ ဒီမှာ ဘာလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲ"
"ဟိုအာ အတိတ်တုန်းက ဖန်မျိုးနွယ်စုဟာ လောကပါလမျိုးနွယ်စုတစ်စုဖြစ်ခဲ့တယ်" ဖန်ရှုတောက်က ဖြည်းဖြည်းချင်း ရှင်းပြသည်။ "ငါတို့ရဲ့ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီးက အဲ့ဒီမျိုးနွယ်စုရဲ့ နောက်ဆုံးသွေးဆက်ပဲ။ နောက်ပိုင်း သူ တည်ထောင်ခဲ့တဲ့ မျိုးနွယ်စုကမှ ငါတို့ ဒီနေ့သိထားတဲ့ ဖန်မျိုးနွယ်စု၊ န၀မတောင်ပင်လယ်ရဲ့ ကိစ္စရေးရာတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍကို တာ၀န်ယူထားတဲ့ ဖန်မျိုးနွယ်စုပဲ" ဤအကြောင်းအရာတစ်ချို့ကို မန်ဟို သိထားပြီးဖြစ်သည့်အပြင် တချို့အရာများမှာ သူ၏လက်ရှိအဆင့်အတန်းကို ထည့်တွက်လျှင် လျှို့ဝှက်မထားသင့်တော့သည့်အရာများ ဖြစ်လေသည်။
"မင်းကို ပြောဖို့ အချိန်ကျလာပြီဖြစ်တဲ့ တခြားကိစ္စတွေရှိသေးတယ်။ မျက်မှောက်ခေတ် ဖန်မျိုးနွယ်စု လောကပါလမျိုးနွယ်စုဖြစ်လာရတဲ့ အကြောင်းအရင်းက မင်း ငါတို့ရဲ့သွေးဆက်ကို နှိုးလိုက်တဲ့အတွက်ကြောင့်မလို့ပဲ။ အဲ့ဒါကြောင့် မင်းက ငါတို့ရဲ့ ထာ၀ရခေါင်းဆောင်ကြီး ဖြစ်လာတယ်။ မင်း အစွမ်းထက်လာလေလေ စိတ်ဆန္ဒနိုးထတာက မြန်လာလေလေပဲ။ အဲ့ဒီနိုးထခြင်းပြီးမြောက်သွားရင် လောကပါလတန်ခိုးက အစွမ်းပိုကြီးမားလာလိမ့်မယ်
"မင်း တာအိုနယ်ပယ်ကို ၀င်ရောက်နိုင်ရင်တော့ ဖန်မျိုးနွယ်စုက အမှန်တကယ် ထွန်းတောက်ကျော်ကြားလာပြီး အရင်ဂုဏ်ကျက်သရေကို ပြန်ဆောင်ကျဉ်းနိုင်လိမ့်မယ်" မျှော်လင့်ချက်တို့က ဖန်ရှုတောက်၏မျက်၀န်းများတွင် လင်းလက်နေသည်။ ဖန်ယန်ရှီသည် ပုံမှန်အားဖြင့် အလွန်တည်ငြိမ်အေးဆေးသူဖြစ်သော်လည်း သူ၏မျက်လုံးများသည်လည်း စိတ်လှုပ်ရှားပြီး မျှော်လင့်နေသောဟန်ပန်ရှိကာ မန်ဟို့ကိုကြည့်နေစဉ် နွေးထွေးမှု၊ ကြင်နာမှုတို့ဖြင့် ပြည့်နေ၏။
"တောင်ပင်လယ်လောကဖန်ဆင်းခြင်းမခံရခင်တုန်းက လောကပါလမျိုးနွယ်စုတွေ အင်မော်တယ်ကမ္ဘာထဲမှာ တည်ရှိခဲ့တာ မင်း သိထားလောက်မှာပေါ့။ ပါရာဂွန်အင်မော်တယ်လောကမှာ လောကပါလမျိုးနွယ်စုတွေက မျိုးနွယ်စုတွေအားလုံးထဲမှာ အခမ်းနားဆုံး၊ အမြင့်မြတ်ဆုံးပဲ။ ပါရာဂွန်တွေတောင်မှ သူတို့ကို လေးလေးစားစား ဆက်ဆံကြရတယ်
"အဲ့ဒီလိုပဲ ဖန်မျိုးနွယ်စုက တစ်စုတည်းရှိတဲ့ လောကပါလမျိုးနွယ်စုမဟုတ်ဘူး။ စုစုပေါင်းကိုးစု ရှိတယ်" ဖန်ရှုတောက်က ဖြည်းညင်းစွာ ဆက်ရှင်းပြသည်။
"အင်း ... စစ်ပွဲကြီးအတွင်းမှာ လောကပါလမျိုးနွယ်စုကိုးစု ပြိုကွဲသွားပြီး မျိုးနွယ်၀င်တွေ မရေမတွက်နိုင်အောင် သတ်ဖြတ်ခံခဲ့ရတယ်။ ဥပမာပြောရရင် ဖန်မျိုးနွယ်စုတစ်စုလုံး အဲ့ဒီစစ်ပွဲမှာ သုတ်သင်ခံခဲ့ရတယ်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ သွေးဆက်ဖြစ်တဲ့ ငါတို့ရဲ့ပထမဆုံးခေါင်းဆောင်ကြီး ဒီနေရာ တောင်ပင်လယ်လောကမှာ ပေါ်လာဖို့ နှစ်တွေအများကြီးကြာခဲ့ရတာ
"ဒီနေ့ခေတ်မှာတော့ အဲ့ဒီမျိုးနွယ်စုကိုးစုရဲ့ မျိုးဆက်သစ်တွေဟာ တောင်ပင်လယ်လောကအနှံ့အပြားမှာ ဟိုတစ်ယောက် ဒီတစ်ယောက် ကွဲနေကြတယ်။ တချို့ကိုတော့ ငါတို့ဖန်မျိုးနွယ်စုလို ပြန်စုစည်းပြီး ပြန်တည်ထောင်လို့ရတယ်။ တချို့ကတော့ သမိုင်းကြောင်းကနေ ပျောက်ကွယ်သွားခဲ့ပြီ
"မင်း သိသင့်တာက ဖန်မျိုးနွယ်စုဟာ တောင်ပင်လယ်လောကမှာ တစ်ခုတည်းသော လောကပါလမျိုးနွယ်စုမဟုတ်ဘူးဆိုတာပဲ။ နောက်တစ်စုရှိသေးတယ်။ အဲ့ဒါက အခု ဒီနေရာမှာ။ အဲ့ဒီမျိုးနွယ်စုက မဟာတန်လို့ခေါ်တယ်" ဤအခိုက်အတန့်တွင် မန်ဟို့နှလုံးသားသည် ဒိန်းခနဲ ခုန်သွား၏။
ဖန်ရှုံ့ဖုန်းကတော့ အံ့ဩပုံမရပေ။ သူသည် မကြာသေးမီက ဖန်ရှုတောက်နှင့်အတူ ဆွေးနွေးခဲ့၍ လောကပါမျိုးနွယ်စုများအကြောင်းသိခဲ့ရ၏။ ထိုမျှသာမက တောင်ကောင်းကင်ဂြိုလ်ကို စောင့်ရှောက်နေခဲ့သည့်အတွက်ကြောင့် သူလည်း မဟာတန်ကို နားလည်သည်။
"တန်နိုင်ငံက မဟာတန်က တကယ်တော့ လီမျိုးနွယ်စုပဲ။ တောင်ပင်လယ်လောကမှာ လောလောဆယ် တည်ရှိနေတဲ့ လီမျိုးနွယ်စုနဲ့ မတူဘူး
"တကယ်တော့ လောကပါလမျိုးနွယ်စုကိုးစုထဲမှာ သူတို့က မပျက်မပြားဘဲ ကျန်ခဲ့တဲ့ မျိုးနွယ်စုလို့ ပြောလို့ရတယ်။ စစ်ပွဲပြီးသွားလို့ တောင်ပင်လယ်လောကဖန်ဆင်းခံခဲ့ရတဲ့ အချိန်မှာ သူတို့မျိုးနွယ်စုက အကောင်းပကတိအတိုင်း ရှိခဲ့သေးတယ်။ အဲဒါက ဘာကြောင့်လဲဆိုရင် အထူးတာ၀န်တစ်ရပ် ပေးအပ်ခံထားရလို့ပဲ။ တာဝန်ကတော့ တောင်ပင်လယ်လောကကို လောကပါလမျိုးနွယ်စုအင်အားနဲ့ ကာကွယ်ပေးဖို့
“ဒါပေမဲ့ တောင်ပင်လယ်လောကတည်ထောင်စနေ့ရက်တွေမှာတောင်မှ စစ်ပွဲက ဆက်ဖြစ်ပွားနေတာ။ အဆုံးသတ်စစ်ပွဲမှာ အကွဲကြောင်းတစ်ကြောင်းက တောင်ပင်လယ်လောကကို ဖျက်စီးရင်း ပွင့်လာတယ်။ အဲ့ဒီအကွဲကြောင်းသာ ပိုပွင့်လာခဲ့မယ်ဆိုရင် တောင်ပင်လယ်လောကက အပြီးတိုင်ပျက်သုဉ်းရတော့မယ်
"အဲ့ဒီလိုကျဉ်းထဲကြပ်ထဲအခြေအနေရောက်လာတော့ လောကပါလမျိုးနွယ်လီမျိုးနွယ်စုက မျိုးနွယ်သွေးကို စတေးဖို့ ရွေးချယ်ခဲ့တယ်။ ယောက်ျားမိန်းမလူကြီးလူငယ်မရွေး မျိုးနွယ်စုရဲ့ မျိုးနွယ်၀င်တိုင်းဟာ တံခါးတစ်ချပ်ကို ဖန်တီးဖို့ သူတို့ကိုယ်သူတို့ စတေးခဲ့ကြတယ်။ အဲ့ဒီတံခါးက အပြင်လောကရဲ့အင်အားစုတွေ ၀င်မလာနိုင်အောင် အကွဲကြောင်းကို ပိတ်ပေးနိုင်ခဲ့တယ်။ အဲဒါနဲ့ နှစ်ပေါင်းထောင်ချီကြာခဲ့တဲ့ စစ်ပွဲက ပြီးဆုံးသွားခဲ့တာပဲ
"အခု အဲဒီအကွဲကြောင်းက တောင်ပင်လယ်လောက တောင်ကောင်းကင်ဂြိုဟ်ရဲ့နောက်မှာ တည်ရှိနေတယ်
"အဲ့ဒီအချိန်ကစပြီး တောင်ကောင်းကင်ဂြိုဟ်ဟာ တောင်ပင်လယ်လောကမှာ အင်မတန် ထူးခြားတဲ့ ဂြိုဟ်တစ်ဂြိုဟ် ဖြစ်လာခဲ့တယ်။ ဂြိုဟ်ကို တောင်ကောင်းကင်တံခါးလို့လည်း ခေါ်လာကြတယ်
"အဲ့ဒီကစပြီး တောင်ကောင်းကင်ဂြိုဟ်မှာ မဟာတန်လို့ခေါ်တဲ့ အင်ပါယာအသစ် ဖြစ်တည်လာခဲ့တာပေါ့။ လီမျိုးနွယ်စုတစ်စုလုံးက မျိုးဆက်မပြတ်သွားဖို့နဲ့ အပြင်လောကဝင်မလာနိုင်အောင် တားဖို့ မျိုးနွယ်ဝင်တစ်ယောက်တည်းကိုပဲ ချန်ရစ်ခဲ့ရင်း တောင်ပင်လယ်လောကကို ကာကွယ်ဖို့အတွက် သူတို့ကိုယ်သူတို့ စတေးခဲ့ကြတယ်။ အဲ့ဒါက သူတို့ မျိုးနွယ်စုရဲ့ တာ၀န်ပဲ။ တစ်ယောက်တည်း ကျန်ခဲ့ရရင်တောင်မှ အဲ့ဒီတာ၀န်ကို ထမ်းဆောင်နေရမှာ။ အဲ့ဒါနဲ့ ... ဒီနေ့ထိ ရောက်လာခဲ့တာပဲ" ဖန်ရှုတောက်သည် ဤအကြောင်းအရာအကုန်လုံးကို ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ကိုယ်ပွားဆီသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း သိခဲ့ရခြင်းဖြစ်သည်။
"မင်းအဖေက တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်တယ်။ လီမျိုးနွယ်စုက တောင်ကောင်းကင်တံခါးကို စောင့်ရှောက်တယ်
"အဲဒီထူးခြားတဲ့သဘာ၀ကြောင့်ပဲ တာအိုနယ်ပယ်ပညာရှင်တွေဟာ တောင်ကောင်းကင်ဂြိုဟ်ကို ၀င်လို့မရခဲ့ဘူး။ ကျင့်ကြံခြင်းအခြေခံကို ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်အထိ ဖိနှိပ်ထားမှပဲ ၀င်နိုင်တယ်။ မဟုတ်ရင် .... တောင်ကောင်းကင်ဂြိုဟ်က ငါတို့ကို ရန်သူအဖြစ် မြင်သွားပြီး သုတ်သင်လိမ့်မယ်
"ဒါပေမဲ့ တာအိုနယ်ပယ်ပညာရှင်တွေ ဒီနေရာမှာ ရှိနေဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ တာအိုနယ်ပယ်ပညာရှင်တစ်ယောက် ဒီနေရာမှာ ရှိနိုင်ဖို့အတွက်ဆို အဲ့ဒီလူက တောင်ကောင်းကင်ဂြိုဟ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိရမယ်။ ဒါ့အပြင် အဲ့ဒီလိုဖြစ်အောင် လုပ်ပေးနိုင်တဲ့ တစ်ယောက်တည်းသောလူက .... မဟာတန်၊ လီမျိုးနွယ်စုပဲ"
မန်ဟိုသည် ဖြစ်ကြောင်းကုန်စင်ကို ကြားသောအခါ စိတ်နှလုံးတုန်လှုပ်သွား၏။ သူ့အနေဖြင့် လျှို့ဝှက်ချက်များစွာကို သိထားပြီးဖြစ်သော်လည်း အတော်များများက သူတစ်ပါးမှ ပြောခဲ့ဖူးသည့်အရာများဖြစ်၍ ကိုယ်တိုင်ကိုယ်ကျ နားမလည်ခဲ့ပေ။ ထို့ကြောင့် သူ၏နားလည်မှုမှာ မပြည့်စုံခဲ့။ ဥပမာအားဖြင့် တန်နိုင်ငံ၊ မဟာတန်၏အကြောင်းနှင့်ပတ်သက်ပြီး ဘာဆိုဘာမှ မသိခဲ့ရပေ။
လောကပါလမျိုးနွယ်စုတစ်စုပြီးတစ်စု သုတ်သင်ခံနေရသည့်အချိန် တာဝန်မှမပျက်ကွက်ဖို့ စစ်ပွဲထဲ မပါရဘဲ ရပ်သာကြည့်နေခဲ့ရသည့်အဖြစ်က လီမျိုးနွယ်အတွက် မည်မျှခံစားခဲ့ရမည်ကို သူ့အနေဖြင့် စိတ်ကူးသာ ကြည့်နိုင်သည်။ သူတို့သည် ဝမ်းနည်းကြေကွဲခဲ့ရ၍ တစ်ချိန်တည်းမှာပင် တာဝန်ကျေဖို့ စိတ်ပိုင်းဖြတ်သန္ဒိဌာန်ချထားကြလိမ့်မည်။
အကွဲကြောင်း တောင်ပင်လယ်လောကတွင် ပွင့်လာသောအခါ တောင်ကောင်းကင်တံခါးကို ဖန်တီးဖို့ မျိုးနွယ်စုတစ်စုလုံး၏သွေးကို စတေးဖို့ သူတို့ မတွန့်ဆုတ်ခဲ့ကြပေ။ သူတို့သည် အကွဲကြောင်းကို ဖာထေးကာ သူတို့မျိုးနွယ်စု၏တာဝန်ကို ကျေပွန်ခဲ့သည်။ မည်မျှသူရဲကောင်းဆန်သောစတေးမှုနည်း။
ထိုနှစ်တုန်းက ဧကရာဇ်နှင့်ဆုံခဲ့စဉ်က ထိုလူ၏ဘုန်းတန်ခိုးထဲတွင် အဖော်မဲ့အထီးကျန်နေမှုကို မည်သည့်အတွက်ကြောင့် သူ ခံစားခဲ့ရသလဲ မန်ဟို ယခု နားလည်လိုက်လေပြီ။ ဧကရာဇ်သည် သွေးဆက်တစ်ဆက်လုံးတွင် တစ်ယောက်တည်း ရှင်ကျန်ခဲ့သူဖြစ်၏။ သူတို့၏စတေးမှုက သူ့အတွက်တော့ ကျိန်စာနှင့်တူသည်။ သူ့အရှေ့တွင် သူ့လိုမျိုးဆက်များ၊ တန်နိုင်ငံတော်၏ ဧကရာဇ်များအားလုံးသည် သူတို့၏မူလတာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ခဲ့ကြ၏။ ထာဝစဉ်တစ်လျှောက်လုံး သူတို့က တောင်ကောင်းကင်တံခါးကို စောင့်ကြပ်ခြင်းဖြင့် တောင်ပင်လယ်လောကကို ကာကွယ်ပေးနေမည်ဖြစ်သည်။
မန်ဟိုသည် သူ့အဖေ၊ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့နောက်မှ လိုက်နေစဉ် သူ့မျက်လုံးများတွင် လေးစားမှုတို့ ပြည့်နေ၏။ သူတို့သည် မဟာတန်အင်ပါယာမြို့တော်နှင့် တားမြစ်နန်းတော်ဆီသို့ ပျံသန်းသွားကြ၏။ နေဝင်တော့မည်ဖြစ်ပြီး ရုတ်တရက် မန်ဟိုသည် တာအိုနယ်ပယ်ကျင့်ကြံသူများ တောင်ကောင်းကင်ဂြိုဟ်သို့ မဝင်ရောက်နိုင်ကြောင်း ဖန်ရှုတောက်ပြောခဲ့သည်ကို ပြန်တွေးမိလိုက်၏။ ထို့နောက် သူ တိုက်ခိုက်ခဲ့သော ဘီလူးကြီးနှင့် မျောက်မျက်နှာကိုလည်း တွေးလိုက်မိသည်။
“အသိအမှတ်ပြုမှုမရရင် တာအိုနယ်ပယ်က သုတ်သင်ခံရမှာတဲ့လား” မန်ဟိုက ကောက်ကာငင်ကာ မေးလိုက်သည်။
“အေး ခြွင်းချက်မရှိဘူး" ဖန်ရှုတောက်က ပြန်ဖြေသည်။
မန်ဟို့စိတ်နှလုံး တုန်ရီသွားပြီး အသက်ရှူသံများ လေးလံလာသည်။ ဧရာမလှိုင်းတံပိုးကြီးများနှင့်အတူ သံသယများက သူ့ကို လွှမ်းမိုးသွားသည်။ သူပြောနိုင်သလောက် ဖြစ်နိုင်သောအဖြေသုံးခုသာ ရှိသည်။
ပထမအဖြေ.... ဘီလူးကြီးနှင့်မျောက်တို့နှစ်ယောက်လုံး လီမျိုးနွယ်စု၏ အသိအမှတ်ပြုခံထားရသည်။ သို့သော် ထိုအရာက မဖြစ်နိုင်ကြောင်း ထင်ရှားသည်။
ဒုတိယအဖြေ .... နတ်မီးတောက်ကမ္ဘာက တစ်နည်းနည်းနှင့် ထူးခြားနေ၍ဖြစ်မည်။
တတိယအဖြေ ... ၎င်းက မန်ဟို့ကို ပို၍ပင် တုန်လှုပ်မိစေသည့်ဖြစ်နိုင်ခြေပင်။ ဘီလူးကြီးနှင့်မျောက်သည် တာအိုနယ်ပယ်အဆင့်ရောက်နေပုံပေါက်သော်လည်း နတ်မီးတောက်ကမ္ဘာထဲရှိ သူတို့၏အသွင်အပြင်က ... တကယ်တမ်း တာအိုနယ်ပယ်တွင် မဟုတ်ခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။
ဥပမာ မန်ဟိုသည် တာအိုနယ်ပယ်မရောက်သေးသည့်တိုင် လက်ရှိအချိန်တွင် အနှစ်သာရ ၂ ခု တာအိုနယ်ပယ်ပညာရှင်များကို သတ်ဖြတ်နိုင်၏။ တာအိုနယ်ပယ်မရောက်သေး၍ တောင်ကောင်းကင်ဂြိုဟ်က သူ့ကို မသုတ်သင်ခဲ့ပေ။
တတိယအဖြေမှာ ယုတ္တိမရှိသော်လည်း ၎င်းက အဖြစ်နိုင်ဆုံးဟု မန်ဟို မသုံးသပ်မိဘဲ မနေပေ။