စွန်းမန်လုံ
Vol. 95 Ch. 1411
“ ဒါ နည်းနည်းတော့ ပိုသွားပြီ…”
လေယာဉ်မယ်လေးမှာ အခက်တွေ့နေပုံ ပေါက်နေသည်။
“ ဘယ်သူလဲဆိုတာ ကျွန်မတို့လည်း တကယ်ကြီး မသိတာ… ထိန်းချုပ်တဲ့ တာဝါက အဲ့လိုမျိုး ပြောလိုက်တာပဲ … ပြီးတော့ ကပ္ပတိန်တောင် သူတို့နဲ့ ငြင်းခုန်ခဲ့သေးတယ်.. ဒါပေမယ့် အချည်းနှီးပဲ… တော်တော်လေး ခက်တယ်…”
လင်းရီ ထရပ်လိုက်ပြီး လီစီကျင်းကို ကြည့်လိုက်သည်။
“ မင်းတို့ ဒီမှာ အရင်နေနှင့်ဦး.. ငါသွားပြီး ဘာဖြစ်လဲ ခဏ သွားကြည့်လိုက်ဦးမယ်…”
လေယာဉ်မယ်ကနေ ဖိတ်ခေါ်သည့် လက်ဟန်ပြုလိုက်ပြီး လင်းရီနှင့်အတူ ပိုင်းလော့ခန်းထဲသို့ ဦးတည်လာခဲ့လိုက်သည်။
“ ဥက္ကဌလင်း…”
လင်းရီ ဝင်လာသည်ကိုမြင်တော့ ကပ္ပတိန်နှစ်ဦးက ခေါင်းညိမ့် နှုတ်ဆက်လိုက်သည်။
“ ထိန်းချုပ်စခန်းက ဘာဖြစ်နေတာလဲ… ငါတို့ကို ဘယ်သူ့အတွက် လမ်းဖယ်ပေးခိုင်းနေတာလဲတဲ့..”
“ ဘယ်သူမှန်း ငါတို့လည်း မသိဘူး… ဒါပေမယ့် သူတို့က အစိုးရလူတွေလို့တော့ မထင်ဘူး… အစိုးရလူတွေဆိုရင် လေကြောင်း ထိန်းချုပ်ရေးစခန်းကို ကြိုတင် အကြောင်းထားပြီးလောက်ပြီ… ဒီလိုမျိုး နောက်ဆုံးမိနစ်မှ အသိပေးမှာ မဟုတ်ဘူး…”
“ ခင်များတို့ အခု တာဝါကို ဆက်သွယ်လို့ရလား…”
“ ဒါပေါ့.. ရတာပေါ့…”
“ ကျွန်တော့်အတွက် တစ်ချက် လုပ်ပေးပါဦး…”
“ အိုကေ…”
ကပ္ပတိန်က ရေဒီယိုကနေ တဆင့် လှမ်းပြောလိုက်၏။
“ ပင်းချိန် တာဝါ… Gulfstream G650 ပြောနေပါတယ်…”
“ Gulfstream G650 … ကျေးဇူးပြုပြီး ပြောပါ…”
“ Gulfstream G650 … ဆယ်မိနစ် အတွင်း ဆင်းသက်ဖို့ တောင်းဆိုပါတယ်…”
“ ခုနတုန်းက ဒီကိစ္စ ပြောထားပြီးပြီ မဟုတ်ဘူးလား… မင်းတို့ ဆင်းသက်မယ့် အချိန်ကို တစ်နာရီ ရွေ့ဆိုင်းထားလို့ … ဘာလို့ ခု ပြန်ပြီး လာပြောနေရတာလဲ…” တာဝါရှိ လူများက စိတ်မရှည် ဖြစ်နေကြပြီး ဖြစ်သည်။
ကပ္ပတိန် စကားပြန်ပြောသည်ကို စောင့်မနေဘဲ လင်းရီကနေ နေရာလု၍ “ အားလုံးက အရင်လာရင် အရင်ရမှာပဲ… ခုနတုန်းကပဲ ငါတို့ ဆင်းသက်ဖို့ကို သဘောတူထားတယ်… ခုကျတော့ မင်းတို့က နောက်တစ်နာရီ ရွေ့ဆိုင်းဖို့ ပြောနေပြန်ပြီ… မင်းတို့ လုပ်နေတာတွေက မဟုတ်သေးဘူးနော်…”
ထိန်းချုပ်ရေး တာဝါလည်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။ အခြား တစ်ယောက်က ယခုလို ပြောလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ ထင်မှတ်မထားတာ တစ်ခုခု ဖြစ်သွားခဲ့တယ်… ကျေးဇူးပြုပြီး နားလည်ပေးပါ… “ ထိန်းချုပ်တာဝါက ပြောလိုက်ပြီး “ ဒါပေမယ့် အရမ်းကြီးတော့ မကြာပါဘူး.. ဘယ်လိုပဲ ဖြစ်ဖြစ် မဆင်းသက်ခင် ခဏစောင့်နေပေးပါ…”
“ ငါ နားလည်း မလည်ဘူး… စောင့်လည်း မစောင့်ပေးနိုင်ဘူး… “ လင်းရီ ပြောလိုက်ပြီး “ ဆယ်မိနစ်အတွင်း ငါတို့ စီစဉ်ထားတဲ့အတိုင်း ဆင်းသက်မယ်.. မင်းတို့ဘက်ခြမ်းက ဘယ်လိုတွေ လုပ်မလဲ ဆိုတာတော့ မင်းတို့ဘာမင်းတို့ပဲ စီစဉ်တော့…”
“ မင်းတို့ ဒါ ဘာလုပ်တာလဲ… လေကြောင်းထိန်းချုပ်ရေး တာဝါရဲ့ အမိန့်ကို ဖီဆန်နေတာလား…”
“ ဒါဆိုလည်း ငါ့ကို စိတ်ကျေနပ်စေလောက်မယ့် အကြောင်းပြချက် တစ်ခုပေးလေ…”
တစ်ဖက်ခြမ်းက စက္ကန့်အနည်းငယ် ကြာသည်အထိ တုံ့ပြန်မလာခဲ့ချေ။
“ မိနစ်နှစ်ဆယ်အတွင်းမှာ လူကြီးမင်းစွန်းရဲ့ ကိုယ်ပိုင်လေယာဉ်က ဒီကို ဆင်းသက်လာမှာ… မင်းရဲ့ ဆင်းသက်ခွင့်ကို ယာယီ အလျော့ပေးဖို့ မျှော်လင့်တယ်… ငါ ဒီထက်ပိုပြီး ပြောပြရဦးမှာလား…”
“ အဲ့စွန်းမျိုးရိုးနဲ့ကောင်က ဘာမို့လို့ ငါ့ရဲ့ လေယာဉ်ဆင်းသက်ခွင့်ကို လက်လျော့ပေးရမှာလဲ…”
“ မင်း တကယ်ကြီး…..” တစ်ဖက်သူက ပြန်ပြီး ချေပချင်သော်လည်း ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်နေလေသည်။
“ ငါတို့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တယ်.. မဟုတ်ရင် မင်း အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်…”
“ ဒါဆိုလည်း သူ့ကို ငါ့ဆီ လာခဲ့ခိုင်းလိုက်… တကယ်လို့ သူက သောက်ရမ်းတွေ အရေးကြီးနေတယ်ဆိုရင် ငါ့လေယာဉ်ထဲ လာခဲ့ဖို့ ပြောလိုက်… သူ လာရဲလား ကြည့်ကြတာပေါ့…”
ပြောပြီးသည်နှင့် လင်းရီ ရေဒီယိုကို ပြန်ပိတ်လိုက်ပြီး ကပ္ပတိန်ကို ပြောလိုက်သည်။
“ စီစဉ်ထားတဲ့အတိုင်း ဆယ်မိနစ်အတွင်း လေယာဉ်ဆင်းမယ်… တခြား ဘာမှ မပူနဲ့…”
ကပ္ပတိန်နှစ်ယောက်မှာ သူတို့ နဖူးထက်ရှိ ချွေးအေးများအား သုတ်လိုက်ကြ၏။ သူတို့ နည်းနည်းလေး ထိတ်လန့် ကြောက်ရွံ့နေခဲ့ကြသည်။
ဥက္ကဌလင်းက တကယ့်ကို ခေါင်းမာတဲ့ လူစားမျိုးပဲ… ထိန်းချုပ်ရေး တာဝါကိုတောင် လုံးဝ လေးစားသမှု ပြုမနေဘူး….
သောက်ရမ်း မိုက်တယ်…
“ ဥက္ကဌလင်း… ငါတို့ ဒီလို လုပ်လို့ ဖြစ်တယ်ဆိုတာ သေချာပါတယ်နော်…” တွဲဖက် ကပ္ပတိန်က မေးလိုက်ပြီး “ ထိန်းချုပ်ရေး တာဝါကိုတောင် အဲ့ဒီလို လုပ်ခိုင်းနိုင်တယ်ဆိုတော့ အဲ့ဒီ စွန်းမျိုးရိုးနဲ့လူက သေချာပေါက် ထူးခြားတဲ့ အထောက်အထားနဲ့ လူပဲ ဖြစ်ရမယ်…”
“ သူ ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး… ငါပြောတဲ့အတိုင်းသာ လုပ်လိုက်…”
“ အိုကေ ဥက္ကဌလင်း…”
ဆင်းသက်မည့် ကိစ္စနှင့် ပက်သတ်၍ ကိုင်တွယ်ပြီးနောက် လင်းရီ သူ၏ အခန်းထဲသို့ ပြန်လာပြီး ရှိနေကြသည့် လူတိုင်းအား ကြည့်၍ “ အသင့်ပြင်ထားပေးကြပါ… လေယာဉ်က မကြာခင် ဆင်းသက်တော့မယ်…”
တုံးစန်းကောင်တီရှိ လူများကတော့ ဘာဖြစ်နေလဲဆိုတာ မသိကြပေ။ လေယာဉ် ဆင်းသက်တော့မည့် အသံကြားတော့ အိတ်များ သယ်ထားရင်း ၎င်းတို့၏ စိတ်လှုပ်ရှားနေသည့် အမူအရာက လုံးဝကို ထင်ရှားသိသာနေသည်။
“ အစ်ကိုရီ… ပြီးသွားပြီလားတဲ့…” လီစီကျင်း မေးလိုက်၏။
“ ပြီးပြီး…”
“ မြန်မြန် မင်းလည်း အဝတ်တွေ လဲထားတော့… ငါတို့ ခဏနေ လေယာဉ်ပေါ်က ဆင်းရတော့မှာ…”
“ အိုကေ…”
လီစီကျင်းက ဘောင်းဘီရှည်တစ်စုံ၊ စနိကာနှင့် သိုးမွေးအင်္ကျီကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ အလုပ်ခွင် ဝင်နေသည်မှာ နှစ်ကာလ မနည်းဘူး ရှိပြီ ဆိုသော်လည်းပဲ အဝတ်အစား ဒီဇိုင်းကတော့ တက္ကသိုလ် ကျောင်းသူလေးတစ်ယောက်၏ ဝတ်စားတတ်သည့် အသွင်၌သာ ရှိသေးသည်။
ဆိုရသော် ရင့်ကျက်မှု မရှိသေးချေ။
အကယ်လို့ ဤနေရာ၌ ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ ဆိုပါက ကုတ်နှင့် အနက်ရောင် legging အရှည်ကို ဝတ်ဆင်ကြလိမ့်မည်။
လင်းရီ စိတ်ကူးမယဉ်ပဲ မနေနိုင်ချေ။
ကြည့်ရသည်မှာတော့ ယောက်ျားသားများ ရင့်ကျက်သည့် မိန်းကလေးများကို အချစ်ပိုကြသည်ကလည်း အကြောင်းမဲ့တော့ ဟုတ်ဟန်မတူပေ။
အဝတ်အစားများ လဲပြုပြီးနောက် လူတိုင်းက လေယာဉ်မယ်၏ သတိပေးမှုအောက်တွင် ကိုယ့်ထိုင်ခုံ နေရာသို့ ပြန်သွားထိုင်လိုက်ကြသည်။
ထိုအတောအတွင်း ရွာသားများက အချင်းချင်း ဟာသတွေ လုပ်နေကြကာ လူတိုင်းကို တဟားဟားနှင့် ပွဲကျနေစေသည်။
လေယာဉ်ပေါ်က ထွက်လာခဲ့ပြီးနောက် လီစီကျင်း လူရေတွက်လိုက်သည်။ ပြဿနာ မရှိကြောင်း အတည်ပြုပြီးနောက် သူမကနေ ဦးဆောင်၍ လူတိုင်းကို ဂိတ်ပေါက်ဝသို့ ခေါ်ဆောင်သွားလိုက်၏။
ထိုအချိန်တွင် သူတို့လူအုပ်စုက လူအများအပြား၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ တစ်ချို့တစ်လေက နိုင်ငံခြားသားများ ဖြစ်ကြ၏။ Gulfstream G650 ကို မြင်တော့ သူတို့ မျက်ဝန်းများက အားကျမှု တစ်သန်းဖြင့် ဖြစ်သွားခဲ့ကြ၏။
ဤသည်က လတ်တလော ကမ္ဘာ့ အဆင့်မြင့်ဆုံး ကိုယ်ပိုင်ဂျက်လေယာဉ်ကြီး ဖြစ်လေသည်။ တစ်ခါလောက်လေးမျှ ဝင်ထိုင်နိုင်ရုံမျှဖြင့် ပျော်ပျော်ကြီး သေသွားဖို့ရာ လုံလောက်သည်။
သို့သော် ရယ်ရသည်က ကြီးမားသည့် ရွာသားအုပ်စုကြီးက အဆိုပါ ခမ်းနားလှသည့် ဂျက်လေယာဉ်ကြီးထဲကနေ ဆင်းသက်လာခဲ့ကြခြင်းပင်။
မည်မျှ အံ့အားသင့်ဖို့ ကောင်းလိုက်သနည်း။
အခြားသော ကြည့်ရှုသူများကတော့ ထိန်းချုပ်ရေး တာဝါနှင့် လေဆိပ်က ဝန်ထမ်းများပင်။
“ လောင်ဝမ်… မင်းနဲ့ ခုလေးတင် စကားပြောသွားတဲ့လူက ရှေ့က ဦးဆောင်ပြီး လျှောက်နေတဲ့ အမျိုးသား ဖြစ်ဖို့ များတယ်…”
ပြောလိုက်သူကတော့ မာကျစ်ဟု ခေါ်သူ ဖြစ်ပြီး သူက ထိန်းချုပ်ရေး တာဝါရှိ လေကြောင်းလိုင်း ထိန်းချုပ်သူ တစ်ဦးပင်။
သူ့ဘေးတွင် ရှိနေသူကတော့ သူနှင့် သက်တူရွယ်တူ အခြားလူတစ်ဦး ဖြစ်လေသည်။ ထိုလူ့ နာမည်ကတော့ ဝမ်တုယွမ် ဖြစ်ပြီး သူက လင်းရီကို နောက်တစ်နာရီ စောင့်ဆိုင်း ပျံသန်းနေရစ်ဖို့ ပြောခဲ့သူ ဖြစ်သည်။
“ ငါနဲ့ စကားပြောခဲ့တဲ့သူက ပိုင်းလော့တော့ မဟုတ်ဘူး… ဒီလူ အုပ်စုထဲက ရှေ့ကနေ ဦးဆောင်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီးကလွဲရင် ကျန်တဲ့လူတွေက ကျေးလက်က ဖြစ်ပုံပဲ… ငါတော့ သူပဲလို့ ထင်တယ်…”
“ Gulfstream G650 ထဲ ထိုင်နိုင်တယ်ဆိုတော့ ဒီလူလည်း ကျိုးဟိုင်မှာ တော်ရုံတန်ရုံ လူတော့ ဟုတ်မယ့်ဟန် မတူဘူး…” မာကျစ် ပြောလိုက်သည်။
“ မင်းမှားတယ်… တော်ရုံတန်ရုံ မဟုတ်တာက သူ မဟုတ်ဘူး… သူ့အဖေ…”
“ မင်းမှန်တယ်.. သူ့ကြည့်ရတာ နှစ်ဆယ်ကျော် အစိပ်လောက်ပဲ ရှိဦးမယ်… သူ့မိသားစုရဲ့ လေယာဉ် မဟုတ်ရင် သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ လေယာဉ်ပဲ ဖြစ်ရမယ်…” မာကျစ် ပြောလိုက်ပြီး “ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သွားရှုပ်လို့ မရတဲ့လူဆိုတာတော့ သေချာတယ်.. မဟုတ်ရင် သူ အခုလို လုပ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး…”
လင်းရီက တာဝန်၏ စည်းမျဉ်းများကို လိုက်နာခဲ့ခြင်း မရှိချေ။ တာဝါက မည်သည့် သတင်းအချက်အလက်မျှ ပေးအပ်ခြင်း မပြုဘဲ လင်းရီ၏ လေယာဉ် ဆင်းသက်ခြင်း ဖြစ်စဉ်ကို တားမြစ်နိုင်သည့် အစွမ်းအစ ရှိလေသည်။
သို့သော် သူတို့ မလုပ်ဝံ့ကြချေ။ သူတို့ရှေ့ရှိ လူငယ်လေးက Gulfstream G650 ဂျက်လေယာဉ်ကို ပိုင်ဆိုင်သူ ဟုတ်မဟုတ်ကို ဘေးချိတ်ထားလျက် ၊ ယခုလို လေယာဉ်မျိုးဖြင့် ပျံသန်းနိုင်သည်ကပဲ သူတို့ သွားရှုပ်လို့ မရသည့် လူတစ်ဦးဖြစ်သည်မှာ သေချာနေလေပြီ။
ထို့ပြင် သူတို့ဘက်က မှားယွင်းနေသူများ ဖြစ်နေခဲ့ခြင်းကြောင့်လည်း ပါသည်။ ထို့ကြောင့် လင်းရီနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့ရာသာ ဆုံးဖြတ်လိုက်တော့၏။
“ ဘယ်လိုပဲ ကြည့်ကြည့် ဒီ ချမ်းသာတဲ့ ဒုတိယမျိုးဆက်လေးတွေကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကြွား၀ါတတ်တဲ့ အကျင့်ဆိုးက ပျောက်သွားမယ့်ပုံ မပေါ်ဘူး…” ဝမ်တုယွမ် ပြောလိုက်ပြီး “ ပြီးတော့ ဒီနေရာက မြောက်ပိုင်းဒေသ ၊ ဒီနေရာမှာ လူကြီးမင်းစွန်းကို မလေးမစား ပြုတာက သေတွင်းတူးတာနဲ့ မခြားဘူး…”
“ ငါ အခုလေးတင် ရေဒါ ကြည့်ပြီးတာ လူကြီးမင်းစွန်းရဲ့ လေယာဉ်က အခုထိ ဝေဟင်မှာ ရှိနေသေးတုန်းပဲ.. အနည်းဆုံးတော့ သူတို့ ဆင်းသက်နိုင်ဖို့ကို နောက်နာရီဝက်လောက် အချိန်ယူရတော့မှာ… ဒါက သူ့ကို စိတ်ညိုညင်သွားစေလိမ့်မယ်…”
“ ပြောစရာ လိုသေးလို့လား…” ဝမ်တုယွမ် တည်ငြိမ်စွာဖြင့် ကော်ဖီ တစ်ငုံသောက်လိုက်ရင်း “ တကယ်လို့ ဒီကလေးသာ သူ အပြစ်ပြုလိုက်တဲ့လူက ကြီးမြတ်တဲ့ စွန်းမန်လုံ ဖြစ်နေမှန်းသာ သူသိသွားလို့ကတော့ ဘယ်လို ပုံစံ ဖြစ်သွားမလဲ မသိဘူး…”
မာကျစ် ရယ်မောမိသွားခဲ့သည်။
“ ဒုတိယမျိုးဆက် သူဌေးသားလေး တစ်ယောက်က လူကြီးမင်းစွန်းကို စိန်ခေါ်ဝံ့နေတယ်ဆိုတော့… သူသာ လူကြီးစွန်းက ဘယ်သူမှန်း သိသွားခဲ့ရင် ချေးထွက်ကျသွားလောက်တယ် ဟားဟား…. “