ငါ့ကို သားဆုပန် ကွမ်ရင်လို့ခေါ်
Vol. 95 Ch. 1412
ထိုအခိုက်အတန့်တွင် ဘက်စ်ကားတစ်စင်းက လေဆိပ် အပြင်ဘက်တွင် ထိုးရပ်လာခဲ့သည်။
ယာဉ်မောင်း ဒရိုင်ဘာအပြင် အခြား လူနှစ်ယောက်ကလည်း ဘက်စ်ကားအတွင်း ရှိနေသည်။
တစ်ယောက်က အသက် ငါးဆယ် အရွယ်ခန့်မျှ ရှိပြီး သူ၏ ဦးခေါင်းထိပ်တွင် ဆံပင်တို့ သိပ်မကျန်တော့ချေ။
အခြားတစ်ယောက်က အနည်းငယ် အရွယ်ငယ်သည်။ နှစ်ဆယ်ကျော်လောက်သာ ရှိဦးမည်။ သူက လက်ထဲတွင် စီးကရက် တစ်လိပ်ကိုင်ထားပြီး အချိန်တိုင်းလည်း လေဆိပ် ဝင်ပေါက်ဝသို့ တကြည့်ကြည့်နှင့် လုပ်နေတတ်၏။
သက်လတ်ပိုင်း လူကြီး၏ နာမည်က တုယွီ့မင် ဖြစ်ပြီး သူက ဝမ်ယွင်ကျန်း၏ အရင် တစ်ချိန်က အတန်းဖော် သူငယ်ချင်း ဖြစ်ခဲ့ဖူးသူပင်။
လက်ရှိတွင်တော့ ပင်းချိန် စိုက်ပျိုးရေး သုတေသန ဌာနအတွင်း၌ မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်မှု ဌာန၏ ဒါရိုက်တာတစ်ဦး ဖြစ်နေလေသည်။
ဤတစ်ကြိမ်တွင်တော့ ဝမ်ယွင်ကျန်းက သူ့ကို ဆက်သွယ်ထားပြီး တုံးစန်းကောင်တီ အုပ်စုကို လာကြိုပေးဖို့အပြင် လိုအပ်သည်များ စီမံပေးဖို့ရာ တောင်းဆိုထားသည်။
လူငယ်လေး၏ နာမည်ကတော့ ထျန်းစုန့်မင် ဖြစ်ပြီး သူက ရုံးတွင်း ဝန်ထမ်းတစ်ဦး ဖြစ်ကြာ တုယွီ့မင်၏ လက်အောက်ငယ်သား တစ်ဦးဖြစ်၏။
“ ဒီလောက် နောက်ကျနေပြီကို ဘာလို့ ထွက်မလာသေးတာလဲတဲ့…”
“ နည်းနည်း ထပ်စောင့်ကြတာပေါ့…. လာတော့မှာပါ…” တုယွီ့မင် သူ၏ နာရီကို ကြည့်လိုက်ပြီး အမူအရာမှာတော့ နည်းနည်းလေးပင် စိတ်ရှည်သည့်ပုံ မပေါ်ချေ။
“ ခေါင်းဆောင်… သူတို့ ရောက်လာရင် ဘာလုပ်မလဲဆိုတာ စဉ်းစားပြီးပြီလား…”
“ မင်းဘာတွေ စဉ်းစားနေတာလဲကွာ… ငါ စိတ်ရှုပ်လာပြီ..” တုယွီ့မင် ကြိမ်းမောင်းလိုက်ပြီး “ ဒီက အလုပ်များပါတယ်ဆိုတဲ့ထဲ အခု မင်းကပါ ငါ့ကို ဒီတာဝန်တွေ လာပြီး ပေးနေတယ်ပေါ့… ငါ့မှာ အဲ့တာ၀န်တွေ အတွက် အချိန်ရှိတယ်လို့များ မင်းထင်နေလား….”
“ ဒါပေမယ့် သူတို့ကဖြင့် ဒီအထိတောင် ရောက်လာပြီးမှတော့ ကျွန်တော်တို့လည်း နည်းနည်းပါးပါးတော့ စီစဉ်ပေးရမယ်လေ…”
“ သူတို့ ရောက်လာရင် အရိပ်အမြွက် နည်းနည်းပြလိုက်မယ်…” တုယွီ့မင် ပြောလိုက်ပြီး “ ဟို ခွေးကောင်ကလည်း ဘာတွေ စဉ်းစားနေမှန်းမသိဘူး… ကောလိပ် ကျောင်းသား အုပ်စု လွှတ်လိုက်ရင်တောင် နည်းနည်းပါးပါး အသုံးဝင်ရင် ဝင်ဦးမယ်.. ဒါပေမယ့် အပင်စိုက်တဲ့ လယ်သမား တစ်အုပ်စုကို စေလွှတ်ပေးလိုက်တယ်… အဲ့ကောင်တွေက ဘာသိမှာမို့လို့… ဒါတွေ အကုန်လုံးက သူ့ရဲ့ နိုင်ငံရေး အောင်မြင်မှုတွေ ရဖို့ အတွက်ချည်းပဲ… ခွေး*သားကတော့ လိုချင်တာ ရဖို့ဆို အကုန် ဇွတ်လုပ်နေတော့တာပဲ…”
“ ခေါင်းဆောင်ကလည်း… ဒီတာဝန် မယူချင်ဘူးဆိုမှတော့ စကတည်းက ငြင်းလိုက်ရင် ပြီးနေပြီကိုပဲ… ဒီလိုတွေ ဒုက္ခခံနေစရာတောင် မလိုဘူး..” ထျန်စုန့်မင် ပြောလိုက်သည်။
“ မင်းက အသက်ငယ်သေးတော့ လောကကြီးအကြောင်း နားလည်ဦးမှာ မဟုတ်သေးဘူး..” တုယွီ့မင် ပြောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ် အဲ့ဒီ ငါ့ရဲ့ အတန်းဖော်ဆိုတဲ့ကောင်က ကောင်တီတစ်ခုရဲ့ ခေါင်းဆောင်… ငါတို့ချင်း နည်းနည်း အလှမ်းဝေးနေတယ်ဆိုပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် သူနဲ့ အဆက်အသွယ်ရှိထားတာက အသုံးဝင်လာနိုင်တယ်လေ… ဒါကြောင့်မို့ မငြင်းလိုက်တာ… ငြင်းမကောင်းလို့….”
“ ခေါင်းဆောင်က အမြော်အမြင်ရှိတယ်… ကျွန်တော်က ဒီဘက်အပိုင်းမှာတော့ သင်ယူစရာတွေ ရှိသေးတာပဲ…”
“ မင်းက ငယ်သေးတယ်… ဖြည်းဖြည်းချင်း သင်ယူပေါ့….”
“ ဟုတ် ခေါင်းဆောင်…”
မိနစ် အနည်းငယ်ကြာပြီးနောက် ထျန်စုန့်မင် ပြတင်းပေါက်ကနေ လှမ်းမျှော်ကြည့်လိုက်လေသည်။
“ ခေါင်းဆောင်… ဟိုမှာ သူတို့လူတွေ ထွက်လာပြီထင်တယ်… အယ်… ရှေ့ဆုံးက ကောင်မလေးက တော်တော်လေး ကြည့်ကောင်းတာပဲ… အရပ်အမောင်းကလည်း မဆိုးဘူး… ကျွန်တော်တို့ မြောက်ပိုင်းက မိန်းကလေးတွေနဲ့တောင် ယှဉ်နိုင်လောက်တယ်…”
“ ဘယ်မှာလဲ ဘယ်မှာလဲ.. ငါ ကြည့်ကြည့်မယ်…”
ထျန်စုန့်မင် ပြတင်းပေါက် အပြင်ဘက်သို့ လက်ညိုးထိုးပြလိုက်ပြီး “ အနက်ရောင် သိုးမွေး အင်္ကျီနဲ့ အနီရောင် ခရီးဆောင်အိတ် ဆွဲလာတဲ့လူလေ…”
တုယွီ့မင် လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးတွေ လက်ခနဲ ဖြစ်သွားခဲ့သည်။
“ အိမ်း…. သူလေးက တကယ်မဆိုးဘူးပဲ…”
“ နောက်ဆုံးတော့ မျက်စိအစာကျွေးစရာလေး ရှိလာပြီပေါ့..” ထျန်စုန့်မင် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ကောင်းပြီ… သူတို့လည်း ထွက်လာပြီဆိုတော့ ငါတို့လည်း ထွက်တွေ့ကြတာပေါ့…”
တုယွီ့မင်၏ ဦးဆောင်မှုအောက်တွင် သူတို့နှစ်ယောက် အပြင်သို့ အတူထွက်လာခဲ့ကြ၏။
လင်းရီတို့ အုပ်စုလည်း တုယွီ့မင်နှင့် ထျန်းစုန့်တို့ ဘက်စ်ကားထဲ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
လီစီကျင်း ချက်ချင်းရှေ့သို့ တက်လာခဲ့ကာ မေးလိုက်သည်။
“ ရှင်က ဒါရိုက်တာတုလား မသိဘူး…”
“ ငါပဲ..” တုယွီ့မင် ခေါင်းညိမ့်၍ တုံ့ပြန်လိုက်ပြီး “ မင်းတို့က လောင်ဝမ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ရမယ် ဟုတ်တယ်ဟုတ်…”
“ ကျွန်မတို့က တုံးစန်းကောင်တီ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ရုံးကပါ… အတွင်းရေးမှူးဝမ်က ကျွန်မတို့ရဲ့ ခေါင်းဆောင်လေ…”
“ ကောင်းပြီ… ကားပေါ်တက်ကြ… အပြင်မှာ အေးတယ်… ကားထဲရောက်မှ စကားဆက်ပြောကြမယ်…”
“ ကျေးဇူးပါ ဒါရိုက်တာတု… ဒီလို အေးတဲ့ နေ့မျိုးမှာတောင် တကူးတက လာကြိုပေးတာကို ကျေးဇူးတင်လို့ မဆုံးပါဘူး…”
သူမက ရိုးသားပြီး အ,တိ,အ,တ နိုင်သည့် အမူအကျင့် ရှိသော်လည်းပဲ လုပ်ငန်းခွင်တွင် ကျင်လည်လာနေသည်မှာတော့ နှစ်တချို့ ရှိနေလေပြီ။
လောကဝတ်တစ်ချို့နှင့် ရုံးသုံး လက်သုံးစကားတစ်ချို့ကို သူမ ရင်းရင်းနှီးနှီးရှိသည်။
“ ဒါတွေ ပြောနေဖို့ မလိုပါဘူး… လောင်ဝမ်နဲ့ ငါက အတန်းဖော် သူငယ်ချင်းတွေလေ… အသေးမွှားလေးပါ … ကဲ ကဲ မြန်မြန်တက်ကြ….”
တုယွီ့မင်၏ လောဆော်မှုအောက်တွင် အုပ်စုက ကားထဲ ဝင်လိုက်ကြလေသည်။
မသိလိုက်စွာဖြင့် ထျန်စုန့်မင်၏ အကြည့်တို့က လီစီကျင်းထံ အချိန်တိုင်းလိုလို ရောက်ရှိနေပြီး ရင်ဘက်ကြီး တစ်ခုလုံး ဝုန်းဒိုင်းနှင့် ဖလန်းဖလန်း ဖြစ်နေတော့၏။
“ ဒီညတော့ တစ်နေရာရှာပြီး အိပ်လိုက်ကြပေါ့… ငါတို့တွေ မနက်ဖြန် မနက် ကိုးနာရီမှာ စိုက်ပျိုးရေး သုတေသန ဌာန ဝင်ပေါက်ဝမှာ ဆုံကြမယ်.. သင်ယူရမယ့် အကြောင်းအရာ အသေးစိတ်ကိုတော့ မနက်ဖြန်မှပဲ စီစဉ်ပေးမယ်….”
“ ဒါဆိုလည်း ဌာန ဒါရိုက်တာတုကို ဒုက္ခပေးရတော့မယ်…”
ရိုးရှင်းသည့် စကားတစ်ချို့ ဖလှယ်ပြီးနောက် နှစ်ဖက်ကြားတွင် မည်သည့် ဆက်သွယ်ပြောဆိုမှုတို့မျှ မရှိကြတော့ချေ။
လီစီကျင်းကလည်း စကတည်းကရင် ပေါင်းသင်းဆက်ဆံတတ်သည့် လူတစ်ယောက် ဟုတ်မနေချေ။ သို့သော် နှစ်ဦးနှစ်ဖက်ကြား ကိုးရို့ကားယား နိုင်သည့် ကားစီးမှုကို ဖြေဖျောက်ရန်အတွက် တုယွီ့မင်ကို စကားရှာပြောရတော့သည်။
သို့သော် တစ်ဖက်သူက ယဉ်ကျေးသည့် စကား နှစ်ခွန်း သုံးခွန်းမျှသာ ပြန်ပြော၏။ လီစီကျင်း ဆက်ပြောချင်သော်လည်း ဘယ်လို ဆက်ပြောရမှန်း မသိဖြစ်နေသည်။
အခြားတစ်ဖက်တွင်တော့ ထျန်စုန့်မင်သည် လီစီကျင်းရှေ့တွင် အလွန်တရာကို စိတ်အားထက်သန်နေပြီး မေးသမျှကို လိုသည်ထက်ပိုလျှံစွာ ဖြေပေးနေလျက် ရှိတော့သည်။
သို့သော် အခြား ရွာသားများက သူ့ကို သက်ဆိုင်သည့် အသိပညာ ဗဟုသုတများ မေးလာသည်တွင် အင်းမလုပ်၊ အဲ မလုပ်နှင့် မပြောချင် ပြောချင်ဖြင့် ရှိနေသည်။ ထို့နောက် သူ၏ အာရုံက လီစီကျင်းထံ ပြန်လည် ရောက်ရှိသွားခဲ့တော့သည်။
တစ်ဖက်ရှိ လင်းရီကတော့ မရှိသည့်လူလိုပင်။ သူ့ကို တုယွီ့မင်ရော၊ ထျန်စုန့်မင်ကပါ လျစ်လျူရှုထားကြ၏။
တစ်နာရီ ကြာပြီးနောက် လီစီကျင်း၏ အမိန့်ပေးမှုအောက်တွင် ကားက လမ်းဘေးတွင် ရပ်တန့်သွားခဲ့၏။
“ ဒါရိုက်တာတု… ကျွန်မတို့ ဒီနေရာမှာပဲ အရင်ဆင်းလိုက်ပါတော့မယ်…” လီစီကျင်း ပြောလိုက်ပြီး “ မနက်ဖြန်မှ တွေ့ကြတာပေါ့…”
တုယွီ့မင် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်သော် ပင်းချိန်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် ဧရိယာ ဖြစ်နေကြောင်းကို သတိပြုမိသွားခဲ့ပြီး ပင်းချိန်မြို့တွင်း၌ စည်ပင်ထွန်းကားမှု အရှိဆုံး နေရာတစ်ခုလည်း ဖြစ်လေသည်။
ဤနေရာရှိ နေထိုင်စားသောက်စရိတ်က မြို့တွင် အတော်လေးကို မြင့်၏။ အဘယ်ကြောင့် ယခုလို နေရာမျိုးတွင် ဘက်စ်ကားထဲက ဆင်းချင်နေမှန်း တုယွီ့မင် နားမလည်နိုင်ခဲ့ချေ။
သို့သော် နားမလည်မှုကို ရင်ထဲတွင်သာ သိမ်းဆည်းထားလျက် သူတို့တွေ ဆင်းသွားကြမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ ပြီးလျှင် သူ၏ တာဝန်လည်း ပြီးဆုံးသွားပြီး မာကျောက် ပြန်သွားကစား၍ ရပြီ ဖြစ်၏။
“ ဒရိုင်ဘာ … ကားတံခါး ဖွင့်မယ်…” တုယွီ့မင် ပြောလိုက်သည်။ ထို့နောက် လီစီကျင်းကို ကြည့်၍ “ မနက်ဖြန် တွေ့ကြတာပေါ့… ဌာန လိပ်စာ သိတယ်မလား… မနက်ဖြန် အဲ့ကိုပဲ လာခဲ့လိုက်…”
“ အိုကေ…”
နှုတ်ဆက်ပြီးနောက် လင်းရီ၊ လီစီကျင်းနှင့် အခြားသူများ ကားထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြ၏။ တုယွီ့မင် တခြား အပိုစကားတို့ ပြောကြားခြင်း မရှိသလို အပေါက်ဝနားထိ လိုက်ပို့ခြင်းလည်း မပြုပေ။
အားလုံး ကားအပြင်သို့ ထွက်ခွာပြီးနောက် ဒရိုင်ဘာလည်း ဆက်လက် မောင်းထွက်သွားခဲ့လေသည်။
“ အရင်ဆုံး တစ်ခုခု သွားစားကြတာပေါ့…” လင်းရီ လေးရာသီ ဟိုတယ်ကို လက်ညိုးထိုးလျက် ပြောလိုက်သည်။
“ ဒါရိုက်တာလင်း… အဲ့ဒီမှာ ထမင်းစားမလို့လား… အဲ့ဒါက ကြယ်ငါးပွင့် ဟိုတယ်ကြီးနော်…”
လင်းရီ ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ “ အားလုံးလည်း အပြင်ကို သိပ်ပြီး ထွက်ဖြစ်ကြတာမှ မဟုတ်တာ… ဒီတော့ အခွင့်ရေး ရတုန်း ကောင်းကောင်းစား ၊ ကောင်းကောင်းနေသင့်တာပေါ့…”
“ ဒါဆိုလည်း ဒါရိုက်တာလင်း စီစဉ်တဲ့ အတိုင်းပဲပေါ့ ဟဲဟဲဟဲ…”
ဟိုတယ်က သူတို့ ဤနေရာသို့ မလာခင်ကတည်းကရင် ဘွတ်ကင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အလျင်အမြန်ပဲ အမည်စာရင်း ပေးလို့ ပြီးသွားခဲ့၏။
သို့သော် ဟိုတယ်ရှိ လူများကတော့ ချက်ကင် လာလုပ်ကြသည့် လူတို့က လယ်သမား တစ်အုပ်စု ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားကြသဖြင့် အထူးအဆန်းတွေ ဖြစ်နေကြလေသည်။
ချက်ကင် ဝင်ပြီးနောက်တွင် ညနေ ခုနစ်နာရီပင် ကျော်နေချေပြီ။ ဟိုတယ် စားသောက်ဆိုင်က ဆက်လက် ဖွင့်နေဆဲ ဖြစ်သဖြင့် သူတို့လည်း စားသောက်ရန် ထိုနေရာသို့ ဦးတည်လိုက်ကြသည်။
“ အစ်ကိုရီ… ကျွန်မ တစ်ခု သတိထားမိတယ်သိလား…”
စားသောက်နေစဉ် လီစီကျင်းက တီးတိုးပြောလိုက်၏။
“ ဘာကိုလဲ…”
“ ဒါရိုက်တာတု ကြည့်ရတာ သိပ်ပြီး စိတ်ကောင်းရှိတဲ့ပုံ မပေါ်ဘူးနော်… ကျွန်မတို့ကို လာကြိုပေးချင်စိတ် သိပ်ရှိတဲ့ပုံ မပေါ်ဘူး…”
“ ကျွန်မကပဲ စန်းစန်းတင့်(oversensitive) ဖြစ်နေတာလား ဒါမှမဟုတ် တကယ်ကြီး ဖြစ်နေတာလားတော့ မပြောတတ်ဘူး…”
“ မင်းက သူ့ကို ဘာ အကျိုးအမြတ်မှလည်း မပေးဘဲ ဒီတိုင်း အကူအညီ တောင်းမှတော့ ဘယ်သူက စိတ်လိုလက်ရနဲ့ ကူညီပေးချင်စိတ်ရှိမှာ… သူ စေတနာ မပါတာ သဘာဝပါပဲ… ဒါတွေက ပုံမှန်ပါပဲ…”
“ ဒါပေမယ့် သူ အဲ့လို ဆက်လုပ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ တာဝန်ကိုကျ ဘယ်လိုလည်း လုပ်မှာ…”
“ ငါ ဒီမှာ ရှိနေတယ်လေ… ဘာတွေ စိတ်ပူနေတာ…”
လီစီကျင်း တခစ်ခစ် ရယ်မောလိုက်သည်။
“ အစ်ကိုရီ သိလား… ကျွန်မတော့ ရှင့်ကို ဒိုရေမွန်(Doraemon)လို့တောင် မြင်လာပြီ… ရှင့်ဆီကနေ မထုတ်နိုင်တဲ့ အရာကို မရှိတာ… ပြဿနာတိုင်းကို ဖြေရှင်းနိုင်တဲ့ တစ်ခုမဟုတ် တစ်ခုတော့ အမြဲရှိနေတာပဲ…”
“ ဒိုရေမွန်က သိပ်ကလေးဆန်လွန်းတယ်… ငါ့ကို သားဆုပန် ကွမ်ရင်လို့ခေါ် .. “
“ အာ…. သားဆုပန် ကွမ်ရင်က အမျိုးသမီးလေ .. မသင့်လျော်ဘူး မဟုတ်လား…”
“ ဒါပေမယ့် ငါ့စရိုက်နဲ့ ကိုက်တယ်လေ…”
“ ဘယ်လိုမျိုးလဲ…”
“ ဒီည ငါ့အခန်းထဲလာခဲ့… ငါ မင်းကို ပြမယ်… ရလဒ်ကို ဆယ်လအတွင်း မြင်စေရမယ်…”