မင်းတို့ လျော်နိုင်လား
Vol. 95 Ch. 1414
နောက်တစ်နေ့ နံနက်ခင်း ခြောက်နာရီ ဝန်းကျင်ခန့်တွင် လီစီကျင်း တာဝန်အသိစိတ်ကြောင့် နိုးလာခဲ့ပြီး တံခါးအသီးသီးကို လိုက်ခေါက်၍ လူတိုင်းကို မစားခင် အိပ်ရာထ ၊ မျက်နှာသစ်ခိုင်းသည်။
မည်သို့ပင်ဆိုစေ သူမတို့တွေက ဤနေရာသို့ လေ့လာ သင်ယူရန် ရောက်လာကြခြင်း ဖြစ်ပြီး နောက်ကျလို့ ကောင်းမည် မဟုတ်ပေ။
တုံးစန်းကောင်တီရှိ ရွာသားများကလည်း အဆိုပါ သဘောတရားကို နားလည်ကြလေသည်။ ထို့ကြောင့် ညဉ်းညူမနေကြဘဲ အသံကြားသည်နှင့် ချက်ချင်းထ မျက်နှာသစ်ကြ၏။
၈ နာရီ ၁၀ မိနစ် အချိန်ရောက်တော့ သူတို့အားလုံး စားသောက်ပြီးစီးလို့ အဆင်သင့် ဖြစ်နေချေပြီ။ ထို့နောက် ဝင်ပေါက်ဝတွင် လူစု၍ ပင်းချိန် စိုက်ပျိုးရေး သုတေသန ပရဝဏ် အတွင်းသို့ ၈ နာရီ ၄၀ မိနစ်တွင် ရောက်လာခဲ့ကြသည်။
ကြီးမားသည့် စိုက်ပျိုးရေး စီရင်စုကြီး တစ်ခုအနေဖြင့် ဤနေရာက ကျိုးဟိုင် မယှဉ်သာနိုင်သည့် အားသာချက် တစ်ခု ရှိသည်။ ယခင် အချိန်တုန်းကတော့ ကျိုးဟိုင်သည် ဤအပိုင်းတွင် အမြဲလိုလို ရှေ့ရောက်နေသည်ဟု လင်းရီ စိတ်ထဲ အတွေးရောက်နေခဲ့မိသော်လည်း ယခုအခါတွင်တော့ ကျိုးဟိုင်ထက်ကို အပြတ်သတ် သာလွန်နေကြောင်း သတိထားမိသွားခဲ့သည်။
ကိုးနာရီတွင် ဆုံကြမည်ဟု ကတိပြုထားကြသဖြင့် လူတိုင်းက နေရာသို့ ရောက်သည်နှင့် တံခါးဝတွင် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေကြသည်။ အရာအားလုံးကို စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ပြုမူရပေမည်။
သို့သော် တုယွီ့မင်နှင့် ထျန်စုန့်မင်တို့က ၉ နာရီ ၁၀ မိနစ်ကြာသည်အထိ ရောက်မလာကြသေးချေ။
“ ဖုန်းဆက်ပြီး ဘာဖြစ်နေတာလဲ မေးကြည့်လိုက်…” လင်းရီ အနည်းငယ် စိတ်မရှည် ဖြစ်လာနေချေပြီ။
“ ဘာလို့ နည်းနည်းလောက် ထပ်မစောင့်ကြည့်မှာလဲ… သူက အလုပ်များနေတာကြောင့်လည်း ဖြစ်နိုင်တာပဲလေ.. မလောပါနဲ့….” လီစီကျင်း ညင်သာစွာ ပြောလိုက်သည်။
လင်းရီ နှုတ်ခမ်းကို ကိုက်ထားလျက် ရှိပြီး ဘာမျှ ထပ်မပြောတော့ချေ။ ဘေးနားရှိ ပန်းခုံတွင် ထိုင်နေရင်းဖြင့် လျန်ရူရွှယ်နှင့်သာ ဆက်လက် စကားပြောနေလိုက်သည်။
သို့သော် နောက်ထပ် နာရီဝက်ကျော် ကြာသည့်တိုင် ခွေးတစ်ကောင် ကြောင်တစ်မြီးကမျှ ရောက်လို့မလာချေ။ လီစီကျင်းလည်း အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့တော့၏။
“ ဖုန်းခေါ်ပြီး မေးကြည့်လိုက်… ငါတို့ ဒီအတိုင်း တစ်နေကုန် စောင့်နေလို့တော့ ဘယ်ဖြစ်မှာ…” လင်းရီ ပြောလိုက်သည်။
“ အွန်း…”
လီစီကျင်း ဖုန်းထုတ်ပြီး တုယွီ့မင်၏ နံပါတ်ကို ခေါ်ဆိုလိုက်၏။
“ ဌာန ဒါရိုက်တာတု… ကျွန်မတို့ ရောက်နေပြီ… ရှင် ----- “
“ ငါတို့ လမ်းမှာ လာနေပြီ… ခဏဆို ရောက်တော့မှာ… နည်းနည်းပဲ ထပ်စောင့်လိုက်ဦး…”
ရိုးရှင်းစွာ ခွန်းတုံ့ပြန်လိုက်ပြီးနောက် တုယွီ့မင် ဖုန်းပြန်ချလိုက်သည်။
သူတို့ ကိုးနာရီတွင် ဆုံကြမည်ဟု ကတိပြုထားခဲ့သော်လည်းပဲ သူက တစ်နာရီနီးပါး နောက်ကျနေသည်။ သို့သော် ထိုအချင်းအရာအတွက် အကြောင်းပြချက် တစ်စုံတစ်ရာ ပေးခြင်း မရှိကာ သဘာဝအတိုင်းပဲ ပြုမူနေလျက် ရှိသည်။
“ ဟိုက ဘာပြောလဲ…” လင်းရီ မေးမြန်းလိုက်သည်။
“ သူပြောတာ နောက်ထပ် ခဏလေးစောင့်ဦးတဲ့… ဒီကို ရောက်လာတော့မှာတဲ့…” လီစီကျင်း ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောပြလိုက်၏။
တစ်စုံတစ်ယောက်၏ အရိပ်ခေါင်မိုးအောက်တွင်တော့ ရွေးချယ်စရာမရှိ ၊ သူတို့ရဲ့ ခေါင်းတွေကို ငုံ့ထားရပေမည်။
“ စောက်ရေးမပါတာတွေ…”
လင်းရီ ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်၏။ ဤ တုယွီ့မင် ဆိုသည်က အားကိုးလို့ ရသည့်လူ မဟုတ်ဟု သူ့စိတ်ထဲ ခံစားနေရလေပြီ။
ကံကောင်းစွာဖြင့် လျန်ရူရွှယ်က သူ့အတွက် လူတစ်ယောက် ကြိုတင် စီစဉ်ပေးထား၍ပင်။ အကယ်လို့ တုယွီ့မင်ကိုသာ အားကိုးနေရမည် ဆိုပါက သူတို့ ခရီးကနေ လက်ဗလာဖြင့် ပြန်သွားရနိုင်ချေ ရှိ၏။
မိနစ် ၂၀ ခန့် ကုန်လွန်သွားပြီးနောက် ဗော့ဆွာဂန် မာဂိုတန် တစ်စင်းသည် သုတေသန စင်တာ ဝင်ပေါက်ဝသို့ ထိုးရပ်လာခဲ့ပြီး တုယွီ့မင်နှင့် ထျန်စုန့်မင်တို့ ကားထဲကနေ ထွက်လာခဲ့ကြသည်။
“ ဆောတီးပါကွာ… ကိစ္စလေးရှိလို့ နောက်ကျသွားတယ်…” တုယွီ့မင် သာမန်လျှံကာ ပြောဆိုလိုက်သည်။
“ ဒါရိုက်တာတုရဲ့ အလုပ်က ပိုအရေးကြီးတာပေါ့… ကျွန်မတို့ နည်းနည်းလောက်လေး စောင့်လိုက်ရတာ ကိစ္စမရှိပါဘူး…” လီစီကျင်း ယဉ်ကျေးစွာ စကားဆိုလိုက်လေသည်။
တုယွီ့မင် ခေါင်းညိမ့်လိုက်သည်။ “ လူ စုံကြပြီလား…”
“ အကုန် ရောက်နေကြပြီ…”
“ ဒါဆို အထဲက ပစ္စည်းတွေ အရင်ဆုံးပြမယ်… ဒါပေမယ့် တစ်ခုတော့ ရှင်းအောင်ပြောထားမယ်နော်… အထဲက ပစ္စည်းတွေက တအား ဈေးကြီးတာ… မင်းတို့ ကြည့်ပဲ ကြည့်ရမယ်.. စိတ်ရှိသလို ဘာမှ လျှောက်ထိ လျှောက်ကိုင်လို့ မရဘူး… တစ်ခုခု ပျက်စီး ထိခိုက်သွားတယ်ဆိုရင် မင်းတို့ ပြန်လျော်နိုင်မှာ မဟုတ်ဘူး…”
“ ဟုတ်ကဲ့… ကျွန်မတို့ သိပါတယ်…”
လီစီကျင်း အားတင်းပြုံးပြလိုက်ပြီး တုယွီ့မင်၏ စကားကို သဘောတူလိုက်သည်။
ဤ လူဆီကနေ ထုတ်လွှတ်ထွက်ပေါ်နေသည့် မောက်မာတင်စီးမှုတို့က သူမကို အလွန်တရာ သက်တောင့်သက်သာ မရှိအောင် ပြုလုပ်နေလေသည်။
အစ်ကိုရီကဲ့သို့ ကျိကျိတက် ချမ်းသာပြီး ဩဇာအာဏာ အင်မတန် ကြီးသူပင် တုံးစန်းကောင်တီရှိ သာမန်လူတို့ဖြင့် လိုက်လျောညီထွေ နေနိုင်လေရာ အနှီ တုယွီ့မင် ဆိုသူက အဘယ်ကြောင့် မတရား မောက်မာနေမှန်းကို သူမ မသိတော့ချေ။
သို့သော် သူ့နေရာသို့ ရောက်လာခဲ့ပြီးမှတော့ သူ့စကားကို နားထောင်သင့်၏။ ပညာရှာ ပမာသူဖုန်းစား ဆိုသည့် ရှေးစကားကိုသာ နှလုံးစိတ်သွင်းရင်း စိတ်ဖြေလျော့လိုက်ရသည်။ မည်သို့ပင်ဆိုစေ ဤသည်က ပညာ ရဖို့ရာ အတွက်သာ ဖြစ်၏။
သတိပေးစကား အနည်းငယ် ပြောပြီးနောက် တုယွီ့မင်သည် လူအုပ်စုကို စိုက်ပျိုးရေး သုတေသန စင်တာ အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
အပြင်က ကြည့်ရုံနှင့်တင် ခမ်းနားထည်ဝါလှသော်လည်းပဲ အတွင်းသို့ ရောက်သည့်အခါ၌လည်း တုံးစန်းကောင်တီရှိ ရွာသူရွာသားများ အဖို့တော့ မျက်စိပွင့် နားဖွင့် ဖြစ်နေလျက်ပင်။
အခန်းအတန်းလိုက်ကြီးထဲတွင် အမည်မသိ ကိရိယာ ပစ္စည်းတို့ဖြင့် ပြည့်နှက်နေလေသည်။
စားပွဲပေါ်တွင် အရောင်စုံလင်လှသည့် အရည်အိုးများ ရှိနေပြီး လူတိုင်းကို သိချင်စိတ်အားကြီးစွာဖြင့် ကြည့်နေစေမိတော့၏။
စိုက်ပျိုးရေး သုတေသန စင်တာ၏ နောက်ကျောဘက်တွင် ဧရာမ မြေနေရာ အကျယ်ကြီး တစ်ခု ရှိပြီး အထဲတွင်တော့ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စက်ပစ္စည်းနှင့် ကိရိယာ အသစ်များက အထဲတွင် ရှိနေသည်။ လက်တွေ့စမ်းသပ်ချက်များ ပြုလုပ်ရန်အတွက် မြေဧက အကြီးကြီး တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ယင်းက လူတိုင်းကို အခြား ကမ္ဘာတစ်ခုသို့ ရောက်လာခဲ့သည်ဟူသော ခံစားချက်တို့ကို ဖြစ်ပေါ်လာစေသည်။
တုယွီ့မင်က ဓာတ်ခွဲခန်း ဒါရိုက်တာကို အမျိုးမျိုးသော ဓာတ်ခွဲခန်းများက မည်သည်အတွက် ရည်ရွယ်ကြောင်းကို တုံးစန်းကောင်တီ ရွာသူရွာသားများထံ ရှင်းပြခိုင်းသည်။
လူတိုင်းက စိတ်ဝင်တစားနှင့် စူးစိုက် နားထောင်နေကြသော်လည်းပဲ လင်းရီကတော့ ဂရုမစိုက်ချေ။ ဤအကြောင်းအရာများပြောသည်က ဘာအသုံးဝင်မည်နည်း။ သူတို့၏ အဓိက အလုပ်က လယ်ယာစိုက်ပျိုးဖို့ရာပင်။ သုတေသန ဝန်ထမ်း လုပ်ကိုင်ဖို့ရာ မဟုတ်ချေ။
သို့သော် လင်းရီ ဘာမျှတော့ မပြောလိုက်ချေ။ ဤနေရာသို့ ရောက်လာပြီးမှတော့ ပေးလာသမျှကို ယူရပေမည်။ မည်သို့ပင်ဆိုစေ ဤ တုယွီ့မင် ဆိုသူကို လေ့ကျင့်ရေးအတွက် သူကလည်း လိုအပ်မနေခဲ့ချေ။
ဒါရိုက်တာချိန် ပြန်ရောက်လာသည်နှင့် သူက အရာအားလုံးကို စီစဉ်ပေးသွားလိမ့်မည်။
ခွမ်း….
လင်းရီ ဤအကြောင်းအရာများကို တွေးတော စိတ်ကူးယဉ်နေတုန်းမှာပဲ ရုတ်တရက်ဆိုသလို ဖန်ထည်ပစ္စည်း တစ်ခုခု ကျကွဲသည့် အသံကို သူကြားလိုက်ရသည်။
လင်းရီ လှမ်းကြည့်လိုက်တော့ လီစီကျင်းက ဖန်ထည် ကိရိယာ တစ်ခုကို မတော်တဆ ဖျက်ဆီးမိလိုက်ကြောင်းကို မြင်တွေ့လိုက်ရ၏။
“ မင်း အဲ့တာ ဘာလုပ်တာလဲ… ငါတို့ ခုလေးတင် အထဲဝင်လာတုန်းက မင်းတို့ကို အထဲက ဘာပစ္စည်းမှ မထိပါနဲ့ မကိုင်ပါနဲ့လို့ အတန်တန် သတိမပေးခဲ့ဘူးလား… မင်းက ငါ့စကားတွေကို နားထဲ မဝင်တာလား ဟုတ်လား….” တုယွီ့မင် ကျယ်လောင်စွာ ဆူဟောက်လိုက်၏။
လီစီကျင်းမှာ စကတည်းက တက်တက်ကြွကြွနှင့် ရွှင်ရွှင်ပျပျ နေတက်သည့် ကောင်မလေး တစ်ဦးမဟုတ်လေရာ ယခု တုယွီ့မင်၏ ဒေါသတကြီးနှင့် ဆူဟောက်ကြိမ်းမောင်းခြင်းကို ခံလိုက်ရတော့ အလွန်အမင်း ကိုးရို့ကားယား နိုင်သွားခဲ့ကာ မလွယ်ကူသယောင် ခံစားသွားခဲ့ရသည်။
“ ကျ… ကျွန်မ တောင်းပန်ပါတယ်… နောက်လှည့်လိုက်တော့ မထင်မှတ်ဘဲ တိုက်ချမိလိုက်တာပါ…”
“ မင်းတို့ကိုတော့ ငါတကယ်လေးစားတယ်… လောင်ဝမ်ကလည်း ဘာတွေ စဉ်းစားနေမှန်းကို မသိဘူး… သူ တကယ်ကြီး မင်းလို လျှပ်ပြာလျှပ်ပြာ(ရှက်ပြာရှက်ပြာ)နဲ့ ကောင်မလေးကို အသင်း ဦးဆောင်ဖို့ လွှတ်ပေးလိုက်တယ်ပေါ့……”
တုယွီ့မင် ဖြစ်သွားသည့်အရာကို ဖြစ်သွားသည့်အတိုင်း ထားလိုက်ရန် ဆန္ဒမရှိချေ။
“ ဒီပစ္စည်း ဘယ်လောက်တန်လဲ မင်းသိလား… ဒါ နိုင်ငံခြားကနေ တကူးတက မှာရတဲ့ ပစ္စည်း… တစ်ခုစီကို ယွမ် ၃၀,၀၀၀ ပေးရတယ်… မင်း လျော်နိုင်လားပြော….”
“ ဌာန ဒါရိုက်တာလု… ထားလိုက်ပါ.. ဒေါသထွက်မနေနဲ့… ဓာတ်ခွဲခန်းထဲမှာ အပိုတွေ ရှိပါသေးတယ်… ငါ တခြား တစ်ခု သွားယူလိုက်မယ်… စမ်းသပ်မှု လုပ်တာတွေကို မကြန့်ကြာစေပါဘူး..”
ဓာတ်ခွဲခန်း အတွက် တာဝန်ရှိသူက သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူမက အနည်းငယ် လုံးလုံးကစ်ကစ် ရှိကာ စကားပြောလျှင် ပြုံးပြီးမှ ပြောတတ်၏။ သူမက သဘောမနော အလွန်ကောင်းပြီး ကြင်နာတတ်သည့် လူတစ်ယောက်ဟူ၍ ခံစားရစေပြီး တုယွီ့မင်နှင့် လုံးဝ လုံးဝကို ဆန့်ကျင်ဘက်ပင်။
“ အသင့် အပိုရှိတာ မရှိတာ ကိစ္စမဟုတ်ဘူး.. ဒီလို စမ်းသပ်ကိရိယာက ယွမ် ၃၀,၀၀၀ ကျော် ပေးရတယ်.. တကယ်လို့ ပျက်စီးသွားရင် ပြန်လျာ်ရမှာပဲ… ဒါ ရှောင်လွှဲလို့ မရတဲ့ အရာပဲ…” တုယွီ့မင် တင်းမာ ခက်ထန်နေသည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး “ ချီးပဲ… ဒီလိုမှန်း စောစောကသိရင် မင်းတို့ကို အထဲ ပေးမဝင်ပါဘူး…”
ပြောပြီးနောက် တုယွီ့မင်သည် တုံးစန်ကောင်တီက အယောက် နှစ်ဆယ်ကျော် အစိပ် လူတို့ကို သိမ်းကျုံးကြည့်လိုက်ကာ “ ထွက်သွားစမ်း… ဟို အပေါက်ဝကနေ ရပ်ပြီး ကြည့်ကြ…. ထပ်ပြီး ဘာမှ မဖျက်စီးကြနဲ့တော့…”
“ ဒီတိုင်း ယွမ် ၃၀,၀၀၀ ကျော်လောက် ပေးရတဲ့ ပစ္စည်းလေးကို ဒီလောက်ထိ လုပ်စရာ လိုလို့လား…”
“ အစ်ကိုရီ… ကျွန်မ စိတ်မကောင်းပါဘူး……”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး လီစီကျင်းကို သူ့နောက်သို့ ဆွဲခေါ်လိုက်သည်။ သူ ဓာတ်ခွဲခန်း တာဝန်ရှိသူ အမျိုးသမီးအား ကြည့်၍ “ ဒါရိုက်တာမြောင်… ကွဲထားတဲ့ စမ်းသပ်ကိရိယာက ဘယ်လောက်ပေးရလဲ…”
“ ဒါ… ဒါက…..”
လင်းရီနှင့် ကျန်သူများက အဆက်အသွယ်ကနေတဆင့် လေ့လာရန် ရောက်လာကြသူများ ဖြစ်သဖြင့် မြောင်လီကျွင်းမှာ လျော်ကြေးတောင်းရန် အားနာနေမိသည်။ သို့သော် ဤသည်ကလည်း သူမ ဆုံးဖြတ်နိုင်သည့် တစ်စုံတစ်ရာ ဟုတ်မနေချေ။
“ ရတယ်… အားနာနေစရာ မလိုပါဘူး.. ဘယ်လောက်လဲသာ ပြောလိုက်…”
“ ဒီ ပစ္စည်းက အမေရိကားကနေ တိုက်ရိုက်မှာရတာ… အခွန်ခနဲ့ဆိုရင် ယွမ် ၃၄,၀၀၀ ဝန်းကျင်လောက် သွားကျမယ်…”
“ ခင်များ ဖုန်း ခဏ ငှားလို့ရလား…”
“ ငါ့ဖုန်းလား…”
“ အင်း… တစ်မိနစ်လောက်ပါပဲ…”
မြောင်လီကျွင်း ငြင်းဆန်ရမှာကို အားနာနေသည်။ သူမဖုန်းကို လော့ခ်ဖြေပေးပြီးနောက် လင်းရီလက်ထဲ ထည့်ပေးလိုက်၏။
လင်းရီ ဝီချက်ဖွင့်ပြီး payment code ကို နှိပ်၍ မြောင်လီကျွင်းထံ ယွမ် ၄၀,၀၀၀ လွှဲပေးလိုက်သည်။
“ ဒါရိုက်တာမြောင်… ကျုပ် ခင်များဆီ ယွမ် ၄၀,၀၀၀ လွှဲပေးလိုက်တယ်… ဘဏ္ဍာရေး ဌာနကို ၃၄,၀၀၀ လွှဲပေးပြီး ကျန်တာကို ကော်ဖီဝယ်သောက်လိုက်… ကျုပ်တို့ကို အကြာကြီး ရှင်းပြထားတယ်ဆိုတော့ ဒီတိုင်း ရှင်းပြခိုင်းတာတော့ ဘယ်ဖြစ်သင့်မှာလဲ ဟုတ်တယ်မလား…”