တကယ့်ဆရာကြီး ရောက်လာပြီ
Vol. 95 Ch. 1415
သူမ ဖုန်းထဲရှိ ယွမ် ၄၀,၀၀၀ ကို မြင်တော့ မြောင်လီကျွမ်း အချိန်အတော်ကြာသည်ထိတိုင်အောင် ကြက်သေသေနေမိသည်။
သုတေသန စင်တာသို့ ပြန်ပေးရမည့် ကုန်ကျစရိတ်အပြင်ကို ကျန်ရှိသည့် ယွမ် ၆,၀၀၀ သည် သူမ၏ တစ်လစာ လုပ်အားခနှင့် ညီမျှလေသည်။
“ ဒါရိုက်တာလင်း… နင် ဒီလို လုပ်လို့ မရဘူး… ငါ နင့်ပိုက်ဆံကို မယူနိုင်ဘူး..”
“ အဆင်ပြေပါတယ်… ဒါက ပြည်သူတွေဆီက ပိုက်ဆံ မဟုတ်ပါဘူး… ကျုပ် ကိုယ်ပိုင် ငွေပါ… ဒီတိုင်း ယူထားလိုက်… စိတ်သန့်သန့်နဲ့ သုံးလို့ရတယ်…”
“ ကိုယ်ပိုင် ငွေ…”
တုယွီ့မင်နှင့် မြောင်လီကျွင်းတို့ နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြ၏။
သူက ဒီတိုင်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဌာန ဒါရိုက်တာ တစ်ယောက်ပဲ မဟုတ်ဘူးလား… ဘာလို့ ဒီလောက် ပိုက်ဆံတွေ အများကြီး ရှိနေတာလဲတဲ့…
တကယ်လို့ လာဘ်စားထားတယ်ဆိုရင်တောင် ဒီလောက် ရက်ရောနိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး…
“ မင်း အဲ့တာ ဘာလုပ်တာလဲ… ဘာလို့ ပိုက်ဆံတွေ အများကြီး ဖြုန်းနေတာလဲ…”
တုယွီ့မင် အနည်းငယ် ရှက်ရွံ့သလို ခံစားသွားခဲ့ရကာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“ ခင်များ ထင်ချင်သလို ထင်လို့ရတယ်..” လင်းရီ စိတ်မရှည်စွာ ပြောလိုက်ပြီး “ စကားနည်းနည်းလောက်ပဲ ပြောရင်တော့ အကောင်းဆုံးပေါ့… ကျုပ်ကို အေးအေးချမ်းချမ်းလေး ပေးနေဦး…”
တုယွီ့မင် မျက်မှောင်ကြုတ်လိုက်ပြီး “ မင်း အခြေအနေကို နားလည်နိုင်ရင် ကောင်းမယ်နော်.. ဒါက ငါတို့ရဲ့ သုတေသန စင်တာ.. ဒါက ငါ့ရဲ့ ပိုင်နက်… ငါ ပြောတာကို မင်းနာခံရမယ်…”
“ ဌာန ဒါရိုက်တာတု… စိတ်လျော့ပါဦးရှင်.. အစ်ကိုရီက အဲ့သဘောမျိုး မဟုတ်ပါဘူး..”
နှစ်ဖက်လုံးက အချင်းများကြတော့မည့် အရိပ်အယောင်ကို မြင်တော့ လီစီကျင်း အလျင်အမြန် ကြားဝင်၍ ဖြန်ဖြေပေး၏။
သူမက ဤနေရာသို့ လေ့လာသင်ယူရန် ရောက်လာခဲ့ခြင်း ဖြစ်ပြီး အကယ်လို့ ဤနေရာရှိ ခေါင်းဆောင် တစ်ဦးနှင့် စကားများမည် ဆိုပါက မောင်းထုတ်ခံလိုက်ရနိုင်သည်။
“ ဒါဆို သူက ဘာသဘောလဲတဲ့…” တုယွီ့မင် တင်းမာစွာ မေးခွန်းထုတ်လိုက်သည်။
“ မင်းတို့ကို ပြောမယ်.. အခုချက်ချင်း ဒီက ထွက်သွားကြ.. ငါ ဒီကိစ္စ လောင်ဝမ်ကို ပြောပြလိုက်မယ်… မင်းတို့ ပစ္စည်း မင်းတို့ သိမ်းပြီး ဒီက ထွက်သွားကြစမ်း…”
တုယွီ့မင် လင်းရီ၊ လီစီကျင်းနှင့် အခြားသူတို့ကို စလာကတည်းကပင် ကြိုဆို ဧည့်ခံခြင်း မပြုချင်ခဲ့ပေ။ အရာအားလုံးကို ဝမ်ယွင်ကျန်းကြောင့်သာ သည်းခံနေခြင်း ဖြစ်၏။
ယခုလို ကိစ္စများ ဖြစ်ပျက်ပြီးသွားတော့ သူ့ဘက်က အသာစီး ရသွားခဲ့လေပြီ။
ဝမ်ယွင်ကျန်းပင် သူ့ကို ဘာမျှ ပြောနိုင်တော့မည် မဟုတ်တော့ပေ။ သူ့ဘက်က အချိန်နှင့် ခွန်အားတို့ကို ချွေတာလိုက်နိုင်ရုံတင်မက တစ်ဖက်သူထံကနေ မျက်နှာသာတစ်ခုလည်း အကြွေးရစရာ ရှိသွားခဲ့လေသည်။
ဤသည်က ကျောက်ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်ခြင်း ဖြစ်၏။
“ ဒါက….”
လီစီကျင်း ကြက်သေသေသွားခဲ့တော့၏။ ကိစ္စများက ယခုလို အခြေအနေသို့ ပြောင်းလဲသွားလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ပါချေ။
အကယ်၍ သူမသာ ယခုလို ပြန်သွားလိုက်မည် ဆိုပါက ကျိန်းသေပေါက် ကျိန်းသေပေါက် ပြင်းထန်စွာ အပြစ်တင်ခံရလိမ့်မည်။
ချလပ်…
လင်းရီ စကားပြောတော့မည် ဟန်ပြင်နေတုန်းမှာပဲ ဓာတ်ခွဲခန်း တံခါး ပွင့်ဟလာကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အထဲဝင်လာသည်။
အမျိုးသားက အသက်ကြီးနေပြီး ဆံပင်တို့ တစ်ဝက်ဖွေးနေပြီး ဖြစ်၏။ အနည်းဆုံး အသက်ခြောက်ဆယ် အရွယ်ခန့်တော့ ရှိလိမ့်မည်။
သို့သော် သူ့ဘေးရှိ အမျိုးသမီးကတော့ သူနှင့် မိုးနှင့်မြေဖြစ်၏။ သူမက အနက်ရောင် legging နှင့် ကုတ်အဖြူကို ဝတ်ဆင်ထားကာ လှိုင်းကဲ့သို့သော အတွန့်အတွန့်ဖြစ်ပေါ်နေသည့် ဆံပင်ပုံစံနှင့် ခြုံငုံကြည့်ရသော် ရင့်ကျက်သည့် မိန်းမသား တစ်ဦးနှင့် တူသည်။ အကယ်၍များ သူမ၏ ရင်ဘက် ဆိုဒ်လေးသာ နည်းနည်းလေး ကြီးလိုက်မည်ဆိုပါက ထျန်းရန်နှင့် ခြားလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုလည်း အတော်အတန် ကြီးနေပြီး ဖြစ်ပါသည်။ သူမ၏ ကိုယ်လုံး ကိုယ်ပေါက်နှင့် အပြစ်ပြောစရာ မရှိပေ။
“ ဒါရိုက်တာချိန်၊ အတွင်းရေးမှူးအန်း.... ရောက်လာပြီလားခင်ဗျ…”
သူတို့နှစ်ဦး ဝင်လာသည်ကို မြင်တော့ တုယွီ့မင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲ ကောင်းမွန်သွားခဲ့ပြီး နွေးထွေးစွာ ပြုံးလိုက်ရုံတင်မက ကိုယ်ပင်ကိုင်း၍ ဦးညွှတ်လိုက်သေးသည်။
သူပြောနေသည့် ဒါရိုက်တာချိန်ကတော့ စိုက်ပျိုးရေး သုတေသန စင်တာ၏ ဒါရိုက်တာ ၊ ချိန်ရှီပင်။
သူ့ဘေးရှိ အမျိုးသမီးက အန်းနင် ဖြစ်ပြီး ချိန်ရှီ၏ အတွင်းရေးမှူး ဖြစ်၏။ သူမက ချိန်ရှီရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦး၏ မြေးမလေး ဖြစ်လေသည်။ အဆက်အသွယ်ရော ၊ ကျွမ်းကျင်လှသည့် အရည်အချင်းတို့ရော ရှိနေခြင်းကြောင့်သာ ယခုလို ချိန်ရှီဘေး၌ ရပ်နေနိုင်ခြင်းပင်။
အရွယ်ငယ်သော်လည်း ပညာဂုဏ်က တုယွီ့မင်ထက်ပင် ကြီးမြတ်လှသဖြင့် အန်းနင်ရှေ့မှောက်ရောက်သော် သူသည်လည်း နှိမ့်ချရိုးကျိုးပြီး လေးစားမှုကို ပြသပေးရသည်။
“ ဘာတွေ ဖြစ်နေတာလဲ…” ချိန်ရှီ မေးလိုက်၏။
“ ဒီလူတွေက ယွီဟန်မြို့၊ တုံးစန်းကောင်တီကနေ လေ့လာဖို့ လာခဲ့ကြတဲ့ လူတွေပါ… ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေကို တစ်ခုမှ မလိုက်နာကြဘူး… နိုင်ငံခြားကနေ မှာယူတင်သွင်းရတဲ့ စမ်းသပ်ရေး ကိရိယာတွေကို ဖျက်ဆီးပြီး ကျုပ်ကိုတောင် ပြန်ပြီး ကလန်ကဆန် လုပ်နေလိုက်သေးတယ်.. ဒါကြောင့်မို့ ဒီဆက်ရှင်ပြီးရင် ပြန်ဖို့မလို့ လုပ်နေတာ…”
“ ဒါ လုံးဝ သောက်ရေးမပါတာပဲ…”
“ တကယ်ကြီး နည်းနည်းလေးတော့ လွန်တယ်…” တုယွီ့မင် ပြောလိုက်ပြီး “ သူတို့က စည်းမျဉ်းစည်းကမ်းအတိုင်း မလိုက်နာနိုင်တာကတော့ ထားပါ.. ဒါပေမယ့် သူတို့ကိုယ်သူတို့ ဘဝင်တွေ အရမ်းမြင့်နေကြတယ်… သူတို့ ဒီလိုလုပ်ကြမယ်ဆိုတာ ထင်ကို မထင်ထားခဲ့တာ.. မဟုတ်ရင် ဒီထဲတောင် ခေါ်လာခဲ့မှာ မဟုတ်ဘူး..”
မြောင်လီကျွင်း သူမခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းရင်း လင်းရီနှင့် လီစီကျင်းတို့အတွက် စိတ်မကောင်း ဖြစ်နေမိသည်။
ပစ္စည်း ဖျက်ဆီးလိုက်သည်က အမှန်ပင် သူတို့၏ အမှားဆိုသော်လည်းပဲ ဆုံးရှုံးမှုအတွက် ငွေကြေး ပြန်လျော်ပေးပြီးဖြစ်၏။ ထို့ကြောင့် ထို့ထက်ပိုပြီး ရှည်ရှည်ဝေးဝေး လုပ်နေရန် မလိုချေ။
သူတို့အတွက် ဤခရီးကို လာရသည်ကလည်း လွယ်ကူလိမ့်မည်လို့ သူမ မထင်မိပေ။ ယခုတော့ တစ်ရက်ပင် မရှိသေးပဲ တုယွီ့မင်က မောင်းထုတ်ချင်နေလေသည်။ ဒါရိုက်တာတု နည်းနည်းလေးတော့ လွန်ကြူးလှ၏။
“ ငါပြောချင်တာ သောက်ရေးမပါတာက မင်း… “
“ ခင်ဗျာ…”
တုယွီ့မင်နှင့် မြောင်လီကျွင်းတို့ ချိန်ရှီကို အံ့အားသင့်စွာဖြင့် ကြည့်မိလိုက်ကြသည်။
ဒါရိုက်တာကြီးက အမြဲတမ်း သဘောကောင်းတဲ့လူပါ… ဘာလို့များ ဒီနေ့ကျမှ ဒေါသတွေ ထွက်နေရတာပါလိမ့်…”
ပြီးတော့ တုယွီ့မင်ကိုတောင် လက်ညိုးထိုးပြီး ပြောနေတယ်… တစ်ခုခုတော့ မှားနေပြီ။
အန်းနင် မသိစိတ်အလျောက် လင်းရီကို အကြိမ် အနည်းငယ်ခန့် ကြည့်မိလိုက်ပြီး သူ့ဆီကနေ သဲလွန်စ တစ်စုံတစ်ရာ ရှာဖွေကြည့်ချင်နေပုံပင်။
သို့သော် သူမ ကြည့်လေလေ ၊ လင်းရီက သူမစိတ်ထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာခဲ့ကာ ဘာကိုမျှ ထွင်းဖောက် မမြင်နိုင်တော့ချေ။ လင်းရီ၏ ချောမောခန့်ညားမှုတို့သာလျှင် သူမစိတ်ထဲ မှန်တစ်ချပ်နှယ် ထင်ဟပ်နေတော့သည်။
“ ဒါရိုက်တာချိန်… ကျုပ်က စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လုပ်ခဲ့တာလေ… ကျုပ် အမှားလုပ်မိလို့လား…”
“ မင်း အခု ထွက်သွားလိုက်… ငါ မင်းနဲ့ နောက်ကျမှ ရှင်းမယ်…”
တုယွီ့မင် ကြက်သီးဖြန်းသည်အထိ ထိတ်လန့်သွားခဲ့တော့၏။ နည်းနည်းလေးတော့ လွဲနေပြီဟု သူ့မသိစိတ်က ခံစားမိသော်လည်းပဲ သူ ဘာမျှ မလုပ်မိသည်ကတော့ ကျိန်းသေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဒါရိုက်တာကြီးက သူနှင့် စာရင်းရှင်းချင် နေရသနည်း။
တုယွီ့မင်နှင့် ထျန်စုန့်မင်တို့ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ကြ၏။
ချိန်ရှီ လင်းရီထံသို့ အားတက်သရော လျှောက်လှမ်းလာခဲ့ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
“ ဒါရိုက်တာလင်း… ငါ တကယ်ကို တောင်းပန်ပါတယ်… အရင်ရက်တွေတုန်း အလုပ်ကိစ္စနဲ့ ဖုန့်ထျန်းကို ရောက်နေတာမို့ အချိန်မီ ပြေးလာပြီး မကြိုလိုက်နိုင်ဘူး… ကျေးဇူးပြုပြီး ဒီအဘိုးကြီးကို အပြစ်မမြင်ပါနဲ့နော်…”
“ မဟုတ်တာ မဟုတ်တာ… ဒီကိစ္စက စကတည်းကရင် ခင်များတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စရာ ဖြစ်နေပြီးသားလေ.. ကျွန်တော့်ကို ရှက်ရွံ့အောင် လာလုပ်နေတာပဲ….”
“ ဒါ ငါတို့ဘက်က လုပ်ပေးသင့် လုပ်ပေးထိုက်တာပါပဲ…” ချိန်ရှီ ပြောလိုက်ပြီး “ ပြီးတော့ တုယွီ့မင်နဲ့ ခုလေးတင် ဖြစ်သွားခဲ့တဲ့ ကိစ္စအတွက်လည်း ငါကနေပြီးပဲ တောင်းပန်ပါတယ်… ဒါပြီးရင် ငါသူ့ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်ပါ့မယ်… ဒီကောင် ငါ့အကြောင်း ကောင်းကောင်း သိသွားစေရမယ်…”
လင်းရီ ခေါင်းညိမ့်လိုက်၏။
“ အမှန်ပဲ… ခင်များ သေချာလေး ဆုံးမထားသင့်တယ်… သူ့လိုမျိုး အကျိုးအမြတ်လောက်ပဲ ရှေ့တန်းတင်နေတဲ့လူက ခင်များနဲ့ အတူ ဆက်နေနေရင် သိုးမည်း ဖြစ်လာခဲ့တော့မှာ… သူ့လို လူစားမျိုးကို မြန်မြန် ဖယ်ရှားပစ်လေ ကောင်းလေပဲ…”
“ စိတ်ချပါ ဒါရိုက်တာလင်း… ငါ့ဘက်က သေချာပေါက် စိတ်ကျေနပ်စေမယ့် ဖြေရှင်းချက် တစ်ခု ပေးသွားမှာပါ…”
ဘေးနားတွင် မတ်တပ်ရပ်နေသည့် မြောင်လီကျွင်းကတော့ ကမ္ဘာကြီးက ဘာတွေများ ဖြစ်နေတာလဲ ဟူသော အတွေးတို့ ဝင်နေမိ၏။
ဒါရိုက်တာချိန်ဆိုတာ ဟွာရှ အင်ဂျင်နီယာ အကယ်ဒမီရဲ့ ပညာရှင်တစ်ယောက်လေ။ ဒါရိုက်တာလင်းဆိုတာ အလွန်ဆုံးရှိမှ ဌာန လက်ထောက်ဒါရိုက်တာ။ သူတို့ကြားက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာထူး စီနီယာက မိုးနဲ့မြေလောက်ကြီး ကွာဟနေတာကို ဘာလို့ ဒါရိုက်တာချိန်က သူ့ကို ဒီလိုမျိုး နှိမ့်ချကျိုးနွံတဲ့ အပြုအမူနဲ့ စကားပြောနေရတာလဲတဲ့။
‘ ဒါရိုက်တာချိန် ဒီကနေ့ ဆေးများ မှားသောက်ခဲ့သလား…’
“ ကောင်းပြီ… တုယွီ့မင် ကိစ္စနဲ့ စိတ်ရှုပ်ခံမနေတော့ဘူး… ကျွန်တော်တို့ အားလုံးက ဒီနေ့ အပင်စိုက်ပျိုးရေး နည်းစနစ်အသစ်တွေ လေ့လာသင်ယူဖို့ ရောက်လာခဲ့ကြတာ… ကျွန်တော်တို့ ကောင်တီက ဆားဓာတ်ကြွယ်တဲ့ မြေဆီလွှာကို တိုးတက်အောင် လုပ်ပြီးမှ ဆားဒဏ်ခံနိုင်တဲ့ သီးနှံတစ်ချို့လည်း စိုက်ချင်တယ်… ဒီအတွက် သင်ခန်းစာတွေ စီစဉ်ပေးဖို့ကိုတော့ ဒါရိုက်တာချိန်ကို ဒုက္ခပေးရတော့မှာပဲ…”
လင်းရီ ပြောလိုက်ပြီး “ သင်တန်းကြေးကိုတော့ အကြီးအကဲ စိတ်ချပါ… စိတ်မပျက်စေရပါဘူး… ပုံမှန် လုပ်တဲ့အတိုင်း ကုန်ကျစရိတ်တွေ ပေးသွားပါ့မယ်…”
“ ဒါရိုက်တာလင်းက ယဉ်ကျေးလွန်းနေပါပြီ…. ဘယ်သူက သိနိုင်မှာ နောင်ကျ ဒါရိုက်တာလင်းရဲ့ အကူအညီကို လိုအပ်ရင် လိုအပ်လာနိုင်တာပဲလေ… အဲ့ခါကျ မီးစိမ်းလေး ပြပေးရင် အဆင်ပြေပါပြီ….”
လင်းရီလည်း ဟိတ်ဟန်များသည့် လူ မဟုတ်သဖြင့် ပြုံးလိုက်၏။
“ ဒါဆိုလည်း အားနာမနေတော့ဘူးနော်.. နောင်ကျ အကြီးအကဲ အကူအညီလိုလာခဲ့ရင် ကျွန်တော့်ကိုသာ ပြောလိုက်…”
အချိန်အတော်ကြာကတည်းကရင် လင်းရီ မဖြစ်ချင်ဆုံးက တပါးသူအပျော် မျက်နှာသာကြွေး တင်ခံခြင်း ဖြစ်လေသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူ များများ စဉ်းစားမနေခဲ့ချေ။
ယင်းက ဘာကြောင့်လဲဆိုတော့ ဤ အကြွေးကို သူက ပြန်ပေးဆပ်စရာ မလိုအပ်ပဲ ၎င်းက လျန်ရူရွှယ် ခေါင်းပေါ်သို့ အလိုအလျောက် ကျရောက်သွားမည် ဖြစ်၏။
သူမကိုတော့ နောက်ကျမှ ပြန်ပြီး တစ်ခုခု ပြန်ပေးဆပ်လိုက်လို့ အဆင်ပြေသည်။ သို့သော် မည်သို့ ပြန်ပေးဆပ်မလဲ ဆိုတာကိုတော့ အပြင်လူတို့ ရှေ့တွင် ဆွေးနွေးလို့ သင့်တော်လိမ့်မည် မဟုတ်ချေ။ ဤသည်က နှစ်ကိုယ်ကြား ပြောရမည့် ကိစ္စသာ ဖြစ်သည်။
“ ဒါဆိုလည်း အတည်ဖြစ်သွားပြီပေါ့…”
ချိန်ရှီ သူ့နာရီကို ငုံ့ကြည့်လိုက်ရင်း “ နေ့လည်တောင် ရောက်နေပြီ… အရင်ဆုံး ထမင်းသွားစားကြမယ်… ကျန်တာကိုတော့ မွန်းလွဲပိုင်းမှ ဆက်လုပ်ကြတာပေါ့.. ဒါရိုက်တာလင်းလည်း ဒီကို လာဖြစ်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ… အလျင်လိုနေစရာ မလိုပါဘူး..”
“ ဒါဆိုလည်း အကြီးအကဲချိန်ရဲ့ သဘောအတိုင်းပါပဲ…”
လူအုပ်စုမှာ တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ထွက်လာခဲ့ကြပြီး အပြင်တွင် စိတ်ပျက်အားငယ်နေသည့် မျက်နှာထားနှင့် မတ်တပ်ရပ်နေသည့် တုယွီ့မင်ကို တံခါးဝဘေးတွင် တွေ့လိုက်ရလေသည်။
“ ဒါရိုက်တာချိန်…..”
“ ရုံးခန်းကိုသွားပြီး မင်းပစ္စည်းတွေ သိမ်းထားလိုက်တော့… မင်း ဒီညနေ ရုံးကို လာစရာ မလိုဘူး….”