← Chapters

ငါနဲ့ ထမင်း အတူစားချင်တယ်ပေါ့ ၊ သူက တန်လို့လား

Vol. 95 Ch. 1420

ငါနဲ့ ထမင်း အတူစားချင်တယ်ပေါ့ ၊ သူက တန်လို့လား

Vol. 95 Ch. 1420

နီကျန်းရန်၏ မျက်ဝန်းအကြည့်တို့ထဲတွင် ကြောက်ရိပ်တို့ အကြီးအကျယ် လွှမ်းမိုးနေလေသည်။ ယခုလို အဖြစ်အပျက်မျိုးကို သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။

သူ့ ကောင်မလေးကို လိုက်လံ၍ ထိကပါး ရိကပါး ပြုနေသည်က တကယ်ကြီး မြောက်ပိုင်း၏ ကြီးမြတ်သူ ၊ စွန်းမန်လုံ၏ ညီတစ်ယောက် ဖြစ်နေသည်လော။

ထိုကဲ့သို့သော လူကို အပြစ်ပြုသည်က စွန်းမန်လုံကို စော်ကားသည်နှင့် မခြားနားပေ။

ဖြောင်း…

ကျော့ချွင်လီ နီကျန်းရန်ကို မျက်နှာဖြတ်ရိုက်လိုက်၏။

ကျယ်လောင်သည့် ပါးရိုက်သံက လူကို ကြက်သေသေသွားစေခဲ့ပြီး သူ၏ အမြင်အာရုံထဲတွင် ကြယ်လများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

“ ငါ မင်းကို မေးနေတယ်လေ မင်း နားလေးနေလား….”

“ နင်တို့ ဘာလုပ်နေတာလဲ…”

အန်းနင် နီကျန်းရန်ရှေ့တွင် ရပ်ပြီး ဒိုင်းသဖွယ် မားမားမတ်မတ်ရပ်၍ ကာကွယ်ပေးလိုက်သည်။ သူမ ကျော့ချွင်လီကို ဒေါသတကြီးနှင့် ကြည့်နေပြီး အရှုံးပေးရန် ငြင်းဆန်နေသည်။

“ အလှလေးနင်… ဒါဆို ငါက ဘယ်လိုလုပ်ရမှာလဲ… “ ကျော့ချွင်လီ အခက်တွေ့ချင်ယောင် ဆောင်လိုက်ပြီး “ မင်းရဲ့ ကောင်လေးက ငါတို့ကို အရင် ရန်လာရှာတာလေ… ငါတို့ကို အပြစ်တင်လို့တော့ ဘယ်ရမှာလဲ ဟုတ်တယ်မလား…”

“ အစ်ကိုကြီးတို့… ခုနက အထင်လွဲသွားခဲ့တာပါ… ကျွန်တော်တို့ မှားသွားပါတယ်…” နီကျန်းရန် ပြောလိုက်ပြီး “ ဒီလိုဆိုရင်ကော.. တောင်းပန်တဲ့အနေနဲ့ ကျွန်တော် ထမင်း တစ်နပ် ဝယ်ကျွေးပါ့မယ်…”

“ အင်း နားထောင်ရတာတော့ တောင်းပန်တဲ့ ပုံစံပါပဲ… ဒါပေမယ့် ငါ မင်းသောက်ခွက်ကြီးကို မကြည့်ချင်ဘူး.” ကျော့ချွင်လီ ပြောလိုက်ပြီး “ မင်းကောင်မလေးဆိုရင်တော့ မဆိုးဘူး.. သူ့ကို ငါတို့နဲ့ အဖော်လုပ်ခိုင်းလိုက်… မင်းကတော့ ဒီကနေ မြန်မြန် ထွက်သွားစမ်း…”

“ မင်း….. မင်း ဘာသဘောတုန်း…”

“ ငါ ဘာသဘောတုန်း မင်းက မေးနေသေးတယ်ပေါ့…” ကျော့ချွင်လီ ပြောလိုက်ပြီး “ ငါ ပြောနေတယ် ထွက်သွားလို့ *မသား… ဒီလာပြီး မျက်စိ စပါးမွှေး ဆူးစရာ လာလုပ်မနေနဲ့…”

ပြောပြီးနောက် ကျော့ချွင်လီ လက်ဆန့်တန်း၍ အန်းနင်ကို သူ့အနားသို့ ဆွဲခေါ်ထားလိုက်သည်။

“ နင် ဘာလုပ်နေတာလဲ… ငါ့ကို လွှတ်စမ်း…” အန်းနင် ရုန်းကန်သည်။

“ မင်းကို လွှတ်ပေးစရာ အကြောင်းမရှိဘူး… မင်းရဲ့ ကောင်လေးက ပြောပြီးပြီလေ… သူက တောင်းပန်တဲ့အနေနဲ့ ထမင်း ဝယ်ကျွေးချင်တယ်တဲ့… မင်းကို လွှတ်ပေးလိုက်ရင် ငါတို့က လက်ဗလာနဲ့ ပြန်ရမှာပေါ့… ငါ့အစ်ကိုကိုများ မင်းတို့က ပြောချင်သလို ပြောလို့ရတဲ့လူလို့ ထင်နေလား…”

ကျော့ချွင်လီ ကျီစယ်သည့် အပြုံးလေးဖြင့် နီကျန်းရန်ကို ကြည့်လျက် “ မင်းရော ထောက်ခံတယ်မလား…”

“ ဒါက….”

နီကျန်းရန်နှင့် သူ့ဘော်ဒါ နှစ်ယောက်တို့မှာ ကြောက်လန့်လွန်း၍ အကြည့်ချင်းပင် ရင်မဆိုင်ဝံ့ကာ ဟိုကြည့်ဒီကြည့် ပြုနေကြတော့သည်။

အချိန်အတော်ကြာသည်ထိတိုင်အောင် သူတို့တွေ အသံတစ်သံ မပြုဝံ့ကြချေ။

အန်းနင် စစချင်းတုန်းကတော့ မျှော်လင့်စောင့်စားသည့် မျက်ဝန်းတို့ဖြင့် ကြည့်နေသော်လည်း အလျင်အမြန်ပဲ စိတ်ပျက်မှု အသွင်သို့ ကူးပြောင်းသွားခဲ့၏။

“ ကြည့်… မင်းကောင်လေးကတောင် ဘာမှ မပြောဘူး မြင်လား… သူ သဘောတူနေတယ်ဆိုတာ အသိသာကြီးရယ်… ငါ တခြား ဘာမှ ပြောဖို့ လိုမယ် မထင်ဘူး…”

“ အိပ်မက်မက်နေလိုက်…”

သူမ စိတ်ပျက်သွားခဲ့သော်လည်း အန်းနင် အရှုံးပေးမည့် ရည်ရွယ်ချက်တော့ မရှိပေ။ သူမ၏ မျက်နှာအမူအရာက ကျားသစ်မယ် တစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။

ထို့ပြင် သူမက မြောက်ပိုင်း၏ ကျားသစ်မလေး ဖြစ်၏။

“ မင်းကောင်လေးက သဘောတူပြီးသွားပြီ… မင်းတူတာ မတူတာ အရေး မဟုတ်တော့ဘူး…”

“ ကောင်းပြီ… တစ်ခုပြီးပြီ ဆိုတော့ နောက်တစ်ခု ကိုင်တွယ်ရမယ့် အချိန်ပဲ…”

ကျော့ချွင်လီ ပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် လင်းရီကို ကျီစယ်သည့် အပြုံးလေးဖြင့် ကြည့်နေလိုက်၏။

လင်းရီ အနည်းငယ်တော့ ဇဝေဇဝါတော့ ဖြစ်သွားခဲ့လေသည်။

ဘာတုန်းဟ ငါ့ကို အဲ့လိုကြီး လာကြည့်နေတာ…

“ ဒီ လူတွေကို ဘေးခေါ်သွားလိုက်… ငါ ကိုယ်ရေးကိုယ်တာ ကိစ္စလေး ဆွေးနွေးစရာ ရှိတယ်…” ကျော့ချွင်လီ ပြောလိုက်သည်။

“ ဟုတ်ကဲ့ အစ်ကိုလီ…”

အန်းနင်နှင့် ကျန်သူများ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီးနောက် စွန်းမန်ကျား လင်းရီထံသို့ လျှောက်လှမ်းလာသည်။

“ ဥက္ကဌလင်း… ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ… ငါက ဟန်ယင် အုပ်စုရဲ့ အထွေထွေ မန်နေဂျာ ၊ စွန်းမန်ကျားပါ…”

“ ဥက္ကဌလင်း ….”

“ ငါ ဘယ်သူလဲ မင်းတို့ သိတယ်ပေါ့…” လင်းရီ မျက်ခုံး ပင့်ပြီး ကြည့်လိုက်၏။

“ ဒီလောက် နာမည်ဂုဏ်သတင်းကြီးတဲ့ လင်းယွင်အုပ်စုရဲ့ ဥက္ကဌကြီးကို မသိတဲ့သူ ဘယ်သူရှိမှာ…”

လင်းရီ သူ့အထောက်အထား ထုတ်ဖော်ခံလိုက်ရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။ ကြည့်ရသလောက်တော့ ဤလူမိုက်များကလည်း ရိုးရှင်းသည့် ပုံ မပေါ်ချေ။

“ မင်းတို့က ဘာပြောချင်တာလဲ…”

“ မနေ့ည … မင်းရဲ့ Gulfstream G650 ဆင်းတဲ့ အချိန်တုန်းက မင်း ငါ့အစ်ကိုရဲ့ ပြေးလမ်းနေရာကို လုသွားပြီး ငါတို့ကို ကောင်းကင်မှာ နောက်တစ်နာရီလောက် ထပ်နေရအောင် လုပ်သွားခဲ့တယ်… မင်း အဲ့တာကိုတော့ မှတ်မိဦးမှာပါ…”

စွန်းမန်ကျား၏ စကားကို ကြားတော့ လင်းရီ ရုတ်ချည်းဆိုသလို နားလည်သဘောပေါက်သွားခဲ့သည်။

သူ စွန်းမန်လုံ၏ နာမည်ကို စိတ်ထဲ ရင်းနှီးနေသည်ဟု အမြဲတမ်း ခံစားနေရ၏။ ကြည့်ရသည်မှာတော့ ယမန်နေ့က သူ့အရှေ့ ဟိတ်ဟန်များဖို့ ကြိုးစားခဲ့သူ ဖြစ်နေလေသည်။

“ အခု မင်းပြောတော့ ဘယ်သူလဲ ငါ မှတ်မိပြီ…”

စွန်းမန်ကျား ပြုံးလိုက်ပြီး “ ကောင်းတယ်… ငါ့အစ်ကိုက မင်းနဲ့ ရင်းနှီးချင်ပြီး ထမင်း အတူစားချင်နေတယ်… ဥက္ကဌလင်း စိတ်ဝင်စားမလား ငါသိချင်လို့..”

“ စိတ်မဝင်စားဘူး…” လင်းရီ ခေါင်းရမ်းလိုက်ပြီး “ ငါက ဒီတိုင်း အနားယူပြီး စိတ်အပန်းဖြေဖို့ ဒီလာခဲ့တာ ကြည့်ရသလောက်တော့ တခြား နေရာတစ်ခု ရှာရတော့မယ့်ပုံပဲ… မင်းတို့ကောင်တွေ လမ်းဖယ်ပေးမယ်လို့ ငါမျှော်လင့်တယ်…”

စွန်းမန်ကျားနှင့် ကျော့ချွင်လီတို့ အပြုံးများ ရပ်တန့်သွားခဲ့ကြသည်။ သူတို့တွေ လင်းရီကို စေ့စေ့စပ်စပ် စူးစမ်းသည့် အကြည့်တို့ဖြင့် ကြည့်လာခဲ့ကြ၏။

“ မင်း ပြေးလမ်းမှာတုန်းက သတ္တိတွေ သိပ်ကောင်းနေတာ မဟုတ်ဘူးလား… ဘာလို့ ဒီနေ့မှ အဲ့လောက်တောင် ကြောက်တတ်နေရတာ… ငါတို့နဲ့ ထမင်းတောင် အတူမစားဝံ့တော့ဘူးပေါ့…”

“ ကြောက်တာ မကြောက်တာနဲ့ မဆိုင်ဘူး… ဒီတိုင်း မင်း အစ်ကိုကြီးက အဆင့်မမီတာ… “ လင်းရီ ပြောလိုက်ပြီး “ စကား အလှလေးနဲ့ ပြောရမယ်ဆိုရင် မင်းရဲ့ အစ်ကိုကြီးက စွန့်ဦး စီးပွားရေး လုပ်ငန်းရှင်ပေါ့… ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သူက ဒီတိုင်း လူမိုက် အသေးစားလေး တစ်ယောက်ထက် မပိုဘူး… သူက ငါနဲ့ ထမင်း အတူစားချင်နေတယ်ပေါ့… သူက တန်လို့လား…”

ဤ ရှင်းပြချက်က အခန်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

ထိုစကားလုံးများ ပြောပြောပြီးခြင်း လူတိုင်း ရှော့ခ်ရသွားခဲ့ကြလေသည်။

စွန်းမန်ကျား၏ လက်အောက်ငယ်သားများအားလုံး ကြက်သီးမွေးညင်းတို့ ထောင်ထသည်အထိ ထိတ်လန့်သွားခဲ့ကြ၏။

မြောက်ပိုင်းတွင် ကြီးမြတ်သူ စွန်းမန်လုံ၏ နာမည်ကို စော်ကားသူတိုင်း ရလဒ်တစ်ခုတည်းသာလျှင် ရှိသည်။ ထိုအရာသည်ကား သေခြင်းတရားပင်။

“ မင်း စောက်စကားကို ပိုပြီး ယဉ်ယဉ်ကျေးကျေး ပြောရင် ကောင်းလိမ့်မယ်နော်…” ကျော့ချွင်လီ ပြောလိုက်ပြီး “ မင်းမှာ လူမှုရေး အဆင့်အတန်းနဲ့ စောက်ဆံ နည်းနည်းရှိတိုင်း ငါတို့က မထိဝံ့ဘူးလို့ ထင်နေရင် မှားသွားမယ်.. မင်း ဒီခုရောက်နေတာက မြောက်ပိုင်းဆိုတာကို သတိရ… ငါတို့ရဲ့ အစ်ကိုကြီး ၊ မြောက်ပိုင်းရဲ့ ကြီးမြတ်သူ၊ အဲ့နာမည်က အလကား ရထားတာ မဟုတ်ဘူး….”

“ အဲ့တာ ငါနဲ့ဘာဆိုင်လို့…” လင်းရီ ပြောလိုက်ပြီး “သူက ငါနဲ့ထမင်း အတူစားချင်တယ်ဆိုရင် ပိုပြီး လေ့ကျင့်ဖို့ သွားပြောလိုက်..”

“ *ပဲ……”

ကျော့ချွင်လီ ခါးနောက်က ဓားကို ချက်ချင်းထုတ်၍ လင်းရီ၏ လည်ပင်းပေါ် တင်ထားလိုက်သည်။

“ မင်း စောနက ပြောခဲ့တဲ့ စကားကို ပြန်ပြောဖို့ အခွင့်အရေး ပေးတယ်… မဟုတ်ရင် မင်းကို သေတဲ့အထိထိုးသတ်ပစ်မယ်…”

အခြားတစ်ဖက်ရှိ အန်းနင်မှာ မျက်နှာ ဖြူလျော်သည်အထိ ထိတ်လန့် ကြောက်ရွံ့သွားခဲ့၏။

ဘာဖြစ်နေမှန်းကို သူမ အတိအကျ မသိသော်လည်းပဲ ဤနှစ်ရက်တွင် သူတို့ နှစ်ဦးကြား ရန်ငြိုးရန်စ ရှိထားသည်မှာတော့ ကျိန်းသေသည်။ မဟုတ်ပါက ယခုလို အခြေအနေအထိ ကျရောက်သွားလိမ့်မည် မဟုတ်ချေ။

“ နင်တို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ… သူ့ကို လွှတ်လိုက်… မဟုတ်ရင် ငါနင်တို့ကို ရဲတိုင်မယ်..” အန်းနင် အော်ပြောလိုက်၏။

“ ဟားဟား…” ကျော့ချွင်လီ ဘေးသို့လှည့်ပြီး အန်းနင်ကို ကြည့်၍ “ မင်းကိုယ်မင်းသာ အရင် စဉ်းစားစမ်းပါ….”

ပြောပြီးနောက် ကျော့ချွင်လီသည် လင်းရီထံ အကြည့်ပြန်ပို့လိုက်သည်။

“ ငါ မင်းကို တောင်းပန်ဖို့ အချိန် သုံးစက္ကန့်ပေးမယ်… တကယ် လုပ်တော့မှ ငါ့ကို အပြစ်မဆိုနဲ့…”

“ မင်း ပုံစံ ကြည့်ရတာ ပရော်ဖက်ရှင်နယ် မဆန်လိုက်တာ..” လင်းရီ ပြောလိုက်ပြီး “ နည်းနည်း ထပ်မြင့်လိုက်… အဲ့တာမှပဲ သွေးလွတ်ကြော ရှိတဲ့နေရာ… တစ်ချက် တိကနဲ ဖြစ်သွားတာနဲ့ တစ်မိနစ် အတွင်း သေသွားမှာ ကျိန်းသေတယ်..”

စွန်းမန်ကျား လင်းရီကို စူးရဲစွာ ကြည့်လိုက်သည်။ ယခုလို အခြေအနေမျိုး၌ပင် မတုန်မလှုပ် တည်ငြိမ်စွာ နေနိုင်သဖြင့် ဒင်းကလည်း အတွေ့အကြုံမရှိသူတော့ မဖြစ်တန်ရာ။

“ ငါ မလုပ်ရဲဘူးလို့ မင်း ထင်နေတာလား…”

“ မင်း တကယ်လုပ်ရဲရင် ကြိုးစားကြည့်လေ… မင်း ဘယ်လောက် သတ္တိကောင်းလဲဆိုတာ ငါကြည့်စမ်းမယ်…”

“ *ပဲ… ငါ့ကို လူသတ်ရမှာ လက်ရွံ့နေတဲ့ကောင်လို့များ ထင်နေလား… ဒီနေ့ မင်းကို မသေမချင်း ထိုးသတ်ပေးမယ်…”

ကျော့ချွင်လီ တုံ့ဆိုင်းမနေပေ။ သူ ဓားမြောင်ကို ကိုင်၍ လင်းရီ၏ ဝမ်းဗိုက်ကို ထိုးလိုက်သည်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ …

ကျော့ချွင်လီ၏ အမြန်နှုန်းက မျက်တောင်တစ်ခတ်စာသာ ကြာသည်။ သို့သော် လင်းရီက သူ့ထက် ပိုလျင်မြန်နေခဲ့သည်။

လက်တစ်ချက် ဝှေ့ရမ်းပြီး နောက်ကျောရှိ သူ၏ ကာကွယ်ရေး ဓားမြောင်ကို လှမ်းယူ၍ ကျော့ချွင်လီ၏ ကော်လံကို ဆွဲပြီး သူ့ကို ဘေးသို့ ဆွဲရမ်းလိုက်သည်။

ထို့နောက်

ဇွပ်…

ဓားတစ်လက်က သူ၏ ဝမ်းဗိုက်အတွင်း ဝင်ရောက်သွားခဲ့သည်။

ကျော့ချွင်လီ၏ လှုပ်ရှားမှုတို့ တုံ့နှေးသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ခွန်အားတို့ ရုတ်ချည်း ယုတ်လျော့လာလေသည်။ ကောင်းစွာ မတ်တပ်ရပ်နိုင်သည့် ခွန်အားပင် မရှိတော့ချေ။

“ မင်း ဘယ်လိုတောင်……. ငါ့ကို ဓားထိုးဝံ့တာလဲ…” ကျော့ချွင်လီ၏ မျက်ဝန်းတို့ မယုံကြည်နိုင်စွာ ပြူးကျယ်နေလျက် ရှိသည်။

“ ငါ မလုပ်ရဲဘူးလို့ မင်းထင်နေတာလား … ဒါဆိုရင်တော့ မင်း ငါ့ကို အထင် တအား သေးလွန်းနေပြီ… လင်းယွင်အုပ်စု ဒီနေ့လို အရွယ်အစားမျိုး ဖြစ်လာတာ ကလေးလို အိမ်ဆက်ပြီးများ ဖြစ်လာတယ် ထင်နေလို့လား…”

ဇွပ် … !

ဇွပ် … !

လင်းရီ ကျော့ချွင်လီကို စကားပြောခွင့် မပေးပေ။

နှစ်ချက်ဆင့် ထိုးသွင်းလိုက်၏။

ကျော့ချွင်လီ နေရာ၌ ချက်ချင်း သတိလစ် မေ့မြောသွားခဲ့ပြီး

ပျော့ခွေနေသည့် ရွံ့ပုံကြီးကဲ့သို့ ဖြစ်သွားခဲ့တော့သည်။

All Chapters