← Chapters

သက်ပြင်းချသံ

Vol. 95 Ch. 1421

သက်ပြင်းချသံ

Vol. 95 Ch. 1421

ပကတိ ဆိတ်သုန်းမှုက….

အပ်ကျသံပင် ကြားရလောက်သည်အထိပင်..

သွေးအိုင်ထဲတွင် လဲလျောင်းနေသည့် ကျော့ချွင်လီကိုကြည့်ရင်း မည်သူကမျှ အသက်ကျယ်ကျယ်ပင် မရှူဝံ့ကြတော့ချေ။

စွန်းမန်ကျားကဲ့သို့ အတွေ့အကြုံ ရင့်ကျက်ပြီးသူ တစ်ယောက်ပင် ဖြစ်ပျက်သွားခဲ့သည်များက မြန်ဆန်လွန်း၍ သူ လိုက် မမီတော့ချေ။ ရှော့ခ်ရလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ မိကောင်းဖခင် သားသမီး အန်းနင် ဆိုလို့ကတော့ ဆိုဖွယ်ရာ ရှိတော့မည် မဟုတ်ချေ။

လင်းရီ၏ ကိုယ်ရေးကိုယ်တာ ရှင်သန်နေထိုင်သည့်ပုံစံက အရမ်းကြီး မည်မည်ရရ မဖြစ်သော်လည်းပဲ အခြား တစ်ယောက်ယောက်က ကြည့်မည် ဆိုလျှင် မည်သို့ပဲ ကြည့်ကြည့် သူ၏ ပုံစံက အန္တရာယ် မပြုတတ်သူ တစ်ဦးဟု ထင်ရ၏။ ယခုလို ရက်စက်ကြမ်းကြုတ်သည့် ဘက်ခြမ်းလည်း သူ့တွင် ရှိနေလိမ့်ဦးမည်လို့ ထင်မှတ်မထားခဲ့ပါချေ။

လင်းရီ ကုန်းကွပြီး ထိုင်လိုက်သည်။ ကျော့ချွင်လီ၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး တစ်ဖက်သူက သူ့ကို နောက်တစ်ကြိမ် ဓားနှင့်ထိုးမှာကို ကြောက်ရွံ့သဖြင့် အသံထွက် တောင်းပန်ချင်နေဟန် တူသည်။ သို့သော် သူ့မှာတော့ အသံမထွက်နိုင်ခဲ့ပေ။

သို့သော် လင်းရီက ၎င်း၏ အဝတ်အစားများဖြင့် သွေးစက်များကို သုတ်ပြီး ပြန်သိမ်းထားလိုက်၏။

“ ခု လမ်းဖယ်ပေးတော့…”

ဘယ်လောက် ကြောက်စရာ ကောင်းလိုက်လဲ…

လင်းရီ၏ တည်ငြိမ်လွန်းသည့် ကိုယ်နေဟန်ထားကို မြင်တော့ စွန်းမန်ကျား တကယ်ကြီး ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။

ဤလူ တိုက်ခိုက်စဉ်အခါက သူ၏ မျက်နှာထက်တွင် မည်သို့သော အမူအရာမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။ သာမန် လုပ်ရိုးလုပ်စဉ် တစ်ခုကို ပြုလိုက်ရသကဲ့သို့ အေးဆေး တည်ငြိမ်လွန်းလှ၏။ သူ့ကြည့်ရသည်မှာ ဝါရင့် လုပ်ကြုံရေး သမား တစ်ယောက်ဟုတောင် ထင်ရသည်။

ဤကဲ့သို့သော ဇမျိုးဖြင့် ကျော့ချွင်လီကို တုံ့နှေးခြင်းမရှိ ဓားထိုးခဲ့ပြီး သူ့အစ်ကိုကြီး၏ ပြေးလမ်းကိုလည်း လုယူသွားခဲ့သေးသည်။ ထို့ကြောင့် သူ့ကိုလည်း အရေးတယူ ပြုနေမည်မှာ မဟုတ်ချေ။ အကယ်၍ သူသာ ဆန္ဒရှိသည်ဆိုပါက သူ့ကိုပါ လွယ်လင့်တကူ ဖျက်စီးပစ်၍ ရလေသည်။

“ ဘေးဖယ်ပေးလိုက်…” စွန်းမန်ကျား သတိနှင့် အမိန့်ပေးလိုက်သည်။ ထို့နောက် မသိစိတ်အလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ပြီး လင်းရီကို အနားသို့ အကပ်မခံဝံ့ချေ။

“ မင်းတို့ကောင်တွေလည်း တကယ့်ကောင်တွေ… ငါဘယ်သူလဲ ဆိုတာ သိတာတောင်မှ ငါ့ကိုလာပြီး ရန်စဝံ့နေတယ်… မင်းတို့ ဘဝကြီးတွေက သက်တောင့်သက်သာ သိပ်ဖြစ်လွန်းနေတယ်နဲ့တူတယ်… မင်းတို့ကောင်တွေက သင်ခန်းစာ ပေးခံရဖို့ သင့်တယ်…”

လင်းရီ၏ စကားလုံးများက အလွန်တရာကို မောက်မာဝင့်ကြွားလှပြီး စွန်းမန်ကျားကို မျက်နှာသာ တစ်စက်မျှ ပေးခြင်း မရှိချေ။

သို့သော် တစ်ဖက်သူက တစ်ခွန်းပင် ပြန်ခံ မပြောဝံ့ချေ။ လင်းရီကို ကြည့်လျက်သာ နေရင်း ……. ကြည့်လျက်သာ ရှိနေတော့သည်။

လူတိုင်းက လင်းရီသွားရန် လမ်းဖယ်ပေးလိုက်ကြပြီး လင်းရီလည်း ရှည်ကြာစွာ မနေချေ။

အန်းနင်လည်း လင်းရီ နောက်ကနေ လိုက်ပြီး ဟန်ထန်း ရေချိုးစင်တာထဲကနေ ထွက်လာခဲ့၏။ သူမ ဤနေရာ၌ တစ်မိနစ်လေးပင် ထပ်မနေချင်တော့ပေ။

နီကျန်းရန်နှင့် ကျန်နှစ်ယောက်လည်း အခြေအနေကြည့်၍ ဟန်ထန်း ရေချိုးစင်တာထဲကနေ ဂရုတစိုက်နှင့် ထွက်လာခဲ့လေသည်။

“ အစ်ကို … ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ.. “ စွန်းမန်ကျား၏ လက်အောက်ငယ်သား တစ်ယောက်ကနေ ရှေ့တက်လာပြီး “ ကျွန်တော်တို့ လူတွေ ထပ်ခေါ်ပြီး အဲ့ကောင် ဝေးဝေး မရောက်နိုင်ခင် သင်ခန်းစာ ပေးကြမလား…”

“ ငါ သေချာပေါက် လက်စားပြန်ချေမှာ… ဒါပေမယ့် ခုချိန်တော့ မဟုတ်သေးဘူး…” စွန်းမန်ကျား ပြောလိုက်ပြီး “ မြန်မြန် ချွင်လီကို ဆေးရုံခေါ်သွားပေးလိုက်… မနောက်ကျခင် မြန်မြန်လုပ်…”

“ ဟုတ်ကဲ့…”

ဟန်ထန်း ရေချိုးစင်တာ၏ ဝင်ပေါက်ဝတွင် လင်းရီ လမ်းဘေး၌ ရပ်နေပြီး ကားငှားရန် ဟန်ပြင်နေသည်။

သို့သော် ထိုအခိုက်အတန့်တွင် အန်းနင် ဒေါက်ဖိနပ် စီးလျက်သားဖြင့် လင်းရီထံ အပြေးလေး လာခဲ့သည်။

“ ဒါရိုက်တာလင်း… နင် ဘာ‌တွေ လုပ်နေတာလဲ…”

“ အနှိပ်ခံမို့ လိုက်ရှာနေတာလေ…” လင်းရီ ပြောလိုက်ပြီး “ ဒီနေရာကို သွားလို့ မရတော့ဘူးဆိုမှတော့ တခြား နေရာ သွားရမှာပေါ့..”

အန်းနင် အပြစ်ရှိသလို ခံစားနေရကာ သူ့အား ပြောလိုက်၏။ “ ငါ တောင်းပန်ပါတယ်.. နင့်ကိုပါ ဆွဲထည့်မိသလို ဖြစ်သွားခဲ့တယ်…”

“ ဒါလည်း မင်းနဲ့ သိပ်ဆိုင်လှတာ မဟုတ်ပါဘူး… ငါ မနေ့တုန်းက ပင်းချိန်ကို လာကတည်းကရင် တစ်ခုခု ဖြစ်သွားခဲ့တာ … ငါ့ကို တောင်းပန်ဖို့ မလိုဘူး…”

“ ဒါဆိုလည်း နင့်ကို ကျေးဇူးတင်ရမှာပဲ… ဒီနေ့ နင့်ကြောင့်မို့သာ မဟုတ်ရင် ငါတော့ သူတို့ အတင်း အဓမ္မ ခေါ်သွားတာ ခံရတော့မှာ…”

“ အသေးမွှားလေးပါ… မင်းက ဒါရိုက်တာချိန်ရဲ့ လူလေ… ငါတို့က ပင်းချိန်မှာ နေဦးမှာဆိုတော့ နောက်ရက်တွေကျရင် ဂရုစိုက်ပေးဖို့ မင်းကိုပဲ ဒုက္ခပေးရမှာပဲ… နည်းနည်းလေး ကူညီပေးရတာ ကိစ္စမရှိပါဘူး… မင်း စိတ်ထဲ ထားမနေနဲ့…”

လင်းရီ၏ ရက်ရောမှုနှင့် စိတ်သဘောထား ကြီးမြတ်မှုက အန်းနင်ကို ပို၍ပင် ရှက်ရွံ့သလို ခံစားသွားခဲ့ရသည်။

သူနှင့် နှိုင်းယှဉ်လိုက်ပါက….. ဟင်း…

သူမ အမြင်တွေ မှုန်ဝါးနေခဲ့တာပါလား…

“ နင်နင်…”

နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ နီကျန်းရန်နှင့် သူ့ဘော်ဒါနှစ်ယောက်က နောက်ကနေ ပြေးလိုက်လာလေသည်။

နီကျန်းရန်နှင့် တဖန် ပြန်ရင်ဆိုင်ရတော့ အန်းနင် ယခင်ကလောက် တည်ငြိမ်နေခြင်း မရှိတော့ချေ။

သူမ အဖမ်းခံခဲ့ရသည့် အချိန်တုန်းက သူမ ထင်ထားခဲ့သည်မှာ ကျန်းရန်က သူမအတွက် အကောင်းဆုံး ပြုလုပ်ပေးပြီး အစွမ်းကုန် ပြေးဝင်လာမည် ဟူ၍ပင်။ သို့သော် စကားလေးနှင့်ပင် ကူညီဖော် မရလိမ့်မည်လို့တော့ သူမ ထင်မထားခဲ့ပါချေ။

ထိုစဉ် အချိန်တုန်းက ဘာမျှမလုပ်သည်က အန္တရာယ်အကင်းဆုံး ဖြစ်သော်လည်းပဲ ….

သို့ပေမယ့် မည်သို့သော အမျိုးသမီးမျိုးက မင်းသမီးလေးတစ်ပါး မဖြစ်ချင်သူမျိုး ရှိလို့လဲ။ သူမ အန္တရာယ် ကျရောက်နေစဉ် သူမရဲ့ မင်းသားလေးက ဘာကိုမျှ ဂရုမစိုက်ဘဲ လာပြီး ကယ်တင်ပေးတာမျိုးကို သူမလည်း လိုချင်တယ်လေ။

ထိုအချိန်တုန်းက ကျန်းရန်သည် မဆင်မခြင် ရှေ့သို့ တက်လာပြီး သူမကို ကာကွယ်ပေးမည်ဟူ၍ပင် တွေးထင်ထားခဲ့သည်။ အကယ်လို့ ထိုသို့ ဖြစ်လာခဲ့မည် ဆိုပါက သူ အန္တရာယ်ကင်းဖို့ ထိုလူများနှင့် ထမင်း တစ်နပ် အတူစားပေးဖို့ရာ စိတ်ရှိမည် မဟုတ်ချေ။ ထိုအချက်လေးကြောင့်ပဲ သူမ ကျန်းရန်ကို လက်ထပ်ခွင့်ပြုလိုက်သည်မျိုးတောင် ဖြစ်သွားနိုင်သည်။

သို့သော် ယခုတော့ … သူမရှေ့ရှိ လူက သူမ၏ တစ်ဘဝလုံးစာအတွက် ပုံအပ်ရန် ထိုက်တန်ခြင်း ရှိမရှိ သူမ မသေချာတော့ချေ။

ယင်းက သူမကို အရမ်း စိတ်အနှောင့်အယှက် ဖြစ်စေပြီး စိတ်မတင်မကျ ဖြစ်နေစေတော့၏။

“ နင် အဆင်ပြေရဲ့လား…”

“ ငါ အကုန်အဆင်ပြေတယ်.. ငါတို့တွေ အိမ်မှာ ခဏလောက် အနားယူပြီးသွားရင် ကောင်းသွားမှာပါ…” နီကျန်းရန် ပြောလိုက်ပြီး “ ဒါပေမယ့် ငါက မင်းကို ပိုပြီး စိတ်ပူတာ… မင်း အဆင်ပြေရဲ့လား…”

“ ပြေတယ် ပြေတယ်…”

“ မင်းထိခိုက် မသွားဘူးဆိုရင် ကောင်းတယ်…” နီကျန်းရန် ပြောလိုက်ပြီး “ ပြဿနာလည်း မရှိတော့ဘူးဆိုတော့ အိမ်ပြန်ကြရအောင်…”

“ အဲ့တာက…..”

အန်းနင် ချီတုံချတုံ ဖြစ်နေသည်။ တွေးကြည့်ပြီးနောက် သူမဘာလို့ ချီတုံချတုံ ဖြစ်နေမှန်းလည်း မသိတော့ချေ။

ဤသည်က သူမတို့ အရင်က သဘောတူထားသည့် ကိစ္စပင်။ လင်းရီကို ရေချိုးစင်တာသို့ ပို့ပေးပြီးနောက် သူမတို့တွေ အတူ အိမ်ပြန်ကြမည်။

သို့သော် ယခု သူမ ထွက်မသွားချင်ပေ။ သူမ လင်းရီနောက်သို့ မလိုက်ချင်သော်လည်းပဲ နီကျန်းရန်နှင့် မည်သို့ မျက်နှာချင်းဆိုင်ရမှန်းလည်း မသိ ဖြစ်နေတော့သည်။

“ လင်းရီက ငါတို့ စင်တာရဲ့ ကလိုင်းရန်… ဒါရိုက်တာချိန်က သူ့ကို ကောင်းကောင်းဧည့်ခံပေးဖို့ ပြောထားတယ်… ငါ သူ့ကို တစ်ယောက်တည်း ထားခဲ့လို့ မရဘူး…” အန်းနင် ပြောလိုက်ပြီး “ ပြီးတော့ နင်က ဒဏ်ရာ ရထားတယ်လေ… နင် အရင်ပြန်နားလိုက်… တို့ မနက်ဖြန်မှ စကားပြောကြမယ်…”

နီကျန်းရန်၏ အမူအရာပြောင်းလဲသွားခဲ့ပြီး လင်းရီကို ရန်လိုစွာ ကြည့်နေတော့သည်။

“ သူ့ကို လိုက်ပို့ပေးပြီးရင် ငါနဲ့အတူ ပြန်မယ်လို့ မင်း သဘောတူထားခဲ့တာ မဟုတ်ဘူးလား… ဘာလို့ စိတ်ပြောင်းသွားခဲ့တာလဲ…”

“ ဒါပေမယ့် ငါ့ဘက်က သူသွားချင်တဲ့ နေရာကို လိုက်မပို့ပေးရသေးဘူးလေ… ငါ့ တာဝန် မပြီးသေးဘဲ ငါ ထွက်သွားလို့ မရဘူး…”

“ ဒါဆိုလည်း နောက်ထပ် ရေချိုး စင်တာ တစ်ခု ရှာလိုက်… ငါတို့ သူ့ကို အဲ့လိုက်ပို့ကြမယ်… ပြီးရင် မင်းကို အိမ်ပြန်ခေါ်သွားမယ်…”

အန်းနင် သူမ၏ အိတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း နှုတ်ခမ်း ကိုက်ထားမိသည်။

“ အဲ့ချိန်ကျ ထပ်ပြောကြတာပေါ့…”

“ ခု လောလောဆယ် ဘာမှ မပြောသေးနဲ့ဦး… ကားထဲဝင် … ငါတို့ မင်းနောက်ကနေ လိုက်လာခဲ့မယ်… ပြီးရင် အတူပြန်ကြမယ်… အိုကေ…”

ကူကယ်ရာမဲ့စွာ ခံစားနေရရင်း အန်းနင် ခေါင်းညိမ့်၍ ပြောလိုက်သည်။

“ ကားထဲဝင်..”

အန်းနင် လင်းရီကို သူမ၏ အော်ဒီ ကားလေးထဲ ခေါ်သွားလိုက်သည်။

သို့သော်လည်း သူမ နီကျန်းရန်ကို စောင့်ဆိုင်းခြင်း မရှိဘဲ ထိုအစား မြေပုံပေါ်တွင် ရေချိုးစင်တာကို ရှာဖွေပြီးနောက် ထိုအတိုင်း ချက်ချင်း မောင်းသွားလိုက်၏။

လာစဉ်တုန်းကနှင့် မတူညီဘဲ ကားထဲရှိ လေထုက အနည်းငယ် သိပ်သည်းမွန်းကြပ်နေကာ လင်းရီကို ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေစေတော့သည်။

“ သူ့ကို ဘယ်လို ခါချခဲ့ရင် ကောင်းမလဲ နင်သိလား…” အန်းနင် ညင်သာစွာ မေးလိုက်၏။

လင်းရီ နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်တော့ ဆယ်မီတာ အကွာတွင် နီကျန်းရန်၏ ကားက လိုက်ပါလာနေလေသည်။

“ မင်းရဲ့ ကောင်လေးကို ချန်ထားခဲ့ချင်တာလား…”

“ အင်း…” အန်းနင် ခေါင်းညိမ့်လိုက်သည်။

“ ငါတော့ အကြံကောင်းလို့ မထင်ဘူးနော်… သူ ငါ့ကို သန်းခေါင်ယံကြီး ကျိန်ဆဲနေရင် ဘယ်လိုလုပ်မှာ…”

“ ငါသူ့ကို ခုလောလောဆယ် မမြင်ချင်ရုံပဲ…” အန်းနင် တည်ငြိမ်စွာ ပြောလိုက်ပြီး “ နင် သူ့ကို ဘယ်လိုခါချရမလဲ သိရင် ငါ့ကို ပြော… နင် မသိဘူးဆိုလည်း ထားလိုက်တော့…”

“ လွယ်ပါတယ်… ငါ အရင်က အင်တာနက်ပေါ်မှာ ကြည့်ဖူးတယ်… ပြောကြတာ ပင်းချိန်က လမ်းတွေက ဝင်္ကပါလိုပဲတဲ့… လူကို မျက်ခြေဖြတ်ထားဖို့ဆိုတာ အရမ်းလွယ်တယ်..”

လင်းရီ ရှေ့လမ်းဆုံကို လက်ညိုးထိုးပြရင်း “ ရှေ့ လမ်းဆုံရောက်တာနဲ့ ညာဘက်ကွေ့လိုက်…”

အန်းနင် ညွှန်ကြားသည့်အတိုင်း လုပ်လိုက်သည်။

“ ပြီးရင် အရှိန်ကို ၆၀ လောက်အထိ တင်လိုက်… အဲ့တာဆို မီးပွိုင့် မနီခင် ဖြတ်လို့ရတယ်… လမ်းဆုံရောက်ရင် ညာဘက်ထပ်ကွေ့လိုက်… အဲ့လောက်ဆို လုံလောက်ပြီ..”

“ အိုကေ…”

လင်းရီ ညွှန်ကြားသည့်အတိုင်း ပြုလုပ်ရင်း အန်းနင် နီကျန်းရန်ကို လွယ်လင့်တကူ ခါချနိုင်ရစ်ခဲ့လေသည်။

လင်းရီ နှုတ်ခမ်းကို ကိုက်ထားလျက် ရှိနေသည်။

တကယ်လို့ သူတို့သာ သူ့ကြောင့် လမ်းခွဲလိုက်ကြမယ်ဆိုရင် ဘယ်လိုတောင် မသူတော် ဖြစ်လိုက်မလဲ…

မိုးနတ်မင်းကြီးက မမျှတဘူး… ဘာလို့ငါ့ကို ဒီလောက်ချော၊ ဒီလောက်ချမ်းသာပြီး အတိုက်အခိုက်ပါ ကောင်းအောင် ဖန်တီးပေးထားရတာလဲ…

ဟင်း….

All Chapters