← Chapters

အစွမ်းအစရှိပြီး နားလည်ရခက်သူ

Vol. 95 Ch. 1422

အစွမ်းအစရှိပြီး နားလည်ရခက်သူ

Vol. 95 Ch. 1422

နီကျန်းရန်ကို ခါချခဲ့ပြီးနောက် အန်းနင် ဖြည်းဖြည်းချင်း ကားကို အရှိန်လျော့လိုက်ပြီး ကားပြတင်းပေါက်မှန်ကို ဖွင့်လိုက်၏။ သူမ ဖုန်းကိုပင် စက်ပိတ်ထားလိုက်ပြီး နီကျန်းရန် ဆက်သွယ်လို့ မရအောင် ပြုလုပ်ထားလိုက်သည်။

အပြင်ကနေ တိုက်ခတ်လာသည့် လေက သူမ၏ ဆံနွယ်များကို တိုးဝှေ့သွားပြီး ကားထဲရှိ လေထုကို အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားစေလေသည်။

အခြားတစ်ဖက်ရှိ လင်းရီကတော့ ကျီချင်းရန်နှင့် စကားပြောနေရင်း ကိုယ့်အာရုံနှင့်ကိုယ် ရှိနေတော့၏။

နာရီဝက်ခန့် ကြာပြီးနောက် အန်းနင် ကူတောက် အမည်ရသည့် ရေချိုးစင်တာ တစ်ခုသို့ မောင်းနှင်လာခဲ့သည်။

၎င်းက အင်မတန် ကြီးမားပြီး အပြင်ဘက်၌ ပြင်ဆင် မွမ်းမံထားမှုတို့ကလည်း အလွန်တရာမှကို အထက်တန်းကျလှသည်။ တစ်ချက်ကြည့်လိုက်မည်ဆိုပါက ဟန်ထန်း ရေချိုးစင်တာအောက် လုံးဝ လျော့မည် မဟုတ်ချေ။

အနည်းငယ် မကွာဘူးဆိုလျှင်တောင် တူညီသည့် အဆင့်အတန်းတွင်တော့ ရှိ၏။

“ မင်းမှာ တခြား လုပ်စရာရှိတယ်ဆိုရင် သွားလေ…. နှိပ်တာလေးလောက်ကတော့ ဘယ်လောက်မှ မကုန်ဘူး… ငါ့ဘာငါ ပေးလိုက်မယ်… ဘိုင့်…”

လင်းရီ ထိုင်ခုံ ခါးပတ် ဖြုတ်လိုက်ပြီး ကားထဲက ထွက်လာခဲ့သည်။ သူ ထွက်သွားတော့မည့် အချိန်တွင်ပဲ အန်းနင်၏ စိတ်အေးလက်အေး ပြောလိုက်သည့် အသံကို ကြားလိုက်ရလေသည်။

“ ငါ အိမ် မပြန်ချင်ဘူး…”

“ အမ်…”

“ အိမ်မပြန်ဘူးဆိုတော့ မင်းက ဘယ်လဲ သွားနေမှာ…”

“ မစဉ်းစားရသေးဘူး… ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ကို လုံးဝ မပြန်ချင်ဘူး…”

“ ငါ အခု သွားပြီး အနှိပ်ခံမှာ မင်း စိတ်မရှိဘူးဆိုရင် ငါနဲ့ အတူ လိုက်ပြီး အနှိပ်ခံလို့ရတယ်… မဟုတ်လည်း မင်းဘာမင်း ကားပတ်မောင်းနေလိုက်ပေါ့….”

“ ဒီနေရာက တအား ရှုပ်ထွေးလွန်းတယ်.. ငါမလိုက်ချင်ဘူး…”

“ မင်းက အနှိပ်ခံ ဆန့်ကျင်ရေး သမားလား…” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း အနှိပ်လေးပဲ ခံတာကို ဘာဖြစ်တာကျလို့…”

“ ငါ့ကို အ,တယ် မထင်လိုက်နဲ့… ဒီနေရာက ရှေးခေတ်က ဆောင်ကြာမြိုင်နဲ့ ဘာမှမခြားဘူး…”

“ အဲ့တာ မသွားစေချင်တဲ့လူတွေက ဒီတိုင်း ဆင်ခြေပေးတဲ့ စကားလုံးတွေ… ငါက ဒီတိုင်း အနှိပ်ခံဖို့ လာတာ အဲ့လို အသုံးမဝင်တဲ့ဟာတွေ မလုပ်ဘူး…”

“ နင်မလုပ်ဘူး ဘယ်သူကသိမှာလဲ…”

လင်းရီ ပခုံးတွန့်လိုက်၏။

“ ငါ့ ရုပ်ရည်နဲ့ ငါ့ဘက်က စပြီး စကားတစ်ခွန်းပြောလိုက်ရင်ကို အတူအိပ်ချင်နေတဲ့ မိန်းမလှလေးတွေက ရေတွက်လို့ကို မနိုင်ဘူး… တချို့ဆို အခန်းတောင် ကြိုယူထားကြလိမ့်ဦးမယ်… ဆေးလည်း ကြိုသောက်ထားကြမယ်… လိုအပ်တာလည်း အကုန်ဝယ်ထားဦးမယ်… အဲ့တာကို ငါက ဘာလို့ ရေချိုးစင်တာလာပြီး အဲ့ဒီ ကိစ္စအတွက် ပိုက်ဆံ အကုန်ခံရဦးမှာလဲ…”

လင်းရီ၏ စကားလုံးများက ယုတ္တိရှိသည်ဟု အန်းနင် ခံစားမိလိုက်၏။

လင်းရီ၏ ခန့်ညားမှု လယ်ဗယ်က ထိုသို့ ပြုမူရန် အဆင့်မီလေသည်။

“ ဒါပေမယ့် ဒါက မြောက်ပိုင်းလေ… ကျိုးဟိုင် မဟုတ်ဘူး…”

“ ဘာကွာသွားတာမှတ်လို့… ဒိတ်လုပ်တဲ့ အက်ပ်တွေမှ အများကြီးကို ငါသာ ပုံတစ်ပုံလောက် ရိုက်တင်လိုက်တာနဲ့ သူတို့ကိုယ်သူတို့ ပေးဆပ်ချင်နေတဲ့လူတွေ မိနစ်ပိုင်း အတွင်း ရောက်လာကြမှာ… ဘာလို့ ရေချိုးစင်တာ လာပြီး အဲ့တာ လာလုပ်ရမှာလဲ…” လင်းရီ ပြောလိုက်သည်။

“ လာပါလိမ့်မယ်… စပွန်ဆာ အန်တီကြီးတွေ…”

“ ယုံတာ မယုံတာ မင်းအပိုင်းပဲ … ငါ ကြွားပြောနေတာ မဟုတ်ဘူး… ဒါပေမယ့် ငါသာ ဆန္ဒရှိတယ်ဆိုရင် တနေ့တမျိုး မိန်းကလေးတွေ မရိုးနိုင်အောင် တွဲလို့ရတယ်… အဲ့လို ကိစ္စမျိုးအတွက်နဲ့ ရေချိုးစင်တာ သွားတယ်ဆိုတာ ရူးတာပဲ…” လင်းရီ ပြောလိုက်၏။

သေချာလေး စဉ်းစားကြည့်တော့ သူပြောသည်က အဓိပ္ပာယ်ရှိကြောင်းကို အန်းနင် လက်ခံသွားခဲ့သည်။

သူမ အတော်လေးကို တစ်ဖက်စောင်းနင်း ဖြစ်နေခဲ့ဟန်ပင်။

“ ဆောတီးပါဟာ… ငါ နင့်ကို အထင်လွဲခဲ့မိတယ်…”

“ အဆင်ပြေပါတယ်… ငါလည်း ကျိုးဟိုင်မှာဆိုရင်တောင် ရေချိုးစင်တာကို တိတ်တိတ်လေး ခိုးသွားနေရတာ…”

အန်းနင် မရယ်မောဘဲ မနေနိုင်တော့ချေ။

“ နင့် အနေအထားကြီးနဲ့တောင် ကောင်မလေးကို ကြောက်နေရသေးတယ်ပေါ့…”

“ မပြောစမ်းနဲ့… အဲ့တာက ရှုပ်ထွေးတဲ့ သင်္ချာ ပုစ္ဆာပဲ… “ လင်းရီ သက်ပြင်းချလိုက်ပြီး “ တခါတလေ အမျိုးသမီးတွေကလည်း မျက်နှာနှစ်ဖက်နဲ့ လူစားမျိုးလို့ ငါထင်တယ်… သူတို့ spa သွားပြီး အနှိပ်ခံတာကျတော့ အဆင်ပြေတယ်.. ဒါပေမယ့် ငါ သွားပြီး အနှိပ်ခံတော့ကျ ခွင့်မလွှတ်နိုင်လောက်တဲ့ ပြစ်မှုကြီးကို ဖြစ်လို့… အဲ့တာ ဘာမှန်းကို မသိတာ…”

“ ဘာလို့ဆို ရေချိုးစင်တာမှာက မိန်းကလေးတွေချည်းပဲ ရှိပြီးတော့ သူတို့ဆီမှာက ပုံမှန်မဟုတ်တဲ့ အတွေးအခေါ်တွေနဲ့ချည်း ပြည့်နှက်နေတာလေ…” အန်းနင် ပြောလိုက်ပြီး “ ဒါပေမယ့် နင်သာ မျက်မမြင် အနှိပ်သည်တွေဆီ သွားမယ်ဆိုရင်တော့ နင့်ကို သံသယ ဝင်မှာ မဟုတ်ပါဘူး..”

“ မရဘူး… အဲ့နေရာက တအား မရိုးသားလွန်းတယ်.. ငါ တစ်ခါ ရောက်ဖူးပြီးပြီ… နောက်တစ်ခေါက် ထပ်မသွားချင်တော့ဘူး…”

“ ဘယ်လို မရိုးသားတာ… သူတို့က နင့်ကို ငွေညစ်လို့လား…”

“ မဟုတ်ပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ငါ့ ကုမ္ပဏီ နားလေးမှာ မျက်မမြင် အနှိပ်လုပ်ငန်း တစ်ခု ရှိတယ်… တစ်ခါက ကျောနာလို့ဆိုပြီး အဲ့ကို တစ်ချက်သွားကြည့်လိုက်တာ ငါ့ကို နှိပ်ပေးတဲ့ အဘိုးကြီးက မျက်လုံးကောင်းတယ်.. အဟွတ် မိန်းမလှလေး မဟုတ်တာကြောင့်လည်း ပါတာပေါ့… အဲ့နောက်ပိုင်း ငါလည်း မသွားဖြစ်တော့ဘူး…”

“ ခစ်ခစ်ခစ်…..”

အန်းနင် ရွှေရင်အစုံ လှုပ်ခါသည်အထိ တသိမ့်သိမ့်တုန်အောင် ရယ်မောမိနေတော့သည်။

“ သွားစို့… ငါနင်နဲ့ လိုက်ခဲ့မယ်… ဘာပဲဆိုဆို ငါလည်း ဘယ်သွားရမှန်းမှ မသိတာ..”

“ သွားစို့…”

ကားပါကင် ထိုးပြီးသည့်နောက် နှစ်ယောက်သား ကူတောက် ရေချိုးစင်တာထဲသို့ ဝင်လာခဲ့ကြသည်။

သူမ၏ ယခင် တည်ငြိမ်မှုနှင့် နှိုင်းစာကြည့်မည် ဆိုပါက အန်းနင်မှာ အနည်းငယ် မလွယ်ကူသယောင် ခံစားနေရလေသည်။

မည်သို့ပင်ဆိုစေ သူမ အရင်က ပိုက်ဆံ ချေပေးရန်သာ တာဝန်ယူထားပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခံစားကြည့်ရန် ရည်ရွယ်ချက် မရှိသဖြင့် စိတ်ထဲတွင်လည်း ဖိအားရှိသည်ဟူ၍ မခံစားရပေ။

သို့‌သော် ယခုတစ်ကြိမ်မှာတော့ မတူညီတော့ချေ။ သူမကိုယ်တိုင် တွေ့ကြုံခံစားကြည့်တော့မည် ဟူသော အတွေးက သူမကို နေရခက်အောင် ပြုလုပ်နေတော့၏။

“ ဈေးအကြီးဆုံး လက်မှတ်က ဘယ်လောက်လဲ….”

“ ဈေးအကြီးဆုံးလား..” ကောင်မလေးက မသိစိတ်အလျောက် ပြန်မေးမိလိုက်၏။

“ ဟုတ်တယ်… ငါ့ကို ဈေးအကြီးဆုံး ဝန်ဆောင်မှု လက်မှတ် နှစ်ခုပေး…”

လင်းရီ၏ စကားလုံးများက ကောင်မလေးကို ထပ်ခါတလဲလဲ ခေါင်းညိမ့်သွားစေခဲ့သည်။ ဤလူချောလေးက အံတိုနေသည့် မြေခွေးအိုကြီးပင်လော။

“ ၁,၈၈၈ ယွမ်လက်မှတ်က ဘူဖေး တစ်နပ်နဲ့ တစ်ညအိပ်လို့ ရပါတယ်ရှင့်…”

“ နှစ်ခု ယူမယ်…”

အန်းနင် ဖုန်းဖွင့်၍ ပိုက်ဆံပေးရန် ဟန်ပြင်လိုက်သော်လည်းပဲ လင်းရီ သူမကို တားမြစ်လိုက်သည်။

“ မင်းပိုက်ဆံကို သိမ်းထားလိုက်… ငါ ရှင်းလိုက်မယ်…”

လင်းရီ ကျူအာကုတ်ကို စကန်ဖတ်ပြီး ပိုက်ဆံ ရှင်းလိုက်သည်။ ထို့နောက် ကောင်မလေး၏ ဦးဆောင်မှု အောက်တွင် ရေပူစမ်းအခန်းထဲသို့ ရောက်လာလေသည်။

အန်းနင်၏ ရေကူးဝတ်စုံက အပြာဖျော့ဖျော့နှင့် တော်တော်လေးကို ရှေးရိုးဆန်သည်။ သူမ၏ အပေါ်ဘက်ခြမ်း တစ်ခုလုံးကို ကောင်းစွာ ဖုံးအုပ်ထားပြီး ဖက်ရှင်ပိုင်းတွင်တော့ မော်ဒယ်များ မကြာခဏ ဝတ်လေ့ရှိသည့် ကိုယ်ကြပ် အင်္ကျီတစ်ထည်နှင့်တောင် ဆင်တူနေတော့သည်။

စစချင်းတုန်းကတော့ ယခုလို ဝတ်ဆင်ပြီး သူစိမ်းတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရသည်ကို သူမ အတော်လေး ရှက်ရွံ့နေမိသည်။ သို့သော် သူမဘက်က မည်သည်ကိုမျှ ဖော်ပြထားတာမျိုး မရှိသဖြင့် စိတ်ထဲရှိ မလွယ်ကူမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေသည်။

ထို့ပြင် လင်းရီ၏ ဝမ်းဗိုက် ကြွက်သား အဖုအထစ် ရှစ်ခုနှင့် ဗွီပုံသဏ္ဌာန် မျဉ်းလိုင်းက အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှသည်။ ထို့ကြောင့် သူမကို များများစားစား စိတ်ပူပန်မှု မဖြစ်ပေါ်စေခဲ့ချေ။

“ နင့်ရဲ့ အဆက်အသွယ်တွေက တော်တော်လေးကို အားကောင်းတယ်မလား…” အန်းနင် မေးမြန်းလိုက်သည်။

“ ချိန်ရှီ မင်းကို တစ်ခုခု ပြောပြထားတယ်နဲ့ တူတယ်…”

“ သူ ထွေထူး တိတိကျကျတော့ ဘာမှ မပြောပြပါဘူး… နင့်ရဲ့ ကျောထောက်နောက်ခံက အားကောင်းတယ်.. ငါတို့ နင့်ကို အပြစ်ပြုမိလို့ မဖြစ်ဘူး… ကောင်းကောင်းဆက်ဆံပေးရမယ်… ဒါလောက်ပဲ…”

“ ဒါဆို မင်းက ဘာပြောချင်တာ…”

“ ဒါပေမယ့် နင့်ရဲ့ တုံးစန်းကောင်တီ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဌာနရဲ့ လက်ထောက် ဒါရိုက်တာဆိုတဲ့ ရာထူးက အားမှ မကောင်းတာ…”

“ ငါလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ လူတွေကို အကျိုးပြုမယ်ဆိုပြီး တုံးစန်းကောင်တီ လာခဲ့တာလေ… “ လင်းရီ ခေါင်းမော့၍ မျက်လုံးမှိတ် အပန်းဖြေရင်း “ ပြီးတော့ ဒါက ထွေထူးကိစ္စလည်း မဟုတ်ပါဘူး… အရင်ကဆို DIDI လည်း မောင်းဖူးတယ်… အီရန်ဘွိုင်းလည်း လုပ်ဖူးတယ်… နောက်ပိုင်းကျတော့မှ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဌာနက လက်ထောက်ဒါရိုက်တာ ဖြစ်လာခဲ့တာ … ငါ့ရဲ့ တခြား အလုပ်တွေထက် စာရင် ပိုပြီး ဂုဏ်သိက္ခာရှိတယ်လို့ ပြောလို့ရတယ်…”

‘ DiDi…’

‘ အီရန်ဘွိုင်း …’

လင်းရီ၏ အတိတ်က ကိစ္စရပ်များကို အနည်းအကျဉ်း သိရှိလိုက်ရပြီးနေက် အန်းနင်၏ မျက်လုံးလှလှလေးများ အံ့အားသင့်မှုကြောင့် ကျယ်ဝန်းသွားခဲ့လေသည်။

ဘာပဲဆိုဆို သူက အောင်မြင်နေတဲ့ လူပုဂ္ဂိုလ် တစ်ယောက်လေ… ဘာကြောင့် ခုလို အောက်ခြေသိမ်း အလုပ်တွေ လိုက်လုပ်နေတာလဲတဲ့… သူ မရှက်ဘူးလား…

“ နင်က ငါမြင်ဖူးတဲ့ တခြား ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေနဲ့ တကယ် မတူဘူးပဲ… နင်က ထူးခြားတဲ့ တစ်ယောက်လို့ ပြောရမယ်…”

“ ဟင်…”

“ ဘာလို့ ငါ့ကို ချမ်းသာတဲ့ ဒုတိယမျိုးဆက်လို့ ထင်ရတာလဲ…”

“ နင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်မှ မဟုတ်ဘူးဆိုရင် ဓာတ်ခွဲခန်းထဲက ပျက်ဆီးသွားတဲ့ ပစ္စည်းကို လျော်ပေးဖို့ ယွမ် ၄၀,၀၀၀ ကို လွယ်လွယ်ကူကူနဲ့ ထုတ်ပေးနိုင်မှာလား… “ အန်းနင် ပြောလိုက်ပြီး “ နင်က ငါတို့လို သာမန်လူတွေထက် အများကြီး အံ့ဩဖို့ကောင်းတယ်…”

“ ငါက ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူ တစ်ယောက် မဟုတ်ဘူးဆိုရင်ကော အံ့အားသင့်ဖို့ မကောင်းနိုင်တော့ဘူးလား…”

“ မဖြစ်နိုင်ဘူး…” အန်းနင် သေချာနေသည့် လေသံဖြင့် “ ဒီနေ့ခေတ်မှာ ကြွယ်ဝမှုကို စုဆောင်းဖို့ တင်းကျပ်ချုပ်ချယ်မှု မပြုထားတဲ့ ငွေရှာတဲ့ နည်းလမ်းတွေက သိပ်ရှိတော့တာ မဟုတ်ဘူး.. နင်က အရမ်းလည်း ငယ်သေးတယ်.. နင့်ဘာနင် ရှာထားတာတော့ မဖြစ်နိုင်ဘူး…”

လင်းရီ နှုတ်ခမ်းကို ကိုက်ထားရင်း ခေါင်းညိမ့်လိုက်သည်။

“ မင်းပြောတာလည်း ဟုတ်ပါတယ်…”

“ ကြည့်… နင် ဝန်ခံပြီမလား..”

လင်းရီ ပြုံးလိုက်ပြီး ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ပေ။

၎င်းနောက် သူတို့နှစ်ယောက်လုံး စကားဆက်မပြောကြတော့ချေ။ ထိုအစား ရေပူစမ်းထဲ၌ သက်တောင့်သက်သာ အနားယူနေကြ၏။

အန်းနင် စိတ်ထဲ အကယ်၍ သူမသာ ယခုလို ရေပူစမ်းထဲ စိမ်၍ အနှိပ်ခံမည်ဆိုပါက ထွေထူး ပြဿနာ မရှိဟု ခံစားနေလေသည်။ သူမ အရင်က ဤနေရာအပေါ် တော်တော်လေး မကောင်းမြင်ခဲ့မိပါလားဟု ခံစားနေရရင်း သုံးသပ်မှုတွေ ပြန်ပြုလုပ်နေတော့၏။

“ စကားမစပ် နင် ခုလေးတင် စွန်းမန်လုံရဲ့ လူတွေနဲ့ ရန်ဖြစ်ခဲ့တယ်နော်… သူတို့ နင့်ကို ပြန်ပြီး လက်စားလာချေကြလောက်တယ်…”

“ ဒါပေါ့… မလာဘဲ ဘယ်နေပါ့မလဲ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီကောင်တွေက ဒီတိုင်း ခွေးရူးတစ်အုပ်ပါပဲ… သူတို့ရဲ့ ခြေထောက်တွေကို ငါ မရိုက်ချိုးခင်အထိ မှတ်ကြမှာ မဟုတ်ဘူး…”

All Chapters