ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 23 Ch. 315
အဆုံးတွင် လီချင်းချန်၏ ပါးစပ်မှ စကားလုံးများ မထွက်လာခဲ့ပေ။ သူမ၏ ကျက်သရေရှိသော မျက်နှာလေးမှာ ရှက်ရွံ့မှုနှင့် ဒေါသတို့ဖြင့် ရောယှက်နေသည်။ ယောင်ယောင်က သူမထံမှ ဦးညွှတ်မှုကို လိုချင်နေသည်ကို သူမ မသိဘဲ မနေချေ။
သို့သော်လည်း ထို့အတွက် သူမ၏ အလျှော့မပေးလိုတော့ စိတ်နှင့် ခေါင်းမာမှုတို့က ခွင့်မပြုပေ။ သူမအား လွယ်ကူစွာ အညံ့ခံစေခြင်းမှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း ...
ထို့ကြောင့် အကြီးအကဲမြောင် ချောမွေ့အောင် ပြုလုပ်ထားသည့် အရာအားလုံး သဘောတူထားသည်ကို ချိုးဖြတ်ရန်သာ ရှိတော့သည်။
ထိုသည်ကို မြင်ပြီးနောက် ယောင်ယောင်မှာ သူမ၏ တောင်းဆိုချက်ကို ဇွတ်တင်းခံမနေတော့ပဲ အကြံတစ်ခု ထပ်ပြုလိုက်သည် “သည်လိုဆိုရင်တော့ ပေတစ်ထောင်ရှိတဲ့ ရေနေသားရဲရဲ့ မူလနဂါးအဆီအနှစ် သလင်းကျောက်ကို ငါတို့ တစ်ဝက်လိုချင်တယ်”
အကြီးအကဲမြောင်က ချက်ချင်းပင် တစ်စုံတစ်ခု ဝင်ပြောရန် ပြင်လိုက်၏။
သို့သော်လည်း လီချင်းချန်က ပိုမိုမြန်ဆန်ပေသည် “သဘောတူတယ်…”
သူမက အကျိုးမြတ်ထဲမှ တစ်ဝက်ကို ခွဲဝေပေးရန် ပိုမို ဆန္ဒရှိပေသည်။
ထပ်ပြီးတော့ ပြောရလျှင် သူမအနေဖြင့် ယောင်ယောင်ပေါ်တွင် အကြွေးမတင်ချင်ပေ။ တကယ်တော့ ဇူယွမ်နှင့်သာ ပြဿနာဖြစ်ခြင်းဖြစ်ပြီး ယောင်ယောင်နှင့် ဘာမှမဖြစ်ခဲ့ပေ။ သို့သော်လည်း ယခုအချိန်တွင် ယောင်ယောင်က ကူညီမည့်သူ တစ်ယောက်ဖြစ်ပြီး ဇူယွမ်အတွက်တော့ … လီချင်းချန်၏ အမြင်တွင် ဇူယွမ်က ယောင်ယောင့်အပေါ်တွင်သာ မှီခိုသူတစ်ယောက် ဖြစ်ပြီး သည်ပူးပေါင်း ဆောင်ရွက်မှုက သူနှင့်လုံး၀ မသက်ဆိုင်ပေ။
ဇူယွမ်၏ မူလစဦး ဒုတိယအဆင့်က သည်တိုက်ပွဲတွင် တစိတ်တဒေသအဖြစ် ပါဝင်ရန် အရည်အချင်း မပြည့်မှီပေ။
ထို့ကြောင့် မူလနဂါး အဆီအနှစ် သလင်းကျောက်ကို ခွဲဝေလိုက်ခြင်းက ယောင်ယောင်နှင့် သူမတွင် တစ်ယောက်အပေါ် တစ်ယောက် အကြွေးတင်စရာ မလိုအပ်တော့ပေ။ ထို့ကြောင့် နောက်တစ်ကြိမ် ယောင်ယောင်နှင့် ပြန်တွေ့သော အချိန်တွင် သူမအနေဖြင့် အကြွေးတင်နေသော ခံစားချက်ကို ခံစားမိတော့မည် မဟုတ်ပေ။
ထိုသို့ အကြွေးတင်သည့် ခံစားချက်က မာနကြီးသော လီချင်းချန်အတွက် လက်မခံနိုင်စရာ ကိစ္စဖြစ်သည်။
လီချင်းချန်၏ ပြတ်သားသော တုံ့ပြန်ချက်ကို ကြားရသောအခါ အကြီးအကဲမြောင်မှာ မနေနိုင်တော့ပဲ ဝင်ပြောလိုက်သည် “ကလေးမ။ မူလနဂါး အဆီအနှစ် သလင်းကျောက် တစ်ဝက်လောက်ပဲဆိုရင် နဂါးရှစ်ကောင် ကောင်းချီးအဆင့်ကို ရောက်ဖို့ လုံလောက်မှာ မဟုတ်ဘူးနော်”
လီချင်းချန်က တည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောလိုက်သည် “ကိစ္စမရှိဘူး။ ခုန်းစိန် သည်အရာကို ရယူမှာကို တားနိုင်တဲ့အတွက် ကျွန်မတို့မှာ အရှုံးမရှိဘူး”
အကြီးအကဲမြောင်က ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။ သည်ကလေးမကား အမှန်ပင် ခေါင်းမာလွန်းပေသည်။ သူမပါးစပ်ကလေး အနည်းငယ်ဟလိုက်ရုံနှင့် မူလနဂါးအဆီအနှစ် သလင်းကျောက် တစ်ခုလုံးကို ရနိုင်သည် မဟုတ်လော။
ယောင်ယောင်က သူမလက်ပေါ်သို့ ကျောက်စိမ်း မူလမှော်စာလုံး စုတ်တံတစ်ခုကို ခေါက်နေလျက် လီချင်းချန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ သိသာစွာပင် လီချင်းချန်မှာ ဤမျှလောက် ပြတ်သားလိမ့်မည်ဟု သူမ မထင်မှတ်ထားသည်မှာ သေချာပေသည်။ သို့သော်လည်း ယောင်ယောင်က ခေါင်းညိတ်လိုက်သည်။ အစောပိုင်းက လီချင်းချန်ကို အနည်းငယ် မကြိုက်မနှစ်သက်သည်မှာ အထက်စီး ဆန်လွန်းသောကြောင့် မဟုတ်ပါလော …
ယောင်ယောင်က တန်းပြောလိုက်သည် “ငါတို့ သွားကြတော့မလား”
လီချင်းချန်က ခေါင်းညိတ် လိုက်ပြီးနောက် သူမ၏ ရေခဲတမျှ အေးစက်နေသော မျက်လုံးအစုံဖြင့် ဇူယွမ်ကို လှမ်းကြည့်လိုက်သည် “သူကတော့ လိုက်ဖို့မလိုဘူးမလား”
သည်ပြဿနာမှာ ဖြေရှင်းပြီးဖြစ်သော်လည်း သူမအနေဖြင့် ဇူယွမ်ကို မြင်ရသည့် အချိန်တိုင်းတွင် ပုံမှန် မဟုတ်သည်ကို ခံစားမိပေသည်။ သူအား မြင်လိုက်တိုင်းတွင် သူမ၏ ခန္ဓာကိုယ် မည်သည့် အစိတ်အပိုင်းများကို ဇူယွမ်မြင်တွေ့သွားသလဲ ဟူသော အတွေးက မသက်မသာ ခံစားရစေပေသည်။
အရှက်နှင့် ဒေါသက အဆုံးအစွန်သို့ အမြဲရောက်ရှိနေစမြဲ …
ထိုအပြင် ပိုမိုအရေးကြီးသော အကြောင်းပြချက် အနေနဲ့ မူလစဦး ဒုတိယအဆင့်သာ ရှိသေးသော ဇူယွမ်က အရွေးချယ်ခံ တပည့်များဖြစ်သော ခုန်းစိန်၊ ယဲ့ကယ်တို့နှင့် တိုက်ပွဲပါဝင် ကူညီနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ရှင်းလင်းစွာပြောရပါက ဇူယွမ်သာ လိုက်ခဲ့လျှင် ဝန်ထုတ်ဝန်ပိုး တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
ပုံမှန်အားဖြင့် ဇူယွမ်လည်း လီချင်းချန် စဉ်းစားနေသည်ကို နားလည်ပေသည်။ ထို့ကြောင့် သူက ရယ်မောရုံသာ ရယ်မောလိုက်ပြီး သူ့အား အထင်အမြင်သေးခြင်း အတွက် ဒေါသထွက်ခြင်း မရှိပေ။ သူနှင့် အရွေးချယ်ခံတပည့် ဖြစ်သော လီချင်းချန်တို့ကြားမှာ အဆင့်အတန်းနှင့် ခွန်အားမှာ ကွာခြားလှသည့် အတွက် သူအား အထင်အမြင်သေးခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
သည်အရာက အမှန်တရားဖြစ်ပြီး ဇူယွမ်လည်း ပုံမှန်အားဖြင့် သိပေသည်။ ထို့အပြင် သူက အမြင်ကျဉ်းမြောင်းသူ တစ်ဦး မဟုတ်သောကြောင့် ထိုအရာကို စိတ်ထဲထားနေမည် မဟုတ်ပေ။
ယောင်ယောင်၏ မျက်လုံးထဲတွင် အရေးမစိုက်ဟန် ရှိနေခဲ့ပြီးနောက် သူ့အားလှမ်းကြည့်ကာ အေးအေးလူလူပင် ပြောလိုက်သည် “ဘယ်သူသိမှာလဲ သူက အသုံးဝင်ရင် ဝင်လာမှာပေါ့”
လီချင်းချန်မှာ မျက်မှောင်ကြုတ်သွားပြီး သည်မူလစဦး ဒုတိယအဆင့်ကို တိုက်ပွဲ၏ မည်သည့်နေရာတွင် အသုံးပြုရမလဲ ဆိုတာကို စဉ်းစားနေခဲ့သည်။ သို့သော်လည်း ယောင်ယောင်က ပြောလာမှတော့ သူမမှာလည်း ငြင်းပယ်မနေတော့ပေ။ ဘာကိစ္စမှ မဖြစ်လျှင်တောင် သူတို့တိုက်ခိုက်ကြသော အချိန်၌ ဇူယွမ်လွင့်ထွက်သွားမှာ အသေအချာပင် ဖြစ်သည်။ သို့သော်လည်း ထိုအကောင်က အားနည်းပေမဲ့ တော်တော်လေး လျင်မြန်သည်ကိုတော့ ဝန်ခံရပေလိမ့်ဦးမည်။ အနည်းဆုံးတော့ သူမ၏ အစောပိုင်းက တိုက်ခိုက်မှုများကို သူရှောင်နိုင်ခဲ့သည် မဟုတ်ပါလား။
သူမက ယောင်ယောင်နှင့် ဇူယွမ်တို့ကို တစ်လှည့်ဆီ ကြည့်လိုက်သည် … သူတို့နှစ်ယောက်၏ ဆက်ဆံရေးတွင် တစ်ခုခုတော့ ရှိနေရပေမည်။ သာမန် ရိုးရှင်းသော မိတ်ဆွေ ဆက်ဆံရေးမျိုး မဟုတ်လောက်ပေ။
လီချင်းချန်က ပိုမို စိတ်ရှုပ်ထွေးသွားခဲ့သည်။ အစောပိုင်း သူမ၏အမြင်မှာ ယောင်ယောင်သည် သူများနှင့်မတူ ထူးခြားသူ တစ်ယောက်ဖြစ်ပေသည်။ လီချင်းချန်က အေးစက်သော မျက်နှာဖုန်းတစ်ခု ဆိုလျှင် ယောင်ယောင်က အတွင်းသဏ္ဌာန် အေးစက်မှု ဖြစ်သည်။ သူမနှင့် တော်တော်လေးကို နီးစပ်သူ တစ်ယောက်ကို တွေ့ရှိရဲ့သားနှင့် အဘယ်ကြောင့် သူမနှင့်မတူဘဲ ဆန့်ကျင်ဘက် လိင်နှင့် ပိုမိုသော ရင်းနှီးမှု ရှိရသနည်း။
ပိုပြီး အရေးကြီးသည်မှာ ယောင်ယောင်၏ တည်ရှိမှု ဖြစ်သည့် အရှိန်အဝါနှင့် မူလမှော်စာလုံး စွမ်းရည်တို့မှာ ကန်ရွှမ်းကလန်တွင် များစွာသော တပည့်များ နှစ်ခြိုက်ရသည့် သူတစ်ဦး ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် အလွန်အမင်း ပါရမီရှိသော တပည့်များစွာမှာ သူမအား ကြိုက်နှစ်သက်သွားမည် ဖြစ်သည်။ ထိုသူများက ပင်ကိုစွမ်းရည်တွင် ဖြစ်စေ ရုပ်ရည်တွင် ဖြစ်စေ ဇူယွမ်ထက် များစွာ သာလွန်ကြပေမည်။
လီချင်းချန်၏ အမြင်တွင် သူမတို့နှစ်ယောက်မှာ ကွဲပြားသော ကမ္ဘာနှစ်ခုတွင် နေထိုင်ကြသူများ ဖြစ်ပြီး အကြောင်းပြချက်နှင့် အတွေးအခေါ်ပိုင်းတွင် တူညီမှု မရှိကြပေ။ ယောင်ယောင်နှင့် ဇူယွမ်တို့တွင် နီးစပ်သော ဆက်ဆံရေးရှိပြီး ထိုအရာက တကယ်ကို ရှုပ်ထွေးပေသည်။
ဇူယွမ်မှာ ဤကဲ့သို့ ကောင်းကင်က ကောင်းချီပေးသော ပါရမီရှင် ယောင်ယောင်ကို မည်သို့ ရရှိခဲ့သနည်း။
သူမ၏ နှလုံးသားအတွင်းတွင် ထိုအတွေးများ ပျံ့နေချိန်၌ အကြီးအကဲမြောင်က ပြောလိုက်သည် … “အားလုံး ညှိနှိုင်းလို့ ပြီးသွားပြီဆိုတော့ မင်းတို့တွေ မြန်မြန်လုပ်ကြတော့။ နောက်ပိုင်း ကိစ္စတွေကတော့ ငါဝင်စွက်ဖက်ဖို့ မသင့်လျော်တော့ဘူး”
ကလန်၏ စဉ်းမျဉ်းများအရ မူလရေကန်တွင် မမျှော်လင့်ပဲ ဖြစ်ပွားခဲ့သော တပည့်များအကြားမှ တိုက်ပွဲများကိုသာ ဖြေရှင်းပေးရန် အကြီးအကဲများတွင် တာဝန်ရှိပေသည်။ သူမ သည်နေရာသို့ လာရောက်ခဲ့သည့် အဓိက အကြောင်းအရင်းမှာ လီချင်းချန်ထံမှ ထွက်ပေါ်လာခဲ့သော သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် ထိတ်လန့်သွား၍ ဖြစ်ပြီး ယခုတွင် အားလုံးဖြေရှင်းပြီးပြီ ဖြစ်၍ မူလရေကန်ကို လှည့်ပတ်စစ်ဆေးရန် ပြန်သွားရပေတော့မည်။
လီချင်းချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။
အကြီးအကဲမြောင်က ယောင်ယောင်နှင့် ဇူယွမ်တို့ကို ရင်းနှီးပြီး ဖော်ရွေသော အပြုံးပြုံးပြလိုက်ပြီး သူမ၏ ခြေထောက်မှ မူလချီများ မြင့်တက်လာကာ အဝေးသို့ ပျံသန်း ပျောက်ကွယ် သွားလေတော့သည်။
အကြီးအကဲမြောင်၏ ပုံရိပ်မှာ မှုန်ဝါး ပျောက်ကွယ် သွားသည်နှင့် ပတ်ဝန်းကျင် လေထုမှာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားတော့သည်။
လီချင်းချန်နှင့် ယောင်ယောင်တို့ နှစ်ယောက်လုံးမှာ အေးစက်မှုနှင့် တန်ပြန်နိုင်စွမ်း ကင်းမဲ့မှုတို့ဖြင့် ပြည့်စုံသူများ ဖြစ်ကြသည်။ တခြားတစ်ဖက်မှ စကားမစလျှင် သူတို့လည်း စပြောလိမ့်မည် မဟုတ်ပေ။ အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ဇူယွမ်ကသာ စပြီး သက်သောင့်သက်သာ မရှိသော လေထုကို ဖြိုခွင်းလိုက်လေသည် “အစ်မတော်လီ၊ ကျွန်တော်တို့ ဘယ်နေရာကို သွားသင့်လဲ။ အစ်မတော်လမ်းသိရင် ဦးဆောင်သွားပါဦး”
လီချင်းချန်က ဇူယွမ်ကို လှမ်းကြည်ကာ ခေါင်းညိတ်ပြလိုက်သည်။ ဘာစကားမှ မပြောတော့ပဲနှင့် လေထဲသို့ မြင့်တက်သွားပြီး ဦးတည်ရာ တစ်ဖက်ဆီသို့ ပျံသန်းသွာခဲ့သည်။
“သည်မိန်းကလေးက တကယ်ကို မာနကြီးတာပဲ” ယောင်ယောင်က သူမ၏ စုတ်တံကို လှည့်နေရင်းမှ လီချင်းချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။
“သူမ ဘယ်လောက်ပင် မာနကြီးပါစေ မင်းကိုတော့ မမီပါဘူး…”
ဇူယွမ်က ထိုစကားကို စိတ်အတွင်းမှသာ ပြောရဲခြင်း ဖြစ်သည်။ သူက တစ်နေရာသို့ အားစိုက်ကာ ကြည့်လိုက်ပြီး “အဲဒီကိုကြည့်ရတာ အဲဒီနေရာမှာ ပေထောင်ချီ နဂါးတစ်ကောင် ရှိနေတဲ့ပုံပဲ”
“တစ်စုံတစ်ယောက်က နင့်ကို အထင်သေးစွာ ကြည့်သွားတယ်။ နင်သာ ကောင်းကောင်းမလုပ်ရင် နောက်ပိုင်းမှာ ဒါက ငါ့အတွက် ရှက်စရာပဲ” ယောင်ယောင်က နောက်ပြောင်လိုက်သည်။
ဇူယွမ်က ရယ်မောလိုက်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သူတကယ်စိတ်မရှိပေ “ဒါက အမှန်ပဲလေ ကျွန်တော်ကမှ ရွေးချယ်ခံတွေရဲ့ကြားက တိုက်ပွဲကို ဝင်မစွက်ဖက်နိုင်တာ။ ဒါကြောင့် သူမ မမှားပါဘူး ... တကယ်တော့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး”
စကားအဆုံးသတ်လိုက်ပြီးနောက် သူ၏ စကားတွင် မာနများ ပါဝင်နေပေသည်။
မာနရှိရာတွင် ဇူယွမ်မှာ အခြားသူများအောက် လျော့ကျခြင်းမရှိပေ။ သို့သော်လည်း မာနမှာ မာနသာဖြစ်ပြီး အစစ်အမှန် စွမ်းရည်မဟုတ်ပေ။ သူ့အနေဖြင့် သူ့ကိုယ်သူ ယုံကြည်မှု ရှိသော်လည်း သူနှင့် ကြီးမြတ်သော အရွေးချယ်ခံတပည့်များ အကြားရှိ ယခုလက်ရှိ ကွာခြားချက်ကို သိပေသည်။ သူတို့အား လိုက်မီရန် အချိန်တစ်ခု လိုအပ်ပေသည်။
အချိန်အချို့ ကြာပြီးနောက်တွင် ရွေးချယ်ခံတစ်ယောက်မှာ တကယ်တော့ မည်သည်မှ မဟုတ်ကြောင်း လီချင်းချန်သိအောင် ပြသရပေဦးမည်။
“နင်က သူမတဖြည်းဖြည်း နင့်ကို သတိထားမိ လာအောင်လုပ်ပြီးတော့ အဆုံးမှာ အပျိုပေါက်လေး တစ်ယောက်ရဲ့ နှလုံးသားကို လှုပ်ခါအောင် လုပ်တော့မှာမလား။ အင်းလေ ဘာပဲဖြစ်ဖြစ် သူမက ကန်ရွှမ်းကလန်ရဲ့ နပါတ်တစ် အလှဆုံး တစ်ယောက်ပါပဲ” ယောင်ယောင်က ပြုံးလျက်ပြောလိုက်သည်။
ဇူယွမ်က အလျင်အမြန် ပြုံးလိုက်ကာ ပြောလိုက်သည် “ဘာကို နံပါတ်တစ် အလှဆုံးလဲ အခု ကန်ရွှမ်းကလန်ထဲမှာ အစ်မကြီး ယောင်ယောင် ရှိလာခဲ့အတွက် သူ့မှာ အဲဒီအခွင့်အရေး မရှိတော့ဘူး”
“သည်လိုဆိုရင် ... နင်က သူမရဲ့ ခန္ဓာကိုယ်ကို မြင်ပြီးတာတောင်မှ သွေးဆောင်ခြင်း မခံခဲ့ရဘူးပေါ့” ယောင်ယောင်၏ အသံက ရယ်သံလွင်လွင်လေးနဲ့ အတူ ထွက်ပေါ်လာခဲ့သည်။
ဇူယွမ်၏ မျက်နှာမှာ နက်မှောင်သွားပြီး စကားလမ်းကြောင်းကို အလျင်အမြန် ပြောင်းလဲလိုက်သည်။
“သွားကြစို့ ငါတို့နဲ့ အဲဒီရွေးချယ်ခံ နှစ်ယောက် ဘယ်သူက ပိုသာလဲ သွားကြည့်ရအောင် ...”
ဇူယွမ်က ခြေစုံရပ်လိုက်သည်နှင့် ခြေထောက်အောက်မှ ရွှေရောင်မူလချီများ ထွက်ပေါ်လာကာ သူတို့နှစ်ယောက်ကို သယ်ဆောင်သွားပြီး အစောက လီချင်းချန် ပျံသန်းသွားရာဘက်သို့ လိုက်ပါသွားတော့သည်။