မူလအမြုတေအဆင့်
Vol. 7 Ch. 78
ကျောက်ရန်ရန်နှင့် ဂိုဏ်းသားများ ထွက်ခွာသွားသောအခါ အသူရာဓားဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်၍ ငြိမ်သက်နေကာ ယွမ်ရှောင်သည် တောင်ထိပ်တစ်ခုတွင် မတ်တပ်ရပ်နေခဲ့သည်။ ဤသုံးရက်အတွင်း သတ်ဖြတ်မှုများစွာ ရှိခဲ့သောကြောင့် ညအမှောင်အောက်တွင် ဝိညာဥ်များ သွားလာနေသကဲ့သို့ ထင်မှတ်ရသည်။ အသူရာဓားဂိုဏ်းက နတ်ဆိုးများကို ရှင်းလင်းပေးလျှင် သေမျိုးတိုင်းပြည်များအတွက် အန္တရာယ်ကင်းမည် ဖြစ်သောကြောင့် သူ၏မျက်နှာထက်တွင် နွေးထွေးသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"အစ်မကျောက် သေမျိုးကမ္ဘာမှာ ဓားအင်မော်တယ်အဖြစ် နတ်ဆိုးတွေကို ဖယ်ရှားပေးပါ။ ဓားပင်လယ်နဲ့ ဂိုဏ်းချုပ်အတွက် ကျုပ်တာဝန် ထားလိုက်ပါ"
သူက ပခုံးထက်တွင် သားရဲလေးကို တင်ဆောင်၍ ဘဏ္ဍာတိုက်ထံ ဆင်းသက်လိုက်သောအခါ ၎င်း၏အပြာရောင် မျက်လုံးများ တုန်ယင်သွားကာ ဝမ်းဗိုက်ကို လက်ဖြင့်အုပ်ကိုင်ရင်း ကောင်းကင်တာအိုဆေးလုံးများစွာ အန်ချလိုက်သည်။ ထို့နောက် ယွမ်ရှောင်သည် ၎င်းတို့ကို သိမ်းဆည်း၍ ကျောက်ရန်ရန်၏ခြံဝန်းထံ ထွက်ခွာလာကာ သူမ မရှိသော်လည်း ကျောက်စားပွဲနှင့် ပန်းပင်ကြီးက တည်မြဲအတိုင်း တည်ရှိနေ၏။ သို့သော် သားရဲလေးက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မအီမသာမျက်နှာဖြင့် နောက်ထပ်ဆေးလုံးများကို တဝေါ့ဝေါ့ ထိုးအန်လိုက်ပြန်သည်။ သူက မြောက်ပိုင်းဖုန်းဆိုးမြေမှ စိတ်ကျောက်တုံး နှစ်သန်းကျော် ရရှိလာပြီး တစ်သန်းခွဲကို ဂိုဏ်းအတွက် ပေးအပ်ကာ ကျန်စိတ်ကျောက်တုံးများအား လနီကို ကျွေးမွေးလိုက်၏။
"လနီက အခုထိ အရင်က မင်းကျွေးထားတဲ့ ရတနာတွေကိုတောင် အစာမကြေသေးဘူး။ ငါလခွမ်းထဲမှ နေထိုင်မကောင်းလိုက်တာ"
ကြယ်ပြာက ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း ရှုံ့မဲ့နေသည်။
"မင်းက ဘာတွေဖြစ်နေတာလဲ။ အစာချေရတာ ငါပါကွ"
"ငါ့ပါးစပ်က ဒီလောက်ဆေးလုံးတွေ အများကြိး အန်ထုတ်နေရတာ လွယ်တယ် ထင်လို့လား"
ကြယ်ပြာနှင့် လနီက အချင်းများနေစဥ် ယွမ်ရှောင်သည် ဆေးလုံးများကို ကျောက်စားပွဲပေါ်သို့ စုစည်းလိုက်၏။ ဤညတွင် သူက မူလအမြုတေအဆင့် ရောက်ရန် ကြိုးစားမည်ဖြစ်ပြီး သားရဲလေးသည်လည်း တိုက်တွန်းနေခဲ့သည်။ မြောက်ပိုင်းဖုန်းဆိုးမြေတိုက်ပွဲတွင် သူက နတ်ပင်လယ် အခြေတည်အဆင့်သို့ ရောက်နေကြောင်းကို ဂိုဏ်းသားများ သတိမပြုမိခဲ့ပေ။ သူက လက်ရှိတွင် ကျောက်ရန်ရန်နှင့် အဆင့်တူဖြစ်လာခဲ့ပြီး ရဲတန်းစီနှင့်တိုက်ပွဲ၌ နောက်ပိုင်းအဆင့်ဖြစ်သော်လည်း ဂိုဏ်းဘဏ္ဍာတိုက်ကျေးဇူးဖြင့် အဆင့်ငယ်နှစ်ဆင့် မြင့်တက်သွားခဲ့သည်။ ဤရလဒ်အနေဖြင့် အမြုတေအလယ်အဆင့်သို့ ရောက်နေသော ဖန်ကျင်းနှင့် ချူရန်ကို အလွယ်တကူ အနိုင်ယူခဲ့ပြီး မြင့်မြတ်သားတော်က ပါရမီမြင့်မားသော်လည်း ဖိနှိပ်နိုင်ခဲ့၏။
အင်မော်တယ်လမ်းစဥ်တွင် မည်သည့်အဆင့်တွင်မဆို၊ အခြေတည်အဆင့်သည် ပြောင်းလဲခြင်းအဆင့်ဖြစ်ကာ အဆင့်ချိုးဖျက်ရန်အတွက် အဓိကကျပေသည်။ ချီပင်လယ်ငါးခု၏ စွမ်းအင်များက ဒန်တန်တွင် ပြည့်နှက်နေကာ အဆင့်တက်ရန် အားလုံးကို အမြုတေတစ်ခုအဖြစ် သိပ်သည်းရပေလိမ့်မည်။ သားရဲလေးက ရှေးဟောင်းခေါင်းတလားအဖြစ် ပြောင်းလဲသွားကာ ကျောက်ရန်ရန်၏ ခြံဝန်းအတွင်း နေရာတကျဖြစ်သွား၍ ယွမ်ရှောင်သည် ကောင်းကင်တာအိုဆေးလုံးများနှင့်အတူ ဝင်ရောက်လိုက်၏။ အမှောင်ထုအတွင်း ခေါင်းတလားငယ်ကိုးလုံးက ငြိမ်သက်စွာ ရှိနေသော်လည်း အကျဥ်းထောင်ဆိုသည့် ခေါင်းတလားမှာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"ခေါင်းတလားငယ်တစ်ခုနဲ့ ကောင်းကင်ထောက်တိုင် ပေါင်းစပ်ပြီး ငါ့ကိုယ်ထဲမှာ ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ် ဖြစ်ပေါ်လာခဲ့တယ်။ ဒီအကျဥ်းထောင် ခေါင်းတလားကရော ဘာဖြစ်လာနိုင်မလဲ"
ကောင်းကင်သင်္ချိုင်းဓားက သူ၏တိုက်ခိုက်ရေးစွမ်းအင်ကို များစွာမြှင့်တင်ပေးနိုင်သောကြောင့် ယွမ်ရှောင်မှာ သိချင်စိတ် ပြင်းပြနေ၏။
"အိပ်မက်မက်နေတာ ရပ်လိုက်စမ်း။ မင်းက အမြုတေအဆင့်ကိုတောင် မရောက်သေးဘူး၊ ဘာတွေစိတ်ကူးယဥ်နေတာလဲ"
ကြယ်ပြာက ငေါက်ငမ်းလိုက်ပြီး ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်မှ စာသားများသည် အခေါင်းအဖုံး၌ ထွက်ပေါ်လာကာ အဆင့်တက်ရန် နည်းလမ်း ဖြစ်နေခဲ့သည်။ ရှေးဟောင်းဟင်းလင်းပြင် နတ်ပင်လယ်များကို အမြုတေတစ်ခုအဖြစ် သိပ်သည်းရန် လိုအပ်၏။ ၎င်းက ပေါက်စီလုပ်နည်းနှင့် ဆင်တူပြီး ချီစွမ်းအင်များကို လှိုင်းထန်စေကာ အမြုတေအဖြစ် ပုံဖော်၍ သိပ်သည်းစေရမည့်အပြင် ကောင်းကင်တာအိုဆေးလုံးများ အဆက်မပြတ် ထောက်ပံ့ပေးရပေလိမ့်မည်။
ယွမ်ရှောင်သည် ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်၏ နည်းလမ်းအတိုင်း ချီစွမ်းအင်များကို ဒန်တန်အလယ်၌ စုဝေးလိုက်သောအခါ စက်လုံးသဏ္ဍာန် အစုအဝေးတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်တာအို ဆေးစွမ်းအင်များကလည်း ဒန်တန်အတွင်း ရေတံခွန်ပမာ စီးဝင်နေကာ သိပ်သည်းနိုင်ရန်အတွက် ကူညီပေးနေခဲ့၏။ သူ၏ကိုယ်တွင်း၌ စွမ်းအင်များက တဘုန်းဘုန်းလှုပ်ခါနေပြီး ရှေးခေါင်းတလားကြီးအတွင်း၌ မုန်တိုင်းပမာ လေထန်နေသဖြင့် ဝတ်ရုံရော ဆံပင်ရှည်များပါ မျောလွင့်နေခဲ့သည်။
"သိပ်သည်းစမ်း။ အမြုတေ ဖြစ်ပေါ်လာရမယ်"
သူက ကြုံးဝါးလိုက်ပြီး ကြီးမားသော စွမ်းအင်လုံးကြီးကို စတင်သိပ်သည်းလိုက်သောအခါ နတ်ပင်လယ်ငါးခုမှာ ခုခံနေကြ၏။ သို့သော် သူက ဖြည်းဖြည်းမှန်မှန် ကြိုးစားလိုက်သောအခါ ၎င်းသည် သေးငယ်သထက်သေးငယ်လာပြီး ဆန်စေ့အရွယ်အစားအထိ ရောက်ရှိသွားသော်လည်း စွမ်းအင်ပမာဏမှာ နတ်ပင်လယ်ငါးခုနှင့် ညီမျှနေသည်။ ဒန်တန်အတွင်း အဖြူရောင် မူလအမြုတေဖြစ်ပေါ်လာပြီး ခေးအော့မှ မွေးဖွားလာသကဲ့သို့ သန့်စင်နေ၏။ ဤအဆင့်တွင်လည်း အဆင့်ငယ်ငါးခု ပါဝင်ပြီး အလယ်အဆင့်သို့ တက်နိုင်ရန်အတွက် နတ်ပင်လယ်များ ထပ်မံဖွဲ့စည်းရပေလိမ့်မည်။ သို့သော် မူလအမြုတေအသစ် ထွက်ပေါ်လာမည် မဟုတ်ဘဲ ထိုအစား တစ်ခုတည်းသော အမြုတေအတွင်း စွမ်းအင်များဝင်ရောက်၍ ထပ်မံကြီးထွားလာရန် ဖြစ်သည်။ အင်မော်တယ်လမ်းကြောင်းတွင် အဆင့်မြင့်သွားလျှင် အရင်းအမြစ်ပမာဏ များများလိုအပ်မည်မှာ ဤအချက်က သက်သေပင် ဖြစ်၏။
ယွမ်ရှောင်၏ မူလအမြုတေအတွင်း တာအိုသဘောတရားများ ရှိနေသကဲ့သို့ မီး၊ ရေ၊ လေ၊ မြေ စသည့် ချီစွမ်းအင်များလည်း ပေါင်းစပ်ပါဝင်နေ၏။ ထို့ကြောင့် သူက မည်သည့်သိုင်းကို လေ့ကျင့်သည်ဖြစ်ပါစေ၊ ဥပမာအားဖြင့် မိုးနဂါးဓားသိုင်း၊ ကြိုးကြားမိုးကြိုးဓားသိုင်း စသည်တို့၌ စွမ်းအင်ရာနှုန်းပြည့်ထက် သာလွန်အောင် အလွယ်တကူ ထိန်းချုပ်နိုင်သည်။ သူက အားနည်းချက်မရှိသော ပါရမီရှင်မျိုး ဖြစ်လာပြီး အကြောင်းအရင်းမှာ ဖန်ဆင်းရှင်အင်မော်တယ်၏ ရုပ်ခန္ဓာ ဖြစ်သည်။
"မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ မူလအမြုတေအဆင့် ရောက်ဖို့တောင် မနည်းကြိုးစားနေရတယ်။ နဂါးကိုးကောင်ဒန်တန်ကို မြန်မြန်ယူတော့။ မဟုတ်ရင် ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ရဲ့ စွမ်းအားကြောင့် ဒန်တန် ပေါက်ကွဲသွားလိမ့်မယ်"
ကြယ်ပြာက ငေါက်ငမ်းလိုက်သောကြောင့် ယွမ်ရှောင်၏ အပျော်များ တိတ်ဆိတ်သွားကာ ဆွံ့အသွားခဲ့သည်။ သူ၏အဆင့်တက်နှုန်းက အံ့သြစရာကောင်းလွန်းသော်လည်း ဤသားရဲလေးအတွက် အမှိုက်ပမာ ထင်မှတ်ခံနေရ၏။
"ရှေးဟောင်းမျှော်စင်မှာ ဆယ်ရက်တံခါးပိတ် ကျင့်ကြံပြီးနောက်မှာ မင်းက ဘယ်အဆင့်ကို ရောက်နေမှာလဲ။ ဘာဖြစ်ဖြစ် ကျန်းရယ်သေပြီဆိုတော့ မင်းအလှည့် ရောက်ပြီ"
သူက မတ်တပ်ထရပ်လိုက်ပြီး မျက်လုံးများ အေးစက်သွားကာ ရဲကုရင်ကို သတ်ဖြတ်ရန် ကြုံးဝါးလိုက်သည်။ သူက ခရီးမထွက်ခင် ဆရာကို အရိုအသေပေးရန်အတွက် မဟာခန်းမထံ ရောက်ရှိလာခဲ့သည်။
"ဆရာ"
ယွမ်ရှောင်၏ ရှေ့မှောက်တွင် မိုးပြာရောင်ဝတ်စုံနှင့် ကျောက်ကျန်ရှင်းက လဲလျောင်းနေပြီး ဒန်တန်အထက်တွင် လက်နှစ်ဖက်ယှက်ထားကာ အသက်ရှူသံများ ပြင်းထန်နေသည်။
"ဒေါ်လေးယု ကျုပ်တို့စကားကို သူ ကြားနိုင်လား"
"ကြားနိုင်တယ်။ မင်းတို့တွေ မြောက်ပိုင်းဖုန်းဆိုးမြေက နိုင်ပွဲနဲ့အတူ ပြန်ရောက်လာတော့ သူ့အခြေအနေက သိသိသာသာ တိုးတက်လာပြီး ပြုံးတောင်ပြုံးနိုင်ခဲ့တယ်"
ကျောက်ကျန်ရှင်းကို အချိန်တိုင်း စောင့်ရှောက်ပေးနေသော ရှန်ကွမ်းယုက ညှင်သာသိမ်မွေ့စွာ အဖြေပေးလိုက်၏။
"မင်းနဲ့ ရန်အာ ရှိနေတဲ့အတွက် ဂိုဏ်းချုပ်ကို ခွန်အားဖြစ်စေတယ်။ ဂိုဏ်းက သူဖြစ်စေချင်တဲ့အတိုင်း လမ်းမှန်ပေါ်ကို ရောက်နေပြီလေ"
"ဒေါ်လေးယု ရှေးဟောင်းမျှော်စင်က မကောင်းကြံလာနိုင်တယ်။ ဆရာနဲ့အတူ သေမျိုးတိုင်းပြည်တွေကို အတူရှောင်ပေးဖို့ တောင်းဆိုချင်ပါတယ်"
"ကောင်းပြီ။ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရာမှာလည်း ရန်အာကို ကူညီပေးနိုင်တာပေါ့"
ယွမ်ရှောင်၏ တောင်းဆိုချက်ကို သူမက ခေါင်းညိတ်၍ ကတိပေးလိုက်၏။ သို့သော် တစ်ခဏအတွင်း သူမ၏ အသံနှင့် အပြုံးက မှိန်ဖျော့သွားခဲ့သည်။
"ဒီအတိုင်းဆိုရင် သူက ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပါပြီ"
"ဒေါ်လေးယု ဒီလိုပြောတာက ကျုပ်အစွမ်းအစကို မယုံတာလား"
ယွမ်ရှောင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
"ငါတောင်းပန်ပါတယ်။ အစိုးရိမ်ကြီးသွားမိတယ်။ မင်းကို ငါတို့အားလုံး ယုံကြည်ပါတယ်။ သေမျိုးတိုင်းပြည်တွေအထက် ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်မှတော့ မင်းသာရှိနေရင် ဂိုဏ်းက ကြောက်စရာ မရှိတော့ဘူး"
ရှန်ကွမ်းယုသည် ယွမ်ရှောင်၏ အစွမ်းအစကို တွေးမိလိုက်သောကြောင့် အရောင်ဖျော့နေသော မျက်ဝန်းများ ပြန်လည်တောက်ပလာခဲ့သည်။ ယွမ်ရှောင်သည် ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းဟု မှတ်ယူမထားဘဲ ဖန်ဆင်းရှင်အင်မော်တယ်၏ လူဝင်စားတစ်ယောက်နှင့် သေမျိုးတိုင်းပြည်တစ်ခု၏ ဘုရင်အဖြစ်သာ ယူဆထားသောကြောင့် တစ်ချက်ပြုံးလိုက်၏။ သူက မိုးစက်ပြာတံခွန်အကြောင်း စုံစမ်းလိုက်သောအခါ သီးသန့်နေရာတစ်ခုတွင် အသူရာဆေးအိုးအတွင်း၌ လောင်ကျွမ်းခံနေရကြောင်း ရှန်ကွမ်းယုမှတဆင့် သိလိုက်ရသည်။
"ရှောင်အာ အသူရာဆေးအိုးက ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာပြယုဂ် ဖြစ်တယ်။ ဒါကို ဘယ်အချိန်မှ မဟာခန်းမရှေ့မှာ ပေါ်ပေါ်တင်တင် ထားခွင့်ရှိနိုင်မလဲ။ သေမျိုးတိုင်းပြည်တွေမှာ ကိုယ်ယောင်ဖျောက်နေရတဲ့ ဂိုဏ်းသားတွေရော ဘယ်အချိန် ပြန်လာနိုင်ကြမှာလဲ"
"ရှေးဟောင်းမျှော်စင်ကို ကျုပ် ဖျက်ဆီးပြီးရင်ပေါ့"
ယွမ်ရှောင်သည် လေးနက်စွာ ရဲရဲတင်းတင်း ကတိပေးကာ ကျောက်ကျန်ရှင်းကို ဦးညွှတ်၍ ဓားပျံနှင့်အတူ ဓားပင်လယ်ထံ ထွက်ခွာသွားခဲ့လေသည်။ ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်သော သူ၏ဓားရှေ့မှောက်တွင် မည်သူက ရပ်နိုင်သော အစွမ်းအစ ရှိမည်နည်း။