← Chapters

ရှေးဟောင်းမျှော်စင်၏သူလျှို

Vol. 7 Ch. 79

ရှေးဟောင်းမျှော်စင်၏သူလျှို

Vol. 7 Ch. 79

ဓားကောင်းကင်အတွင်း၌ သီးသန့်နေရာတစ်ခုတွင် တဲတစ်လုံး တည်ရှိပြီး အနက်ရောင် ဝတ်ဆင်ထားသည့် နင်ရန်က ၎င်းရှေ့မှောက်တွင် ရပ်နေခဲ့သည်။

"အစ်ကိုဖန်။ ယွမ်ရှောင်အကြောင်းက ဒါပါပဲ။ ဘယ်လိုသဘောရလဲ"

"ဓားဝိညာဥ်ကို အရင်စမ်းသပ်ကြတာပေါ့"

ခပ်အက်အက် အသံတစ်ခုက အဖြေပေးလိုက်ပြီး သူမ၏မျက်နှာ ပြုံးယောင်သန်းသွားကာ ချူရန်နှင့် မည်မျှပြဿနာရှိပါစေ၊ ဓားကောင်းကင် ၏ခေါင်းဆောင်လင်းက ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်သည်။

"ဒါဆိုရင် အကုန်လုံး ပြင်ဆင်ထားလိုက်ပါမယ်"

"သိပ်မကြာစေနဲ့။ ဒီလိုပါရမီရှင်မျိုး စိတ်ပြောင်းသွားလို့ မဖြစ်ဘူး"

နင်ရန်သည် သိမ်မွေ့စွာ ဦးညွှတ်၍ ထွက်ခွာလာခဲ့ပြီး ကံမကောင်းစွာဖြင့် ပုံရိပ်နှစ်ခုက လမ်းပိတ်ထားခဲ့၏။ တစ်ယောက်က အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ဆံပင်ကောက်များ ပိုင်ဆိုင်ထားပြီး မိန်းမဆန်သော်လည်း တောင့်တင်းသန်မာသည့် ခန္ဓာကိုယ်မျိုး ရှိသည်။ သူမ၏လက်တစ်ဖက်တွင် လင်းလင်ကို ဆွဲကိုင်ထားပြီး အဝါရောင်စကတ်အတိုနှင့် ချစ်စရာကောင်းနေခဲ့သည်။ နင်ရန်ကို မြင်သောအခါ လင်းလင်၏ မျက်နှာထက်တွင်​ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"အစ်မရှောင်"

နင်ရန်က တစ်ချက်တုံ့ဆိုင်သွားကာ နှုတ်ခွန်းဆက်လိုက်၏။

"နင်က သူ့ကို လာရှာပြန်ပြီလား။ အရင်တစ်ခေါက်က ငါတို့ ဆွေးနွေးထားတာကို မေ့နေပြီလား"

ဓားကောင်းကင်ခေါင်းဆောင်၏ ဇနီး ရှောင်ယုက အရှိန်အဝါကို ထုတ်ဖော်လိုက်သောကြောင့် ပတ်ဝန်းကျင်လေထု တင်းမာလာခဲ့သည်။

"ဓားကောင်းကင်အတွက် အရေးကြီးကိစ္စရှိနေတာကို ခေါင်းဆောင်ဆီ တိုက်ရိုက်မတင်ပြဘဲ ရှေးဟောင်းမျှော်စင်ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ မိန်းမကို အရင်လာပြောရမှာလား"

နင်ရန်က မျက်လုံးလှန်ကြည့်၍ ခွန်းတုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

"ဒါဆိုရင် ဘာကိစ္စလဲ ပြောစမ်းပါဦး။ နင်က လက်ထပ်ပြီးသား ယောကျ်ားတစ်ယောက်ကိုတော့ အရှက်မရှိ ကပ်တွယ်မနေလောက်ပါဘူး"

"ငါက ပါရမီရှင်တစ်ယောက်အကြောင်း သတင်းလာပို့တာ"

"သြော် သူက ဘယ်လောက်အစွမ်းအစရှိလို့လဲ"

လင်းလင်က ဤစကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေသော်လည်း ချူရန်၏စကားကို မျက်ကန်းယုံကြည်သောကြောင့် စိတ်ထဲမှ လှောင်ပြောင်နေခဲ့သည်။

"သူက အဆင့်နှစ် ဓားအမွေခံကျောက်ကို ဖျက်ဆီးခဲ့တယ်။ ငါ့ခန့်မှန်းချက်အရ ကြယ်တာရာအဆင့် ဖြစ်လိမ့်မယ်။ နင့်ရဲ့သား လင်းချန်အောက် မနိမ့်ကျဘူး"

နင်ရန်က ခေါင်းမော့၍ ရှောင်ယုနှင့် မျက်လုံးချင်းဆုံကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"သူက လမ်းမှန်ဂိုဏ်းကရော ဟုတ်ရဲ့လား။ နင့်ကို သတိပေးလိုက်မယ်။ ဘယ်လောက်ပါရမီရှိရှိ၊ ဓားကောင်းကင်ရဲ့ ဂုဏ်သိက္ခာ ပျက်စီးလို့ မဖြစ်ဘူး"

ရှောင်ယုက တင်းမာသော မျက်နှာထားဖြင့် ငေါက်ငမ်းလိုက်သည်။

"လမ်းမှန်ဂိုဏ်းဖြစ်တဲ့ အသူရာဓားဂိုဏ်းသားတစ်ယောက်ပဲ"

"ဒါက ကျောက်ကျန်ရှင်းရဲ့ ဂိုဏ်းမလား။ သေရည်မူးနေတဲ့ နင့်ကို အခွင့်ကောင်းယူပြီး သမီးတစ်​ယောက် မွေးဖွားစေခဲ့တဲ့ လူ မဟုတ်လား ဟီး ဟီး။ အသူရာဓားဂိုဏ်းရဲ့ ပါရမီရှင်ဆိုတော့ နင်က ဂုဏ်ယူနေမှာပေါ့"

ရှောင်ယုက ဟားတိုက်ရယ်မော၍ လှောင်ပြောင်နေသောကြောင့် နင်ရန်ကို ဒေါသထွက်စေသည်။

"သူက မကြာခင် ရောက်လာလိမ့်မယ်။ နင်လည်း နေကျောက်စိမ်းနန်းဆောင်မှာ လာကြည့်လိုက်ပေါ့"

နင်ရန်က အေးစက်စက် အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်ကာ ထိုမိန်းမနှစ်ယောက်ကို ကျော်ဖြတ်၍ ထွက်ခွာသွားခဲ့သည်။

"အစ်ကိုချူရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘဲ ဘယ်လိုလုပ် ပါရမီရှင် ဖြစ်နိုင်မှာလဲ။ အမေ ဒီကောင့်ကို စမ်းသပ်ခွင့်ပေးလိုက်ပါ။ သူ မလာရင် ဘယ်လိုလက်စားချေရမှာလဲ။ အစ်ကိုနဲ့ တခြားလူတွေက ကူညီပေးဖို့ သဘောတူထားကြတယ်"

လင်းလင်က လှောင်ပြောင်ရယ်မော၍ ပူဆာလိုက်သည်။

"ဒါပေါ့။ စမ်းသပ်ရမှာပေါ့။ ဒီကောင်မက ဓားကောင်းကင်မှာ အရှက်ကွဲမယ့် အခွင့်အရေးပဲ"

ရှောင်ယုက ခေါင်းညိတ်၍ လက်ခံလိုက်ပြီး ခေါင်းဆောင်ကို ရှာဖွေရန် တွေးနေခဲ့သည်။

"အမေ အဖေက ဒီမိန်းမဘက်က ပါမှာလား"

လင်းလင်က စိုးရိမ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"လူငယ်ဘဝတုန်းကတောင် ဒီကောင်မကို မလိုချင်တာ၊ အခု ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှောင်ယုက နှာခေါင်းတစ်ချက်ရှုံ့၍ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့။ အဖေက အမေရဲ့ စကားကို အမြဲတမ်းနားထောင်ပါတယ်"

"ဒီအဘိုးကြီးက နင်ရန်နဲ့ ပူးပေါင်းရဲရင် ဒုက္ခရောက်သွားစေရမယ်"

ထို့နောက် ရှောင်ယုသည် တဲအိမ်အတွင်း ဝင်ရောက်သွားကာ အချိန်ခဏအတွင်း ၎င်းမှာ တုန်ခါနေ၍ လူကြားမကောင်းသော ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။

နေကျောက်စိမ်းနန်းဆောင်သို့ ရောက်သောအခါ လူများစွာ စည်ကားနေသော မြင်ကွင်းကြောင့် နင်ရန်၏ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သည်။ ရှောင်ယုသည် အဓိကနေရာတွင် ထိုင်နေပြီး လက်ဖက်ရည်ကို အရသာခံသောက်နေသကဲ့သို့ အနားတွင် လင်းလင်လည်း ပျင်းရိစွာ သမ်းဝေနေခဲ့သည်။ လူငယ်အုပ်စုတစ်ခုလည်း ပါဝင်ပြီး တစ်ယောက်ချင်းစီမှာ ထက်ရှသော အရှိန်အဝါကို ထုတ်ဖော်၍ ခေါင်းဆောင်လာသူမှာ ဓားမင်းသား လင်းချန် ဖြစ်သည်။ ဤနေရာသည် ဓားကောင်းကင်၏ ဝင်ပေါက်တွင် တည်ရှိပြီး အဆင့်လေး ဓားအမွေခံကျောက်သုံးခု ပိုင်ဆိုင်ကာ ဓားဝိညာဥ်ကို စိတ်တိုင်းကျ စမ်းသပ်နိုင်သည်။ အဆင့်အတန်း မြင့်မားသော လူပေါင်းတစ်ရာကျော် စုဝေးနေကာ နင်ရန်နှင့် အဆင့်အတန်းတူညီသော မဟာဓားသခင်များ၊ ဓားကောင်းကင်၏ အကြီးအကဲများနှင့် ဓားမင်းသားများ စသဖြင့် စုံလင်နေသည်။ နင်ရန်က အတွေးနက်နေပြီး ယွမ်ရှောင်၏ စမ်းသပ်မှုအကြောင်း ခေါင်းဆောင်တစ်ယောက်တည်းကိုသာ ပြောပြထားသော်လည်း သတင်းပြန့်သွားသဖြင့် ရှောင်ယု၏ လုပ်ရပ်ပင် ဖြစ်ပေသည်။

"နင်ရန် ရောက်လာပြီ"

"အစ်မနင် ဒီမှာ လာထိုင်ပါ"

စိတ်ထဲတွင် အဆက်မပြတ် ကျိန်ဆဲနေသော်လည်း အနွေးထွေးဆုံး ပြုံး၍ ထိုင်ခုံတစ်ခုသို့ ညွှန်ပြလိုက်သူမှာ ရှောင်ယု ဖြစ်သည်။

"နင်က ရှားပါး ပါရမီရှင်တစ်ယောက် ရလာတာကိုတောင် ငါတို့ကို စောစောမပြောဘူး"

"ဒီအဘိုးကြီးသာ သတင်းမရလိုက်ရင် ဓားကောင်းကင်အတွက် ဝမ်းသာစရာတစ်ခုကို လွတ်သွားတော့မှာပဲ"

လူအုပ်အကြားမှ လှောင်ပြောင်ခြင်းလား၊ စကားအတည်လား မကွဲပြားသော ချီးကျူးသံများ ထွက်ပေါ်လာ၏။

"ယွမ်ရှောင်က အနည်းဆုံး ကြယ်တာရာအဆင့် ဓားဝိညာဥ်ကို ပိုင်ဆိုင်တာ သေချာတယ်ဆိုတော့ တကယ့်ကို ဂုဏ်ယူစရာပဲ"

ရှောင်ယုက မီးလောင်ရာ လေပင့်ပေးလိုက်သည်။

"ဒါက အတပ်ပြောလို့ မရနိုင်ဘူး။ ဓားဝိညာဥ်ရလဒ် ထွက်လာရင် သိရပါလိမ့်မယ်"

နင်ရန်က ပခုံးတစ်ချက်တွန့်၍ ခေါင်းယမ်းပြလိုက်သည်။

"မဟာဓားသခင်နင်က ဓားကောင်းကင်အတွက် သခင်လေးချူရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်တဲ့ ပါရမီရှင်ကို ခေါ်လာတာလေ။ ဘယ်လိုလုပ် ဂုဏ်ယူစရာဖြစ်မှာလဲ"

ချီးကျူးသံများအကြားတွင် အသံကုန် အော်ဟစ်လိုက်သူမှာ လင်းလင်ဖြစ်ပြီး လူအုပ်ထံမှ ရယ်သံများ ထွက်ပေါ်လာကာ တည်ငြိမ်သော လင်းချန်ပင် တစ်ချက်ရယ်လိုက်မိသည်။ ချူရန်က ယွမ်ရှောင်အကြောင်း သတင်းမှားလွှင့်ထားသဖြင့် အကြီးအကဲများက လှောင်ပြုံးပြုံးနေကြပြီး နင်ရန်ကို အနေရခက်စေသည်။

"သခင်လေးချူ ဟုတ်လား။ ငါ နားကြားမှားတာလား။ ဓားတစ်ချက်ကိုတောင် မခုခံနိုင်တာ ဘယ်သူလဲ။ ဒီခွေးကောင်က ကိုယ့်သေတွင်းကိုယ် အရှက်မရှိ တူးထားတာပဲ။ ယွမ်ရှောင် မသေသေးတော့ အမှန်တရားက အနှေးနဲ့အမြန် ပေါ်လာလိမ့်မယ်"

နင်ရန်မှာ အံ့သြသွားသော်လည်း ချူရန်နှင့် လင်းလင်၏ ဆက်ဆံရေးကို သိထားသောကြောင့် စိတ်ထဲမှ တစ်ချက်ပြုံးလိုက်သည်။

"မိတ်ဆွေတို့ ငါက ယွမ်ရှောင်အကြောင်း သိပ်မသိပါဘူး။ သူ့အတွက် အခွင့်အရေးတစ်ခု ပေးခဲ့ရုံပါပဲ။ အနာဂတ်က သူကိုယ်တိုင် ကြိုးစားရလိမ့်မယ်"

သူမ၏စကားကြောင့် ပရိသတ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ရယ်သံများ တိတ်ဆိတ်သွားခဲ့သည်။

"မိန်းကလေးတွေက စကားကျယ်ကျယ် မပြောရဘူး"

"ဟုတ်ကဲ့ အမေ"

"သဘောတရားအရပြောရရင် ဓားဝိညာဥ်နဲ့ သိုင်းပညာက ဆက်နွယ်မနေနိုင်ဘူးဆိုတော့ ယွမ်ရှောင်ရဲ့ ဓားဝိညာဥ်က အဆင့်မြင့်နိုင်ချေ ရှိတယ်မလား"

လင်းလင်က မိခင်၏ငေါက်ငမ်းမှုကြောင့် တိတ်ဆိတ်သွားသော်လည်း အနားကပ်ကာ တီးတိုးမေးခွန်း ထုတ်လိုက်၏။

"အဆင့်နှစ် ဓားအမွေခံကျောက်က ပျက်စီးယိုယွင်းနေရင်တောင် ဖျက်ဆီးနိုင်ဖို့အတွက် လအဆင့် ဓားဝိညာဥ် ဖြစ်နိုင်ချေရှိတယ်"

ရှောင်ယုက ခေါင်းညိတ်ပြလိုက်သည်။

"သူက လအဆင့် ဓားဝိညာဥ်ကို ပိုင်ဆိုင်ထားရင် ဘယ်လိုလုပ်ကြမလဲ"

"ဓားကောင်းကင်မှာ ဒီလိုပါရမီရှင်တွေ အများကြီးပဲ။ တစ်ယောက်တည်းအတွက် ဘာကြောင့် ရှေးဟောင်းမျှော်စင်ရဲ့ မြင့်မြတ်သားတော်ကို ဆန့်ကျင်ရဲမှာလဲ"

ရှောင်ယုက အေးစက်စက်ရယ်မောရင်း ဓားကောင်းကင်၏ ကျင့်ကြံသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဓားဝိညာဥ်စမ်းသပ်ပြီးလျှင် ယွမ်ရှောင်အား ချူရန်လက်သို့အပ်ရန် လင်းလင်က တောင်းဆိုလိုက်ရာ သူမက ချက်ချင်းသဘောတူခဲ့သည်။

"တကယ်လို့ ကြယ်တာရာအဆင့် ဓားဝိညာဥ်ဆိုရင် ဓားကောင်းကင်က ကာကွယ်ပေးမှာလား"

"မဖြစ်နိုင်ဘူး။ ကြယ်တာရာအဆင့် ဓားဝိညာဥ်တစ်ခုက ဓားကောင်းကင်မှာ ပေါ်ပေါက်လာရင် ငါက ချက်ချင်းသတ်ပစ်မယ်။ ရှေးဟောင်းမျှော်စင်နဲ့ ဓားကောင်းကင်ရဲ့ ဟန်ချက်ကို ဖျက်ဆီးလို့မရဘူး"

လင်းလင်၏ မေးခွန်းကြောင့် သူမက တိတ်ဆိတ်သွားသော်လည်း ခဏအကြာတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ ရှေးဟောင်းမျှော်စင်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ရှောင်ယုသည် လင်းလင်နှင့် ချူရန်ကို လက်ထပ်စေလိုနေရာ အင်အားစုနှစ်ခုအကြား အချင်းမများစေလိုသောကြောင့်ဟု လင်းလင်မှာ ကလေးအတွေးဖြင့် ယုံကြည်နေသည်။

"ဒါဆိုရင် စမ်းသပ်မှုရလဒ်က ဘာဖြစ်ဖြစ် ယွမ်ရှောင် သေရမှာပေါ့"

လင်းလင်သည် ချူရန်အတွက် လက်စားချေလိုနေသဖြင့် အလွန်ကျေနပ် အားရနေခဲ့သည်။

"ယွမ်ရှောင် ရောက်လာပြီ"

နေကျောက်စိမ်းနန်းဆောင်အပြင်မှ အော်သံတစ်ခုကြောင့် အနေရကျပ်နေသည့် နင်ရန်မှာ စိတ်အေးသွားခဲ့သည်။ လူငယ်ကျင့်ကြံသူများ၏ အကြည့်များက အေးစက်သွားကာ ဝင်ပေါက်ထံ စုပြုံရောက်ရှိနေကြသည်။

"သူ့ကို ဝင်ခွင့်ပေးလိုက်ပါ"

ရှောင်ယုသည် လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဒေါသစိတ်များကို ထိန်းချုပ်ထားရသဖြင့် အသံပင် တုန်ခါနေခဲ့လေသည်။

All Chapters