← Chapters

ဓားကောင်းကင်၏သခင်လေး

Vol. 7 Ch. 80-က

ဓားကောင်းကင်၏သခင်လေး

Vol. 7 Ch. 80-က

လင်းလင်သည် ဓားကောင်းကင်၏ ဝင်ပေါက်ကို စောင့်ကြည့်ရန် မလိုဟူသော ပုံစံမျိုးဖြင့် လှောင်ပြုံးနေခဲ့သည်။ သူမ၏အတွေး၌ အသူရာဓားဂိုဏ်းသားများသည် နတ်ဆိုးများကို နေရောင်အောက်တွင် လိုက်လံသတ်ဖြတ်နေရသောကြောင့် အရုပ်ဆိုးမည်ဟု မှတ်ထင်ထားသည်။ ထိုအချိန်တွင် အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်က လောက၏မြေမှုန်ပင် မစွန်းထင်းသော နတ်ဘုရားအသွင်ဖြင့် ဝင်ရောက်လာခဲ့သည်။ သူ၏တစ်ကိုယ်လုံးမှ ဓားတစ်စင်းအလား ထက်ရှသည့် အရှိန်အဝါ ထွက်ပေါ်နေပြီး ရေတံခွန်ပမာ ဖြောင့်စင်းသော အနက်ရောင်ဆံပင်ရှည်များကြောင့် ကျောက်စိမ်းဖြင့် ထုလုပ်ထားသော ပန်းပုရုပ်ပမာ ထင်မှတ်ရ၏။

"ဘုရားရေ လောကကြီးမှာ ဒီလောက်ချောတဲ့ လူ ရှိနေသေးတာလား"

သူမ၏မျက်လုံးများ ပြူးကျယ်၍ ရေရွတ်လိုက်သကဲ့သို့ အထက်စီးဆန်ဆန်ထိုင်နေသည့် ရှောင်ယုပင်လျှင် တစ်ဖက်လူ၏ ရုပ်ရည်ကြောင့် ရင်ခုန်သံမြန်သွားခဲ့သည်။

"နင်ရန်က သူ့အတွက် ဒီလောက်ပြောပေးနေတာ မထူးဆန်းတော့ဘူး။ ဒီလူချောလေးရဲ့ ရုပ်ရည်က ငါ့ကိုတောင် စိတ်လှုပ်ရှားစေတယ်"

အပြစ်ကင်းစင်သော ယွမ်ရှောင်၏ ရုပ်ရည်ကြောင့် လှောင်ပြောင်နေသည့် လင်းလင်၏ မျက်နှာထက်တွင် လှောင်ပြုံးအစား မင်သက်သွားခဲ့သည်။ ချူရန်၏ရုပ်ရည်က ပြိုင်ဘက်ကင်းဟု အထင်ကြီးထားသော်လည်း ဤလူငယ်နှင့်ယှဥ်လျှင် သေမျိုးပမာ နိမ့်ကျလှပေသည်။

"ကျုပ် ယွမ်ရှောင်က ဓားကောင်းကင်မှာ ဓားဝိညာဥ်ကို စမ်းသပ်ချင်ပါတယ်"

သူ၏ မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းကင်းသော လေသံဖြင့် ပြောလိုက်ပြီး အဆင့်လေး ဓားအမွေခံကျောက်သုံးခုထံ စိုက်ကြည့်နေခဲ့သည်။

"လက်ခံတယ်"

"အမေ သူက တော်တော်ချောတာပဲ"

"လင်အာ ကျင့်ကြံရေးလမ်းကြောင်းမှာ ယောကျ်ားတွေအတွက် ရုပ်ရည်က အရေးမကြီးဘူး။ သူက အစွမ်းထက်ပါရမီရှင် မဟုတ်ရင် ဘာအရေးပါလို့လဲ"

ရှောင်ယုက လက်မြှောက်၍ အချက်ပြလိုက်ပြီး လင်းလင်၏ တီးတိုးစကားကို ကန့်ကွက်ကာ ရှင်းပြလိုက်သည်။

"ယွမ်ရှောင် ဒီကို လာခဲ့"

နေကျောက်စိမ်းနန်းဆောင်အတွင်း ထိုင်နေသော နင်ရန်က မတ်တပ်ရပ်၍ ဓားအမွေခံကျောက်တစ်ခုထံ လမ်းလျှောက်သွားကာ ဖိတ်ခေါ်လိုက်သည်။ ဓားကောင်းကင်မှ ကျင့်ကြံသူများ၏ အကြည့်က ယွမ်ရှောင်ထံ စုဝေးနေပြီး မည်သို့အရှက်ကွဲမည်ကို စောင့်ကြည့်နေကြသည်။ သူတို့၏လှောင်ပြုံးများကြောင့် သူက အကြောင်းအရင်းကို စဥ်းစားရင်း နင်ရန်အနားသို့ ရောက်သွားခဲ့၏။

"ဓားကောင်းကင်မှာ မင်းက ချူရန်ရဲ့ ဓားတစ်ချက်ကြောင့် မသန်မစွမ်းဖြစ်သွားတယ်လို့ သတင်းပြန့်နေတယ်"

"ဒီလိုလား"

"လောကကြီးမှာ ကောလဟာလသတင်းတွေ ထွက်လာရင် အမှန်တရားကို နင်ကိုယ်တိုင် သက်သေပြရမယ်။ သူတို့ကို မင်းက ဘယ်လိုပါရမီရှင်ဆိုတာ ပြလိုက်စမ်းပါ။ ကြယ်တာရာအဆင့် ဖြစ်ရမယ်"

နင်ရန်က ယွမ်ရှောင်အနားကပ်ကာ အခြေအနေကို ရှင်းပြလိုက်သည်။

"လအဆင့်ဖြစ်နေရင်ရော"

ယွမ်ရှောင်က ခပ်တည်တည်ဖြင့် မေးခွန်းထုတ်လိုက်သောအခါ သူမက တိတ်ဆိတ်သွားပြီး အမှန်တကယ် လအဆင့်ဖြစ်နေလျှင် ရလဒ်မှာ အရှက်ကွဲခြင်းမှလွဲ၍ မရှိနိုင်ချေ။

"ဓားကောင်းကင်က တကယ် စိတ်ပျက်စရာကောင်းတာပဲ။ နင်ရန်ဆိုတဲ့ မိန်းမတစ်ယောက်တည်း စိတ်ပျက်စရာလို့ ထင်နေတာ။ အခုတော့ ကြည့်ရတာ အမှိုက်ကောင်တွေချည်း ပြည့်နေတာပဲ"

ယွမ်ရှောင်၏ စိတ်ထဲတွင် ဤနေရာကို အထင်သေးစပြုလာပြီး နင်ရန်၏ကြေညာချက် ထွက်ပေါ်လာသောအခါ အနားရှိ ဓားအမွေခံကျောက်ထံ ချဥ်းကပ်သွားလိုက်၏။

"ယွမ်ရှောင် ဓားဝိညာဥ်ကို ထုတ်ယူပြီး စမ်းသပ်ပါ"

၎င်းက ဓားဝိညာဥ်အဆင့်ကို အရောင်ဖြင့် ဆုံးဖြတ်ပြီး အဝါရောင်ဆိုလျှင် လအဆင့်နှင့် အစိမ်းရောင်ဆိုလျှင် ကြယ်တာရာအဆင့်ဖြစ်ကာ အကြည့်အားလုံး သူ့ထံ အေးစက်စက် ကျရောက်နေ၏။ ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး သူ၏လမ်းကြောင်းတွင် ချူရန်၏ ကောလဟာလများကြောင့် လုံးဝတုံ့ဆိုင်းမသွားပေ။ သူက ဓားဝိညာဥ်ကို ထုတ်ဖော်လိုက်သောအခါ ဓားစက်ကွင်းနှစ်ခု ရှိနေသဖြင့် အနည်းဆုံး လအဆင့်ဖြစ်ကြောင်း သေချာနေသည်။ ဓားကောင်းကင်၏ အကြီးအကဲများနှင့် မဟာဓားသခင်များ၏ စိတ်ထဲတွင် ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်က သာမန်ဆန်လွန်းနေသည်။

"အဆင့်လေး ဓားအမွေခံကျောက် ဟုတ်လား"

ယွမ်ရှောင်သည် နင်ရန်ကို စူးရဲစွာ စိုက်ကြည့်ပြီးနောက် ကျောက်တုံးထံ ချဥ်းကပ်သွားကာ ဤတစ်ကြိမ်၌ နှောင့်ယှက်သူ မရှိတော့ပေ။ သူက ဓားဝိညာဥ်ကို နေရာတကျ ထည့်သွင်းလိုက်သောအခါ ၎င်းသည် ပတ်ဝန်းကျင်မှ ချီများစုပ်ယူ၍ နတ်သားရဲလေးကောင်၏ အသွင်သဏ္ဍာန်ဖြင့် လွှမ်းခြုံလိုက်သည်။

"နောက်တစ်ကြိမ် ဖြစ်ပြန်ပြီလား"

ကောင်းကင်သင်္ချိုင်းဓားသည် စွမ်းအင်များကို စုပ်ယူ၍ ဓားအမွေခံကျောက်၌ အရောင်ပြောင်းသွားသော်လည်း ယွမ်ရှောင်က မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည် ရန်စခံလိုက်ရသကဲ့သို့ အပြာရောင်အလင်းများ ပြန့်ထွက်လာပြီး ကျောက်တုံးကို တုန်ခါသွားစေ၏။ မျက်တောင်တစ်ခတ်အတွင်း အက်ကြောင်းများထင်လာ၍ သူက ဓားဝိညာဥ်ကို လျင်မြန်စွာ ဆွဲထုတ်ပြီး အနားရှိ နင်ရန်မှာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

"ဘုန်း"

အဆင့်လေး ဓားအမွေခံကျောက်က ဘုန်းခနဲ ပေါက်ကွဲ၍ အပိုင်းအစများမဟုတ်ဘဲ မီးခိုးအဖြစ် ပျောက်ကွယ်သွားသောကြောင့် ကျောက်စိမ်းနန်းဆောင်တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။

"ကြည့်ရတာ ငါ ဘယ်ရောက်ရောက် ပေါက်ကွဲမှုတွေ လိုက်နေတာပါလား"

သူ၏ဓားဝိညာဥ်သည် ကြယ်တာရာအဆင့်ထက်ပင် မြင့်နေသောကြောင့် ယွမ်ရှောင် မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ ဓားပင်လယ်က အသူရာဓားဂိုဏ်းထက် ပို၍အဆင့်မြင့်ကာ အစွမ်းထက်သော်လည်း သမိုင်းကြောင်းအတွင်း အမြင့်ဆုံးမှတ်တမ်းမှာ ကြယ်တာရာအဆင့်မြင့် ဓားဝိညာဥ် ဖြစ်သည်။

"မဟုတ်သေးဘူး။ ဓားအမွေခံကျောက်က တစ်ခုခု မှားနေတာများလား"

ကံဆိုးစွာဖြင့် ပေါက်ကွဲမှုကြောင့် တစ်ကိုယ်လုံး ဖုန်မှုန့်များ ဖုံးအုပ်သွားသော နင်ရန်မှာ တုန်ရီစွာ ရေရွတ်လိုက်သည်။ ယွမ်ရှောင်က ခါးမတ်မတ် ရပ်ထားရင်း ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်နေသော ကျင့်ကြံသူများကို အေးစက်စက် စိုက်ကြည့်နေသည်။ သူတို့က တည်ငြိမ်ဟန်ဆောင်နေသော်လည်း ပျက်ယွင်းနေသည့် မျက်နှာထားများကြောင့် အံ့သြနေကြောင်း သိသာ၏။

"ဒါ...ဒါက ဘယ်လိုဖြစ်သွားတာလဲ"

လင်းလင်က ရှောင်ယု၏ လက်မောင်းကို လှုပ်ခါရင်း မယုံနိုင် ဖြစ်နေခဲ့သည်။

"ဘာမှမဟုတ်ဘူး။ နောက်တစ်ကြိမ် လုပ်စမ်း"

ရှောင်ယု၏အမိန့်သံက တိတ်ဆိတ်ခြင်းကို ဖြိုခွဲ၍ ထွက်ပေါ်လာပြီး ယွမ်ရှောင်ကို ရည်ညွှန်းပေသည်။

"နောက်တစ်ကြိမ် လုပ်ရမှာ သေချာလား"

ယွမ်ရှောင်သည် ကျန်ဓားအမွေခံကျောက်နှစ်ခုထံ စိုက်ကြည့်၍ နင်ရန်ကို မေးခွန်းထုတ်လိုက်၏။

"လုပ်လိုက်"

နင်ရန်၏မျက်လုံးအတွင်း သူက ချို့ယွင်းချက်မရှိသော ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက တစ်ချက်ခေါင်းညိတ်၍ နောက်တစ်ကြိမ် စမ်းသပ်လိုက်သောအခါ ဒုတိယမြောက် ဓားအမွေခံကျောက်သည်လည်း ဘုန်းခနဲ ပေါက်ကွဲသွားကာ ဤအသံမှာ ဓားကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွား၏။

"နောက်ထပ်စမ်းသပ်ရဦးမလား"

ယွမ်ရှောင်က လက်နှစ်ဖက်နောက်ပစ်၍ အေးစက်စက်ရပ်နေပြီး တိတ်ဆိတ်နေသော ကျင့်ကြံသူများကို မေးလိုက်ခြင်းဖြစ်သည်။ ရှောင်ယု၏ မျက်လုံးများမှာ အဆမတန် ပြူးကျယ်နေပြီး စိတ်အတွင်း၌ ကြယ်ပွင့်အဆင့် ဓားဝိညာဥ်ဟူသော အတွေးက မိုးချုန်းသံပမာ မြည်ဟီးနေ၏။ ထို့အပြင် အခြားသူများသည်လည်း အံ့သြလွန်းသဖြင့် တုန်လှုပ်နေကြပြီး စကားသံပင် ထွက်ပေါ်မလာခဲ့ပေ။

"အဆင့်လေး ဓားအမွေခံကျောက်ကို ဖျက်ဆီးနိုင်တာက ကြယ်ပွင့်အဆင့်လား"

လင်းလင်၏မျက်နှာက မည်းနက်သွားကာ ယွမ်ရှောင်အား မကျေမနပ်ဖြင့် စိုက်ကြည့်နေခဲ့သည်။ အမြဲတစေ တည်​ငြိမ်နေတတ်သည့် လင်းချန်၏ မျက်ဝန်းများပင် ကျဥ်းမြောင်းသွားကာ ရှောင်ယုထံ အကြံတောင်းလိုဟန်ဖြင့် လှမ်းကြည့်နေသည်။

"နောက်ထပ်စမ်းသပ်စရာ မလိုတော့ဘူး"

ရှောင်ယုက အံကြိတ်၍ တားမြစ်လိုက်ရပြီး စျေးကြီး၍ ရှားပါးသော အဆင့်လေး ဓားအမွေခံကျောက်နှစ်ခု ပျက်စီးသွားပြီဖြစ်သည်။ ဤအဖိုးတန်ရတနာသုံးခုက ဓားကောင်းကင်၏ဝင်ပေါက်တွင် နှစ်ပေါင်းများစွာ တည်ရှိ၍ ခေတ်အဆက်ဆက် ဓားဝိညာဥ်များကို စမ်းသပ်ပေးခဲ့၏။ လက်ရှိတွင် ဓားကောင်းကင်၏ရတနာနှစ်ခု ပျက်စီးသွားသောအခါ ရှောင်ယုက အမှန်တရားကို လက်မခံချင်သော်လည်း နောက်ဆုံးဓားအမွေခံကျောက်ဖြင့် အလောင်းအစား မလုပ်ဝံ့ချေ။

All Chapters