ရှေးဟောင်းမျှော်စင်၏ ခြိမ်းခြောက်မှု
Vol. 7 Ch. 81
ရှေးဟောင်းမျှော်စင်၏ ပြစ်ဒဏ်ဆိုသော စကားက ဓားကောင်းကင်ရှိ ကျင့်ကြံသူတိုင်း၏ မျက်နှာကို အစိုးရိမ်ကြီးသွားစေကာ နင်ရန်ပင် တည်ငြိမ်မနေနိုင်ခဲ့ပေ။ ဓားပင်လယ်တွင် အာဏာအတွက် ပြိုင်ဆိုင်နေသော အင်အားစုများကြားတွင် ရှေးဟောင်းမျှော်စင်၏ ကြီးစိုးနိုင်စွမ်းကို သူတို့က အာမခံရဲချေ။ ဓားကောင်းကင်၏ဝင်ပေါက်က ရုတ်တရက် ပွင့်လာပြီး အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်သည် ဓားကောင်းကင်၏တပည့်များအကြားမှ အထက်စီးဆန်ဆန် ဝင်ရောက်လာခဲ့သည်။ ချူရန်၏ကာကွယ်သူဖြစ်သော ရှောင်ဟီက ယွမ်ရှောင်ကို အေးစက်စက် စိုက်ကြည့်နေပြီး အရှိန်အဝါကို ထုတ်ဖော်ကာ ပင်လယ်ကြီးအလား ဖိနှိပ်လိုက်၏။
"ရှောင်ဟီ ရှေးဟောင်းမျှော်စင်က ဘာကို အပြစ်ပေးချင်တာလဲ"
ရှောင်ယုက လက်တစ်ဖက်မြှောက်၍ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ မေးခွန်းထုတ်လိုက်၏။
"ဒါက ဖုန်းဆိုးဖြေစာချုပ်နဲ့ သက်ဆိုင်တယ်။ ဓားကောင်းကင်က အမိန့်နာခံပါ"
"ဟီအာ ဒါဆိုရင် ငါတို့ကိုယ်စား အမိန့်ကို ဖတ်ပြပေးပါ"
ရှောင်ဟီက လေးနက်စွာပြောလိုက်ပြီး ဓားကောင်းကင်နှင့် သက်ဆိုင်ပုံမရသောကြောင့် ရှောင်ယု၏မျက်နှာထက်တွင် အနိုင်ရသူအပြုံးမျိုး ဖြစ်တည်လာခဲ့သည်။
"ကောင်းပါပြီ။ နတ်ဆိုးတွေကို သတ်ပြီး ကမ္ဘာမြေကို ကာကွယ်ပေးတဲ့ ရှေးဟောင်းမျှော်စင်က အမိန့်ချလိုက်တယ်။ အသူရာဓားဂိုဏ်းသား ယွမ်ရှောင်က တစ်ကိုယ်ကောင်းဆန်စွာနဲ့ ဖုန်းဆိုးမြေစာချုပ်ကို ဖောက်ဖျက်ပြီး မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့တယ်။ မဟာဖုန်းဆိုးမြေနတ်ဆိုးသခင်က အလွန်ဒေါသထွက်နေပြီး သေမျိုးတွေအတွက် အလွန်အန္တရာယ်များလာပြီ"
"ဒါက အဓိပ္ပါယ်မရှိဘူး။ မြောက်ပိုင်းဖုန်းဆိုးမြေနဲ့ အသူရာဓားဂိုဏ်းက အမြဲတမ်း တိုက်ခိုက်နေကြတာပဲ"
နင်ရန်က ဖြတ်ပြောလိုက်ခြင်းဖြစ်ပြီး ယွမ်ရှောင်က စိတ်ထဲမှ ရယ်မောနေခဲ့သည်။ သူ၏ကိုယ်ပွားမြေခွေးက နတ်ဆိုးအဖွဲ့အစည်းသို့ ရောက်ရှိနေပြီဖြစ်ကာ မဟာဖုန်းဆိုးမြေသခင်အတွက် မြောက်ပိုင်းဖုန်းဆိုးမြေလောက်ကို ခေါင်းထဲ မထည့်ထားချေ။ ဤအမိန့်၏နောက်ကွယ်တွင် ရဲကုရင်ရှိနေပြီး သူ့ကို အပြစ်ပေးရန်အတွက် အကြောင်းအရင်း ရှာထားခြင်းဖြစ်သည်။ မြောက်ပိုင်းဖုန်းဆိုးမြေ၏ နတ်ဆိုးများမှာ ထိုလူယုတ်မာနှင့် အပေါင်းအပါများ မဟုတ်ပါလော။
"နင်ရန် ပါးစပ်ပိတ်ထားစမ်း။ အမိန့်က မပြီးသေးဘူး"
ရှောင်ယုက အထက်စီးမှ ငေါက်ငမ်း၍ တားမြစ်လိုက်သည်။ ရှောင်မျိုးနွယ်က ရှေးဟောင်းမျှော်စင်မှဖြစ်ကာ ဓားကောင်းကင်နှင့် လက်ထပ်ပွဲများစွာ ပြုလုပ်ထားသောကြောင့် ၎င်းသည် ရှေးဟောင်းမျှော်စင်၏ လက်အောက်ခံတစ်ခုအလား ပြောင်းလဲလာနေခဲ့သည်။
"လောကကြီး အေးချမ်းဖို့အတွက် ရှေးဟောင်းမျှော်စင်က ကောင်းကင်တာအိုကိုယ်စား စီရင်မယ်။ ယွမ်ရှောင်က အပြစ်အတွက် သေခြင်းနဲ့ ပေးဆပ်ပြီး ဦးခေါင်းကို မဟာဖုန်းဆိုးမြေသခင်ဆီ ပို့ဆောင်မယ်။ သူ့ကို ကာကွယ်ပေးသူတိုင်း ရှေးဟောင်းမျှော်စင်ရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရပြီး ဆွေစဥ်မျိုးဆက် ရှင်းလင်းမယ်။ ဘယ်အင်အားစုမဆို သူ့ကို ထောက်ခံရင် ရှေးဟောင်းမျှော်စင်ကို ပေါ်တင်စစ်ကြေညာတယ်လို့ သတ်မှတ်ပြီး အဖွဲ့ဝင်တိုင်းက အသက်ရှင်ကျန်သူမရှိအောင် တိုက်ခိုက်ရှင်းလင်းမယ်။ ဓားကောင်းကင်က မိတ်ဆွေတို့ အမိန့်ကို နားလည်ကြရဲ့လား"
ရှောင်ဟီက ချောင်းတစ်ချက်ဟန့်၍ လေးနက်စွာ သတိပေးလိုက်ပြီး ဤအမိန့်သုံးခုမှာ ဓားကောင်းကင်၏ ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။ ထို့နောက် သူက ကျေနပ်စွာပြုံး၍ စာလိပ်ကိုသိမ်းဆည်းကာ လူအုပ်အား တစ်ချက်ဝေ့ကြည့်လိုက်သည်။ ရှောင်ယုက နင်ရန်ကို လှောင်ရယ်နေခဲ့ပြီး ယွမ်ရှောင်ကို ကာကွယ်လျှင် မျိုးနွယ်တစ်ခုလုံး အန္တရာယ်ရှိသောကြောင့် နင်ရန်၏မျက်နှာက အရောင်ဖျော့နေသည်။ သူမအနေဖြင့် ပါရမီရှင်တစ်ယောက်အတွက် ရှေးဟောင်းမျှော်စင်တစ်ခုလုံးနှင့် ရန်သူ မဖြစ်ဝံ့ချေ။
"အားလုံးနားထောင်ကြစမ်း။ ဘယ်လောက်ပါရမီရှိရှိ၊ လောကကြီးကို ထိခိုက်စေမယ့် အပြစ်မျိုး မလုပ်သင့်ဘူး။ ဓားကောင်းကင်က ပါရမီရှင်ကို တန်ဖိုးထားပေမယ့် နတ်ဆိုးတစ်ယောက်ကို ပျိုးထောင်မပေးနိုင်ဘူး။ ရှေးဟောင်းမျှော်စင်က ငါတို့ကိုယ်စား မဟာဖုန်းဆိုးမြေသခင်နဲ့ ညှိုနှိုင်းပေးခဲ့တယ်။ ဒါကြောင့် အပြစ်သားကို သေမျိုးတွေအတွက် သေဒဏ်ချမှတ်ရမယ်"
ရှောင်ယုက အေးစက်စက်ပြောလိုက်ပြီး ဓားကောင်းကင်၏ကျင့်ကြံသူများမှာ အသံတစ်ချက်ပင် မထွက်ရဲချေ။ နင်ရန်က မည်မျှစဥ်းစားပါစေ၊ ဤကိစ္စ၏အကြောင်းအရင်းကို အဖြေရှာမရဖြစ်နေပြီး မြောက်ပိုင်းဖုန်းဆိုးမြေမှာ အမှန်တကယ်အားဖြင့် အရေးမပါပေ။ ရှေးဟောင်းမျှော်စင်၏ ထိပ်သီးပါရမီရှင်များအကြားတွင် ချူရန်၏အဆင့်က နိမ့်ကျပြီး မြင့်မြတ်သားတော်ဘွဲ့ရထားခြင်းမှာ အဆက်အသွယ်ကြောင့် ဖြစ်၏။
"နင်ရန် သူ့ကို ကာကွယ်ပေးဦးမှာလား"
ထိုအချိန်တွင် ရှောင်ယု၏မေးခွန်းက သူမထံ ဦးတည်လာသည်။
"မဟုတ်ဘူး။ ငါက ပါရမီရှင်တစ်ယောက်ကို ကာကွယ်ချင်ပေမယ့် အပြစ်သားတစ်ယောက်ကိုတော့ ကာကွယ်ပေးမှာ မဟုတ်ဘူး"
နင်ရန်၏မျက်နှာက ကြောက်စိတ်ကြောင့် ရှုံ့မဲ့သွားကာ အလန့်တကြား ငြင်းဆန်လိုက်သည်။ ရှေးဟောင်းမျှော်စင်၏ ကျင့်ကြံသူများစွာ လှုပ်ရှားလာလျှင် ဓားကောင်းကင်ပင် ခုခံနိုင်မည် မဟုတ်သောကြောင့် နင်ရန်၏တည်ရှိမှုက အရေးမပါချေ။
"ယွမ်ရှောင်ကို ဘယ်သူ ကာကွယ်ပေးချင်သေးလဲ"
ရှောင်ဟီ၏မေးခွန်းက နေကျောက်စိမ်းနန်းဆောင်အတွင်း ပဲ့တင်ထပ်သွားကာ ကျင့်ကြံသူများမှာ အသက်ရှူကြပ်နေသကဲ့သို့ ခံစားနေရသည်။ ဓားကောင်းကင်၏ အကြီးအကဲများက ခေါင်းငုံ့၍ နောက်ဆုတ်သွားကာ ယွမ်ရှောင်ကို ကပ်ရောဂါတစ်ခုသဖွယ် ရှောင်တိမ်းလိုက်ကြ၏။ ထိုအချိန်၌ စင်မြင့်ထက်တွင် ယွမ်ရှောင်က တစ်ကိုယ်တော်ရပ်နေခဲ့ပြီး ဘယ်ဘက်တွင် ကောက်ကျစ်စွာပြုံးနေပြီး သားကောင်အလား ချောင်းမြောင်းနေသည့် ရှောင်ဟီ ရှိနေခဲ့သည်။ ညာဘက်တွင် ရှေးဟောင်းမျှော်စင်၏ အမိန့်ကြောင့် တုန်လှုပ်၍ အသံပင်မထွက်ရဲသော ဓားကောင်းကင်၏ကျင့်ကြံသူများ ရှိနေ၏။ ဤနေရာက ဓားအိမ်တော် မြစ်ဖျားခံရာဖြစ်သော်လည်း သူ၏အမြင်၌ စိတ်ပျက်ရွံရှာဖွယ် ကောင်းလှ၏။ အမီတ်တစ်ဓားတောင်၏ ဖိအားအောက်တွင် ဓားအိမ်တော်၏ကျင့်ကြံသူတိုင်းသည် အမှန်တရားကို ဖက်တွယ်ခဲ့ကြသော်လည်း ဓားပင်လယ်၌ ရှေးဟောင်းမျှော်စင်၏ အမိန့်တစ်ခုတည်းဖြင့် ဓားကောင်းကင်၏ ကျင့်ကြံသူများမှာ ကြောက်လန့်နေကြသည်။
"ယွမ်ရှောင် လိမ်လိမ်မာမာနဲ့ သေလိုက်စမ်း။ မင်းအနေနဲ့ မစော်ကားသင့်တဲ့ လူကို စော်ကားခဲ့တယ်"
ရှောင်ဟီက ကဲ့ရဲ့လိုက်ပြီး အခြားသူများ၏ အမြင်တွင် ထိုလူမှာ ချူရန်အဖြစ် အထင်မှားနေကြ၏။
"မင်းပြောချင်တာက ရဲကုရင်လား။ ငါက ဒီခွေးကောင်ရဲ့ မျိုးနွယ်တစ်ခုလုံးကို သတ်၊ ဝိညာဥ်တွေကို မိုးစက်ပြာတံခွန်ထဲ ထည့်ပြီး အသူရာမီးတောက်နဲ့ ရှို့ထားတယ်။ ရဲမျိုးနွယ်ရဲ့ အော်သံတွေက တကယ်နားထောင်လို့ကောင်းတယ်"
ယွမ်ရှောင်၏စကားကြောင့် အပြင်လူများမှာ အမှန်တရားကို သဘောပေါက်သွားကြပြီး ရှေးဟောင်းမျှော်စင် ဒေါသထွက်နေရသည်မှာ ရဲကုရင်ကြောင့် ဖြစ်နေခဲ့သည်။ ရဲမျိုးနွယ်တစ်ခုလုံးကို သတ်ခဲ့သော အကြောင်းအရင်းကြောင့် သူတို့က ကြောက်လန့်၍ တုန်လှုပ်သွားကြပြန်သည်။ နင်ရန်သည်လည်း အသူရာဓားဂိုဏ်းမှ အဖြစ်များကို ပြန်လည်သတိရသွားခဲ့သည်။ သူက ဤနှစ်ယောက်၏ ရန်ကြွေးအကြောင်း မသိထားသဖြင့် ရဲမျိုးနွယ်ဝင်များ အသတ်ခံရခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ရှောင်ဟီက သတ်ဖြတ်လိုစိတ်ဖြင့် ဓားဝိညာဥ်ကို ထုတ်ဖော်၍ ယွမ်ရှောင်အား အပြစ်သားတစ်ယောက်ပမာ စိုက်ကြည့်နေခဲ့သည်။ ဓားကောင်းကင်အတွင်း အပြင်လူက လက်နက်ဆွဲထုတ်လိုက်သော်လည်း မည်သူမှ မတားဆီးခဲ့သည့်အပြင် နောက်သို့ ဆုတ်ခွာသွားကြသည်။
"ဒီပြဿနာကို ကိုင်တွယ်နိုင်လား"
ယွမ်ရှောင်က အင်္ကျီရင်ဘတ်အတွင်းရှိ သားရဲလေးနှင့် ဆက်သွယ်လိုက်သည်။
"ရတယ်"
"ငါတို့က မင်းရဲ့နောက်ကျောဘက်က အချိန်တိုင်း ကာကွယ်ပေးထားတယ်။ မင်းအနေနဲ့ ဖောက်ထွက်ဖို့ပဲ လိုတယ်။ အဆိုးဆုံးမှ အချိန်ကြာကြာ အနားယူရုံပဲ"
လနီနှင့် ကြယ်ပြာသည်လည်း ဒေါသထွက်နေပြီး ယွမ်ရှောင်၏ လမ်းကြောင်း၌ ပိတ်ဆို့နေသည်များကို ရှင်းလင်းရန် အသင့်ဖြစ်နေကြ၏။ မိသားစုမရှိသော ယွမ်ရှောင်အတွက် သူတို့က ညီအစ်ကိုအရင်းပမာ သစ္စာရှိသောကြောင့် ကြောက်စရာရန်သူ မရှိချေ။ သူက ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်ကို မကြောက်သကဲ့သို့ လူသတ်ရန်လည်း လက်တွန့်နေမည် မဟုတ်ချေ။
"ဘယ်လောက်ချောချော အလောင်းဖြစ်သွားရင် အသုံးမဝင်ဘူး"
ရှောင်ယုက လင်းလင်ကို သင်ကြားနေခြင်း ဖြစ်သည်။
"ဓားကောင်းကင်မှာ ဘယ်သူ ရမ်းကားရဲသလဲ"
ယွမ်ရှောင်က သားရဲလေးကို ထုတ်ဖော်ကာနီးတွင် မိုးချုန်းသံပမာ ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာကာ နန်းဆောင်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။ အညိုရောင်ဝတ် လူတစ်ယောက်က သူ့ရှေ့မှောက်တွင် ကာကွယ်သူတစ်ယောက်ပမာ ရောက်ရှိလာပြီး လျင်မြန်လွန်းနေသည်။
"ဘန်း"
ထိုလူက မုန်တိုင်းပမာ ပြေးတက်သွားကာ ရှောင်ဟီ၏မျက်နှာကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သော်လည်း တောင်တစ်လုံးနှင့် ရိုက်နှက်ခံလိုက်ရသည့်ပမာပင်။ သူ၏ပါးစပ်အတွင်းမှ သွားများ ကျွတ်ထွက်၍ သွေးစီးကျလာသည့်အပြင် ကိုက်သုံးဆယ်အကွာတွင် ရှိနေသော တံခါးမကြီးနှင့် တိုက်မိသည်အထိ လွင့်ထွက်သွားခဲ့၏။
"ဘုန်း"
ရှောင်ဟီ၏မျက်နှာမှ အရိုးများ ကျိုးကြေသွားကာ မျက်နှာတစ်ခုလုံး ရောင်ကိုင်း၍ ဒွါရခုနစ်ပေါက်မှ သွေးများစီးထွက်လာခဲ့သည်။ ဤရိုက်ချက်၏ ကြမ်းတမ်းမှုက ကြောက်စရာကောင်းလွန်းပြီး လူတိုင်းကို အသံတစ်ချက်ပင် မထွက်ရဲအောင် တိတ်ဆိတ်သွားစေခဲ့လေသည်။