← Chapters

ဓားကောင်းကင်၏ ခေါင်းဆောင်

Vol. 7 Ch. 82

ဓားကောင်းကင်၏ ခေါင်းဆောင်

Vol. 7 Ch. 82

ရှောင်ဟီ၏မျက်နှာက စုတ်ပြတ်သွားပြီး ရှေးဟောင်းမျှော်စင်၏ အမိန့်ဖြင့် ရောက်လာသူတစ်ယောက်အနေဖြင့် အရိုက်ခံလိုက်ရသောကြောင့် မျက်လုံးများ ပြူးထွက်လာသည်။

"ငါက သတင်းပို့သူကို မသတ်ချင်ဘူး။ ပါးစပ်ပိတ်ပြီး ထွက်သွားစမ်း"

ထိုအချိန်၌ အေးစက်စက် အသံတစ်ခုနှင့်အတူ အရှိန်အဝါတစ်ခုက ကြမ်းတမ်းစွာ ပြန့်ထွက်လာသောကြောင့် သူက ဓားကောင်းကင်၏အပြင်ဘက်သို့ လွင့်ထွက်သွားပြန်ကာ သွေးများ အန်ထွက်လာခဲ့သည်။ အကြည့်တိုင်းက အညိုရောင်ဝတ်လူထံ ကျရောက်သွားပြီး ယွမ်ရှောင်က အကဲခတ်လိုက်သောအခါ ရှုပ်ပွနေသည့် အဖြူရောင်ဆံပင်များနှင့် ခြေဗလာလူတစ်ယောက် ဖြစ်နေကာ လက်ထဲတွင် သေရည်အိုးတစ်လုံး ရှိနေ၏။ ထိုလူက သေရည်ကို တကျိုက်မော့လိုက်သောအခါ မေးထက်သို့ စီးကျနေပြီး လည်ပင်းသို့ပင် ရောက်ရှိသွားသည်။ သက်လတ်ပိုင်းအရွယ်ဖြစ်ကာ သာမန်ဆန်သော်လည်း ကြီးမားပြင်းထန်သော အရှိန်အဝါလည်း ထွက်ပေါ်နေခဲ့၏။

"ခေါင်းဆောင်"

ဓားကောင်းကင်၏ ကျင့်ကြံသူများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသောအခါ ယွမ်ရှောင်က ရောက်ရှိလာသူ၏ သရုပ်မှန်ကို သိလိုက်ရသည်။ ထိုလူမှာ သူ့ကို သေဒဏ်ချမှတ်ခဲ့သော ရှေးဟောင်းမျှော်စင်၏ ရှောင်ဟီကို ပေါ့ပေါ့ပါးပါး ရိုက်နှက်ခဲ့သည်။

"လင်းချင်းဖန် ရှင် ရူးနေပြီလား။ ရှေးဟောင်းမျှော်စင်ရဲ့ အမိန့်ဆိုတာကို မကြားလိုက်ဘူးလား"

ရှောင်ယု၏ငေါက်ငမ်းသံက မြွေတစ်ကောင်၏နှာမှုတ်သံပမာ ရှူးရှူးရှားရှား ထွက်ပေါ်လာသည်။ သို့သော် လင်းချင်းဖန်က လက်ပြန်ရိုက်ချလိုက်သောကြောင့် သူမမှာ မြေပြင်သို့ ပုံရက်သား လဲကျသွားသည်။

"ခွေးမ နင်က ဘာသိလို့လဲ"

သူ၏အသံက အေးစက်နေပြီး သေရည်ကို နောက်တစ်ကြိမ်သောက်ရင်း ကြမ်းတမ်းစွာ ရေရွတ်လိုက်သည်။ လင်းလင်က မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ဝိုင်းစက်နေကာ လင်းချန်မှာ ရှောင်ယုကို အလျင်အမြန် တွဲထူလိုက်သည်။

"လင်းချင်းဖန် နင်က ယွမ်ရှောင်ကြောင့် ရှေးဟောင်းမျှော်စင်နဲ့ ရန်သူဖြစ်ချင်တာလား။ သေချင်နေတာဆိုရင်လည်း ဓားကောင်းကင်ကို ဆွဲမထည့်နဲ့"

ရှောင်ယု၏အသံက နာကျင်မှုကြောင့် တုန်ခါနေသည်။

"အဖေ ဒီယွမ်ရှောင်က တစ်ခုခုမှားနေတယ်။ သူက အစ်ကိုချူရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူး။ ဘယ်လိုလုပ် ဓားဝိညာဥ်အဆင့်က ဒီလောက်မြင့်နိုင်မှာလဲ"

လင်းလင်က ဝင်ရောက်ထောက်ခံလိုက်ပြီး ဓားကောင်းကင်၏ ကျင့်ကြံသူများကလည်း ခေါင်းညိတ်နေကာ ရှေးဟောင်းမျှော်စင်နှင့် စစ်ဖြစ်မည်ကို စိုးရွံ့နေကြ၏။

"ရှေးဟောင်းမျှော်စင်က ဓားကောင်းကင်ကို အမိန့်ပေးရအောင် ဘာမို့လို့လဲ။ မင်းတို့က ငါ့ကို ခေါင်းငုံ့နေစေချင်တာလား။ ဒီခွေးကောင်တွေက တိုက်ခိုက်ချင်တယ်ဆိုလည်း တိုက်ခိုက်ကြတာပေါ့။ ငါသည်းခံခဲ့တာ လုံလောက်နေပြီ။ ဓားပင်လယ်မှာ နံပတ်တစ်အင်အားစုဆိုတဲ့ နေရာကို ရရင်လည်း ကောင်းတာပဲ"

လင်းချင်းဖန်က သေရည်အိုးကို ခွမ်းခနဲ ပစ်ပေါက်လိုက်ကာ ယွမ်ရှောင်အနားသို့ ရောက်လာပြီး ရင်းရင်းနှီးနှီး ပခုံးဖက်လိုက်သည်။ သူ၏စကားက ပြတ်သားလွန်းသဖြင့် ဓားကောင်းကင်မှ လူများမှာ မင်သက်နေကြသည်။ ဤနှစ်များအတွင်း ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်က ဆက်ဆံရေး အထူးကောင်းမွန်ပြီး လက်ထပ်ပွဲများစွာ ရှိခဲ့သောကြောင့် စစ်ဖြစ်ရန် မသင့်လျော်ဟု တွေးထင်နေကြသည်။

"ခေါင်းဆောင်လင်း ခင်ဗျား သေချာလား။ ရှေးဟောင်းမျှော်စင်နဲ့ ဓားကောင်းကင်ရဲ့ ဆက်ဆံရေးကို အပြစ်သားတစ်ယောက်ကြောင့် ပျက်စီးစေချင်တာလား။ ဓားပင်လယ်မှာ ငြိမ်းချမ်းနေတာ နှစ်ပေါင်းရာချီနေပြီ"

မျက်နှာတစ်ခုလုံး ပုံပျက်၍ ခရမ်းရောင်ပြောင်းနေသည့် ရှောင်ဟီက ခြိမ်းခြောက်လိုက်ခြင်း ဖြစ်၏။

"ထွက်သွားစမ်း"

သို့သော် သူ၏စကားမဆုံးခင်မှာပင် အရိုက်ခံလိုက်ပြီး အဝေးသို့ ဒလိမ့်ကောက်ကွေးရောက်ရှိသွားကာ သွေးချင်းချင်းနီသွားခဲ့သည်။ ထို့နောက် သူက မကျေနပ်သော်လည်း အသက်ဘေးကို ကြောက်လန့်သောကြောင့် ချက်ချင်းထွက်ပြေးသွားခဲ့သည်။ ဓားကောင်းကင်၏ ကျင့်ကြံသူများစွာက ဝင်ပေါက်၌ စုဝေးနေပြီး ဤအဖြစ်ကို မြင်သောအခါ အတွေးပေါင်းစုံ ဖြစ်ပေါ်လာသည်။ ရှေးဟောင်းမျှော်စင်၏ အမိန့်ကို ဓားကောင်းကင်က စိန်ခေါ်လိုက်သောကြောင့် ဓားပင်လယ်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ အကယ်၍ အမှန်တကယ် စစ်ဖြစ်လျှင် နေရာတစ်ခုလုံး သက်ရောက်နိုင်သောကြောင့် မည်သူမှငြိမ်းချမ်းမည် မဟုတ်ပေ။ ထို့အပြင် ဓားပင်လယ်၏ကျင့်ကြံသူများက ဤအင်အားစုနှစ်ခုနှင့် ဆက်ဆံရေးမျိုးစုံ ရှိကြသည် မဟုတ်ပါလော။

ဓားကောင်းကင်၏ ဝင်ပေါက်က ဘန်းခနဲ ပိတ်သွားကာ သတ်ဖြတ်လိုစိတ်များကြောင့် လေထုမှာ အလွန်တင်းမာနေသည်။

"ဓားကောင်းကင်က စစ်အတွက် ပြင်ဆင်ထားရမယ်"

လင်းချင်းဖန်က လက်အောက်ငယ်သားရာချီဘက်လှည့်ကာ ရာဇသံပေးလိုက်သော်လည်း တစ်ယောက်ချင်းစီ၏ မျက်နှာများတွင် ဝေခွဲမရသော အခြေအနေ ဖြစ်တည်နေသည်။

"ခေါင်းဆောင် ကျုပ်တို့ ပြန်ပြီးစဥ်းစားသင့်တယ်"

"ဘာစဥ်းစားမှာလဲ။ ရှေးဟောင်းမျှော်စင်ကို အညံ့ခံဖို့လား။ ဒီနှစ်တွေမှာ ဓားကောင်းကင်က ပါရမီရှင်တွေကိုတောင် လက်မခံရဲတော့ဘူးလား။ စိတ်ပျက်စရာပဲ။ မဟာဖုန်းဆိုးမြေစာချုပ်နဲ့ ခြိမ်းခြောက်တိုင်း ကြောက်ရမယ်ဆိုရင် ငါ လင်းချင်းဖန်ရဲ့ မျက်နှာ ဘယ်မှာထားမလဲ"

အကြီးအကဲတစ်ယောက်က ဖြောင်းဖျလိုက်သော်လည်း လင်းချင်းဖန်၏ဒေါသက တင်းမာလွန်းနေသဖြင့် အားလုံး တိတ်ဆိတ်ကုန်သည်။

"အဖေ နည်းနည်း လျှော့သောက်သင့်တယ်"

လင်းချန်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး မိခင်နှင့် ညီအတွက် ရှေးဟောင်းမျှော်စင်ကို မဆန့်ကျင်လိုချေ။

"တိတ်စမ်း"

သို့သော် သူက အရှိန်အဝါဖြင့် ဖိနှိပ်ခံလိုက်ရသောကြောင့် ဒူးထောက်ကျသွားရာ မျက်လုံးများ တောက်လောင်လာခဲ့သည်။

"လင်းလင် အခုကစပြီး ချူရန်နဲ့ ပတ်သက်ခွင့် မရှိဘူး။ ငါ တစ်ခုခုသိရရင် နေရာမှာတင် ခြေထောက်နှစ်ဖက်လုံး ရိုက်ချိုးပစ်မယ်"

လင်းချင်းဖန်က လင်းချန်ကို ဖိနှိပ်ထားရင်း လင်းလင်ကို အေးစက်စွာ သတိပေးလိုက်သည်။

"အဖေ မလုပ်ပါနဲ့"

"ငါ အခု ရိုက်ချိုးပေးရမလား"

သူ၏ပြတ်သားမှုကြောင့် သူမက ရှောင်ယုထံ အကူအညီတောင်းလိုဟန်ဖြင့် ကြည့်လိုက်သော်လည်း အကြောင်းမထူးပေ။

"နင်က ဓားကောင်းကင်ကို ဝင်ရောက်ပြီး ငါနဲ့ လက်ထပ်ခဲ့တယ်။ ဓားကောင်းကင်အစား ရှေးဟောင်းမျှော်စင်ကို ရွေးချယ်ချင်ရင် ငါနဲ့ ကွာရှင်းမယ်"

သူ၏စကားကြောင့် နားထောင်နေသူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကာ ကြောက်စိတ်အသစ်များ ပေါက်ဖွားလာခဲ့၏။ အတိတ်တွင် သူက ရှောင်ယုကို အလွန်မျက်နှာသာပေးခဲ့သော်လည်း ယနေ့၌ မမျှော်လင့်ထားသော အဖြစ်မျိုး ပေါ်ပေါက်လာသည်။

"လင်းချင်းဖန် ဒီကိစ္စ မပြီးသေးဘူး"

သူမက မျက်လုံးများ မီးဝင်းဝင်းတောက်၍ လင်းလင်ကို ဆွဲခေါ်ကာ ထွက်သွားရန် ဟန်ပြင်လိုက်၏။

"လင်းလင်နေခဲ့စမ်း။ အခန်းထဲမှာ တံခါးပိတ်ပြီး ကိုယ့်ကိုကိုယ်ဆင်ခြင်"

လင်းချင်းဖန်က အာဏာစက်ပြင်းထန်စွာဖြင့် အမိန့်ပေးလိုက်သောကြောင့် လူပုံအလယ် နောက်တစ်ကြိမ် အရိုက်ခံရမည်ကို ကြောက်ရွံ့သော ရှောင်ယုမှာ ငြိမ်သက်သွားခဲ့သည်။

"နင်က ဓားကောင်းကင်အပြင်ဘက်ကို ခြေတစ်လှမ်း ထွက်ရဲရင် ပြန်လာစရာ မလိုတော့ဘူး"

ရှောင်ယုသည် အံကြိတ်၍ ဒေါသတကြီးဖြင့် ထွက်ခွာသွားကာ ဓားကောင်းကင်၏ ကျင့်ကြံသူများက အရုပ်သဖွယ် ခံစားချက်မဲ့စွာ ရပ်ကြည့်နေခဲ့ကြ၏။

"ယွမ်ရှောင် ငါ့တပည့် ဖြစ်လာချင်လား"

လင်းချင်းဖန်က ယွမ်ရှောင်ဘက်လှည့်ကာ အချိုသာဆုံးပြုံး၍ ကမ်းလှမ်းလိုက်သည်။

"အသူရာဓားဂိုဏ်းမှာ ကျုပ်ရဲ့ ဆရာ ရှိပါတယ်"

"မင်းလိုပါရမီရှင်မျိုးရဲ့ ဆရာဖြစ်ဖို့ ဘယ်သူက ကံကောင်းခဲ့တာလဲ"

"ကျောက်ကျန်ရှင်းပါ"

ယွမ်ရှောင်၏အဖြေကြောင့် လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်သွားကာ တအံ့တသြ ရေရွတ်သံများနှင့်အတူ နင်ရန်ထံ အကြည့်ရောက်သွားကြ၏။ ဆယ်စုနှစ်များစွာအကြာတွင် ဤနာမည်ကို ဓားပင်လယ်တွင် နောက်တစ်ကြိမ် ပြန်ကြားရမည်ဟု သူတို့က မျှော်လင့်မထားပေ။

"ခေါင်းဆောင်ရဲ့ ကမ်းလှမ်းချက်က မင်းဘဝမှာ အကောင်းဆုံးအခွင့်အရေးပဲ။ အသူရာဓားဂိုဏ်းက မင်းရဲ့နောက်ခံဖြစ်ဖို့ မလုံလောက်ဘူး"

နင်ရန်၏မျက်နှာက မည်းနက်သွားကာ ကိုယ့်ကိုကိုယ် တည်ငြိမ်စေရန် ထိန်းသိမ်း၍ အကြံပေးလိုက်သည်။

"ထားလိုက်ပါ။ တစ်ရက်ဆရာဖြစ်ဖူးရင် တစ်သက်လုံးအတွက်ပဲ။ ဓားကောင်းကင်ရဲ့ သခင်လေးယွမ်က ငါ့ဆက်ခံသူဖြစ်လာမှတော့ ဒီကိစ္စတွေ မလိုတော့ဘူး။ ဓားသမားတစ်ယောက်က ယုံကြည်ရာအတွက် တစ်လောကလုံးကို ဆန့်ကျင်ရဲရင် လုံလောက်ပြီ"

လင်းချင်းဖန်က လက်ကာပြ၍ တားမြစ်လိုက်သည်။

"မင်းက ဓားကောင်းကင်ရဲ့သခင်လေး ဖြစ်လာပြီဆိုတော့ ဓားကောင်းကင်ကို တစ်သက်လုံး သစ္စာဖောက်ခွင့် မရှိဘူး။ လက်ခံလား"

"လက်ခံပါတယ်"

ယွမ်ရှောင်က ​လင်းချင်းဖန်နှင့် အကြည့်ချင်းဆုံ၍ ခေါင်းညိတ်ပြလိုက်ပြီး ရှည်ရှည်ဝေးဝေး ပြောဆိုနေရန် မလိုအပ်ခဲ့ပေ။

"ခေါင်းဆောင် ကျုပ် တစ်ခုလောက် တောင်းဆိုခွင့်ရှိမလား"

"ပြောပါ"

"ဓားအခြေတည်ဆေးတစ်လုံးလောက် လိုချင်ပါတယ်"

ယွမ်ရှောင်က တက်ကြွစွာ တောင်းဆိုလိုက်ပြီး မျက်ဝန်းများ တောက်ပနေခဲ့လေသည်။

All Chapters