ဓားပူဇော်ပွဲ
Vol. 7 Ch. 83
ဓားကောင်းကင်၏ ကျင့်ကြံသူများက မကျေနပ်သော အရိပ်အယောင်များ ဖော်ပြနေပြီး ခေါင်းဆောင်က အံ့သြသွားပုံရသောကြောင့် ယွမ်ရှောင်သည် အကြောင်းအရင်းကို ရှင်းပြလိုက်၏။
"ဒီဆေးလုံးက ကျူပ်အတွက် မဟုတ်ပါဘူး။ ကျုပ်ဆရာက နတ်ဆိုးနှစ်သောင်းကျော်ကို တစ်ကိုယ်တော်တိုက်ခိုက်ပြီး ဓားဝိညာဥ် ထိခိုက်သွားခဲ့ရတယ်။ သူက သေမျိုးတွေအတွက် ကိုယ့်ကိုကိုယ် စွန့်လွှတ်ထားတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လို့ အလဟဿ မသေစေချင်ပါဘူး"
သူတို့အားလုံးက ကျောက်ကျန်ရှင်း၏သတင်းအကြောင်း သိထားသော်လည်း ဓားကောင်းကင်မှ နှင်ထုတ်ခံထားရသော တပည့်ဖြစ်သည့်အတွက် အရေးမလုပ်ခဲ့ကြပေ။ လက်ရှိတွင် တစ်ဖက်လူ၏တပည့်က ပါရမီရှင်အဖြစ် ရောက်ရှိလာကာ ဓားအခြေတည်ဆေးလုံးကို တောင်းဆိုနေခဲ့သည်။
"မင်းက ဒီဆေးလုံးကို လိုချင်ရအောင် ဓားကောင်းကင်အတွက် ဘာများလုပ်ပေးဖူးလို့လဲ"
လင်းချန်က မကျေမနပ်ဖြင့် ငေါက်ငမ်းပြီး ရှောင်ယု အရိုက်ခံလိုက်ရသော ကိစ္စအတွက် ယွမ်ရှောင်ထံ အပြစ်ပုံချလိုက်သည်။
"လင်းချန် မင်းကရော ဒီဆေးလုံးကို လိုချင်တာလား။ ဒါဆိုရင် ရှေးဟောင်းမျှော်စင်ရဲ့ ကိုးကောင်းကင်ရွေးချယ်ခံတွေကို အနိုင်ယူနိုင်လို့လား"
ခေါင်းဆောင်၏မေးခွန်းကြောင့် သူက အရှိုက်ထိသွားသော်လည်း ခေါင်းယမ်း၍ အမှန်ကို ဝန်ခံလိုက်ရသည်။ ထို့နောက် ခေါင်းဆောင်က ထိုလူများကို အနိုင်ယူနိုင်သူအား ဓားအခြေတည်ဆေးလုံးပေးမည်ဟု ကတိပြုလိုက်ရာ ယွမ်ရှောင်ကို ကျေနပ်သွားစေသည်။ ဤလမ်းက ချောမွေ့မည်မဟုတ်သော်လည်း ရနိုင်ချေရှိသောကြောင့် အချိန်နှင့်အမျှ ကြိုးစားရပေလိမ့်မည်။ ရှေးဟောင်းမျှော်စင်ဘက်မှ အမိန့်ချလိုက်သော်လည်း မည်သည့်အခြေအနေဖြစ်ပါစေ၊ ၎င်းကို ဖျက်ဆီးရန် သူက ဆုံးဖြတ်ထားပြီးဖြစ်သည်။
"မင်းက အားအနည်းဆုံး ချူရန်ကိုတောင် အနိုင်မယူနိုင်ဘဲ ကိုယ့်ကိုကိုယ် အထင်ကြီးနေတာလား။ ဓားဝိညာဥ်အဆင့်က တိုက်ခိုက်နိုင်စွမ်းကို ကိုယ်စားမပြုဘူး။ မင်းဆရာက ဘယ်နှနှစ်လောက် စောင့်နိုင်မှာလဲ"
လင်းချန်က ကဲ့ရဲ့လိုက်သော်လည်း သူက လုံးဝလျစ်လျူရှုထားပြီး ဘက်ပြိုင်နေရန် မထိုက်တန်သောကြောင့်ပင်။
"မင်းတို့နှစ်ယောက်လုံးက သွေးပူတဲ့အရွယ်ဆိုတော့ ယှဥ်ပြိုင်တာ ကောင်းပါတယ်။ ဒါပေမယ့် မင်းတို့က ဓားကောင်းကင်ရဲ့ တပည့်တွေဆိုတာကို မမေ့နဲ့။ မင်းတို့က အချင်းချင်း တိုက်ခိုက်လို့ရပေမယ့် ရန်သူတွေကိုသာ သတ်ဖြတ်ခွင့်ရှိတယ်"
အမြော်အမြင်ကြီးမားသော ခေါင်းဆောင်သည် လေးနက်စွာ သတိပေးလိုက်သောကြောင့် လင်းချန်က တိတ်ဆိတ်သွားကာ ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ယွမ်ရှောင်အား ပြင်ဆင်ထားရန် သတိပေး၍ တစ်ရက်ကြာလျှင် ဓားပူဇော်ပွဲ ကျင်းပမည်ဖြစ်သည်။ ဓားပူဇော်ပွဲက ဓားကောင်းကင်၏ ဘိုးဘေးများထံ ကိုယ့်ကိုကိုယ်မိတ်ဆက်ရမည်ဖြစ်ကာ အစွမ်းပြသရပေလိမ့်မည်။ သူ၏အသက်ထက် သုံးနှစ်ကြီးသော တပည့်များက စိန်ခေါ်ခွင့်ရှိသည်ဖြစ်ရာ လက်ရှိတွင် ၁၆နှစ်ဖြစ်သောကြောင့် ဓားကောင်းကင်၏ အသက်၁၉နှစ်အောက် တပည့်များနှင့် တိုက်ခိုက်ယှဥ်ပြိုင်ရပေလိမ့်မည်။
"အဖေ သူ့အစွမ်းအစနဲ့ဆိုရင် ဘယ်သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ သမိုင်းထဲမှာ အားအနည်းဆုံး ဓားသခင်လေးဖြစ်လာမှာ သေချာတယ်"
လင်းလင်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး ချူရန်၏ ဓားတစ်ချက်ကိုပင် ယွမ်ရှောင်မခုခံနိုင်ဟူသော သတင်းကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ထားခဲ့၏။ သူ၏အဆင့်အတန်းက အလွန်မြင့်မားသော်လည်း အားနည်းလှသည်ဟု အထင်မှားနေသောကြောင့် ရယ်ဖွယ်ရာ ဖြစ်လာခဲ့သည်။ ယွမ်ရှောင်အတွက်မူ အဓိကရန်သူတော်ဖြစ်သော ရဲကုရင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရန် နီးကပ်နေသောကြောင့် ဤအခမ်းအနားကို စိတ်ထဲပင် မထည့်ထားချေ။
"ယွမ်ရှောင် ဓားပူဇော်ပွဲမှာ မင်းက ရှုံးနိမ့်လို့မဖြစ်ဘူး။ ဒီရလဒ်က မင်းရနိုင်မယ့် အရင်းအမြစ်တွေနဲ့ ပတ်သက်တယ်။ မင်းက ရှုံးနိမ့်သွားရင် ဓားမင်းသားတွေရဲ့ အရင်းအမြစ်ကိုသာ ရမှာဖြစ်ပြီး နောက်တစ်နှစ်နေရင် ဆက်လက်ယှဥ်ပြိုင်ရမယ်။ ဒါပေမယ့် သုံးနှစ်ဆက်တိုက် ရှုံးနိမ့်မယ်ဆိုရင်တော့ ရာထူးကို ဆုံးရှုံးရမယ့်အပြင် ဓားမင်းသားတစ်ယောက်ဖြစ်လာဖို့တောင် အရည်အချင်း မမီဘူး"
နင်ရန်က လေးနက်စွာ သတိပေးလိုက်ပြီး ယွမ်ရှောင်ကို ဓားမင်းသားများသည် အေးစက်စက် စိုက်ကြည့်နေခဲ့၏။ လင်းလင်ကဲ့သို့ မိန်းကလေးတစ်ယောက်ကပင် ကဖျက်ကယက်ဝင်လုပ်နေသောကြောင့် အခြားသူများမှာ သူ၏လမ်းကြောင်းကို အခက်တွေ့စေရန် လုပ်ကိုင်ကြပေလိမ့်မည်။
"မင်းက အရင်းအမြစ်တွေအကြောင်း မသိချင်ဘူးလား"
"ပြောပြပေးပါ ဓားသခင်နင်"
"ဓားမင်းသားတစ်ယောက်အနေနဲ့ စိတ်ကျောက်တုံးသုံးသိန်းနဲ့ အဆင့်သုံး အသူရာဝိညာဥ်ကို စိန်ခေါ်ခွင့်ရမယ်။ ဓားသခင်လေးတစ်ယောက်ကတော့ စိတ်ကျောက်တုံးတစ်သန်း၊ ကောင်းကင်မူလဆေးလုံးဆယ်လုံးနဲ့ အဆင့်တစ်ဆယ် အသူရာဝိညာဥ်ကို တိုက်ရိုက်စိန်ခေါ်နိုင်တယ်"
အသူရာဝိညာဥ် အဆင့်တစ်ဆယ်က ရဲကုရင်၏ဓားဝိညာဥ်ကို အဆင့်တက်သွားစေသောကြောင့် အရူးတစ်ယောက်ပင် ၎င်း၏တန်ဖိုးကို သိထားသည်။
"ကျုပ်က ဓားပူဇော်ပွဲအပြီးမှာ အသူရာဝိညာဥ်ကို ချက်ချင်း စိန်ခေါ်နိုင်မလား"
"ရတယ်။ ဒါကြောင့် ဓားပူဇော်ပွဲက မင်းအတွက် အလွန်အရေးကြီးတယ်။ နားလည်ပြီလား"
နင်ရန်က တစ်ချက်ပြုံး၍ ယွမ်ရှောင်၏ပခုံးကို ပုတ်လိုက်သည်။ သူမ၏စိတ်ထဲတွင် တစ်ဖက်လူက အသားအရေနူးညံ့လွန်းသောကြောင့် အသက်ပြန်ငယ်သွားလျှင် သေချာပေါက် စိတ်ဝင်စားမိပေလိမ့်မည်။ သို့သော် သူမက စိတ်ကိုထိန်းချုပ်လိုက်ပြီး ဤလူငယ်နှင့် ကျောက်ရန်ရန်၌ ဆက်နွယ်မှု တစ်ခုခုရှိကြောင်း ပြန်တွေးမိလိုက်သည်။ အဆင့်တစ်ဆယ် အသူရာဝိညာဥ်ဆိုသော စကားလုံးက နန်းဆောင်အတွင်းရှိနေသော ဓားမင်းသားများ၏စိတ်ကို လှုပ်ရှားသွားစေသော်လည်း တစ်ယောက်မှ တိုက်ရိုက်စိန်ခေါ်ခွင့် မရှိပေ။ ရဲကုရင်ပင်လျှင် အဆင့်တစ်မှ တစ်ဆယ်အထိ သွေးလမ်းခင်း၍ တိုက်ခိုက်ခဲ့ရပြီး ထင်ရှားကျော်ကြားလာခဲ့သည်။ အဆင့်တစ်ဆယ်ကို တိုက်ရိုက်စိန်ခေါ်နိုင်ခွင့်မှာ ရှေးဟောင်းမျှော်စင်နှင့် ဓားကောင်းကင်သာ ရရှိနိုင်ပြီး နေရာနှစ်ခုသာ ရှိသောကြောင့် ယွမ်ရှောင်ကို မနာလိုအားကျနေကြ၏။ အပြင်လူတစ်ယောက်က ဓားကောင်းကင်သို့ ရောက်ရောက်ချင်း ခေါင်းပေါ်တက်ရပ်နေသဖြင့် သူတို့က သည်းမခံနိုင် ဖြစ်နေကြသည်။
"လုံလောက်ပြီ။ မင်းတို့က အချင်းချင်း တိုက်ခိုက်နေစရာ မလိုဘူး။ လင်းချန် မင်းက ဂိုဏ်းတူအစ်ကိုတစ်ယောက်အနေနဲ့ ယွမ်ရှောင်ကို ဂရုစိုက်ပေးရမယ်"
"ကောင်းပါပြီ"
အခြေအနေကို ရိပ်စားမိသော ခေါင်းဆောင်က ခါးသက်သက်ရယ်မော၍ လက်တစ်ဖက်ယမ်းကာ အမိန့်ပေးလိုက်သဖြင့် လင်းချန်မှာ ခေါင်းညိတ်လိုက်၏။
"လင်းလင် ယွမ်ရှောင်က လေနားဆင်အိမ်တော်မှာ မင်းရဲ့ဧည့်သည်အဖြစ် နေလိမ့်မယ်။ သူ့ကို လိုက်ပို့ပေးလိုက်"
ထို့နောက် သူက သမီးဖြစ်သူဘက်လှည့်ကြည့်ကာ ခိုင်းစေလိုက်သဖြင့် သူမ၏စိတ်ထဲတွင် ယွမ်ရှောင်အား ဒေါသထွက်နေခဲ့သည်။ သူမက တစ်ဖက်လူကို ဧည့်သည်အဖြစ် လက်ခံရမည်ဖြစ်သောကြောင့် မကျေမနပ်ဖြစ်နေ၏။ အသက်ကြီးရင့်၍ ဉာဏ်များသော အကြီးအကဲများက ခေါင်းဆောင်၏ဆိုလိုရင်းကို နားလည်လိုက်ကြပြီး အကြည့်ချင်းဖလှယ်ခဲ့သည်။ ခေါင်းဆောင်က ချူရန်နှင့် ဆက်နွယ်နေသည့် ကိစ္စကို ဖျက်ဆီးလိုသောကြောင့် ယွမ်ရှောင်နှင့် လင်းလင်အား နီးစပ်စေချင်ခဲ့သည်။ ရှေးဟောင်းမျှော်စင်နှင့် ပြဿနာဖြစ်နိုင်သော်လည်း ပါရမီရှင်တစ်ယောက်အတွက် ထိုက်တန်သလားဟူသော မေးခွန်းက သူတို့၏စိတ်အတွင်း ပဲ့တင်ထပ်နေသည်။
"လူတိုင်း ဓားကောင်းကင်ရဲ့ အစည်းအဝေး ပြီးဆုံးပြီ"
ခေါင်းဆောင်က ကြေညာလိုက်ပြီး ရှေးဟောင်းမျှော်စင်နှင့် တိုက်ခိုက်ရန် လေးညှို့တင်လိုက်ပြီဖြစ်သောကြောင့် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။
"နားလည်ပါပြီ"
ဓားကောင်းကင်၏ ကျင့်ကြံသူများက ဦးညွှတ်၍ ယွမ်ရှောင်ကို တစ်ချက်စိုက်ကြည့်ကာ ထွက်ခွာသွားခဲ့သည်။ ပတ်ဝန်းကျင်က တင်းမာနေပြီး တီးတိုးစကားသံများ ပျံ့လွင့်နေကာ ယွမ်ရှောင်သည် အရာရာကို လျစ်လျူရှုထား၍ တည်ငြိမ်နေခဲ့သည်။
"ခေါင်းဆောင်က ဒီနှစ်တွေမှာ ငြိမ်သက်နေခဲ့တယ်။ ဒီတစ်ကြိမ် လှုပ်ရှားလိုက်တာကတော့ ပြင်းထန်လွန်းတယ်။ ဓားကောင်းကင်က ပြဿနာကြားကို ရောက်နေပြီ"
အကြီးအကဲတစ်ယောက်က စိတ်ပျက်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ငါတို့က ဘာတတ်နိုင်မှာလဲ။ သူက ခေါင်းဆောင်ဖြစ်နေတယ်"
"ပြောရမယ်ဆိုရင် နဂါးကိုးကောင်ဒန်တန်ကို ပိုင်ဆိုင်ထားတဲ့ ရဲကုရင်လို ပါရမီရှင်မျိုးကမှ ဓားကောင်းကင်အတွက် ထိုက်တန်တယ်"
"ငါတို့ရဲ့ ကံကြမ္မာအတွက် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်"
အခန်းတစ်ခုအတွင်း စုဝေးနေကြသော အကြီးအကဲများအကြား မြူခိုးများထွက်ပေါ်လာပြီး နေရာလပ်မကျန်အောင် ဖုံးလွှမ်းသွားကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ ထို့နောက် အကြီးအကဲများ ထပ်မံရောက်ရှိလာစဥ် ဓားမင်းသားများက ဓားသွားပမာ ထက်ရှသော အကြည့်များဖြင့် ယွမ်ရှောင်အား အငြှိုးထားနေသည်။
ယွမ်ရှောင်အတွက် စိတ်ကျောက်တုံးများကသာ အရေးကြီးပြီး ကျန်ဆုလာဘ်များက အရေးမပါပေ။
"တောသား မနက်ဖြန်အတွက် ပြင်ဆင်ထားလိုက်။ အစ်ကိုတွေက နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူတို့က တစ်ယောက်မှ အစ်ကိုချူအောက် မနိမ့်ကျဘူး"
လင်းလင်က ရန်လိုစွာဖြင့် သူ့ကို ခြိမ်းခြောက်လိုက်သည်။
"ရပ်စမ်း"
ယွမ်ရှောင်က အေးစက်စက်တားမြစ်၍ သူမ၏လည်ကုပ်မှ ဆွဲမြှောက်ထားလိုက်သည်။
"ဘာလုပ်တာလဲ"
"မင်းအဖေက အမိန့်ပေးထားတယ်မဟုတ်လား။ ငါ အနားယူဖို့ လမ်းပြ"
"အိပ်မက်မက်နေလိုက်"
"ငါက ဓားသခင်လေးဆိုတာ မေ့နေပြီလား။ ကလန်ကဆန်လုပ်ရင် အပြစ်ပေးနိုင်တယ်"
"နင် လုပ်ရဲလား"
"ဘန်း"
"အား"
သူမက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သော်လည်း ယွမ်ရှောင်သည် အေးစက်စက်ဖြင့် မျက်နှာကို အညှာအတာမဲ့စွာ ဖြတ်ရိုက်လိုက်သောကြောင့် နာကျင်လွန်းသဖြင့် မျက်ရည်များ စီးကျလာခဲ့လေသည်။