ကောင်းကင်နယ်မြေ အင်မော်တယ်တိုက်ပွဲ
Vol. 7 Ch. 87
ရှေးဟောင်းမျှော်စင်အတွင်း နဂါးတစ်ကောင် ရစ်ပတ်နေသကဲ့သို့ ကြီးမားလှသော ကြောင်လိမ်လှေကားကြီးတစ်ခု တည်ရှိကာ ၎င်း၏အောက်ဆုံးမှ ချူရန်နှင့် ကာကွယ်သူ ရှောင်ဟီတို့ တက်လာခဲ့ကြသည်။ ရှောင်ဟီက ခြစ်ရာဟု ထင်မှတ်ထားသော ဒဏ်ရာကို ယနေ့အထိ ပတ်တီးစီးထားသည့် ချူရန်ကို နားမလည်ဟန်ဖြင့် စပ်စုလိုက်သည်။ သူက ရှက်ရွံ့သွားကာ တစ်ချက်ပြုံး၍ ဒဏ်ရာ အလုံးစုံပျောက်ကင်းမှသာ ပတ်တီးဖြည်မည်ဟု အကြောင်းပြရင်း စကားလမ်းကြောင်း ပြောင်းလိုက်၏။
"ခေါင်းဆောင်လင်းက ပြဿနာရှာလိုက်တယ်လို့ ကြားတယ်"
"သူက ဒီတစ်ခေါက် စိတ်လွတ်သွားပြီ။ ဓားကောင်းကင်ရဲ့ အဘိုးကြီးတွေသာ အမြှီးကုပ်ပြီး လာမတောင်းပန်ရင် သူတို့ရဲ့ အဖိုးတန်နေရာက ဖျက်ဆီးခံလိုက်ရတာ ကြာနေပြီ"
ရှောင်ဟီက တစ်ချက်ပြုံး၍ ရှင်းပြလိုက်သော်လည်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး မည်းနက်နေသည်။
"ဒါဆိုရင် ဒီအဘိုးကြီးတွေက ကျုပ်တို့ဘက်ကပေါ့"
ချူရန်က ခပ်တိုးတိုး မေးလိုက်ခြင်းဖြစ်သည်။
"ဒါကြောင့် ခေါင်းဆောင်က လင်းချင်းဖန်ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးထားတယ်။ သူက ရှောင်ယုနဲ့ လက်ထပ်ထားတယ်မလား။ တကယ်လို့ သူသာ ရှေ့ဆက်တိုးရဲရင် ဓားကောင်းကင်အတွက် အုပ်ချုပ်သူအသစ် ရှာပေးရလိမ့်မယ်။ ဒီကိစ္စကိုတော့ အသေးစိတ် မပြောနိုင်ဘူး။ မင်းအနေနဲ့ နှုတ်လုံရလိမ့်မယ်"
ရှောင်ဟီက လေးနက်စွာ သတိပေးလိုက်သည်။
"စိတ်ချပါ ဆရာ၊ ကျုပ်က နှုတ်လုံပါတယ်။ လင်းချင်းဖန် ကာကွယ်ပေးနေရင်တောင် ယွမ်ရှောင်က ဘယ်နှရက် အသက်ရှင်နိုင်မှာမို့လို့လဲ"
ချူရန်သည် ကောက်ကျစ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ဓားပူဇော်ပွဲ၌ အသက်ရှင်နိုင်လျှင်ပင် ယွမ်ရှောင်အတွက် သေခြင်းတရားက နေ့တိုင်း စောင့်ကြိုနေပေလိမ့်မည်။ ဓားပင်လယ်၏ ကျင့်ကြံသူတိုင်းက ရှေးဟောင်းမျှော်စင်အတွက် သူ့ကို လုပ်ကြံပေးရန် လက်တွန့်နေမည် မဟုတ်ပေ။
"ဒီကောင်က ငတုံးပဲ"
"သူ့ကို ဘယ်နှရက်လောက် အသက်ရှင်ခွင့်ပေးမှာလဲ ဆရာရှောင်"
"အများဆုံး သုံးရက်။ တကယ်လို့ ဒီကောင် အသက်ရှင်နေဦးမယ်ဆိုရင် ငါကိုယ်တိုင် လှုပ်ရှားမယ်"
"ဆရာ့အစွမ်းနဲ့ဆိုရင် သူ့ကို သတ်ရတာ ယင်ကောင်ရိုက်သလောက် လွယ်မှာ သေချာတယ်"
ချူရန်က ရယ်မောရင်း သူ၏နားရွက်များ ပြတ်နေသည်ကို ရှင်းပြရမည့် နည်းလမ်းအား အတွေးနက်နေခဲ့သည်။ သူတို့က လှေကားအထက်သို့ တက်လှမ်းရင်း ကြီးမားလှသော အနက်ရောင် တံခါးတစ်ခုထံ ရောက်ရှိလာကာ အတွင်းမှ သားရဲအော်သံများ ထွက်ပေါ်လာနေသည်။ ရဲကုရင်က ဤတံခါးနောက်တွင် မျှော်စင်နှလုံးသားကို အမွေခံရန် ကျင့်စဥ်ဝင်နေသောကြောင့် ထွက်လာလျှင် ရှောင်ဟီထက်ပင် သာလွန်သွားပေလိမ့်မည်။ တစ်ဖက်လူ၏ တာအိုမျိုးစေ့ ပါရမီကြောင့် ချူရန်မှာ မြင့်မြတ်သားတော်ဟူသည့် အဆင့်အတန်းကိုပင် ရှက်ရွံ့၍ မနာလိုဖြစ်နေခဲ့သည်။
"ခေါင်းဆောင်က သူ ထွက်လာရင် ရှေးဟောင်းမျှော်စင်ရဲ့ သခင်လေးရာထူးပေးဖို့ စီစဥ်ထားတယ်။ မြင့်မြတ်သားတော်ရာထူးက ဒီအရာလောက် ဝန်ထုပ်ဝန်ပိုး မရှိဘူး။ မင်းရဲ့အဆင့်ကို ဓားကောင်းကင်ရဲ့ သခင်လေးတောင် မယှဥ်နိုင်ပါဘူး"
ရှောင်ဟီက ချူရန်၏ပခုံးကို ပုတ်၍ အားပေးလိုက်သည်။
"ရဲကုရင်က ဒီရာထူးနဲ့ ထိုက်တန်ပါတယ်"
"သူက သွေးပေးဖို့ လိုအပ်နေတဲ့ စိန်ရိုင်းပဲ။ အစပိုင်းမှာ ကြယ်အဆင့် ဓားဝိညာဥ်သာ ပိုင်ဆိုင်ထားပေမယ့် နဂါးကိုးကောင်ဒန်တန်နဲ့ အဆင့်တစ်ဆယ် အသူရာဝိညာဥ်ကို ယူနိုင်ခဲ့တယ်။ ပါရမီရော ဓားဝိညာဥ်အဆင့်ရော တိုးတက်လာတဲ့အတွက် ချွင်းချက်မရှိဘူး"
"ယွမ်ရှောင်က သူ့ကိုယ်သူ ရဲကုရင်ထက် သာလွန်တယ်လို့ ထင်နေတာ ဟာသတစ်ခုပဲ"
ချူရန်က ဟားတိုက်လှောင်ပြောင်လိုက်သည်။ သူတို့၏အမြင်တွင် ယွမ်ရှောင်သည် ဓားပင်လယ်တစ်ခုလုံးကို တစ်ကိုယ်တော် ရင်ဆိုင်နေရသောကြောင့် အသတ်ခံရရန် လည်စင်းနေသည့် သိုးတစ်ကောင်ပမာ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးရာအတွင်း မျှော်စင်နှလုံးသားကို အမွေဆက်ခံရန်အတွက် ဝင်ရောက်ခွင့်ရသူမှာ ရဲကုရင်အပါအဝင် နှစ်ယောက်တည်းသာ ရှိ၏။
"ကျန်တဲ့တစ်ယောက်က အခု ဘယ်မှာလဲ"
ချူရန်က ထူးချွန်လွန်းသော အခြားပါရမီရှင်တစ်ယောက်အကြောင်း စပ်စုလိုက်သည်။
"မင်းက သခင်မလေးအကြောင်း မေးတာလား။ သူမက ကြီးကြီးမားမား တစ်ခုအတွက် ပြင်ဆင်နေတယ်။ ဒီအကြောင်း မင်း သတင်းမရထားဘူးလား"
ရှောင်ဟီက ခဏာတာတုံ့ဆိုင်းသွားကာ စကားလုံးများကို ဂရုစိုက်၍ အလေးအနက် ဖြေကြားလိုက်၏။
"ကျုပ် ဘာမှမသိထားဘူး"
"ကောင်းပြီ၊ ငါ ရှင်းပြမယ်။ ဓားပင်လယ်က ကောင်းကင်နယ်မြေအတွက် ဝင်ခွင့်နေရာသုံးခု ရထားတယ်။ ခေါင်းဆောင်က တစ်ခုကို ဓားကောင်းကင်အတွက် ခွဲတမ်းပေးလိုက်ပြီး ကျန်နှစ်ခုက ရဲကုရင်နဲ့ သခင်မလေးအတွက်ပဲ။ မင်းထင်တာ မှန်တယ် အင်မော်တယ်တိုက်ပွဲ ကျင်းပတော့မယ်။ ထိပ်တန်းပါရမီရှင်တွေ တိုက်ခိုက်ကြမှာဖြစ်လို့ နိုင်နိုင်ရှုံးရှုံး ဝင်ခွင့်ရတယ်ဆိုရင်တောင် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာနိုင်တယ်"
ရှောင်ဟီက မနာလိုခြင်းကြီးစွာဖြင့် တအံ့တသြဖြစ်နေသော ချူရန်၏အကြည့်ကို အတည်ပြုပေးလိုက်သည်။ ကောင်းကင်နယ်မြေသည် အင်မော်တယ်အစစ်အမှန် ဖြစ်လာနိုင်သော ဖြတ်လမ်းတစ်ခုဖြစ်ကာ ကျင့်ကြံသူများအတွက် တစ်သက်လျှင် တစ်ကြိမ်သာ ကြုံနိုင်သည့် အံ့ဖွယ်တစ်ပါးပင်။
"ကျုပ်ဝင်ခွင့်မရှိတာ စိတ်ပျက်စရာပဲ။ ကျင့်ကြံခြင်းက အစောပိုင်းမှာ ရောက်နေလို့သာ မဟုတ်ရင်"
ချူရန်က သက်ပြင်းတစ်ချက်ချ၍ နောင်တရနေပုံပေါ်သည်။
"မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ သခင်မလေးနဲ့ ရဲကုရင် ရှိနေရင် ဘယ်လောက်လေ့ကျင့်ပါစေ၊ အသုံးမဝင်ဘူး"
ရှောင်ဟီက ဖြတ်ပြောလိုက်ခြင်းဖြစ်ကာ ဤတိုက်ပွဲသည် တာအိုမျိုးစေ့များနှင့် ဓားဝိညာဥ်အဆင့် မြင့်မားသူများအတွက်သာ ဖြစ်သည်။ အထူးသဖြင့် တာအိုမျိုးစေ့ပါရမီရှင်များမှာ ရေတွက်မရနိုင်လောက်အောင် များပြားနေမည် ဖြစ်သောကြောင့် ချူရန်အနေဖြင့် အဆင့်မမီချေ။
"မင်းရဲ့ အလားအလာက ဓားပင်လယ်ရဲ့ ကျင့်ကြံသူတွေထဲမှာ အကောင်းဆုံးပဲ။ ဓားကောင်းကင်ရဲ့ ဘယ်ကျင့်ကြံသူထက်မဆို မင်းက သာလွန်မယ်ဆိုတာ ငါ ယုံကြည်တယ်။ လောကကြီးရဲ့ တစ်နေရာကို အုပ်ချုပ်ရတာကလည်း ကောင်းပါတယ်။ ကောင်းကင်နယ်မြေလို နေရာမျိုးအတွက် စိတ်ညစ်မနေနဲ့"
"နားလည်ပါပြီ"
ရှောင်ဟီက အားပေးလိုက်ပြီး ချူရန်မှာ ရွေးချယ်စရာမရှိဟန်ဖြင့် ခေါင်းညိတ်ပြခဲ့သည်။
"အင်မော်တယ်တိုက်ပွဲအတွက် ထူးထူးခြားခြား ဆုလာဘ်တစ် ခုရှိတယ်။ အမှန်လား အမှားလားတော့ ငါ မသိဘူး"
"ပြောပါဦး"
မဟာတိုက်ပွဲတွင် ကောင်းကင်နယ်မြေ၏ နေမင်းအရုဏ်တက်ဧကရီနှင့် ပတ်သက်နေသော ကောလဟာလဖြစ်သောကြောင့် ချူရန်ကို လေးနက်သွားစေသည်။ သူမက နတ်မိမယ်တစ်ပါးအဖြစ် ကျော်ကြားပြီး အရာအားလုံးထက် ပို၍လှပသည်ဟု ထင်ရှားသည်။ ရှောင်ဟီစကားအရ သူမသည် အင်မော်တယ်စစ်ပွဲတွင် အထွန်းတောက်ဆုံး ပါရမီရှင်ကို ကောင်းကင်နန်းတော်၌ ကြင်ရာတော်အဖြစ် ရွေးချယ်ပေလိမ့်မည်။
"ဒါဆိုရင် အလှတရားကိုရော စည်းစိမ်တွေကိုရော ရမှာပေါ့။ ကြည့်ရတာ ထိပ်တန်းပါရမီရှင်တွေတော့ ပွပေါက်တိုးပြီ။ ကျုပ်အတွက် အခွင့်အရေးရှိလား"
ချူရန်မှာ ဤသတင်း၏ကြီးစိုးမှုကြောင့် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။
"ဒီတိုက်ပွဲမှာ အသက်၂၂နှစ် မကျော်ရဘူးလို့ ကန့်သတ်ထားတယ်"
ရှောင်ဟီက ပြက်လုံးတစ်ခု ကြားလိုက်ရသည့်ပမာ ပြုံးယောင်သန်းနေခဲ့သည်။
"ဧကရီက လူငယ်တွေကိုပဲ နှစ်သက်တာလား"
ချူရန်က မကျေမနပ် ရေရွတ်လိုက်၏။
"ပါးစပ်ပိတ်ထားစမ်း။ သူမက အခုမှ အသက်၁၅နှစ် ရှိသေးတယ်"
ရှောင်ဟီက ချူရန်၏ခေါင်းကို တစ်ချက်ရိုက်ကာ စိတ်ကူးမယဥ်ရန် သတိပေးလိုက်သည်။
ထိုအချိန်တွင် ဓားကောင်းကင်၏ နေကျောက်စိမ်းနန်းဆောင်ရှေ့သို့ ယွမ်ရှောင်နှင့် နင်ရန်က ဖြတ်သန်းသွားခဲ့ပြီး လင်းလင်လည်း မလှမ်းမကမ်းမှ လိုက်ပါလာသည်။
"ဒီကောင်က မသေသေးဘူးလား"
တီးတိုးစကားသံများနှင့်အတူ ရန်လိုသော အကြည့်များက ယွမ်ရှောင်ထံ ပြိုင်တူကျရောက်လာကြသည်။
"နင်ရန် ငါတို့ကို ဓားပူဇော်ပွဲရလဒ် ပြောစမ်း"
နင်ခေးဆိုသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လက်ဖက်ရည်ကို အရသာခံသောက်ရင်း မေးလိုက်ခြင်းပင်။
"ဘာမှအံ့သြစရာ မရှိဘူး။ ဒီကောင် ရှုံးခဲ့တယ်"
လင်းလင်က ယွမ်ရှောင်ကို လက်ညှိုးထိုး၍ ကျယ်လောင်စွာ ပြောလိုက်လေသည်။