ရှေးဟောင်းမျှော်စင်၏ကောင်းကင်ရွေးချယ်ခံများ
Vol. 7 Ch. 89
အဝေးတွင် မြူခိုးများရစ်သိုင်းနေပြီး ကျက်သရေရှိသော အလင်းရောင်အောက်တွင် ငှက်အော်သံများက ဓားချီများအကြားမှ သာယာနာပျော်ဖွယ် ထွက်ပေါ်နေသည်။ ဤကား ကောင်းကင်နယ်မြေမှ ဆင်းသက်လာသည့် အသူရာဝိညာဥ်များ နေထိုင်ရာဖြစ်ပြီး ပတ်ဝန်းကျင်၌ အံ့လောက်ဖွယ် ဗိသုကာလက်ရာများ ခြံရံနေ၏။ စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် စျေးဆိုင်များက စုဝေးနေကြပြီး ဓားကျင့်ကြံသူများအတွက် သုခဘုံတစ်ခုအလား ထင်မှတ်ရသည်။ ဓားပင်လယ်သည် အသူရာဓားဂိုဏ်းသားများကဲ့သို့ သာမန်ကျင့်ကြံသူများအတွက် အလွန်အဆင့်မြင့်မားသဖြင့် ဤနေရာသို့ ရောက်ရှိလာလျှင် မြို့ကြီးသို့ မရောက်ဖူးသော တောသားများအလား ခံစားသွားနိုင်သည်။ သာမန်သေမျိုးများအတွက် သူတို့က ကာကွယ်သူများဖြစ်သော်လည်း ဓားပင်လယ်၏ ကျင့်ကြံသူများအတွက် အရေးမပါပေ။
အသူရာလမ်းရှိ အဆောက်အအုံတိုင်းက တင့်တယ်လှပပြီး ဝင်ပေါက်ဖွင့်သည့် အချိန်တိုင်း လူများပြည့်နှက် စည်ကားနေတတ်သည်။ ဧည်သည့်များက စားသောက်ဆိုင်များအတွင်း သေရည်သောက်ရင်း သုခချမ်းသာကို ခံစားနိုင်သည်။ ဓားပင်လယ်၏ နေရာတိုင်းမှ လူငယ်ပါရမီရှင်များလည်း စုဝေးနေသောကြောင့် မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှသည်။ ယွမ်ရှောင်နှင့် နင်ရန် ရောက်ရှိလာသောအခါ ဤနေရာတွင် လူများစည်ကားနေပြီ ဖြစ်သည်။
"နည်းနည်းစောင့်လိုက်၊ အသူရာပင်လယ်က မကြာခင် ပွင့်တော့မယ်"
နင်ရန်က ပြောလိုက်ပြီး လမ်းတလျှောက် ကြုံခဲ့ရသော လုပ်ကြံမှုများကြောင့် ယွမ်ရှောင်၏ ကာကွယ်သူအနေဖြင့် စိတ်လေးနေခဲ့သည်။ ယွမ်ရှောင်က ခေါင်းတစ်ချက်ညိတ်၍ ငှက်များအသွင်ဖြင့် ပျံသန်းနေသည့် အရာများ တည်ရှိရာ ပင်လယ်ထံ အကြည့်ရောက်နေသည်။ ၎င်းတို့သည် ဓားချီနှင့် နတ်ဆိုးအရိုးများ ပေါင်းစပ်ထားသကဲ့သို့ ထင်မှတ်ရပြီး ကောင်းကင်၌ လှုပ်ရှားမြူးထူးနေကြ၏။ ဤငှက်များသည် အဆင့်တစ် အသူရာဝိညာဥ်များဖြစ်၍ အတွင်းပိုင်းသို့ အဆင့်များမြင့်တက်သွားကာ အလယ်ပိုင်း၌ အဆင့်တစ်ဆယ် ဝိညာဥ်များ ရှိပေလိမ့်မည်။ ထောင်ချီသော အကြည့်များက သူ့ထံ ရောက်ရှိလာပြီး ဓားသွားများအလား ထက်ရှနေကာ စားသောက်ဆိုင်းအတွင်း ရောက်နေသူများပင် ရန်လိုနေကြ၏။ သူက ဓားပင်လယ်အတွင်း ထီးထီးတည်ရှိနေသည့် ရှေးဟောင်းမျှော်စင်ကို မြင်ခဲ့ရသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"သူက ဒီနေရာမှာ မျက်နှာပြရဲသေးတယ်ပေါ့။ ရှေးဟောင်းမျှော်စင်က သတ်ပစ်မှာကို မကြောက်ဘူးလား။ ဓားကောင်းကင်ရဲ့ ခေါင်းဆောင်လင်းက သူ့ကို တကယ်ကာကွယ်ပေးနိုင်မယ် ထင်နေတာလား"
လူအများ၏ တီးတိုးစကားသံများက သူ၏နားအတွင်း ဝင်ရောက်လာပြီး ပိုးကောင်အော်သံများနှင့် မခြားပေ။
"နင်က မသေဘူးလား"
ထိုအချိန်၌ နားဝင်ဆိုးလှသော စကားသံတစ်ခုကို ကြားလိုက်ရသဖြင့် အသံရှင်မှာ လင်းလင်ဖြစ်ကြောင်း ယွမ်ရှောင်က လှည့်ကြည့်စရာမလိုဘဲ သိလိုက်သည်။ သူမနှင့်အတူ နင်မျိုးနွယ်၏ လက်ရှိခေါင်းဆောင် နင်ခေး၊ ဓားကောင်းကင်၏ အသန်မာဆုံးဓားမင်းသား လင်းချန်၊ နင်ကျင်းနှင့် အကြီးအကဲများ လိုက်ပါလာကြသည်။ သူမက လှောင်ပြောင်နေသကဲ့သို့ အခြားလူများသည်လည်း မကျေမနပ် စိုက်ကြည့်နေကြ၏။
"နင်တို့က ဒီအထိ ပြဿနာလိုက်ရှာတာလား"
နင်ရန်က မျက်လုံးဝေ့ကြည့်၍ တင်းမာစွာ မေးလိုက်သည်။
"မဟုတ်ပါဘူး ဒေါ်လေးနင်။ ငါက အဆင့်ခြောက် အသူရာဝိညာဥ်ကို စိန်ခေါ်မလို့ပါ"
အနေအထိုင် ကျစ်လစ်၍ တည်ငြိမ်သော နင်ကျင်းက ရိုသေစွာ ဖြေလိုက်သော်လည်း နင်ခေး၏မျက်နှာမှာ မည်းနက်နေသည်။
"သူမကို ဘာကြောင့် အရေးလုပ်နေတာလဲ။ မင်းက အဆင့်ခြောက် အသူရာဝိညာဥ်ကိုရရင် မူလအမြုတေ အခြေတည်အဆင့်ကို ရောက်ပြီး နင်ရန်ထက် အစွမ်းပိုထက်လာလိမ့်မယ်"
နင်ကျင်းကို အဒေါ်ဖြစ်သူ နင်ရန်သည် ငယ်စဥ်ထဲက နွေးထွေးစွာ ထိန်းကျောင်းလာခဲ့သောကြောင့် သူမက မရိုင်းပြလိုသဖြင့် တိတ်ဆိတ်သွားခဲ့သည်။
"အသူရာဝိညာဥ်ကို ကိုင်တွယ်နိုင်မယ် ထင်လား"
"အရင်တစ်ခေါက်က ရဖို့ သိပ်မလိုတော့ဘူး။ ဒီတစ်ကြိမ်တော့ သေချာတယ်"
လင်းချန်၏ အမေးကို သူမက အံကြိတ်၍ လေးနက်စွာ ဖြေလိုက်ခြင်းဖြစ်သည်။
"လုပ်ကြံသူတစ်ယောက်မှ ယွမ်ရှောင်ကို မသတ်နိုင်ကြဘူးလား၊ မယုံနိုင်စရာပဲ။ အခုတော့ စိတ်ပျက်စရာကောင်က အသူရာပင်လယ်အထိ ရောက်လာပြီ။ ကံကောင်းတာက အစ်မကျင်းရှိနေလို့သာပေါ့။ မဟုတ်ရင် ဓားကောင်းကင်က ဘာအသူရာဝိညာဥ်မှ မရဘဲ အရှက်ကွဲလိမ့်မယ်"
လင်းလင်က နင်ကျင်း၏လက်ကို ဆွဲကိုင်၍ ယွမ်ရှောင်အား ကဲ့ရဲ့ရင်း ချီးကျူးနေသည်။
"ဒီလောက်မရိုးရှင်းဘူး။ တိုက်ခိုက်ရေးစွမ်းအား နိမ့်ကျရင်တောင် ဓားဝိညာဥ်အဆင့်က မြင့်မားတယ်ဆိုရင် အသူရာဝိညာဥ်ကို ထိန်းချုပ်နိုင်တယ်။ ဒါကြောင့် ဒီနေ့မှာ သူက အဆင့်တစ်ဆယ် အသူရာဝိညာဥ်တစ်ခုကို ရနိုင်ဖို့ အခွင့်အရေး ရှိတယ်"
နင်ကျင်းက ခေါင်းတစ်ချက်ယမ်းကာ ရှင်းပြလိုက်သည်။
"အဆင့်တစ်ဆယ် အသူရာဝိညာဥ်က အစ်ကိုချူနဲ့သာ ထိုက်တန်တယ်။ သူလည်း ချီနှစ်မျိုး ဓားဝိညာဥ်ကို ပိုင်ဆိုင်ထားတာပဲ"
သို့သော် လင်းလင်က လက်မခံနိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ ထိုအချိန်၌ လူအုပ်က လှုပ်လှုပ်ရှားရှားဖြစ်သွားကာ လမ်းကြောင်းတစ်ခု ပွင့်လာပြီး ကျင့်ကြံသူအုပ်စုတစ်ခု ရောက်ရှိလာ၏။ ဖန်မျိုးနွယ်ဝင်များနှင့် ရှောင်မျိုးနွယ်မှ ရှောင်ရှင်းတို့ ရောက်ရှိလာသောကြောင့် ပတ်ဝန်းကျင်က ဓားသွားထက်သို့ ရောက်နေသည့် အခြေအနေမျိုးအထိ တင်းမာလာသည်။ လက်ရှိတွင် ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်သည် ရန်သူများသဖွယ်ဖြစ်နေရာ အနည်းငယ်သော ရန်စမှုကပင် တိုက်ခိုက်ခြင်းသို့ ဦးတည်သွားပေလိမ့်မည်။
ယွမ်ရှောင်သည် အသစ်ရောက်လာသူများကို တစ်ချက်ကြည့်လိုက်ပြီး အရေအတွက်ရာချီကာ တစ်ယောက်ချင်းစီမှာ နောက်ခံကြောင့် မောက်မာ၍ အေးစက်သော မျက်နှာထားများ ထွက်ပေါ်နေသည်။ ဦးဆောင်လာသူမှာ သက်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်ဖြစ်ပြီး ရွှေရောင်ဆံပင်ကောက်ကောက်များကြောင့် သူက ဖန်ကျင်းကို အမှတ်ရလိုက်သည်။ သို့သော် ဤလူ၏ အရှိန်အဝါက အလွန်ကြီးမားပြီး ခြင်္သေ့တစ်ကောင်ပမာ ပတ်ဝန်းကျင်ကို ဖိနှိပ်ထားနိုင်သည်။
"ခေါင်းဆောင်ဖန်"
ရေရွတ်သံများ တီးတိုးထွက်ပေါ်လာကာ ဓားပင်လယ်၌ ရှေးဟောင်းမျှော်စင်နှင့် ဓားကောင်းကင်အပြင် မျိုးနွယ်ကြီးများလည်း တည်ရှိသည်။ ၎င်းတို့က အသူရာဓားဂိုဏ်း၏ ရဲမျိုးနွယ်နှင့် မတူညီဘဲ ခေတ်အဆက်ဆက် သမိုင်းကြောင်းကို ပိုင်ဆိုင်ထားကြသည်။ သူတို့က ဓားပင်လယ်၏ ကံကြမ္မာကို ပုံဖော်ခဲ့ပြီး သစ္စာခံများဖြစ်ကာ ရှေးဟောင်းဓားသွားများဖြင့် တိုက်ခိုက်ခဲ့ကြသည်။
ခေါင်းဆောင်ဖန်၏နောက်တွင် လိုက်ပါလာသော လူငယ်နှစ်ယောက်က ပတ်ဝန်းကျင်၏ အကြည့်ကို ဖမ်းစားသွားခဲ့ပြီး ဘယ်ဘက်တွင် သက်တူရွယ်တူများထက် ခေါင်းတစ်လုံးပိုမြင့်သည့် ယောကျ်ားပျိုတစ်ယောက် ရှိသည်။ သူက ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သားရဲတစ်ကောင်ပမာ ကြမ်းကြမ်းတမ်းတမ်း လမ်းလျှောက်လာသည်။ ညာဘက်တွင် အနီရင့်ရောင်ဝတ်ရုံနှင့် မိန်းမပျိုတစ်ယောက်က အေးစက်စွာ လျှောက်လှမ်းလာနေသည်။ ပတ်ဝန်းကျင်ကို လျစ်လျူရှုထားသော သူမ၏လှုပ်ရှားမှုတိုင်း၌ အလှတရားနှင့် ခွန်အားတို့ ထင်ဟပ်နေ၏။
"ဒီနှစ်ယောက်က ရှေးဟောင်းမျှော်စင်ရဲ့ ကောင်းကင်ရွေးချယ်ခံတွေဖြစ်ပြီး ချူရန်ထက် ခွန်အား ပိုသန်မာကြတယ်"
နင်ရန်က ယွမ်ရှောင်အနားကပ်ကာ မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။
"နင်ကျင်းလိုလား"
"ဟုတ်တယ်။ ဒီမိန်းကလေးရှောင်ရှင်းက ရှောင်ယုရဲ့ တူမဖြစ်ပြီး လင်းချန်နဲ့ စေ့စပ်ထားတယ်။ ဘေးက ဖန်ကျန်းကတော့ ခေါင်းဆောင်ဖန်ရဲ့ သားဖြစ်ပြီး ဖန်မျိုးနွယ်ရဲ့ ဆက်ခံသူပဲ"
"ဖန်မျိုးနွယ်လား။ ဒါဆိုရင် မျိုးနွယ်တစ်ခုရဲ့ ဆက်ခံသူက ရှေးဟောင်းမျှော်စင်မှာ ရွေးချယ်ခံ ဖြစ်လာနိုင်တာလား"
ယွမ်ရှောင်က ရေရွတ်လိုက်သည်။
"ဖြစ်နိုင်တယ်။ ငါတို့နင်မျိုးနွယ်က တစ်ချိန်တုန်းက လွတ်လပ်ပေမယ့် အခုတော့ ဓားကောင်းကင်နဲ့ ပူးပေါင်းလိုက်ပြီ။ ဖန်မျိုးနွယ်ကလည်း ရှေးဟောင်းမျှော်စင်ကို ဝင်ရောက်ဖို့ နီးကပ်နေတယ်"
နင်ရန်က ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုရင် ဖန်ကျင်းက မြောက်ပိုင်းဖုန်းဆိုးမြေဆီ ဖန်ကျန်းကို ဘာကြောင့် ခေါ်မလာခဲ့တာလဲ"
သူက စပ်စုလိုက်ခြင်း ဖြစ်သည်။
"ဖန်ကျန်း ဒီနေ့မှ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာလေ။ သူက မူလအမြုတေ ပြည့်စုံခြင်းအဆင့်ကို ရောက်တာ မကြာသေးဘူး"
"နားလည်ပါပြီ"
ထိုအချိန်တွင် အုပ်စုနှစ်ခုသည် တိုက်ခိုက်ရမည့်အစား မိတ်ဆွေရင်းချာများပမာ ထူးဆန်းစွာ ကြိုဆိုနှုတ်ဆက်နေကြသည်။ နင်ခေး၊ လင်းချန်နှင့် အပေါင်းအပါများသည် နင်ရန်နှင့် ယွမ်ရှောင်ကို လျစ်လျူရှုကာ ရှေးဟောင်းမျှော်စင်၏ ကျင့်ကြံသူများကို နွေးထွေးစွာ ဆက်ဆံခဲ့ကြလေသည်။