← Chapters

ထိပ်တန်းအဆင့် အင်မော်တယ်မိုးစက်

Vol. 7 Ch. 90 -က

ထိပ်တန်းအဆင့် အင်မော်တယ်မိုးစက်

Vol. 7 Ch. 90 -က

"ခေါင်းဆောင်ဖန် မတွေ့ရတာကြာပြီ"

"ကျုပ်လည်း ခင်ဗျားကို တွေ့ချင်နေတာပါပဲ"

နင်ခေးက ဖော်ရွေစွာ ကြိုဆိုလိုက်ပြီး ခေါင်းဆောင်ဖန်သည်လည်း အပြုံးတစ်ခုဖြင့် ပြန်လည်နှုတ်ဆက်ခဲ့သည်။ လင်းချန်နှင့် ရှောင်ရှင်းက လူပုံအလယ်တွင် အချစ်ငှက်များသဖွယ် လက်ချင်းတွဲထားကာ ကျီစယ်နေကြသည်။

"ကျင်းအာ ​ဒီနေ့ည ရတနာလမ်းမှာ ငါ မင်းကို ဧည့်ခံချင်တယ်။ ငါတိ့နှစ်ယောက်လုံး အသူရာဝိညာဥ်ကို ရယူပြီးရင် ဘယ်လိုသဘောရလဲ"

"အရင်ဆုံး အသူရာဝိညာဥ်ကို စိန်ခေါ်တာပေါ့"

ဖန်ကျန်းက အချိုသာဆုံး လေသံဖြင့် တောင်းဆိုလိုက်ရာ နင်ကျင်းက အလိမ္မာသုံး၍ ငြင်းဆန်လိုက်သည်။

"ကောင်းပြီ။ ဒါပေမယ့် ငါ အမြုတေ ပြည့်စုံခြင်းအဆင့်ကိုရောက်ရင် အခွင့်အရေးပေးမယ်လို့ မင်း ကတိပေးထားတာကို မမေ့နဲ့"

ဖန်ကျန်းက ခေါင်းညိတ်၍ အသူရာပင်လယ်ကို ယုံကြည်မှုရှိစွာ လှမ်းကြည့်လိုက်သည်။

"အစ်ကိုချူ မလာဘူးလား"

"သူက ထူးထူးဆန်းဆန်း ပျောက်နေတယ်။ မင်းက သူ့ကို လွမ်းနေတယ်ဆိုတာ ငါ ပြောလိုက်မယ်"

လင်းလင်၏အမေးကြောင့် သူက တစ်ချက်ပြုံး၍ နှစ်သိမ့်လိုက်သည်။

"တကယ်တော့ သူ့ကို နာနာလေး ရိုက်ပစ်ချင်နေတာ"

လင်းချင်းဖန်သည် ချူရန်နှင့် မဆက်ဆံရန် သတိပေးထားသော်လည်း လင်းလင်က အရေးမစိုက်ဟန်ဖြင့် ပြုမူနေသည်။ ယွမ်ရှောင်က အခြေအနေကို အကဲခတ်ရင်း ဤစုံတွဲများကြောင့် လက်ရှိအနေအထားကို ရိပ်စားနိုင်ခဲ့သည်။ ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်အကြားတွင် ဆက်နွယ်မှုများစွာ ရှိသောအခါ လင်းချင်းဖန်က စစ်ကြေညာထားသော်လည်း ဖက်လဲတကင်း ပြုမူနေကြ၏။

ဤအချက်က ခေါင်းဆောင်လင်း၏ပါးကို ဖြတ်ရိုက်လိုက်ခြင်းနှင့် တူညီပြီး ပို၍ဆိုးရွားသည်မှာ သူ၏ သားနှင့်သမီးကပင် ဆန့်ကျင်နေခြင်းဖြစ်သည်။ လင်းချန်သည် ရှောင်ရှင်းနှင့် ပေါ်တင်လက်တွဲထားသောကြောင့် ဖခင်ကို ဆန့်ကျင်နေသည်မှာ ထင်ရှား၏။ ဓားပူဇော်ပွဲသို့ မတက်ရောက်ခဲ့သော အကြီးအကဲများသည်လည်း ရှေးဟောင်းမျှော်စင်အဖွဲ့ဝင်များကို ရိုသေစွာ ဆက်ဆံနေသဖြင့် ပုန်ကန်ရန်ပင် ကြံစည်နိုင်သည်။ ထို့ကြောင့် လူငယ်မျိုးဆက်သုံးယောက်က သူ့ကို သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။ လုပ်ကြံမှုတွင် ထိုအကြီးအကဲများပင် ပါဝင်ပတ်သက်နိုင်နေသည်။

"လင်းချန်က သူ့အဖေကို မလေးမစား လုပ်နေတယ်။ အစ်ကိုဖန်သာ သိရင် ဒေါပွနေလောက်တယ်"

နင်ဖန်က ဒေါသဖြင့် စိတ်ပျက်စွာ ရေရွတ်လိုက်စဥ် ဖန်ကျန်းနှင့် ရှောင်ရှင်းသည် ယွမ်ရှောင်ကို ရန်လိုစိတ်ဖြင့် အာရုံစိုက်လာခဲ့ကြသည်။

"ဒီကောင်က အသူရာပင်လယ်ကို စိန်ခေါ်ချင်တာလား"

"အဖေက နင်ပေကို အရှုံးပေးခိုင်းခဲ့တယ်လေ။ ဒါကြောင့် သူက ဒီကို ရောက်လာနိုင်တာပဲ"

ဖန်ကျန်း၏အမေးကို လင်းလင်က အေးစက်စက် ဖြေလိုက်သည်။

"လမ်းမှာရော ဘယ်သူမှ သူ့ကို မသတ်နိုင်ခဲ့ဘူးလား"

"နင်ရန်ကိုယ်တိုင် ကာကွယ်ပေးနေတာဆိုတော့ လုပ်ကြံမှု ကျရှုံးခဲ့ရတယ်"

လင်းချန်က ခေါင်းတစ်ချက် ယမ်းပြလိုက်သည်။

"တော်တော်အသုံးမကျတဲ့ အမှိုက်ကောင်တွေ။ ကြည့်ရတာ ငါတို့လက် ညစ်ပတ်ရတော့မယ်"

ဖန်ကျန်းက ကြုံးဝါးလိုက်သောအခါ လင်းချန်သည် ဟန်မဆောင်နိုင်ဘဲ အောက်ကျို့တောင်းဆိုခဲ့၏။

"အသူရာပင်လယ်မှာ အခွင့်အရေးရရှိရင် ဒီကောင့်ကို သတ်လိုက်ပါ။ ဒီနေရာမှာ လုပ်ရင် ငါတို့က အဖေ့ကြောင့် သူ့ကို ကာကွယ်ပေးနေရဦးမယ်"

"ကောင်းပြီ"

ရှောင်ရှင်းက ခေါင်းညိတ်၍ ကတိပေးလိုက်ပြီး ဖန်ကျန်းမှာလည်း ပစ်မှတ်ကို အထင်သေးနေခဲ့သည်။

"ငါတို့က အဆင့်ခြောက် အသူရာဝိညာဥ်ကို အဓိက ပစ်မှတ်ထားမယ်။ ချူရန်ကိုတောင် မနိုင်တဲ့ လူမျိုးအတွက်ကတော့ စိတ်ပူစရာ မလိုဘူး"

လင်းချင်းဖန်၏ သားဖြစ်သူကိုယ်တိုင် ရှေးဟောင်းမျှော်စင်နှင့် ပူးပေါင်းနေသောအခါ နင်ကျင်းမှာ မယုံနိုင်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"ရှေးဟောင်းမျှော်စင်ရဲ့ မြင့်မြတ်သခင်မလေး ရောက်လာတယ်"

ထိုအချိန်၌ အသူရာလမ်းတွင် အော်သံတစ်ခုကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ကျင့်ကြံသူတိုင်းအတွက် အာရုံစိုက်စရာ လူတစ်ယောက် ရောက်ရှိလာခဲ့၏။ သူတို့က ဘေးသို့ ရှဲခနဲဖြစ်သွားကာ လမ်းတစ်ခု ဖွင့်ပေးလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် တိတ်ဆိတ်နေကြသည်။ ရတနာလမ်းသည် အသူရာလမ်းကြောင်း၏ အဆုံးတွင် တည်ရှိသော ကောင်းကင်သို့ မြင့်တက်နေသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။ ၎င်းက သာမန်အဆောက်အအုံတစ်ခုမဟုတ်ဘဲ ဓားပင်လယ်၏ အလယ်ဗဟို၌ တည်ရှိပြီး အသူရာလမ်းနှင့် အသူရာပင်လယ်၏ ပြယုဂ်သဘော တည်ဆောက်ထားသည်။

ရှေးဟောင်းမျှော်စင်၏ မြင့်မြတ်သခင်မလေးဟူသော စကားလုံးကြောင့် ယွမ်ရှောင်က စိတ်ဝင်စားသွားကာ အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်၏။ လူအုပ်၏ အကြည့်များအကြားတွင် နှင်းဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာသည်။ သူမ၏ဝတ်ရုံက အညစ်အကြေး လုံးဝမရှိလောက်အောင် ဖြူစင်နေသဖြင့် နှိုင်းယှဥ်ရလျှင် ပုလဲများပင် မှိန်ဖျော့သွားပေလိမ့်မည်။ ၎င်း၏အောက်တွင် ဖုံးကွယ်ထားသော နူးညံ့သည့် အသားရေနှင့် ဖြောင့်စင်သော ခြေတံရှည်များမှာ အဆင့်မြင့်ကျောက်စိမ်းနှင့် ထုလုပ်ထားသယောင် ထင်မှတ်ရသည်။ သူမ၏ ပိတုန်းနက်ရောင် ဆံကေသာများက ရှည်လျားဖြာကျနေကာ လူတိုင်း၏ အကြည့်ကို ဖမ်းစားနိုင်သည်။

သို့သော် သူမ၏မျက်နှာကို ကျားဖြူမျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထားပြီး အနက်ရောင်အစင်းများဖြင့် ခြယ်သထားသော ကျားမျက်နှာမှာ ကြမ်းကြုတ်ရက်စက်ပုံ ထင်ဟပ်နေ၏။ မျက်ဝန်းများက ကန်ရေပြင်ပမာ နက်ရှိုင်းတည်ငြိမ်နေသဖြင့် သူမ၏ အတွေးအကြံများကို ခန့်မှန်းရန် မလွယ်ပေ။

"စိတ်ဝင်စားစရာပဲ"

ယွမ်ရှောင်က တစ်ခုခုကို ခံစားလိုက်ရသောကြောင့် ရေရွတ်လိုက်ပြီး တစ်ဖက်လူမှာ နတ်မိမယ်အလား ထင်မှတ်ရသော်လည်း ကျားဖြူမျက်နှာဖုံးကြောင့် အန္တရာယ်ဟူသော အသိမျိုး ရနေခဲ့သည်။ သူမ၏အကြည့်တစ်ချက်က ထက်ရှသောကြောင့် မည်သူမှ ရင်မဆိုင်ဝံ့ဘဲ ခေါင်းငုံ့သွားကြရသည်။

"ဟမ် ငါတို့တော့ ပွပေါက်တိုးပြန်ပြီ"

ယွမ်ရှောင်၏ ရင်ဘတ်အတွင်း ရှိနေသော ကြယ်ပြာက စိတ်လှုပ်ရှားမှုကြောင့် သူ၏အသားကို ကုတ်ခြစ်နေသည်။

"အသာလုပ်ပါဟ။ ဘာကြောင့်လဲ ပြောပါဦး"

"တော်တော်အဆင့်မြင့်တဲ့ အင်မော်တယ်မိုးစက်ပဲ"

"အဆင့် ဘယ်လောက်လဲ"

ကြယ်ပြာ၏စကားကြောင့် သူက သိချင်စိတ်များ ဖြစ်ပေါ်လာပြီး အတွေးနက်သွားကာ ဓားပင်လယ်၌ နောက်ထပ်အင်မော်တယ်မိုးစက်တစ်ခု ရှိနေမည်ဟု ထင်မထားခဲ့ပေ။

"သိပ်မသေချာပေမယ့် ရဲကုရင်အောက် မနိမ့်ဘူး"

"ဒါဆိုရင် နဂါးကိုးကောင်ဒန်တန်လောက် အစွမ်းထက်တယ်ပေါ့"

နဂါးကိုးကောင်ဒန်တန်ကြောင့် ရဲကုရင်သည် ဓားပင်လယ်၌ ကျော်ကြားလာသည်ဖြစ်ရာ ယွမ်ရှောင်ကို ဤသခင်မလေးက အံ့သြစေနိုင်ခဲ့သည်။

"နေဦး။ တစ်ခုခု မှားနေတယ်။ သူမရဲ့စွမ်းအားတွေက ချိတ်ပိတ်ခံထားရတဲ့အတွက် ငါ တိတိကျကျ အဖြေမထုတ်နိုင်ဘူး။ အစွမ်းထက်တယ်ဆိုတာတော့ သေချာတယ်"

ထိုအချိန်၌ ကြယ်ပြာ၏အသံက တုံ့ဆိုင်းသွားကာ မျက်မှောင်ကြုတ်၍ စိုးရိမ်စွာ ရေရွတ်လိုက်သည်။

"ဘယ်လောက်သန်မာလဲ"

"ငါတို့တိုက်ခိုက်လို့ မရနိုင်လောက်ဘူး"

ဓားကောင်းကင်၌ ဓားဝိညာဥ်စမ်းသပ်ရာတွင် အခက်ကြုံခဲ့ရသော်လည်း ကြယ်ပြာက ဤသို့မပြောဖူးသဖြင့် ယွမ်ရှောင်ကို မင်သက်သွားစေသည်။

"ချိတ်ပိတ်ထားတာ အပြင်ဘက်ကဆိုရင် ပြဿနာမရှိလောက်ဘူး။ တကယ်လို့ သူမက ကိုယ့်ကိုကိုယ် ချိတ်ပိတ်ထားတာဆိုရင် ပေါက်ကွဲထွက်လာရင် တကယ့်အန္တရာယ်ပဲ"

ကြယ်ပြာက သုံးသပ်လိုက်သောအခါ သူက နားလည်ကြောင်းခေါ င်းညိတ်ပြခဲ့သည်။

"ကောင်းပြီ။ ဒီမိန်းမက ငါတို့ကို လာမရှုပ်ရင် ပြဿနာမရှာရုံပေါ့"

လောကကြီးတွင် အင်မော်တယ်မိုးစက်များစွာ ပျံ့နှံ့နေသည်ဖြစ်ရာ အားလုံးကို ရယူရန်က ယေဘူယျအားဖြင့် မဖြစ်နိုင်ချေ။ အကြီးမားဆုံးနှင့် အစွမ်းအထက်ဆုံး မိုးစက်များက ရှေးနတ်ဘုရားခြောက်​ယောက်၏အပိုင် ဖြစ်နေသည် မဟုတ်ပါလော။ ယွမ်ရှောင်နှင့် ကြယ်ပြာက စိတ်ချင်းဆက်သွယ်၍ ဆွေးနွေးနေစဥ် ထိုမိန်းကလေးသည် ပတ်ဝန်းကျင်အား လျစ်လျူရှုကာ ရတနာလမ်းသို့ ဝင်ရောက်သွားခဲ့လေသည်။

All Chapters