← Chapters

ဓားကောင်းကင်၏ သခင်လေး

Vol. 7 Ch. 80-ခ

ဓားကောင်းကင်၏ သခင်လေး

Vol. 7 Ch. 80-ခ

"ယွမ်ရှောင် မင်းက ဓားပင်လယ်မှာ ပထမဆုံး ကြယ်ပွင့်ဓားဝိညာဥ်ပိုင်ရှင်အဖြစ် သမိုင်းအသစ် ရေးထိုးနိုင်ခဲ့ပြီ။ မင်းကြောင့် ဒေါ်လေးနင် တကယ့်ကို ဂုဏ်ယူရပါတယ်။ အခုအချိန်ကစပြီး မင်းကို ငါက ဒိုင်းအဖြစ် ကာကွယ်ပေးမယ်၊ မင်းရဲ့အဆင့်က ငါ့ကို ကျော်တက်သွားတဲ့ အထိပေါ့"

ယွမ်ရှောင်သည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည့် နင်ရန်၏မျက်လုံးများကို မြင်လိုက်ရသည်။ ဒေါ်လေးနင်ဟူသော အသုံးအနှုန်းကြောင့် သူက ဆွံ့အသွားပြီး ကျောက်ရန်ရန်၏မိခင် ဖြစ်မနေခဲ့လျှင် မျက်နှာကို ပြေးရိုက်မိပေလိမ့်မည်။ ဤမိန်းမ၏မျက်နှာက အလွန်အရေထူပြီး မြောက်ပိုင်းဖုန်းဆိုးမြေတွင် သူ့ကို အထင်​သေးစွာ လှောင်ပြောင်ခဲ့သော်လည်း ဓားဝိညာဥ်အဆင့်ကို သိလိုက်ရသောအခါ ဆွေမျိုးရင်းချာပမာ ဟန်ဆောင်နေပြန်၏။ သူက တိတ်ဆိတ်နေလိုက်သောကြောင့် အခြားကျင့်ကြံသူများ၏ အမြင်တွင် သူတို့၏ဆက်ဆံရေးက နက်ရှိုင်းကြောင်း အထင်မှားသွားနိုင်သည်။

"အမေ ဒီကောင့်ကို ဓားကောင်းကင်ဆီ ဝင်ခွင့်ပေးလို့ မဖြစ်ဘူး"

လင်းလင်က စိုးရိမ်တကြီးဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ခဲ့ပေ။ ရှောင်ယုသည် မဟာဓားသခင်များနှင့် အကြီးအကဲများ၏ မျက်နှာထားကို လေ့လာနေပြီး ထိုလူများက နင်ရန်အတွက် ဂုဏ်ပြုရန် အသင့်ဖြစ်နေကြောင်း နားလည်လိုက်သည်။

"ဒီမြေခွေးမက ပါရမီရှင်တစ်ယောက်ကို ရှာတွေ့လာပြီး ဂုဏ်သတင်း မြင့်မားလာတော့မယ်"

သူမက နင်ရန်၏အဖြစ်ကို မနာလိုမရှုစိမ့်နိုင်သကဲ့သို့ ဓားပင်လယ်၏ ထိပ်ဆုံးတွင် ရှိနေသော ကြယ်ပွင့်အဆင့် ဓားဝိညာဥ်အား ဓားကောင်းကင်က ပိုင်ဆိုင်ခွင့်မပြုလိုပေ။ ရှေးဟောင်းမျှော်စင်၏ ပါရမီရှင်အသစ်ဖြစ်သော ရဲကုရင်က ဓားဝိညာဥ်အဆင့် မြင့်တက်လာသည့်တိုင်အောင် ကြယ်တာရာအလယ်အဆင့်သာ ရှိသည် မဟုတ်ပါလော။ ထို့အပြင် နင်ရန်၏စွမ်းဆောင်မှုကြောင့် ဓားကောင်းကင်၏ ခေါင်းဆောင်က အရေးပေးမည်ကိုလည်း စိုးရိမ်နေခဲ့သည်။

"ယွမ်ရှောင် ဒီကို လာခဲ့။ ဓားကောင်းကင်ရဲ့ တပည့်တံဆိပ်ပြား ပေးမယ်"

ရှောင်ယု၏လေသံက ထူးခြားစွာ ချိုသာနေပြီး အပြုံးပန်းဝေနေသော်လည်း အင်္ကျီလက်အတွင်း ဓားမြှောင်တစ်လက် ဖွက်ထားကြောင်း လင်းလင်မှ မြင်နေရသည်။ သူမက ရှေးဟောင်းမျှော်စင်၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းအတိုင်း ယွမ်ရှောင်ကို လုပ်ကြံရန် ကြံစည်ထားခြင်းဖြစ်ကာ မည်သူမှ မျှော်လင့်ထားမည် မဟုတ်ချေ။

"ဒီကိစ္စက အဆင်ပြေလောက်ပါတယ်။ အဖေက သူမရဲ့ စကားကို အမြဲနားထောင်နေကျပဲ။ ဓားကောင်းကင်မှာ အမေရဲ့စကားတိုင်းက အမိန့်ပဲ။ ကြယ်ပွင့်အဆင့် ဓားဝိညာဥ် ပိုင်ဆိုင်ထားတာတောင် အစ်ကိုချူရဲ့ ဓားတစ်ချက်ကို မခုခံနိုင်ဘူး။ ရှက်စရာပဲ၊ သေလိုက်တာ ပိုကောင်းမယ်"

လင်းလင်က ယွမ်ရှောင်ကို အေးစက်စက်စိုက်ကြည့်ရင်း အတွင်းစိတ် ကောက်ကျစ်စွာဖြင့် ရှောင်ယုဘက်မှ အားပေးထောက်ခံခဲ့သည်။

"ဒီနေ့ ဓားကောင်းကင်အတွက် ကောင်းကင်ကို အန်တုမယ့် ပါရမီရှင်တစ်ယောက် မွေးဖွားလာပြီ"

"အံ့သြစရာကောင်းလိုက်တာ။ မဟာဓားသခင်နင်ကို ဂုဏ်ပြုပါတယ်"

နေကျောက်စိမ်းနန်းဆောင်အတွင်း စုဝေးနေကြသည့် အကြီးအကဲတစ်ရာကျော်က အလုအယက် ချီးကျူးနေကြပြီး ရှောင်ယု၏ သတ်ဖြတ်လိုစိတ်ကို မရိပ်မိခဲ့ပေ။ သူမက ဓားမြှောင်အတွင်း ချီစွမ်းအင်များ ဖြည့်တင်းကာ လေးညှို့တင်ထားသော မြှားတစ်စင်းအတိုင်း လုပ်ကြံရန် ပြင်ဆင်နေသည်။

"ခွေးမနင်ရန် နင်က ငါ့ကို စိန်ခေါ်နိုင်မယ် ထင်နေတာလား"

သူမက ကိုယ်ပိုင်အတွေးဖြင့် ကျေနပ်နေသော်လည်း ယွမ်ရှောင်ကို နင်ရန်သည် တားမြစ်၍ အကြည့်ချင်းဆုံလိုက်သည်။

"နောက်ဆုတ်လိုက်။ ဒီမိန်းမက မင်းထင်ထားတာထက် ပိုပြီးကောက်ကျစ်တယ်"

နင်ရန်၏စကားကြောင့် ရှောင်ယု၏မျက်နှာက ခါးသက်သက်ဖြစ်သွားကာ လုပ်ကြံရန် မလွယ်ကူတော့ပေ။ သူတော်အချင်းချင်း သတင်းလွေ့လွေ့ ဖြစ်သောကြောင့် တစ်ဖက်လူက သူမ၏အကြံကို ရိပ်မိသွားခြင်းမှာ မထူးဆန်းချေ။

"ရှောင်ယု နင်က တစ်ခုခု ကြံစည်နေတာလား"

နင်ရန်သည် ယွမ်ရှောင်ကို သူမ၏ကျောဘက်တွင် ကာကွယ်ပေးထားလိုက်ပြီး ရှောင်ယုအား သတိပေးလိုက်သောအခါ မျက်နှာတစ်ခုလုံး မည်းနက်သွားစေသည်။ ဓားကောင်းကင်၏ ကျင့်ကြံသူများအကြားတွင် ဖြစ်နိုင်ချေတစ်ခုကို တွေးလိုက်မိပြီး တုန်ရီသွားကြသည်။

"မိတ်ဆွေတို့ ဓားကောင်းကင်ရဲ့ ဘိုးဘေးတွေ ချမှတ်ခဲ့တဲ့ ဥပဒေတစ်ခုကို မှတ်မိကြသေးလား။ ကြယ်ပွင့်အဆင့် ဓားဝိညာဥ် ထွက်ပေါ်လာရင် ပိုင်ရှင်ကို ခေါင်းဆောင်ကလွဲရင် အဆင့်အတန်းအမြင့်ဆုံးဖြစ်တဲ့ သခင်ငယ်ရာထူး ပေးရမယ်"

နင်ရန်၏စကားသံက တည်ကြည်စွာ ထွက်ပေါ်လာပြီး ယွမ်ရှောင်အား လေးလေးနက်နက် စိုက်ကြည့်၍ ပြောလိုက်သောအခါ ရောက်ရှိနေသူအားလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။

"ဓားကောင်းကင်ရဲ့ သခင်လေး"

"တကယ်ပဲ။ ဒီလိုစည်းကမ်းမျိုးကို ဓားကောင်းကင်မှာ ချမှတ်ထားတယ်။ ဒီလူငယ်လေးကတော့ ကောင်းကင်ကို သေချာပေါက် မြင့်တက်သွားလိမ့်မယ်"

အံ့သြတုန်လှုပ်သော အကြည့်ပေါင်းများစွာက ယွမ်ရှောင်ထံ ကျရောက်လာသည်။ ဤရာထူးသည် ဓားကောင်းကင်ခေါင်းဆောင်၏ ဆက်ခံသူဖြစ်ကာ ရာထူးအာဏာ အလွန်မြင့်မား၏။ မင်းသားဘဝမှ တိမ်တိုင်းပြည်၏ ဘုရင်ဖြစ်ခဲ့ဖူးသော ယွမ်ရှောင်အတွက် ဤရာထူးမျိုးက မထူးဆန်းပေ။ သို့သော် အစွမ်းထက်ဓားသမားများ ပြည့်နှက်နေသော ဓားကောင်းကင်၌ သခင်လေးရာထူးက ကြီးမားလှ၏။ ဤအဆင့်အတန်းက ခေါင်းဆောင်၏တပည့်ဆိုသော အဆင့်အတန်းမျိုးထက် မြင့်မားသောကြောင့် သူက ကြောင်အအ ဖြစ်နေခဲ့သည်။ သူ၏အခြေအနေက မဟာဓားသခင်များနှင့် ရှောင်ယုကိုပင် ဖိနှိပ်နိုင်သော အနေအထားအထိ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူမက ခေါင်းဆောင်၏ဇနီး ဖြစ်နေသောကြောင့် ဓားကောင်းကင်၌ အမိန့်ပေးနိုင်ခြင်းဖြစ်ကာ အမှန်တကယ် အာဏာရှိသူ မဟုတ်ချေ။

"ဒါဆိုရင် ဓားအခြေတည်ဆေးလုံးက ငါ့လက်ထဲကို ရောက်လာဖို့ နီးစပ်သွားပြီပေါ့"

သူက ခပ်တိုးတိုးရေရွတ်၍ ကျေနပ်စွာ ပြုံးလိုက်ပြီး လုပ်ကြံရန် ကြိုးစားခဲ့သော ရှောင်ယုကို ထက်ရှာစွာ စိုက်ကြည့်လိုက်သည်။ ဓားကောင်းကင်၏ သခင်လေးဆိုသော အချက်ကို နင်ရန်က ထုတ်ဖော်လိုက်သောအခါ သူမ၏မျက်လုံးအတွင်း ဒေါသများ လှိုင်းထန်နေကြောင်း မြင်နိုင်၏။​ မောက်မာသော ဓားမင်းသားများက အံကြိတ်၍ ခေါင်းငုံ့နေကြသ​ဖြင့် လင်းလင်မှာ မယုံနိုင် ဖြစ်နေခဲ့သည်။

"သူက ချူရန်ရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူးမလား။ ဘယ်လိုလုပ် ဓားကောင်းကင်သခင်လေး ဖြစ်လာရတာလဲ"

လင်းချန်က စိတ်အတွင်းမှ မကျေမနပ် အော်ဟစ်နေခဲ့သည်။ တုန်လှုပ်စရာကောင်းသော သတင်းက ဓားကောင်းကင်အတွင်း ပျံ့နှံ့သွားသဖြင့် ပရိသတ်များ ပိုမိုများပြားလာကာ ဆူညံပွက်လောရိုက်နေခဲ့၏။ နင်ရန်သည် ဤမြင်ကွင်းကြောင့် အနိုင်ရသူ အပြုံးမျိုးဖြင့် ရှောင်ယုကို အထက်စီးမှ ရန်စနေခဲ့သည်။ ထိုအချိန်တွင် ရိုင်းစိုင်းကြမ်းတမ်းသော အော်သံတစ်ခုက ဓားကောင်းကင်အပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။

"ရှေးဟောင်းမျှော်စင်က အပြစ်သားကို ပြစ်ဒဏ်ပေးဖို့ ရောက်လာတယ်။ ဓားကောင်းကင်က ကြိုဆိုစမ်း”

အပိုင်း ၈၁ - ရှေးဟောင်းမျှော်စင်၏ ခြိမ်းခြောက်မှု

ရှေးဟောင်းမျှော်စင်၏ ပြစ်ဒဏ်ဆိုသော စကားက ဓားကောင်းကင်ရှိ ကျင့်ကြံသူတိုင်း၏ မျက်နှာကို အစိုးရိမ်ကြီးသွားစေကာ နင်ရန်ပင် တည်ငြိမ်မနေနိုင်ခဲ့ပေ။ ဓားပင်လယ်တွင် အာဏာအတွက် ပြိုင်ဆိုင်နေသော အင်အားစုများကြားတွင် ရှေးဟောင်းမျှော်စင်၏ ကြီးစိုးနိုင်စွမ်းကို သူတို့က အာမခံရဲချေ။ ဓားကောင်းကင်၏ဝင်ပေါက်က ရုတ်တရက် ပွင့်လာပြီး အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်သည် ဓားကောင်းကင်၏တပည့်များအကြားမှ အထက်စီးဆန်ဆန် ဝင်ရောက်လာခဲ့သည်။ ချူရန်၏ကာကွယ်သူဖြစ်သော ရှောင်ဟီက ယွမ်ရှောင်ကို အေးစက်စက် စိုက်ကြည့်နေပြီး အရှိန်အဝါကို ထုတ်ဖော်ကာ ပင်လယ်ကြီးအလား ဖိနှိပ်လိုက်၏။

"ရှောင်ဟီ ရှေးဟောင်းမျှော်စင်က ဘာကို အပြစ်ပေးချင်တာလဲ"

ရှောင်ယုက လက်တစ်ဖက်မြှောက်၍ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ မေးခွန်းထုတ်လိုက်၏။

"ဒါက ဖုန်းဆိုးဖြေစာချုပ်နဲ့ သက်ဆိုင်တယ်။ ဓားကောင်းကင်က အမိန့်နာခံပါ"

"ဟီအာ ဒါဆိုရင် ငါတို့ကိုယ်စား အမိန့်ကို ဖတ်ပြပေးပါ"

ရှောင်ဟီက လေးနက်စွာပြောလိုက်ပြီး ဓားကောင်းကင်နှင့် သက်ဆိုင်ပုံမရသောကြောင့် ရှောင်ယု၏မျက်နှာထက်တွင် အနိုင်ရသူအပြုံးမျိုး ဖြစ်တည်လာခဲ့သည်။

"ကောင်းပါပြီ။ နတ်ဆိုးတွေကို သတ်ပြီး ကမ္ဘာမြေကို ကာကွယ်ပေးတဲ့ ရှေးဟောင်းမျှော်စင်က အမိန့်ချလိုက်တယ်။ အသူရာဓားဂိုဏ်းသား ယွမ်ရှောင်က တစ်ကိုယ်ကောင်းဆန်စွာနဲ့ ဖုန်းဆိုး​မြေစာချုပ်ကို ဖောက်ဖျက်ပြီး မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့တယ်။ မဟာဖုန်းဆိုး​မြေနတ်ဆိုးသခင်က အလွန်ဒေါသထွက်နေပြီး သေမျိုးတွေအတွက် အလွန်အန္တရာယ်များလာပြီ"

"ဒါက အဓိပ္ပါယ်မရှိဘူး။ မြောက်ပိုင်းဖုန်းဆိုးမြေနဲ့ အသူရာဓားဂိုဏ်းက အမြဲတမ်း တိုက်ခိုက်နေကြတာပဲ"

နင်ရန်က ဖြတ်ပြောလိုက်ခြင်းဖြစ်ပြီး ယွမ်ရှောင်က စိတ်ထဲမှ ရယ်မောနေခဲ့သည်။ သူ၏ကိုယ်ပွားမြေခွေးက နတ်ဆိုးအဖွဲ့အစည်းသို့ ရော​က်ရှိနေပြီဖြစ်ကာ မဟာဖုန်းဆိုးမြေသခင်အတွက် မြောက်ပိုင်းဖုန်းဆိုးမြေလောက်ကို ခေါင်းထဲ မထည့်ထားချေ။ ဤအမိန့်၏နောက်ကွယ်တွင် ရဲကုရင်ရှိနေပြီး သူ့ကို အပြစ်ပေးရန်အတွက် အကြောင်းအရင်း ရှာထားခြင်းဖြစ်သည်။ မြောက်ပိုင်းဖုန်းဆိုးမြေ၏ နတ်ဆိုးများမှာ ထိုလူယုတ်မာနှင့် အပေါင်းအပါများ မဟုတ်ပါလော။

"နင်ရန် ပါးစပ်ပိတ်ထားစမ်း။ အမိန့်က မပြီးသေးဘူး"

ရှောင်ယုက အထက်စီးမှ ငေါက်ငမ်း၍ တားမြစ်လိုက်သည်။ ရှောင်မျိုးနွယ်က ရှေးဟောင်းမျှော်စင်မှဖြစ်ကာ ဓားကောင်းကင်နှင့် လက်ထပ်ပွဲများစွာ ပြုလုပ်ထားသောကြောင့် ၎င်းသည် ရှေးဟောင်းမျှော်စင်၏ လက်အောက်ခံတစ်ခုအလား ပြောင်းလဲလာနေခဲ့သည်။

"လောကကြီး အေးချမ်းဖို့အတွက် ရှေးဟောင်းမျှော်စင်က ကောင်းကင်တာအိုကိုယ်စား စီရင်မယ်။ ယွမ်ရှောင်က အပြစ်အတွက် သေခြင်းနဲ့ ပေးဆပ်ပြီး ဦးခေါင်းကို မဟာဖုန်းဆိုးမြေသခင်ဆီ ပို့ဆောင်မယ်။ သူ့ကို ကာကွယ်ပေးသူတိုင်း ရှေးဟောင်းမျှော်စင်ရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရပြီး ဆွေစဥ်မျိုးဆက် ရှင်းလင်းမယ်။ ဘယ်အင်အားစုမဆို သူ့ကို ထောက်ခံရင် ရှေးဟောင်းမျှော်စင်ကို ပေါ်တင်စစ်ကြေညာတယ်လို့ သတ်မှတ်ပြီး အဖွဲ့ဝင်တိုင်းက အသက်ရှင်ကျန်သူမရှိအောင် တိုက်ခိုက်ရှင်းလင်းမယ်။ ဓားကောင်းကင်က မိတ်ဆွေတို့ အမိန့်ကို နားလည်ကြရဲ့လား"

ရှောင်ဟီက ချောင်းတစ်ချက်ဟန့်၍ လေးနက်စွာ သတိပေးလိုက်ပြီး ဤအမိန့်သုံးခုမှာ ဓားကောင်းကင်၏ ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။ ထို့နောက် သူက ကျေနပ်စွာပြုံး၍ စာလိပ်ကိုသိမ်းဆည်းကာ လူအုပ်အား တစ်ချက်ဝေ့ကြည့်လိုက်သည်။ ရှောင်ယုက နင်ရန်ကို လှောင်ရယ်နေခဲ့ပြီး ယွမ်ရှောင်ကို ကာကွယ်လျှင် မျိုးနွယ်တစ်ခုလုံး အန္တရာယ်ရှိသောကြောင့် နင်ရန်၏မျက်နှာက အရောင်ဖျော့နေသည်။ သူမအနေဖြင့် ပါရမီရှင်တစ်ယောက်အတွက် ရှေးဟောင်းမျှော်စင်တစ်ခုလုံးနှင့် ရန်သူ မဖြစ်ဝံ့ချေ။

"အားလုံးနားထောင်ကြစမ်း။ ဘယ်လောက်ပါရမီရှိရှိ၊ လောကကြီးကို ထိခိုက်စေမယ့် အပြစ်မျိုး မလုပ်သင့်ဘူး။ ဓားကောင်းကင်က ပါရမီရှင်ကို တန်ဖိုးထားပေမယ့် နတ်ဆိုးတစ်ယောက်ကို ပျိုးထောင်မပေးနိုင်ဘူး။ ရှေးဟောင်းမျှော်စင်က ငါတို့ကိုယ်စား မဟာဖုန်းဆိုးမြေသခင်နဲ့ ညှိုနှိုင်းပေးခဲ့တယ်။ ဒါကြောင့် အပြစ်သားကို သေမျိုးတွေအတွက် သေဒဏ်ချမှတ်ရမယ်"

ရှောင်ယုက အေးစက်စက်ပြောလိုက်ပြီး ဓားကောင်းကင်၏ကျင့်ကြံသူများမှာ အသံတစ်ချက်ပင် မထွက်ရဲချေ။ နင်ရန်က မည်မျှစဥ်းစားပါစေ၊ ဤကိစ္စ၏အကြောင်းအရင်းကို အဖြေရှာမရဖြစ်နေပြီး မြောက်ပိုင်းဖုန်းဆိုးမြေမှာ အမှန်တကယ်အားဖြင့် အရေးမပါပေ။ ရှေးဟောင်းမျှော်စင်၏ ထိပ်သီးပါရမီရှင်များအကြားတွင် ချူရန်၏အဆင့်က နိမ့်ကျပြီး မြင့်မြတ်သားတော်ဘွဲ့ရထားခြင်းမှာ အဆက်အသွယ်ကြောင့် ဖြစ်၏။

"နင်ရန် သူ့ကို ကာကွယ်ပေးဦးမှာလား"

ထိုအချိန်တွင် ရှောင်ယု၏မေးခွန်းက သူမထံ ဦးတည်လာသည်။

"မဟုတ်ဘူး။ ငါက ပါရမီရှင်တစ်ယောက်ကို ကာကွယ်ချင်ပေမယ့် အပြစ်သားတစ်ယောက်ကိုတော့ ကာကွယ်ပေးမှာ မဟုတ်ဘူး"

နင်ရန်၏မျက်နှာက ကြောက်စိတ်ကြောင့် ရှုံ့မဲ့သွားကာ အလန့်တကြား ငြင်းဆန်လိုက်သည်။ ရှေးဟောင်းမျှော်စင်၏ ကျင့်ကြံသူများစွာ လှုပ်ရှားလာလျှင် ဓားကောင်းကင်ပင် ခုခံနိုင်မည် မဟုတ်သောကြောင့် နင်ရန်၏တည်ရှိမှုက အရေးမပါချေ။

"ယွမ်ရှောင်ကို ဘယ်သူ ကာကွယ်ပေးချင်သေးလဲ"

ရှောင်ဟီ၏မေးခွန်းက နေကျောက်စိမ်းနန်းဆောင်အတွင်း ပဲ့တင်ထပ်သွားကာ ကျင့်ကြံသူများမှာ အသက်ရှူကြပ်နေသကဲ့သို့ ခံစားနေရသည်။ ဓားကောင်းကင်၏ အကြီးအကဲများက ခေါင်းငုံ့၍ နောက်ဆုတ်သွားကာ ယွမ်ရှောင်ကို ကပ်ရောဂါတစ်ခုသဖွယ် ရှောင်တိမ်းလိုက်ကြ၏။ ထိုအချိန်၌ စင်မြင့်ထက်တွင် ယွမ်ရှောင်က တစ်ကိုယ်တော်ရပ်နေခဲ့ပြီး ဘယ်ဘက်တွင် ကောက်ကျစ်စွာပြုံးနေပြီး သားကောင်အလား ချောင်းမြောင်းနေသည့် ရှောင်ဟီ ရှိနေခဲ့သည်။ ညာဘက်တွင် ရှေးဟောင်းမျှော်စင်၏ အမိန့်ကြောင့် တုန်လှုပ်၍ အသံပင်မထွက်ရဲသော ဓားကောင်းကင်၏ကျင့်ကြံသူများ ရှိနေ၏။ ဤနေရာက ဓားအိမ်တော် မြစ်ဖျားခံရာဖြစ်သော်လည်း သူ၏အမြင်၌ စိတ်ပျက်ရွံရှာဖွယ် ကောင်းလှ၏။ အမီတ်တစ်ဓားတောင်၏ ဖိအားအောက်တွင် ဓားအိမ်တော်၏ကျင့်ကြံသူတိုင်းသည် အမှန်တရားကို ဖက်တွယ်ခဲ့ကြသော်လည်း ဓားပင်လယ်၌ ရှေးဟောင်းမျှော်စင်၏ အမိန့်တစ်ခုတည်းဖြင့် ဓားကောင်းကင်၏ ကျင့်ကြံသူများမှာ ကြောက်လန့်နေကြသည်။

"ယွမ်ရှောင် လိမ်လိမ်မာမာနဲ့ သေလိုက်စမ်း။ မင်းအနေနဲ့ မစော်ကားသင့်တဲ့ လူကို စော်ကားခဲ့တယ်"

ရှောင်ဟီက ကဲ့ရဲ့လိုက်ပြီး အခြားသူများ၏ အမြင်တွင် ထိုလူမှာ ချူရန်အဖြစ် အထင်မှားနေကြ၏။

"မင်းပြောချင်တာက ရဲကုရင်လား။ ငါက ဒီခွေးကောင်ရဲ့ မျိုးနွယ်တစ်ခုလုံးကို သတ်၊ ဝိညာဥ်တွေကို မိုးစက်ပြာတံခွန်ထဲ ထည့်ပြီး အသူရာမီးတောက်နဲ့ ရှို့ထားတယ်။ ရဲမျိုးနွယ်ရဲ့ အော်သံတွေက တကယ်နားထောင်လို့ကောင်းတယ်"

ယွမ်ရှောင်၏စကားကြောင့် အပြင်လူများမှာ အမှန်တရားကို သဘောပေါက်သွားကြပြီး ရှေးဟောင်းမျှော်စင် ဒေါသထွက်နေရသည်မှာ ရဲကုရင်ကြောင့် ဖြစ်နေခဲ့သည်။ ရဲမျိုးနွယ်တစ်ခုလုံးကို သတ်ခဲ့သော အကြောင်းအရင်းကြောင့် သူတို့က ကြောက်လန့်၍ တုန်လှုပ်သွားကြပြန်သည်။ နင်ရန်သည်လည်း အသူရာဓားဂိုဏ်းမှ အဖြစ်များကို ပြန်လည်သတိရသွားခဲ့သည်။ သူက ဤနှစ်ယောက်၏ ရန်ကြွေးအကြောင်း မသိထားသဖြင့် ရဲမျိုးနွယ်ဝင်များ အသတ်ခံရခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ရှောင်ဟီက သတ်ဖြတ်လိုစိတ်ဖြင့် ဓားဝိညာဥ်ကို ထုတ်ဖော်၍ ယွမ်ရှောင်အား အပြစ်သားတစ်ယောက်ပမာ စိုက်ကြည့်နေခဲ့သည်။ ဓားကောင်းကင်အတွင်း အပြင်လူက လက်နက်ဆွဲထုတ်လိုက်သော်လည်း မည်သူမှ မတားဆီးခဲ့သည့်အပြင် နောက်သို့ ဆုတ်ခွာသွားကြသည်။

"ဒီပြဿနာကို ကိုင်တွယ်နိုင်လား"

ယွမ်ရှောင်က အင်္ကျီရင်ဘတ်အတွင်းရှိ သားရဲလေးနှင့် ဆက်သွယ်လိုက်သည်။

"ရတယ်"

"ငါတို့က မင်းရဲ့နောက်ကျောဘက်က အချိန်တိုင်း ကာကွယ်ပေးထားတယ်။ မင်းအနေနဲ့ ဖောက်ထွက်ဖို့ပဲ လိုတယ်။ အဆိုးဆုံးမှ အချိန်ကြာကြာ အနားယူရုံပဲ"

လနီနှင့် ကြယ်ပြာသည်လည်း ဒေါသထွက်နေပြီး ယွမ်ရှောင်၏ လမ်းကြောင်း၌ ပိတ်ဆို့နေသည်များကို ရှင်းလင်းရန် အသင့်ဖြစ်နေကြ၏။ မိသားစုမရှိသော ယွမ်ရှောင်အတွက် သူတို့က ညီအစ်ကိုအရင်းပမာ သစ္စာရှိသောကြောင့် ကြောက်စရာရန်သူ မရှိချေ။ သူက ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်ကို မကြောက်သကဲ့သို့ လူသတ်ရန်လည်း လက်တွန့်နေမည် မဟုတ်ချေ။

"ဘယ်လောက်ချောချော အလောင်းဖြစ်သွားရင် အသုံးမဝင်ဘူး"

ရှောင်ယုက လင်းလင်ကို သင်ကြားနေခြင်း ဖြစ်သည်။

"ဓားကောင်းကင်မှာ ဘယ်သူ ရမ်းကားရဲသလဲ"

ယွမ်ရှောင်က သားရဲလေးကို ထုတ်ဖော်ကာနီးတွင် မိုးချုန်းသံပမာ ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာကာ နန်းဆောင်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။ အညိုရောင်ဝတ် လူတစ်ယောက်က သူ့ရှေ့မှောက်တွင် ကာကွယ်သူတစ်ယောက်ပမာ ရောက်ရှိလာပြီး လျင်မြန်လွန်းနေသည်။

"ဘန်း"

All Chapters