← Chapters

အသုဘ

Vol. 1 Ch. 1

အသုဘ

Vol. 1 Ch. 1

“အမေစိန် ငယ်ငယ်က

တော်တော်ချောတာလား မေမေ”

မောင်ရင့်အမေးကို အမေဖြစ်သူက ဆီပေနေတဲ့လက်ခုထုံးရင်း ခဏစဉ်းစားပြီးဖြေလိုက်ပါတယ်။

“ ဟုတ်တယ် ဆံပင်အရှည်ကြီးနဲ့

ဖြူဖြူဖွေးဖွေးလှလှပပကြီးတဲ့ ”

ဘဝင်မကျဟန်ဖြင့် မောင်ရင့်ထပ်မေးပါတယ်။

“ မေမေလည်း သေချာမမှတ်မိဘူးလား ”

မကြည်ပြာ အလုပ်ရှုပ်နေတဲ့ကြားက စကားများလာတဲ့သားဖြစ်သူကို တင်းသွားပါတယ်။

“ ဟဲ့ နင့်အမေကြီးပဲသေချာသိမှာပေါ့၊ ငါက သူ့သမီးမှမဟုတ်တာ၊ နင့်အမေကြီးကိုသွားမေး ”

အအော်ခံရတော့ မောင်ရင့်လည်းလန့်သွားပြီး ကုပ်ကုပ်ကလေး လုပ်စရာရှိတာဆက်လုပ်ပါတယ်။

အမေကြီးဆိုတာ မောင်ရင့်အမေ့ရဲ့အမေ ( မောင်ရင့်အဖွား ) ပါ, သူတို့ဒေသမှာက အခုလိုပဲ အမေကြီးလို့ခေါ်ကြပါတယ်။

မောင်ရင့်တွေးလည်းတွေးစရာပါ၊ အဖွားဖြစ်သူဒီလောက်ချောတာ သူ့အမေကြီးကျ အမဲခြောက်လိုဖြစ်နေတယ်မလား။ ဒါကြောင့်ပဲ မကြည်ပြာဟာ နာမည်အတိုင်းဖြစ်နေတာပဲလို့ သူတွေးထားပါတယ်။

အဖိုးအကြောင်းတော့ သေချာမသိရပါ၊ မကြည်ပြာတို့‌ငယ်ငယ်ကတည်းက နောက်မိန်းမနဲ့ထွက်သွားတယ်ပဲ မောင်ရင့်သိထားပါတယ်။ သူ့ကိုကျ သံယောဇဉ်လည်းမရှိတာမို့ ဂရုမစိုက်ဖြစ်ပါဘူး။

အဘေး ( အဖွားယောက်ျား ) ကလည်း လူချောလူလှကြီးလို့ပြောကြပါတယ်။ ဒါကြောင့် အမေကြီးရဲ့သရုပ်သကန်ကို ဘာကြောင့်ခက်ထန်နေလဲ သူအဖြေရှာနေတာ၊ အင်မတန် စပ်စုတဲ့ကလေးပါ။

အမေကြီးမှာ မွေးချင်း ၆ ယောက်ရှိပါသတဲ့၊ အားလုံးချောကြလှကြပေမယ့် သူတစ်ယောက်ကတော့ အပေါ်မှာပြောထားတဲ့အတိုင်းကွက်ကျန်နေပါတယ်။

ငယ်ဘဝမှာခက်ခဲခဲ့မှာပဲလို့လည်း မောင်ရင့်သနားနေမိပါတယ်။ ဘာကြောင့်လဲဆို ဒီကိစ္စနဲ့ အမြဲဘိတ်ဆုံးဖြစ်ရ, အချစ်မခံရလို့ ကြားထားမိလို့လေ။

လက်ရှိအခြေအနေကို သေချာပြောရရင် ဒီနေ့က အဖွားဖြစ်သူ အမေစိန်ရဲ့အသုဘပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မောင်ရင့်ရဲ့ နှစ်ဝက်စာမေးပွဲ မတိုင်ခင်နေ့လည်းဖြစ်နေပါတယ်။

မောင်ရင့်ကအသုဘဝင်ကူပြီး စာမေးပွဲကို ဆင်ခြေသုံးဖြေမလားစဉ်းစားနေတာပါ။ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် နှစ်ဝတ်စာမေးပွဲဆိုတာ ၄ တန်းမှာသူ တစ်ခါပဲ ကြုံခဲ့ရဖူးတာပါ။

အစိုးရစစ်လည်းဖြစ်, နှစ်ဝက်စာတွေအကုန်ပါမှာလည်းဖြစ်တော့ ကပ်ကျက်လေးမောင်ရင့်ခင်ဗျာ အကြံကုန်ဂဠုန်ဆားချက်လုပ်နေတာပုံမှန်ပါပဲ။

“ ငါနင့်အကြောင်းကိုသိတယ်၊ ဘာမှဝင်ကူတတ်တာလည်းမရှိဘဲနဲ့ .. အခုစာသွားကျက်စမ်း ”

အကြံထုတ်နေတဲ့ မောင့်ရင့်ကို မကြည်ပြာ ငေါက်လိုက်ပါတယ်။ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာပါငါသိတယ်လို့ မပြောရုံတမယ်ပါပဲ။

“ မေမေကလည်း လူတွေရှုပ်ပြီး ဒီလောက် နေရာပြည့်နေတာကို ဘယ်မှာ စာသွားကျက်ရမှာလဲ ”

သူမမှားဘူးဆိုတဲ့အထာနဲ့ မောင်ရင့်ကပ်ချွဲပါတယ်။

“ ‌အခန်းထဲမှာ သွားကျက် ”

မကြည်ပြာ အလုပ်တစ်ဖက်နဲ့ ထပ်အော်လိုက်ပါတယ်၊ စကားထပ်ပြောခံရရင် နာမယ်ဆိုတဲ့အကြည့်ကြောင့်ပါ မောင်ရင့်တွန့်သွားပါတယ်။

“ ကြောက်လို့ပါဆို ... ”

တစ်ခွန်းလောက်ပြောလိုက်သေးပေမယ့် မကြည်ပြာ့ပါးစပ်ကိုသိတာမို့ မျက်ရည်လေးတစမ်းစမ်းနဲ့လွယ်အိပ်လေးဆွဲပြီး အခန်းထဲဝင်သွားရပါတော့တယ်။

**

“ ပူလိုက်တာ တံခါးလည်းမဖွင့်ရဲဘူး ”

အခန်းက ပြတင်းပေါက်မရှိပါဘူး၊ ဒါပေမယ့် အနောက်ကဓနိကာနံရံတစ်ခုလုံးကိုပင့်ပြီး ဝါးလုံးနဲ့ထောက်ကာ တံခါးအနေနဲ့ အဝင်အထွက်သုံးတာမျိုးရှိလို့ နည်းနည်းလေးအားစိုက်ပြီး ဖွင့်မယ်ဆိုရင်တော့ ဖွင့်လို့ရပါတယ်။

“ ရှပ် ”

“ ရှပ် ”

“ ဘယ်သူလဲ ”

ကြောက်ပါတယ်ဆိုမှ လေတိုက်တာလားမသိ၊ မောင်ရင့်အသံချဲ့ပြီးစာအော်ကျက်ပါတယ်။

“ ဟိတ် ”

“ ရှပ် ”

“ ရှပ် ”

ဒါတမင်လုပ်တဲ့အသံပဲ။

“ ဘယ်သူလဲလို့ ”

ငိုသံပါလာပါတယ်။

“ ဝင်းခန့် နင့်ညီကို စမနေနဲ့

ရောက်နေရင် ဒီမှာလာကူ ”

မကြည်ပြာ လှမ်းအော်ပါတယ်။

“ ကိုဝင်းခန့် မစနဲ့နော

မနက်ဖြန် စာမေးပွဲဖြေရမှာ

စာကမရသေးဘူး ”

အားတက်ပြီး အကြောက်လည်းဖြေရင်း ဆင်ခြေပါလှမ်းပေးလိုက်ပါတယ်။ ဒီလိုဆိုတော့လည်း မောင်ရင့်တို့ စာလုပ်လို့ကောင်းသွားတာပဲပေါ့‌နော်။

“ အေးပါ သွားပြီ ”

ကိုဝင်းခန့်ဆိုတာက မောင်ရင့်ဝမ်းကွဲအစ်ကိုပါ၊ မကြည်ပြာအမ မကြည်ဖြူရဲ့သားပါ။ ၈ တန်းမှာကျောင်းထွက်ပြီး ငါးဖမ်းလှေတစ်စီးထဲ လှေထိုးသားဝင်လုပ်နေတဲ့ကလေးပေါ့။

အလုပ်ခွင်ထဲရောက်နေပြီဆိုပေမယ့် မောင်ရင့်နဲ့က ၂ နှစ်ပဲကွာပါတယ်၊ မောင်ရင့်က တန်ခူးလထဲ ၁၃ နှစ်ပြည့်မှာပါ။ မထူးဆန်းပါဘူး ရွာမှာက ဒီအတိုင်းပါပဲ၊ လူလည်းထွားကြတာများတာမို့ကောင်းကောင်းအလုပ်လုပ်နိုင်ကြပါတယ်။

“ ရှပ် ”

“ ရှပ် ”

လာပြန်ပြီ မသွားသေးလားမသိ၊ မောင်ရင့် မသိချင်ယောင်ဆောင်နေလိုက်ပါတယ်။ အသံရပ်သွားပါတယ်။

“ တံခါးနည်းနည်းဟပါအုံး ”

တစ်ဖက်ကအသံတိုးတိုးနဲ့လှမ်းပြောလာပါတယ်။

“ မေမေတို့ကိုသွားမကူလား

ဒီမှာဆေးလိပ်သောက်လို့မရဘူးနော် ”

မောင်ရင့်က ဆေးလိပ်နံ့မခံနိုင်ပါဘူး၊ အသက်ရှုကြပ်တတ်တာလည်းပါတာမို့ပါ။

“ ခဏလေး ရပြီ ဟထားပြီ ”

လက်နဲ့နည်းနည်းပင့်ပေးလိုက်ပါတယ်။

“ ဝါးလုံးနဲ့ထောက်ပါဟ ငါလည်းရှိတာပဲ ”

တုန်ရီတဲ့အသံနဲ့ စောဒက တက်ပါတယ်။

“ ချမ်းလို့လား အပြင်မှာ

လေတိုက်နေတာလား ”

အဖော်လည်းရှိသွားပြီဆိုတော့ မောင်ရင့်လည်း တံခါးဖွင့်ထားမလားလို့လေ၊ ဒါပေမယ့် မှောင်နေတာကြီးကိုမကြည့်ရဲဘူး၊ သူစိတ်မလုံဘူး။

“ ဒီလောက်ဆို ရပြီလား ”

ပင့်ပေးရင်း သူ့စိတ်ထဲတစ်မျိုးဖြစ်လာလို့ ဘုန်းခနဲ ပြန်ချပြီး အိမ်မကြီးတံခါးကို ဖွင့်ဖို့လှမ်းလိုက်ပါတယ်၊ နဂိုက စာကျက်သံနဲ့ဆူညံ‌နေမှာစိုးလို့ပိတ်ထားတာပါ။

“ ဟင် ... ”

ဘာလို့ မေမေတို့မရှိနေတာလဲ၊ အသံတွေကလည်းတိတ်နေတာပဲ၊ လူတွေလည်းမတွေ့ပါလား၊ အိမ်ပါ ဟာလာဟောင်းလောင်းကြီးရယ်။ မောင်ရင့် ခေါင်းနပန်းကြီးသွားပါတယ်။

“ ဘယ်သွားမလို့လဲ ”

အနောက်ကအသံပါ၊ တုန်မနေတော့ပါဘူး၊ ကိုဝင်းခန့်အသံနဲ့လည်းမတူဘူး...၊ မဟုတ်ဘူး ကိုဝင်းခန့်လည်းမဟုတ်ဘူး၊ ဘယ်သူကြီးလဲ !

“ .... ”

#သာလွန်ပညာရှင်

#သုတဈာန် #ပညာသင်

All Chapters