လက်ဆောင်
Vol. 1 Ch. 2
မောင်ရင့်အသံထုတ်လို့မရတော့ပါဘူး။
ချွေးစေးတွေပြန်လာပြီး အာခေါင်တွေခြောက်ကာ ခြေထောက်ပါရွေ့လို့မရတော့ပါဘူး။
“ ... ”
“... ”
ရုတ်တရက် သက်တောင့်သက်သာပြန်ဖြစ်သွားတာမို့ ထွက်ပြေးဖို့လုပ်ပါတယ်။
“ အဖွားပါ ”
မိန်းမအသံတစ်ခု ထွက်လာပါတယ်။
အမေစိန့်အသံပါလား။
“ အမေရေ ... ”
မောင်ရင့် ငယ်သံပါအောင်အော်ရင်း ပြေးပါတယ်၊ မျက်လုံးထဲဘာမှမမြင်တော့ပါဘူး။ ဒါပေမယ့် ဘာနဲ့မှလည်းမတိုက်မိပါဘူး။
ပြေးရင်းပြေးရင်း သူမောလာပါတယ်၊ သက်လုံလည်းမကောင်းတဲ့ကလေးမို့ လမ်းဘေးမှာပုံကျသွားပါတယ်။
မောင်ရင့် အသက်ကိုဖြေးဖြေးရှူရင်း အကုန်တိမ်း ( တိတ်ဆိတ် ) နေတာကို သတိထားမိသွားပါတယ်။ တိမ်းဆို အိမ်တင်မက ဘယ်နေရာမှာမှ လူနဲ့တူတာမတွေ့ရပါဘူး။
မဟုတ်ဘူး! သတ္တဝါနေနေသာသာ လမ်းကလွဲပြီး အကုန်အမှောင်ထုကြီးလိုပဲရှိနေပါတယ်။ ဒါပေမယ့် မောင်ရင့်စိတ်ထဲ အမှောင်ထုထက် မမြင်နိုင်ဘူးမို့လို့ မမြင်ရတာ၊ မကြားနိုင်ဘူးမို့လို့ မကြားရတာ၊ သီးခြားဖြစ်နေတာမို့ တိတ်ဆိတ်နေတာလို့ ခံစားနေရပါတယ်။
အသက်ရှူကြပ်လာပါတယ်၊ ခေါင်းတွေပါမူးလာရင်းက ရုတ်တရက် သက်တောင့်သက်သာပြန်ဖြစ်သွားပြန်ပါတယ်။
“ ထင်ထားတာထက်ကို ပိုကြောက်တတ်တာပဲ ငါသရဲမဟုတ်ဘူး မင်းအဖွားအစစ်လည်းမဟုတ်ဘူး ”
ဘေးကနေအသံထွက်လာပါတယ်၊ ယောက်ျားအသံပါ၊ နားထောင်လို့ကောင်းတဲ့ကြိမ်နှုန်းနဲ့ မောင်ရင့်နားထဲဝင်လာတာပါ။
“ ဘယ်သူလဲ ”
ငိုသံကြီးနဲ့ မောင်ရင့်မေးလိုက်ပါတယ်၊ ပုံမှန်ဆို တက်နေပါပြီ။ သက်တောင့်သက်သာပြန်ပြန်ဖြစ်သွားလို့သာ အခုထိ စကားပြောနိုင်နေတာပါ။
“ ငါမင်းအဖွား ၊ ဒါပေမယ့် မင်းအဖွားမဟုတ်တော့ဘူး ၊ ငါ့ကိုမကြောက်နဲ့ အခုမင်းကြုံနေရတာက ငါစကားအေးဆေးပြောချင်လို့ မင်းကိုလှမ်းခေါ်လိုက်တာ၊ မင်းလျှောက်လုပ်လို့ ထင်ချင်ရာမြင်ချင်ရာ မြင်မိတာ ဘယ်သူမှဘာမှမဖြစ်ဘူး ”
နည်းနည်းစိတ်အေးသွားပါတယ်။
“ သား လိပ်ပြာလွင့်နေတာလား ”
ဝိဉာဉ်နှုတ်ခံရတယ်ထင်ပါတယ်။
“ မဟုတ်ဘူး အိမ်မက်ပေးခံနေရတာ ”
မောင်ရင့်သိထားသလိုလည်းမဟုတ်ပြန်ပါဘူး။
“ ကျွန်တော်စာကျက်နေတာလေ တံခါးကနေဝင်လာပြီး ဝိဉာဉ်နှုတ်သွားတာ မဟုတ်ဘူးလား၊ အစက သရဲခြောက်တယ်ထင်နေတာ ”
နားလည်သလိုပြန်ပြောလိုက်ပါတယ်။
“ သေချာနားထောင်၊ မင်း အခန်းထဲဝင်လာပြီး စာအော်ကျက်တယ်၊ ပြီးတော့အသံတိုးသွားတယ်၊ နံရံမှီတယ်၊ အသံတိုးတိုးနဲ့ကျက်တယ်၊ ပြီးတော့ အိပ်ပျော်သွားတယ်၊ ငါပြောစရာရှိလို့လာတာမှာ မင်းအိပ်နေတာနဲ့ အတော်ပဲဖြစ်သွားလို့ အိမ်မက်ပေးလိုက်တာ ”
အဖွားဆိုသူယောက်ျားကြီးကအသေအချာရှင်းပြပါတယ်၊ စိတ်မရှည်တာမျိုးမရှိပေမယ့် အလျင်လိုနေပုံလည်း ပေါက်ပါတယ်။
“ ဒါဆို ကိုဝင်းခန့်လာစတာ၊ မေမေလှမ်းခေါ်တာ၊ တံခါးတစ်ဖက်ကနေစကားပြောတာ၊ အတွင်းတံခါးဖွင့်တဲ့အချိန် ဘယ်သူမှမရှိတာတွေအကုန် အိမ်မက်လား ”
“ ဟုတ်မယ် ဒါပေမယ့် အဲ့တာတွေ ငါပြတာမဟုတ်ဘူး မင်းဘာသာသွေးလေချောက်ခြားပြီးမက်တာနေမယ်၊ ငါဝင်လာတဲ့အပိုင်းက မင်းအဖွားအသံနဲ့ မင်းကိုလှမ်းခေါ်တာကနေစတယ် ”
ခေါင်းထဲနည်းနည်းရှင်းသွားပြီး ကြောက်စရာမဟုတ်တော့တာမို့ ပြန်တည်ငြိမ်သွားပါတယ်။
“ ဦးလေးက တကယ် ကျွန်တော့်အဖွားလား၊ ဘယ်လိုဖြစ်သွားတာလဲ ”
ထုံးစုံအတိုင်း သိချင်စိတ်တွေများလာပါတယ်။
“ ငါမှတ်မိသလောက်ပြောရရင် ငါက မနေ့ကဆုံးသွားတဲ့ မင်းအဖွားအမေစိန်ပဲ၊ မင်းအမေ, မင်းအစ်ကို,မင်းနဲ့ ငါ့သမီးကျေးဇူးကြောင့် ငါသတိလက်လွတ် သေမသွားခဲ့ရတာ၊ အသုဘက ဆက်လုပ်ပါ ငါသာဓုခေါ်လို့ရတယ် လိုအပ်တဲ့အခြားသူတွေအတွက်လည်းဝမ်းသာရမယ် ”
မောင်ရင့်လည်းပြန်ကြောက်လာပြီး
“ အခု အဖွားက သရဲဖြစ်နေတာလား ”
အဖွားဆိုသူ ဦးလေးကြီးက ပြုံးရင်း
“ မဟုတ်ပါဘူး ငါ့ကို နတ်လို့မှတ်ထားလို့ရတယ်၊ မကြောက်ပါနဲ့ စိတ်အေးအေးထားပြီး ပြောတာဆုံးတဲ့အထိနားထောင်၊ မနက်ဖြန် စာမေးပွဲလည်းဖြေရအုံးမယ်မလား ”
“ ဟုတ်တယ် နတ်ဆိုတော့လေ ဟီး
နည်းနည်းကူညီလို့ရမလားဟင် ဟီး ”
အဖွားနတ်ဦးလေး ရုပ်တည်သွားပါတယ်။
“ အဲ့ဒါမကောင်းဘူး လိုရင်းသွားရအောင်၊ ငါ့သမီးနဲ့မင်း, မင်းအမေကို ကူညီခဲ့ချင်တာလေးရှိလို့ တတ်နိုင်သလောက်ပေါ့ ခုနကဟာတော့ မပါဘူးနော်၊ ပြီးတော့ ငါမှတ်မိတာက တစ်ယောက်ချင်းစီရဲ့ကျေးဇူးကို ရင်းနှီးမှုရနေရုံပဲ၊ မှတ်ဉာဏ်တွေရှိနေတာမဟုတ်ဘူး ပြောချင်တာက ငါတို့က ဘာမှမဆိုင်တော့ဘူး ”
မောင်ရင့် ဝမ်းနည်းဝမ်းသာ
ခေါင်းလေးငြှိမ့်လိုက်ပါတယ်။
“ ထားပါတော့ ငါလည်းအချိန်မရှိဘူး ငါနေခဲ့တဲ့ တဲအောက်မှာ တချို့ပိုင်ဆိုင်မှုလေးတွေ ဖွက်ထားတာရှိတယ်၊ အဲ့ဘက်အခြမ်းကို ရောင်းမစားခင် တူးယူထားလို့ ငါ့သမီးနဲ့ မင်းအမေကိုပြောလိုက်၊ မင်းအတွက်ကျ နက်ပြာရောင်ဘူးလေးပေးမယ်၊ သိသာတယ် အဲ့တစ်ခုတည်းနက်ပြာရောင်ရှိတာ ရောင်းရင်လည်းတန်ဖိုးသိပြီးဝယ်မယ့်သူရှိမှာမဟုတ်ဘူး၊ ဉာဏ်ရှိသလိုလုပ်စားပေါ့ ”
တစ်ယောက်ကျန်နေသလိုပဲ။
“ ကိုဝင်းခန့်အတွက်ကရော ”
“ မပူပါနဲ့ သူလာရင်သိလိမ့်မယ် ”
ပြီးရောလေ။
“ ကျေးဇူးတင်ပါတယ် ”
မောင်ရင့်စိတ်ထဲလျှောက်စဉ်းစားရင်း
ခါးလေးကိုင်းကာကျေးဇူးတင်လိုက်ပါတယ်။
“ အမေစိန်လို့မခေါ်တော့ဘူးလား ”
နတ်ဦးလေးက ပြုံးပြီးစပါတယ်။
“ အမေစိန်မှမဟုတ်တော့တာပဲ ”
ငိုင်ပြီးတော့ ပြန်ပြောလိုက်ပါတယ်။
“ ဉာဏ်ကောင်းတာပဲ၊ ဦးလေးစိန်လို့ ပြောင်းမှတ်ထားပေါ့၊ ငါလည်း နတ်ကြီးကြီးမားမားမဟုတ်ပါဘူး အခုတော့ တာဝန်ချိန်ရောက်လာပြီမို့သွားပြီ၊ ငါ့သမီးကိုလည်း နှုတ်ဆက်တယ်ပြောလိုက်ပါအုံး မင်းအမေနဲ့မင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ မင်းအစ်ကို ကိုလည်း သေချာဂရုစိုက်လိုက်ပါ ”
စကားပြောပြီးတာနဲ့ ပုံမှန်ဦးလေးကြီးကနေ အသားအရေတွေစိုပြေလာတာတွေ့ရပါတယ်၊ အသက်ငယ်သွားတာမျိုးမဟုတ်ပဲ ရုပ်ရည်ပြောင်းသွားတယ်လို့ မောင်ရင့်စိတ်ထဲ ခံစားရပါတယ်၊ ဒါပေမယ့် ပုံမဖော်တတ်ပြန်ပါဘူး။
“ ကျေးဇူးတင်ပါတယ် ဦးလေးစိန် ”
ခေါင်းပြန်မော့လိုက်တဲ့အချိန်မှာ နတ်သားကြီးမရှိတော့ပါဘူး၊ မောင်ရင့်လည်း စပ်စုစရာတွေတစ်ပုံကြီးနဲ့ပဲ ကျန်ခဲ့ပါတော့တယ်။
“ ဟူး ... အခုလို ထူးထူးဆန်းဆန်းကြုံရတာတောင် စာမေးပွဲအတွက်ဆင်ခြေတစ်ခုခု မရလိုက်ဘူးဟာ ”
#သုတဈာန် #ပညာသင်
#သာလွန်ပညာရှင်