← Chapters

ညီအစ်ကိုနှစ်ယောက်

Vol. 1 Ch. 3

ညီအစ်ကိုနှစ်ယောက်

Vol. 1 Ch. 3

အားမရဆိုတာထက် စိတ်ထဲကိုမထားတော့တာပါ၊ ဒီတစ်ပွဲတော့ ကိုယ်လက်လျှော့ပါသည်ပေါ့။

ဒါပေမယ့် မောင်ရင့် စိတ်မညစ်ပါ၊ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးလေ၊ ဘယ်သူမှ မဖြေနိုင်ဘူးလို့ကို အတည်ပြုထားပြီးပြီတဲ့။

တချို့တော့ ရှိတယ် စာကြည့်ဖြေတဲ့သူတွေ၊ အတော်ညစ်ပတ်တဲ့အလုပ်လို့ယူဆတယ်၊ လက်လည်းမရဲသလို လက်လည်းမခံချင်ဘူး၊ အခန်းစောင့်တွေကိုယ်တိုင်ခွင့်ပြုထားတာတဲ့။

လူကောင်းလေးဖြစ်ချင်တာထက် မောင်ရင့်စိတ်ထဲ တကယ်မသက်မသာဖြစ်လို့ပါ၊ ကြီးလာရင်တော့မသိပါဘူး အခုကိစ္စက ...။

တစ်ဖက်က ကြည့်မယ်ဆိုလည်း မောင်ရင့်တို့ကိုအားကိုးလို့မရတော့တာမို့ ကျောင်းအတွက် ညစ်ကြရတာပါ၊ ထင်းနေစရာမလိုပေမယ့် ဘိတ်ချီးဖြစ်ရင် ကျောင်းကြီးနားကားပြီလေ။

တောင်းပန်ပါတယ်လို့သာရေရွက်ရင်း မောင်ရင့် ရင်နာနာနဲ့ ပျော်ရွှင်စွာ အိမ်ပြန်လာခဲ့ပါတော့တယ်။

***

သူငယ်ချင်းတွေနဲ့လမ်းခွဲပြီး အိမ်ပြန်လာရင်းက လွယ်အိပ်ကိုပင့်ကိုင်လိုက်ပါတယ်၊ ဦးလေးစိန်ပေးထားတဲ့ ဘူးလေးကိုစမ်းတာပါ။

လက်စွပ်ဘူးလောက်လေးပါ၊ လုံးလုံးလေးမို့ ဘူးလို့ခေါ်ရခက်ပေမယ့် တစ်ဝတ်ကအဖုံးဖြစ်နေတာမို့ ဖွင့်ပိတ်လို့ရတဲ့ သံလိုက်ဓာတ်ပါဘူးပဲပေါ့နော်။

နက်ပြာရောင်က ရုတ်တရက်ဆို အမဲရောင်လို့ထင်ရပါတယ်၊ မနေ့ညက မောင်ရင့် မီးထိုးကြည့်ကြည့်တုန်းကတော့ အပြာရင့်ရောင်ထွက်ပါတယ်။

အိမ်မက်ပြီးတဲ့ညကတည်းက အမွေပုံထဲက ယူထားတာပါ၊ မောင်ရင့် အမေကြီးက စိတ်ကိုမဝင်စားပါဘူး၊ သူနဲ့ မကြည်ပြာမှာက တကယ်တန်ဖိုးရှိတာတွေရသွားတာကို ။

မောင်ရင့်လည်း အစက အထူးအဆန်းမို့ လျှောက်ကလိကြည့်ပါသေးတယ် မျိုးစုံမျှော်လင့်ရင်း၊ ဒါပေမယ့် ဘူးက အလွတ်ကြီးရယ်ကွယ်။

“ ဦးလေးစိန်က ကြီးမြတ်လိုက်တာ ... ၊ ဘာမှမမှတ်မိလို့တော်တယ် ငါ့ကိုဗလာမဲပေးသွားတယ် ”

တကယ်တမ်းတွေးကြည့်ရင်လည်း အမေစိန့်အပေါ် အစ်ကိုဝင်းခန့်လောက် ကရိမခံခဲ့မိပါ၊ စေတနာမရှိတာမဟုတ်ပေမယ့် ပြုစုဖို့ပျင်းတာကြောင့်ပါ။

စိတ်ရောကိုယ်ရော အမှန်အကန်နှစ်လုပ်ပေးသွားတာက မောင်ရင့်အမေ မကြည်ပြာလို့ပြောရပါမယ်၊ အခုတော့ အမေကြီးဖြစ်သူနဲ့ သားအမိနှစ်ယောက်ပျော်နေကြပါလေရဲ့။

အများကြီးမဟုတ်ပေမယ့် အဓိကကားလမ်းမကြီးဘေးက ပုံမှန်မြေကွက်တစ်ကွက်စာလောက်ရှိပါတယ်၊ မကြည်ပြာကတော့ အမေကြီးရဲ့အိုစာမင်းစာအနေနဲ့ ရွှေလုပ်ပေးထားပါတယ်။

မကြည်ဖြူသာ ပွစိပွစိပြောနေလေ‌ရဲ့၊ သူကလည်းသူ မောင်ရင့်လိုပဲ လက်နှေးတာကို။

“ ယား ... ကျောင်းပိတ်ရက်ဘာလုပ်ရင်ကောင်းမလဲ၊ ဟုတ်ပြီ အမေကြီးနဲ့တောင်ပေါ်လိုက်ရမယ် ”

လက်ထဲကဘူးလေးကို အိပ်ထဲပြန်ထည့်ရင်း တောင်ပေါ်တက်ခဲ့ပါတယ်၊ အမြင့်ကြီးမဟုတ်ပေမယ့် မောင်ရင့်ဟာညောင်းတတ်သူမို့ အခုလိုခြေကုန်လက်ပန်းကျချိန်ဆို အိမ်‌ထဲရောက်တာနဲ့ ပစ်လှဲလိုက်မိတာပါပဲ။

“ ဖြေနိုင်တယ်မလား သားလေး ”

ရေဘုံးအလွတ်နဲ့ မကြည်ပြာထွက်လာပါတယ်။

“ ဟုတ်မေမေ ” ခပ်တည်တည်ပါပဲ။

“ ရေသွားခပ်လိုက်အုံးမယ် အမေကြီးက ညနေမှပြန်ရောက်မှာ နေ့လည်က တောင်ပေါ်တက်သွားတယ် ”

ပြောပြီး မကြည်ပြာထွက်သွားပါတယ်။

အိမ်မှာက မကြည်ပြာရယ်, မောင်ရင့်ရယ်, အမေကြီးရယ် ၃ ယောက်ပဲရှိပါတယ်၊ မောင်ရင့်အဖေကတော့ လှေပြန်ဝင်လာတောင် တစ်ပါတ်ပြည့်အောင် ကုန်းပေါ်မှာမနေတတ်ပါဘူး၊ ပင်လယ်ထဲတစ်ခါထွက်ရင်လည်း အနည်းဆုံးတစ်လကြာပါတယ်။

မောင်ဝင်းခန့်လည်း အဲ့ဘက်လိုင်းထဲစဝင်နေပြီပြောရမယ်၊ အခုလည်းမောင်ရင့်အဖေတို့အဖွဲ့နဲ့ပါသွားတာပါ၊ ဒါပေမယ့် သူတို့က လှေအ‌သေးနဲ့ ရိက္ခာသယ်,ပစ္စည်းခွဲပို့အနေနဲ့ နှစ်ပါတ်တစ်ခါဖြစ်ဖြစ်ပြန်လာတတ်ပါတယ်။

“ မနက်ဖြန် သဘက်ခါ ကိုဝင်းခန့်ရောက်လာလောက်တယ် ကျောင်းပိတ်နေတာနဲ့ကွက်တိပဲ ”

လွယ်အိပ်တွေ နေရာချပြီး မောင်ရင့် ထမင်းကြမ်းရှာပါတယ်၊ တွေ့တဲ့ငါးနီတူသုတ်နဲ့ ထမင်းတစ်ပန်းကန်စားပြီး အမှိုက်သိမ်းပါတယ်။

အမေဖြစ်သူသောက်ရေသွားခပ်နေပြီမို့ သုံးရေပဲဖြည့်ရပါတော့မယ်။ လူစောင့်ရင်း အိုးတွေကျင်းပါတယ်၊ မီးမွှေးပြီး ထမင်းလည်းတည်ထားလိုက်ပါတယ်။ ဆေးစရာပန်းကန်တွေမရှိတော့ဘူးမို့ ငှားလာတဲ့ ဝတ္ထုစာအုပ် ထုတ်ဖတ်ဖို့လုပ်ပါတယ်။

“ ထမင်းတည်ထားပြီလား ‌အမေလုပ်မှာပေါ့ နင့်အစ်ကိုဝင်းခန့်ဆီမသွားဘူးလား ”

မကြည်ပြာ ဒီတစ်ခေါက်ရေခပ်တာမြန်တယ်ပြောရမယ်၊ လူစောင့်စရာမလိုလို့ ထင်တယ်။

“ အစ်ကိုဝင်းခန့်ရောက်နေပြီလား အဲ့ဆို သားသွားလိုက်အုံးမယ် မေမေဘာခိုင်းစရာရှိသေးလဲ ”

စာအုပ်ကိုမှောက်လိုက်ပြီး လွယ်အိပ်အောက်ထိုးထည့်လိုက်ပါတယ်၊ မနက်ဖြန်မှ စကိုင်တာက ပိုပြီးအန္တရာယ်ကင်းလို့လေ။

“ မရှိတော့ဘူး ရော့ ဒီငါးလိပ်ကျောက်ကြပ်တိုက်သာ နင့်ကြီးကြီးဆီယူသွားပေး ”

“ ဟုတ်မေမေ သွားပြီနော် ”

ငါးကြပ်တိုက်ယူပြီး အောက်ကိုပြေးဆင်းခဲ့ပါတယ်။ မောင်ဝင်းခန့်တို့အိမ်က တောင်အောက်မျက်စောင်းထိုးမှာပါ။ တရားဝင်ခြံလို့ပြောရမှာထက် လမ်းဘေးမှာ ဒီအတိုင်းအိမ်ဆောက်နေတာမျိုးပါ။

ကြီးကြီးက မောင်ရင့်အဒါ်ကို မောင်ရင့်ခေါ်တာပါ၊ သူတို့ရွာမှာက အဒေါ်တို့ , အန်တီတို့ သုံးခဲပါတယ်။

“ ပြန်ရောက်နေတာကို လှမ်းမခေါ်ဘူး အခုနကပဲ အိမ်ရှေ့က ဖြတ်သွားတာကို ”

“ အေးပါ လာ အရေးကြီးပြောစရာရှိတယ် ”

တကယ်ကြီးပြောနေတာမို့ မောင်ရင့် စမနေတော့ပဲ အနားကိုရောက်သွားပါတယ်။ မကြည်ဖြူကတော့ ငါးကြပ်တိုက်နဲ့ အလုပ်ရှုပ်နေပါပြီ။

“ နင့်ကြီးကြီးပြောပြလို့ သိပြီးပြီ၊ ငါလည်း လှေပေါ်မှာတုန်းက အိမ်မက်ရတယ်၊ ညီလေးက ဘယ်အချိန်‌ လောက်မှာ မက်တာလဲ ”

မောင်ရင့်သေချာမမှတ်ထားမိပါ။

“ ည ၇ နာရီဝန်းကျင်လောက် ”

ခန့်မှန်းပြီးပြန်ပြောလိုက်ပါတယ်။

“ အေး သူလာသွားတာလဲ အဲ့အချိန်ပဲ၊ ငါ့ကိုလည်းလက်ဆောင်ပြောသွားသေးတယ် ညီလေးနဲ့ဆိုင်တယ်တဲ့ ”

မောင်ရင့်ကြောင်သွားပါတယ်၊ ဘယ်လို ဘယ်လို။

“ အချိန်တူတာဆိုတော့ တစ်ချိန်တည်းမက်တာပဲ နတ်ဆိုတော့လည်း တန်ခိုးရှိမှာပေါ့လေ ”

ခပ်လေးလေးနဲ့ပြန်ပြောလိုက်ပါတယ်။

“ နတ်လား ငါက သရဲထင်နေတာ

သူပြောတာလား နတ်ဆိုတာ ”

“ ဟုတ်တယ် သရဲမဟုတ်ဘူး မကြောက်နဲ့ နတ်တဲ့ ပြီးတော့ ပြန်တွေးကြည့်ရင် သူနဲ့ပတ်သက်ပြီးကြောက်စရာလည်းမကောင်းဘူး ”

အမွေကိစ္စလောက်ပဲ အမေကြီးတို့ကို အဓိကပြောထားရတော့ ဒီတစ်ခါ အိမ်မက်ကို ဦးစားပေးအသေးစိတ်ပြောပြလိုက်ပါတယ်။

“ ငါ ပင်လယ်ထဲမှာ ဒါမျိုးကြုံဖူးတယ်၊ အဲ့လောက်နဲ့ နတ်လို့ပြောလို့မရဘူး ထားပါတော့ အမေစိန်သူ့အတင်းကို ပြောချင်သလိုပြောနေတာကြားရင် စိတ်ဆိုးနေအုံးမယ် ”

မောင်ဝင်းခန့်က သူ့အတွေ့အကြုံနဲ့ပြောပြပါတယ်။

“ သူက သွားပြီမလား ရှုပ်ကုန်ပြီ အစ်ကို့လက်ဆောင်ကိစ္စပဲပြောပါ ကျွန်တော့်ဟာလေးကို ပြန်ပေးရမှာလား ”

ရှင်းပြီးသားလည်းရှုပ် ကိုယ့်လက်ဆောင်ထုပ်လည်း မဟုတ် ဖြစ်နေပြီ မောင်ရင့် စိတ်မကြည်တော့ပါ။

“ အဲ့တာနဲ့တော့ ဆိုင်တယ်

ပြစမ်းပါ အနားလည်းတိုးအုံး ”

မကြည်ဖြူကို မကြားစေချင်တဲ့ပုံစံနဲ့ အနားဆွဲခေါ်ပါတယ်၊ စောင်ပါယူပြီးခြုံလိုက်ပါတယ်။

မောင်ဝင်းခန့်အဖေကလည်း ရေစခန်းဆင်းနေတာမို့ အိမ်မှာ မကြည်ဖြူမသိရင် သူတို့နှစ်ယောက်ပဲ ရှိပါတော့မယ်။

“ အဲ့လောက်လိုလို့လား

အိမ်ကကျဉ်းကျဉ်းလေး ကြားရမှာပဲ ”

မောင်ရင့်စောဒကတက်လိုက်ပါတယ်၊ ကိုယ့်လက်ဆောင်ကိစွကျ လူတိုင်းသိပြီး သူကျ လျှို့ဝှက်နေလို့လေ။

“ အမေစိန်လုပ်ခိုင်းတာဟ ကြည့်လိုက် ”

ကိုင်ထားတဲ့ ဘူးလေးသူ့အလိုလိုပွင့်လာပါတယ်။

#သုတဈာန် #ပညာသင်

#သာလွန်ပညာရှင်

All Chapters