ဘာကြီးလဲ
Vol. 1 Ch. 4
တဖြေးဖြေးပွင့်လာတဲ့ဘူးလေးကိုကြည့်ပြီး ဘာအမွေလည်းဆိုတာ ညီအကိုနှစ်ယောက် ခန့်မှန်းနေကြပါတယ်။
ဘူးလေးကအရှိန်ယူပြီးပွင့်နေတာမို့ တံတွေးမျိုချနေရပါတယ်၊ ဘာမှထူးခြားတာမတွေ့ရသေးပါ။
“ ဖြတ် ”
ရုတ်တရက်မှောင်ကျသွားတာမို့ မောင်ရဲရင့်တို့ ရင်ထဲအေးခနဲဖြစ်ပြီး လန့်အော်လိုက်ကြပါတယ်။
“ ... ”
အသံမထွက်လာဘူး၊ နောက်တစ်ကြိမ် နေ့ခင်းကြောင်တောင်ကြီး အငိုက်ဖမ်းအိမ်မက်ပေးခံရပြန်ပြီထင်ပါတယ်။
ပြာလဲ့လဲ့အရောင်လေးလင်းလာပါတယ်။ ဒါပေမယ့် ဒီတစ်ခါ မြင်ပဲမြင်နေရတာပါ၊ ကိုယ်ရှိနေပေမယ့် ကိုယ်မရှိနေသလိုပါပဲ၊ ငုံ့ကြည့်လို့ စောင်းကြည့်လို့လည်းမရပါဘူး။
အရှေ့ကမြင်ကွင်း ရှင်းလာပါတယ်၊ မြို့တစ်မြို့ကိုမြင်ရပြီး တော်တော်နေချင်စရာကောင်းပါတယ်၊ မြို့နေဘဝဆိုတာ ထင်ထားသလို စိတ်ညစ်စရာကြီးမဟုတ်ပါလားပေါ့။
“ ညီလေး မြို့တက်ချင်စိတ်မဖြစ်ဘူးလား ”
စကားပြောလို့ရပြီထင်ပါတယ်။
“ မိုက်တော့မိုက်ပေမယ့် ရွာပဲကြိုက်တယ် ”
မောင်ဝင်းခန့်ကရယ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် အနီးနားမှာ ရှိနေတာသိပေမယ့် ရှေ့ကပြထားတဲ့မြင်ကွင်းပဲ ကြည့်လို့ရတာမို့ ဘာတွေဘယ်လိုဖြစ်နေလဲ မသိကြပါဘူး။
“ ဦးလေးစိန် ... ဦးလေးစိန် ...ဦးလေးစိန် ”
ဘယ်လိုခေါ်ခေါ်တုံ့ပြန်မှုမရှိပါဘူး။
“ အမေစိန် ရှိလား ”
မောင်ဝင်းခန့်လက်ချက်ပါ။
“ အပြာရောင် အဆောက်အအုံကို
စိတ်ညွှတ်လိုက်ကြ ”
နှစ်ယောက်သားနားထဲကို ခွဲခြားလို့မရတဲ့အသံတစ်ခုဝင်လာပါတယ်၊ အသံက တော်တော်အားနည်းနေပုံတော့ရပါတယ်။
စိတ်ညွှတ်လိုက်ရာ အဆောက်အအုံအပြာကို ထပ်ပြီးအသေးစိတ်မြင်လိုက်ရပါတယ်၊ ထည်ထည်ဝါဝါအဆောက်အအုံကြီးပါပဲ။
ပုံမှန်ဆို ဒီလိုအိမ်ကြီးတွေကို အနီရောင်နဲ့ပဲ ဇတ်ကားထဲမှာမြင်ဖူးကြတာပါ၊ အပြာနဲ့လည်းလိုက်တော့လိုက်ပါတယ်။
“ တစ်ယောက်တစ်ခုံစီ ထပ်ပြီးအာရုံစိုက်လိုက်ကြ ”
အခုမှ အခန်းအခြေအနေကို ပီပီပြင်ပြင်မြင်ရပါတယ်၊ အစကတည်းက မြင်ရပေမယ့် ပန်းချီကားကြီးလို ခံစားရတာကနေ တကယ့်လက်တွေ့လို ဖြစ်သွားတာပါ။
စားပွဲထိပ်မှာ အဖြူရောင်အလင်းတစ်ခုရှိပါတယ်၊ အရမ်းမစူးပေမယ့် နွေးနွေးကလေး လင်းထိန်နေပါတယ်။
“ ရပ်လိုက် အဲ့တာငါ ”
ဘာပြောရမလဲ မသိဖြစ်သွားကြပါတယ်။
“ အမေစိန် - ဦးလေးစိန် ”
ကို့ရို့ကားယားကြီးထပ်ဖြစ်သွားပါတယ်၊ ကြောက်စရာမဟုတ်ရင် သိချင်စိတ်က အလောတကြီးအစားထိုးတတ်တဲ့ မောင်ရင့်ကပဲ
“ ရှင်းပြပါအုံး ဦးလေးစိန်
ဟိုညကထက် ဆန်းကြယ်ကုန်ပြီ ”
မောင်ဝင်းခန့်လည်း ခေါင်းညှိတ်လိုက်ပါတယ်။
“ ငါဒီဘူးစောင့်တဲ့သူဖြစ်နေတာ၊ နတ်လို့ထင်ခဲ့တာ နတ်မဟုတ်နေဘူး၊ ဘယ်လိုစွဲလမ်းသွားလဲငါ့အကြောင်းမဟုတ်ပေမယ့် လူတစ်ယောက်အနေနဲ့ လက်မလွှတ်နိုင်စရာလည်းဖြစ်နေတာကို၊ အချိန်ကို စိတ်မပူနဲ့ ဒီမှာတစ်နေကုန်ရင်တောင် ဘူးအဖွင့်အပိတ်ကြာချိန်လောက်ပဲရှိတယ် ”
စိတ်ပူနေတဲ့ မောင်ရင့်တို့ကိုအရင်နှစ်သိမ့်လိုက်ပြီး
“ အစကပြောပြမယ်၊ ငါက ရဲရင့်မောင်အနားမှာဘွားကနဲပေါ်လာတာ၊ ဒါပေမယ့် ငါသက်တောင့်သက်သာမဖြစ်ဘူး၊ ရုတ်တရက် သူ့ကိုကျေးဇူးဆပ်ရမယ် မဟုတ်ရင် ငါဒုက္ခရောက်မယ်လို့ ခံစားချက်ပေါ်လာတယ် ”
မောင်ရင့်တစ်ခုခုကို ချိတ်ဆက်ကြည့်နေပါတယ်။
“ ငါဘာမှတတ်နိုင်တာမရှိသေးဘူး၊ ဘာမှန်းမသိဆွဲခေါ်နေတဲ့တစ်ခုခုကလည်း အားပြင်းလာပြီး ကွဲထွက်မတတ်ခံစားလာရတယ်၊ အာရုံထဲပေါ်လာတာတွေကလည်း သိပ်မများတော့ ရှိတာထဲက အကောင်းဆုံးတစ်ခုပေးပြီး အမြန်ပြေးမယ်ပေါ့၊ ဒါနဲ့ အာရုံညွှန်ပြတဲ့ အပြာရောင်ဘူးကိုယူခိုင်းလိုက်တယ်၊ အဲ့မှာ တန်ဖိုးရှိတာလေးတွေလည်းပါနေတော့ လူကြီးတွေနဲ့မှ ပိုကောင်းမယ်ဆိုပြီး ငါ့သမီးဆိုတာကိုပေးခိုင်းလိုက်တာ၊ အာရုံထဲမပေါ်လာရင်တောင် ရဲရင့်မောင်နဲ့နီးစပ်ရာတစ်ယောက်ယောက်ကို ကောက်မှန်းပြီး ပေးခိုင်းလိုက်မှာပဲ၊ ဝင်းခန့်မောင်ပါ ပါလာရတာက အပြာရောင်ဘူးမွှေတာ၊ ဝင်းခန့်မောင်နဲ့ အပြာရောင်ဘူးက အရမ်းနီးစပ်နေတယ် ဒါကိုတော့ ငါနားမလည်ဘူး၊ သေချာတာကတော့ ဒီဘူးက သူနဲ့မှအလုပ်ဖြစ်တယ်ဆိုတာပဲ၊ ပိုင်ရှင်ကတော့ ရဲရင့်မောင်ပေါ့ ”
မောင်ရင့်တို့ နည်းနည်းရှင်းလာပါပြီ။
“ ရဲရင့်မောင်ကို ပေးစရာရှိတာပေးပြီးတော့ ငါလည်း ဆွဲခေါ်နေတဲ့အရာဆီပြေးတာပေါ့ ငါ့ဘဝလေး တောက်ပချိန်တန်ပြီဆိုပြီး၊ အဲ့မှာပဲ ငါဟာ ခေါင်းတစ်လုံးသာနေတဲ့ ပြိတ္တာပဲဆိုတာ သိလိုက်ရတာ၊ အရင်းစစ်ရင် ဒီပစ္စည်းက ပြဿနာအမြစ်ပဲ ”
သရဲ ? မောင်ရင့် ကြက်သီးထလာပါတယ်၊ အမျိုးမျိုးဟာ ရိုးရိုးပဲ ခြောက်ပါဆို။
“ ဒါက စုန်းသီးပဲ ”
သက်ပြင်းချသံနဲ့ ဦးလေးစိန်ပြောလိုက်ပါတယ်။
“ ဘာအသီးကြီး ”
မောင်ရင့်တို့ ပြိုင်တူအော်လိုက်ကြပါတယ်။
“ မင်းတို့အမေစိန်က စုန်းမအကြီးစားကြီးပဲ၊ ငါအဲ့ဗဟုသုတမသိဘူးနော် လာမမေးကြနဲ့ ဒီပစ္စည်းအကြောင်းပဲသိတာ၊ ဆုံးအောင်ပြောပြမယ် နားထောင် ”
ပြိုင်တူခေါင်းညှိတ်ပြီး အသံတိတ်သွားပါတယ်၊ မောင်ရင့်စိတ်ထဲ ဒါက သရဲတွေတင်မကတော့ဘူး စုန်းတွေပါ ပါလာပြီ၊ ဒီဘူးကလည်း ဘယ်လိုမွှေထားတာလဲမသိနဲ့ ကြောက်လည်းကြောက် အရမ်းလည်းသိချင်သွားပါတယ်။
#သုတဈာန် #ပညာသင်
#သာလွန်ပညာရှင်