← Chapters

အမွေခံ

Vol. 1 Ch. 5

အမွေခံ

Vol. 1 Ch. 5

“ စကားခံထားမယ် အခုငါသိထားသလိုပြောပြတာနော်၊ နတ်ကိစ္စတုန်းကလည်း တကယ်မညာဘူး နားလည်မှုလွဲသွားရတာ၊ ငါလည်း အကုန်သိတဲ့ပညာရှိမဟုတ်ဘူး။

မင်းတို့ ဘူးပွင့်သွားတုန်းက မြို့တွေတွေ့ခဲ့တယ်မလား အဲ့ဒါအပြင်မှာတကယ်ရှိတယ်၊ အခုငါနေတဲ့အဆောက်အဦသာ ငါရှိတဲ့ဘုံရဲ့ဟာ၊ ပြီးတော့ မင်းတို့က ပြိတ္တာဘုံကို အာရုံရောက်လာတာ၊ လူရောက်လာတာမဟုတ်ဘူး။

မင်းတစ်ခါပြောဖူးတဲ့ဝိဉာဉ်နှုတ်တယ် လိပ်ပြာလွင့်တယ်ဆိုတာလား အဲ့လိုပဲ၊ ဒီမှာတော့ အာရုံရောက်တယ်လို့ ခေါ်တယ် ဝိဉာဉ်က ပြိတ္တာအသေးစားတွေကိုခေါ်တဲ့ နာမည်တစ်ခုပဲ၊ သရဲက ပြိတ္တာအရူးတွေကိုခေါ်တာ အဲ့ကောင်တွေက ဆန္ဒတစ်ခုပဲသိကြတယ်၊ အများစုက ဆာလောင်တဲ့ဒဏ်နဲ့ အမြဲလျှောက်သွား ပျက်စီးနေကြတာ၊ သူ့ဘာသာ သေရင်သေ မသေရင် သူများလုပ်လို့သေရမှာ အနာဂတ်မရှိဘူး၊ လိမ်လိမ်မာမာနဲ့ရှိနေတဲ့ စရုံပဲစကြတဲ့ပြိတ္တာတွေက ဝိဉာဉ်ဆိုတာတွေပဲ၊ ဒါပေမယ့် အချိန်မရွေးရူးသွားနိုင်တယ်၊ လေလွင့်နေတဲ့အကောင်တွေပေါ့။

ဒီဘူးက မင်းတို့အဘွားသူ့ပညာတွေစုထားတဲ့ဘူးပဲ၊ သူ့ပညာကနေတဆင့် ဘူးဖွင့်ဘုံကူးပြီးလာနိုင်သွားတာ၊ ရဲရင့်မောင်တွေးနေသလို ဘူးထဲမှာမဟုတ်ဘူး၊ ဘူးက ဘုံကူးပေးတာနဲ့ ပညာထိန်းပေးတာပဲ လုပ်နိုင်တယ် ”

သူစဉ်းစားနေတာကိုဖတ်နိုင်လို့

မောင်ရင့်လန့်သွားပါတယ်။

“ ငါ့ရုံးခန်းက ငါ့အပိုင်ပဲ ဘာတွေးနေလဲပါခန့်မှန်းလို့ရတယ်၊ ငါ့ထက်အကောင်မကြီးသ၍ ငါ့စိတ်တိုင်းကျပဲ၊ ငါတော်တော်ကံကောင်းတယ်ပြောရမယ် ငါတွေ့ခဲ့သမျှ ပြိတ္တာတွေရဲ့ဘဝက အရမ်းဆိုးဝါးလွန်းလို့ပြောတောင်မပြချင်ဘူး၊ ငါကျ အရမ်းနေလို့ကောင်းနေတယ် မင်းတို့လည်းမြင်တယ်မလား ငါ့ကိုယ်ငါနတ်နဲ့မှားလည်းမှားစရာပဲ တန်ခိုးရှင်လို ခံစားနေရတာ ”

မှေးပါမော့လာလို့ မောင်ရင့်

မနာလိုဖြစ်သွားရပါတယ်။

“ ဟုတ်ပါပြီ ဦးလေးစိန်က

ခန့်ချောကြီးပါ ဆက်ပြောပါအုံး ”

မောင်ဝင်းခန့်ကပါ စိတ်ဝင်စားနေတာမို့

ဦးလေးစိန် စကားဆက်ပါတယ်။

“ ငါသာ တကယ်နတ်ဖြစ်လာပြီး မင်းတို့နဲ့အခုလိုထပ်မဆုံရရင် ရဲရင့်မောင် တော်တော်နစ်နာသွားမယ်ထင်တယ်၊ ဟုတ်တယ်မလား ဝင်းခန့်မောင် ”

ကိုဝင်းခန့်ခေါင်းညှိတ်လိုက်ပြီး

“ ကျွန်တော်လည်း ဘူးပွင့်တာနဲ့ ပညာတွေရပြီး သတိမေ့သွားမယ်ထင်နေတာ၊ ညီလေးကတော့ အခုမှ တကယ်မရှိတဲ့ ဘူးကြီးကိုင်ပြီး ပြိုင်တူမေ့ပေါ့ ”

မောင်ရင့်ခန့်မှန်းနေပါတယ်။

“ မင်းကို ဝိုင်းစနေကြတာမဟုတ်ပါဘူး၊ မင်းအဖွားက မင်းကိုတကယ်ပဲ သူ့ရဲ့အကောင်းဆုံးပစ္စည်းပေးချင်ခဲ့တာပါ၊ ဒါပေမယ့် မင်းနဲ့လုံးဝမအပ်စပ်ဖြစ်နေလို့ မင်းက နာမည်ခံပိုင်ရှင်ဖြစ်သွားရတာ၊ သူလည်းမသိခဲ့ဘူး ဒီလိုဖြစ်လာမယ်လို့၊ ငါလည်း ပေါ်လာတဲ့အာရုံထဲကအတိုင်းလုပ်ပေးရတာပါ၊ သေသူကို အားမလိုအားမရလည်း ဖြစ်မနေပါနဲ့တော့ ”

မောင်ဝင်းခန့်ကလည်း

ပုခုံးကိုင်နှစ်သိမ့်လိုက်ပါတယ်။

“ ရတယ်လေ ဒါပေမယ့် ဦးလေးစိန် သားကို အကြွေးတစ်ခုတင်သွားပြီနော် ”

ဦးလေးစိန်နင်သွားပါတယ်။

“ ရတယ် ရတယ် ငါတတ်နိုင်တာရှိရင်

အချိန်ဆွဲမနေပါဘူး ”

မောင်ရင့်မျက်လုံးအရောင်လက်သွားပါတယ်။

“ ဆက်ပြောပြမယ် သေချာနားထောင်ကြ၊ အားလုံးကောင်းဖို့ အကြောင်းဖန်လာတယ်ပဲမှတ်ကြပါ၊ ငါအခုလိုဘဝမှာမနေနိုင်ဘူး နေလို့ကောင်းတယ်ဆိုပေမယ့် ဒါထက်ပိုရနိုင်သေးတယ်လို့ ခံစားမိနေတယ်၊ ဒီတော့ မင်းအဖွားရဲ့စွဲလန်းမှုဖြစ်တဲ့ ပညာတွေကို မင်းအမြန်ယူလိုက်တော့ ဝင်းခန့်မောင်၊ ဒါဆို ငါကျွတ်သွားမယ်ထင်တယ်၊ ရဲရင့်မောင် မစိုးရိမ်နဲ့ သူပညာယူနေတုန်း မင်းဆန္ဒငါဖြည့်ပေးခဲ့မယ် ”

မောင်ရဲရင့်ကြံထားတာ မီးခွက်စောင့်ဘီလူးလိုအနားခေါ်ထားဖို့ပါ၊ ဘယ်‌တတ်နိုင်မလဲလေ ရတာပဲ ယူတာပေါ့။

“ ဒါဆို ကျွန်တော် လုပ်စရာရှိတာလုပ်ပြီ ”

မောင်ဝင်းခန့်အသံပေးပြီး တည်ရှိမှုပျောက်သွားပါတယ်၊ အပြင်ပြန်ရောက်သွားတာလား၊ ဘယ်ကိုထပ်ရောက်သွားတာလဲ မောင်ရင့်မတွေးတော့ပါဘူး ၊ အန္တရာယ်ရှိတယ်လို့ မခံစားရတာမို့ သူလိုချင်တာပဲ ပြန်အာရုံစိုက်လိုက်ပါတယ်။

“ ကျွန်တော် အစွမ်းတစ်ခုခုရှိချင်တယ် ”

ဒါမောင်ရင့် ဘဝပါ၊ ငယ်ငယ်ကတည်းက လူစွမ်းကောင်းဖြစ်ချင်ခဲ့တာ ဒီနေ့ပြည့်ပါတော့မယ်။

“ မင်းက တကယ့်ခလေးပဲ၊ မင်းအစ်ကိုနဲ့စကားအတူတူပြောနေတာမို့ လူကြီးလို့ဆက်ဆံမိသွားတာ တောင်းပန်ပါတယ်ကွာ ... ဟား ... ဟား ... ဟား... ”

မဖြစ်နိုင်ဘူးလား၊ ဒါဆိုသူဌေးလုပ်မယ်။

“ ငါလုပ်ပေးနိုင်တာပြောမယ်၊ အဲ့ထဲက တစ်ခုရွေးပေါ့၊ ရွေးချယ်တဲ့အပိုင်းက မင်းဆန္ဒပဲလေ၊ ငါကတိမဖျက်ပါဘူး ”

မောင်ရင့် ပြိတ္တာလည်ကျခံရပါပြီ၊ အစ်ကိုလည်းမရှိတော့ တစ်ယောက်တည်းပဲ၊ လက်ခံရတော့မှာပေါ့။

“ မင်းအစ်ကိုနဲ့မင်း ဘူးပြန်ပိတ်လို့ ဖြတ်ခနဲနိုးလာတဲ့အခါ ဒါတွေအကုန်မေ့သွားလိမ့်မယ်၊ မင်းအစ်ကိုကတော့ ပညာတွေကျန်ခဲ့မယ်၊ ဘူးလည်းသာမာန်ဘူးဖြစ်သွားမယ်၊ အဖွားပေးခဲ့တဲ့ ထည့်စရာခပ်မာမာတစ်ခုပေါ့။

မင်းအစ်ကိုကတော့ သူ့လမ်းသူလျှောက်ရမှာ မင်းဝင်ရှုပ်လို့မရဘူး၊ မင်းအကြောင်းပြောရအောင် ”

ခပ်တန်းတန်းပုံစံနဲ့ဆက်ပြောပါတယ်။

“ ငါလုပ်ပေးလို့ရတာက မင်းအဖွားကျန်ခဲ့တဲ့ဟာတစ်ခုခုပဲ လုပ်ပေးနိုင်မယ်၊ မင်းနဲ့ငါက ကံရေစက်မရှိဘူး ငါကူညီချင်ရင်တောင် ကူညီလို့မရဘူး၊ မင်းအဖွားရေစက်ကြောင့်သာ ငါတို့တွေ့ရတာ၊ မင်းအဖွားနဲ့ပတ်သက်တဲ့ဟာပဲ မင်းရနိုင်မယ်၊ မအပ်စပ်တာကျလည်း မရနိုင်ဘူး၊ တွေးကြည့်မှ မင်းအဖွားအာရုံထဲက ကျေးဇူးရှင်ဆိုတဲ့ မင်းပုံရိပ်က ရယ်ဖို့တော့ကောင်းသား၊ မင်းကိုက ကံဆိုးတာနေမယ် ”

မောင်ရင့် ရင်ထဲစို့နေပါပြီ၊ 'ကံကြမ္မာရယ်မညီ ကြောင်းကျိုးဆက်ကြောင့်ဖြစ်လာခဲ့သည်' ဖြစ်နေပြီလေ။

“ မင်းရွေးရမှာဆိုပေမယ့် ရွေးစရာတစ်ခုပဲရှိတယ်၊ ဟီး ပြောရင်း ရယ်ချင်လာပြီ၊ လည်သလိုလုပ်စားပေါ့ကွာ ”

လှမ်းနောက်နေပြန်ပါသေးတယ်။

“ မလှောင်ပါနဲ့ဗျာ စကားလည်းဝေ့ မနေနဲ့တော့ ”

မောင်ရင့်စိတ်ဓာတ်ကျနေတဲ့အသံကြီးနဲ့

လှမ်းပြောလိုက်ပါတယ်။

“ မင်းရဲ့အခုမှတ်ဉာဏ်တွေကို ငါဘူးပိတ်တဲ့အခါ တားပေးထားမယ် အထဲမှာပြတ်ကျန်မခဲ့ဖို့၊ မင်းအရင်က အခုလို မကြုံဖူး မသိဖူးဘူးမလား၊ အနည်းဆုံး ဇတ်လမ်းရေးလို့ရတာပေါ့၊ မင်းကစပ်စုရတာလည်းဝါသနာပါတော့ အခုကိစ္စက မင်းစပ်စုချင်ရင်တောင် မဖြစ်နိုင်တာကြီးလေ ”

မျက်နှာပြန်ဝင်းသွားပါတယ်။

“ ဟုတ်တယ် ကျွန်တော်ကြီးလာလို့ ကာတွန်းရေးရင် ဦးလေးစိန်ကို ကြောက်စရာပုံစံထည့်ဆွဲပေးမယ် ”

“ ဘာကွ ငါမလုပ်ပေးပဲ နေမှာနော် ”

ဦးလေးစိန် စိတ်ဆိုးသလိုလုပ်ပါတယ်၊ အခုလိုကျတော့လည်း ခင်ဖို့ကောင်းနေပြန်ပါတယ်။

“ စတာပါ ဒါနဲ့ အစ်ကိုက ဘယ်လိုဖြစ်သွားမှာလည်း အဆင်ရော ပြေရဲ့လား ”

ကိုယ့်အတွက်အဆင်ပြေပြီမို့ အစ်ကိုဖြစ်သူကို စိုးရိမ်မိသွားပါတယ်။

“ သူက ပြေပါတယ်၊ တကယ်ကံကောင်းတဲ့သူပဲ၊ မင်းအဖွားရဲ့ အသီးအပွင့်တွေကို ထိုင်စားသွားရတာ၊ တည့်အောင်နေနော် သူဉာဏ်ပွင့်တဲ့အခါသက်ဆိုင်တဲ့နေရာကို ထွက်သွားရမှာ လူတွေထဲ နေလို့ရတော့မှာ မဟုတ်ဘူး၊ အဲ့မတိုင်ခင်အထိ ဘာမှမှတ်မိမှာလည်း မဟုတ်သလို ဘာမှတတ်မှာလည်း မဟုတ်ဘူး၊ ပုံမှန်အတိုင်းပဲ မပြောင်းလဲဘူး ”

မောင်ရင့်စိတ်ထဲ အားကျသလိုလို သနားသလိုလိုကြီး ဝမ်းနည်းဝမ်းသာခံစားသွားရပါတယ်။

“ ‌သေမှာလို့ ပြောတာလား ”

မျက်နှာငယ်လေးနဲ့မေးလိုက်ပါတယ်။

“ ပေါက်ကရမပြောနဲ့ မင်းအဖွားက ပညာသည်တစ်မျိုး အခုမင်းအစ်ကိုက သပ်သပ်၊ ဒါနဲ့ ငါသိချင်တာတစ်ခုရှိတယ်၊ မင်းအဖွားကို မင်းဘာတွေ ကူညီပေးခဲ့တာလဲ ”

#သုတဈာန် #ပညာသင်

#သာလွန်ပညာရှင်

All Chapters