← Chapters

နေ့စားသမား

Vol. 2 Ch. 8

နေ့စားသမား

Vol. 2 Ch. 8

ကြည်သန့်မေတစ်ယောက် အားနာနာနှင့်ထွက်သွားသော မောင်ရင့်အမေကိုကြည့်ကာ မိခင်ကိုတောင် သတိရသွားပါသည်။ စာသင်နှစ်လည်းကုန်တော့မှာပဲလေ အဲ့ကျမှ အမေကြိုက်တဲ့ ဒေသထွက် ငါးပိငါးခြောက်လေးတွေဝယ်သွားရမယ်။

“ ဆရာမ မောင်ရင့်က ရိုးရိုးဖျားတာမဟုတ်ဘူးတဲ့၊ ကျွန်တော့်အမေပြောတာတော့ သရဲပူးတယ်ပြောတာပဲ ”

ကျော်ခေါင့်ဘေးမှ လှမြင့်က ခပ်တိုးတိုးလှမ်းပြောလိုက်ပါသည်။ ဆရာမလေးနှင့်က မရိုင်းလျှင် ပွင့်ပွင့်လင်းလင်းပြောခွင့်ရထားသည်မို့ သူတို့မှာ နှုတ်သွက်နေပါ၏။

“ အမေက ဒီလိုပဲပြောတာနေမှာပါ၊

သားက သရဲမြင်ဖူးလို့လား ”

လျှောက်မပြောရန် လှမ်းဟန့်မယ်လုပ်ပြီးမှ ထပ်မပြောရဲတော့မည်စိုး၍ ကလေးတွေကိုတော့ သေချာမှာထားမှဆိုပြီး စကားစလိုက်ပါသည်။

“ ဆရာမ သူလျှောက်ပြောနေတာ၊ သား ဗွီဒီယိုသွားကြည့်တုန်းက ဇာတ်ကားကြည့်ပြီး ရယ်နေတာ အကောင်းအတိုင်းပဲ၊ သားတောင် နေမကောင်းဘူးဆိုလို့ မေးခဲ့လိုက်‌သေးတယ် ”

ကျော်ခေါင်မှ သူငယ်ချင်းအားစွပ်စွဲနေသည်ကို မခံချင်ဟန်ဖြင့် ဝင်ပြောလိုက်ပါသည်။ ဆရာမကလည်း မေးနေသည်မို့ လှမြင့် ဇက်ပုသွားပါသည်။

“ ငါ ငါးခြောက်သွားယူတုန်းကကျ ဒူးနှစ်ဖက်ထဲ ခေါင်းထည့်ပြီးထိုင်နေတာ၊ လှမ်းခေါ်တာ အဖက်လည်းမလုပ်ဘူး၊ ပြန်ခါနီးမှ စိမ်းစိမ်းကြီး ဒီအတိုင်းပဲပြန်ကြည့်တယ် ပြုံးပြုံးကြီးလည်းလုပ်ပြတယ်၊ ပြောရင်းတောင် ကြက်သီးထလာပြီ ”

လှမြင့်က ထွက်သွားသောမောင်ရင့်အမေ မသွားသေးဘဲ ခိုးနားထောင်နေမလားဟူသောစိတ်ဖြင့်ပဲလားမသိ အပြင်ကိုလှမ်းလှမ်းကြည့်နေပါသေးသည်။ ကျော်ခေါင်က မဲ့သွားကာ သူ့အမေအတိုင်းပဲဟု စိတ်ထဲကပြောလိုက်ပါသည်။

“ ဆေးသောက်ထားတဲ့အရှိန်ကြောင့်လည်း‌နေမှာပါသားရယ်၊ ဒါမျိုးက ဖြစ်တတ်ပါတယ်၊ အိမ်ပြန်ရင်သူငယ်ချင်းဆီသတင်းသွားမေးနော်၊ တစ်ယောက်တည်း အားငယ်နေမယ် ”

ကြည်သန့်မေ ကလေးကိုလှမ်းပြောရင်း စဉ်းစားခန်းဝင်မိသွားပါသည်။ မောင်ရင့်တို့ရွာမှ ကျောင်းလာတတ်သူက လက်ချိုးရေမှ ၅ ယောက်တောင်မပြည့်ပါ၊ မောင်ရင့်နှင့် အိမ်နီးသည်က ဤနှစ်ယောက်သာ ရှိသည်မို့ တစ်ခုခုဆို သူတို့နှစ်ယောက်ဆီကသာ မောင်ရင့်သတင်းကို သိနိုင်ပါသည်။

ယခုက တစ်ယောက်တစ်မျိုးပြောနေသည်မို့ အကျိုးအကြောင်းသေချာမသိရဖြစ်နေပါသည်။ ကျော်ခေါင့်စကားကတော့ ယုံရပါသည်၊ မောင်ရင့်အမေကိုကျ တိုက်ရိုက်မေးဖို့က မသင့်တော်တာမို့ ...

“ ကျော်ခေါင်ရော မောင်ရင့်ကစကားပြန်ပြောလား ”

“ ဟုတ် ပြန်ပြောပါတယ်ဆရာမ ကောင်းကောင်းမွန်မွန်မွန်ပါပဲ၊ သားတောင် ကျောင်းမတက်ချင်လို့ နေမကောင်းချင်ယောင်ဆောင်နေတယ်ထင်တာ၊ ဒါပေမယ့် သူ့နှုတ်ခမ်း‌တွေတော့ ဖြူစွပ်နေတာပဲ ဆရာမ ”

ကျော်ခေါင်က သေချာစဉ်းစားပြီး မှတ်မိတာကို ပြန်ပြောပြလိုက်ပါသည်။ တွေးကြည့်ရင်းမှ မောင်ရင့်ကို ကြည့်ရသည်မှာ တစိမ်းကျနေတာပဲဟု ခံစားမိသလိုပင်။

“ အေး ရာသီရောဂါမျိုးတော့ မဟုတ်ဘူးထင်တယ်၊ ဆရာမလည်း မနက်ဖြန်ကျောင်းပိတ်တော့ လာကြည့်အုံးမယ်၊ ကလေးက စာတော်လာခါမှ သနားပါတယ် ”

ကြည်သန့်မေ နည်းနည်းတော့ စိုးရိမ်သွားပါသည်။ သရဲဆိုတာထက် အခြေအနေက အားအတော်ပြတ်နေသည့်ပုံပင်၊ ကျောင်းရှိတဲ့ ဒီရွာကြီးမှာတောင် ဆေးရုံရယ်လို့ သေချာမရှိတာမို့ ဆရာဝန်တွေမြို့တက်တာနဲ့ ကြုံနေရင်တော့ ဒုက္ခပါပဲဟု ရတတ်မအေးဖြစ်သွားရပါသည်။

“ ဆရာမ သမီးလည်း လိုက်ချင်တယ် ”

သဇင်ကျော်က စိတ်မကောင်းဖြစ်နေသောမျက်နှာငယ်လေးဖြင့် ထ၍ခွင့်တောင်းလိုက်ပါသည်။

“ ဟဲ့ နင်အမေပြောနေအုံးမယ်

ကြည့်ကျက်လုပ်အုံး ရိပ်မိကုန်မယ် ”

ဘေးမှ ကောင်မလေးက အင်္ကျီကိုဆွဲကာ စိုးရိမ်တကြီးဖြင့် လက်အုပ်

၍လှမ်းပြောလိုက်ပါသည်။ တိုးတိုးဖော်တိုင်ပင်ဖက်မို့ သဇင်ကျော် အတော်စိုးရိမ်နေသည်ကို သူနားလည်ပေမယ့် မတော်လို့ ...။

“ နင်ပါလိုက်ခဲ့ဟာ

ဆရာမလည်းရှိတာပဲ ”

“ ငါ ... ”

“ ဆရာမ သမီးတို့နှစ်ယောက်ပါ မနက်ဖြန် လိုက်ခဲ့လို့ရမလားဟင်၊ မောင်ရင့်အတွက်ကူးပေးထားတဲ့စာအုပ်ပါ ပေးရင်း ... ”

သူငယ်ချင်းအဖြေကိုမစောင့်တော့ပဲ သဇင်ကျော် အမြန်ပြောလိုက်ပါသည်။ ငါမလိုက်ဆိုလျှင် သူတစ်ယောက်တည်း အိမ်ကလွှတ်မည်မဟုတ်ပေ။

“ လူကြီးတွေကိုပြောပြီး လိုက်ခဲ့လေ သမီးတို့၊ စောစောသွားကြတာပေါ့ ”

အခြားဘယ်သူတွေလိုက်အုံးမလဲဟု ပြောမည်ကြံပြီးခါမှ သဇင်ကျော်တို့ထက်ဝေးသည့်သူတွေချည်းပဲမို့ ကြည်သန့်မေ မပြောဖြစ်တော့‌ပေ။ အတန်းခေါင်းဆောင်ကို လိုက်စေချင်နေတာလည်း ကိုယ်ထူကိုယ်ထခွင့်တောင်းလာတော့ သူ့အတွက် ပိုကောင်းသွားပါသည်။

“ ‌ကျော်ခေါင်တို့နှစ်ယောက် မနက်ဖြန်ကျရင် ရွာထိပ်မှာ ဆရာမတို့ကို လာစောင့်ပေးလို့ရတယ်မလား ”

“ ရပါတယ်ဆရာမ၊ သားတို့စောစောလာ စောင့်နေပါ့မယ် ”

ကျော်ခေါင်က ဆရာမတို့လာမည်ဆို၍ပျော်သွားပါသည်၊ အထူးသဖြင့် ရတနာထွန်းပါ ပါလာမည်ဆို၍ပင်။

“ စိတ်ချပါဆရာမ၊ သားတို့အိမ်မှာထမင်းစားပါ ”

လှမြင့်ကလည်း ဝင်ထောက်ခံလိုက်ပါသည်။ ဆရာမအကြောင်းပြပြီး ကောင်းကောင်းစားရတော့မှာမို့ သူလည်း ဝမ်းသာနေလေတော့၏။

“ ဆရာမသွားပြီ ၊ အသံတိတ်တိတ်နဲ့စာကျက်နေကြနော်၊ နောက်ထပ်က သင်္ချာအချိန်မလား ”

ကြည့်သန့်မေစာအုပ်များထပ်ပြီး ထလိုက်ပါသည်။

“ ဟုတ်ပါတယ်ဆရာမ ”

“ ဆရာမ သမီးလိုက်ပို့ပေးပါမယ် ”

သဇင်ကျော် စာအုပ်အထပ်ကို မလိုက်ပြီး ဆရာမနောက်က လိုက်သွားပါသည်။ မေးချင်တာလည်းရှိနေသည်ပင်။

“ လေးရင်ပြောနော် သမီး ”

“ ဟုတ်ဆရာမ ”

ကျောင်းဝန်းက သိပ်မကျယ်ပေ၊ နှစ်ထပ်အဆောင်ပြီး နောက်တစ်ကျောင်းသာရှိသည်မို့ ခဏနှင့်ရောက်သွားပါသည်။

“ ဆရာမ ဘယ်လိုထင်မိလဲဟင် ”

“ သမီးတစ်ခုခုသိထားလို့လား ”

ကြည်သန့်မေ ဉာဏ်ကောင်းတဲ့တပည့်ကို ကြည့်လိုက်ပါသည်။ ညီအစ်မလိုဖြစ်နေသည်က ဤကဲ့သို့ စိတ်အလိုကို အကဲခပ်တတ်၍ပင်။

“ ဟိုတစ်ခါ ၅ တန်းကကောင်မလေးမူးလဲသွားတုန်းကလည်း ဆရာမအချိန်မှီရောက်သွားပြီးကုပေးတာတွေ့မိလိုက်လို့ပါ ”

“ နည်းနည်းပါးပါးလေ့လာထားတာပါ၊ ဆရာဝန်တွေလိုတော့ ဆရာမလည်း မကုတတ်ပါဘူး ”

ကြည်သန့်မေကုနည်းက ဒီတိုင်းပြောပြ၍နားလည်နိုင်မည်မဟုတ်ပေ။ ကလေးက တစ်မျိုးထင်သွားလျှင် မိဘတွေစိတ်ပူကုန်မှာလည်း စိုးရပါသည်။

“ မနက်ဖြန်ကျ သွားကြတာပေါ့၊ အရမ်းစိတ်ပူမနေပါနဲ့ သမီးကိစ္စကိုလည်း ဆရာမသိပါတယ် ”

သဇင်ကျော့်မျက်နှာလေးရဲသွားပြီး ခေါင်းငြှိမ့်လိုက်ပါသည်။ သိသာသိစေ မမြင်စေနဲ့ဆိုပေမယ့် အစောကြီးသိသွားတာတော့ သူလည်းရှက်သည်ပင်။

( ခ )

“ အမေ သားလေး ဘယ်လိုနေသေးလဲဟင် ”

မကြည်ပြာတို့ သူငယ်ချင်းနှစ်ယောက် တံခါးခေါက်ရင်းမေးလိုက်ပါသည်။ အိမ်ကအခြေအနေအရ အရှေ့အနောက် အလုံပိတ်ထားရပါသည်။

“ ခဏနေအုံး ”

အမေညွှန့် တံခါးကိုဝါးနှင့်ထောက်ကာ

“ ငါထွက်ခဲ့မယ် သူအိပ်နေတယ် ”

အထဲမှာ အလင်းမဝင်အောင်ကာထားသော မိုးကာစများ, ပုဆိုးစများနှင့် ရှုပ်ရှက်ခပ်နေပါသည်၊ သို့ပေမယ့် ဓနိမိုး ထရံကာမို့ အလင်းပေါက်များက မတတ်နိုင်သည့်နေရာများမှ ကျနေသည်သာ။ မကြည်ပြာတို့ သူငယ်ချင်းနှစ်ယောက်လည်း ပျဉ်းကတိုးပင်အရိပ်အောက်၌စောင့်နေလိုက်ကြပါသည်။

“ သူ့ဆရာမ ဘာပြောလဲ ”

“ ဆရာမလေးက သဘောကောင်းပါတယ်၊ သားလေးဘယ်လိုနေသေးလဲဟင် အမေ ”

မကြည်ပြာ အမောပင်မဖြေအားပေ။

“ နင်ထွက်သွားကတည်းက ငြိမ်နေတာပဲ၊ ခုနကမှ အိပ်သွားတာ၊ မအိပ်ခင်ကတော့ ညဉ်းတာညဥ်းတာအသံကိုညံနေတာပဲ ”

“ မနေ့က ငါလာတုန်းက စကားမပြောလို့တောင် စိုးရိမ်နေရသေးတာ၊ အခုက အသံထွက်လာတာကောင်းတယ်မလား သူချမ်း‌နေလို့ထင်တယ် ”

မပုက ဝင်ပြောလိုက်ပါသည်။

“ မဟုတ်ဘူး ပုမ သူက အအေးကြိုက်တာ၊ ပူရင်အခုလိုအော်နေရော၊ စဖြစ်တဲ့ရှေ့သုံးရက်က အဲ့တာသတိမထားမိဘူး၊ ဒီမနက်မှ သိသိသာသာကြီး အော်နေတာ ”

“ ဒါကြောင့် နေမဝင်အောင်

တံခါးပိတ်ထားတာလား ”

မပုက တံခါးကိုကြည့်လိုက်ပါသည်။

“ အေးလေ အဲ့ဒါကြောင့်ရော

အသံတွေသူများကြားမှာ စိုးလို့ရောပဲ ”

အမေညွှန့်က ရှင်းပြလိုက်ပါသည်။

“ ဆေးမှူးကလည်း ပြန်မရောက်သေးဘူး၊ ကျောင်းလေးက ဆရာတော်က ဆေးကုတတ်တယ်လို့ပြောကြတယ် အမေညွှန့် မေးကြည့်ပြီးပြီလားဟင် ”

“ ငါသွားမေးရေ ပြီးပြီ၊ လူခေါ်လာခဲ့ဆိုလို့မနေ့ညက တိုးတိုးတိတ်တိတ်သွားပြထားတယ်၊ ဒါပေမယ့် ညဘက်ဆို သူကအကောင်းအတိုင်းပဲ ဒီလိုပုံစံမဟုတ်ဘူး၊ အခုဆရာတော်ပြောထားတဲ့အတိုင်း ဓာတ်စာတွေတော့ ချက်ကျွေးထားတယ် ”

အဲ့နေ့က မကြည်ပြာ စောင်နှင့်ထုပ်ကာ ‌ကုန်းပိုးပြီး သွားပြခဲ့ပါသည်။ ပါတဲ့လူဆိုလို့ အမေညွန့်သာရှိပါ၏။ မကြည်ဖြူကလည်း ယောက္ခမရွာ အလည်သွားနေ၍ သားအမိနှစ်ယောက်သာ တိုးတိုးတိတ်တိတ်လုပ်နေရပါသည်။

“ အေးလေ ဗွီဒီယိုလာကြည့်တုန်းကလည်း ရယ်ရယ်ပြုံးပြုံးပဲဟာ၊ ငါက ရှေ့သုံးရက်က ရိုးရိုးဖျားပြီး အားနည်းနေတာပဲထင်တာ၊ တစ်ခုခုဆိုခေါ်ပါဟဲ့ ငါအတင်းမတုပ်တတ်ပါဘူး ”

“ နင်က ရွာလည်ဈေးသည်ဆိုတော့

အတင်းနှိုက်ခံရရင်ပေါ်ကုန်မှာစိုးလို့ပါအေ ”

အမေညွှန့်ဝင်ပြောကာ တိုးတိုးဟူသောအမူအရာဖြင့် တံခါးဘက်ကိုခြေဖျားထောက်ပြီး ရွေ့သွားလိုက်ပါသည်။

#သုတဈာန်

#သာလွန်ပညာရှင်

#သည်းခြေပျက်ခြင်း

ကောင်းကျိုးလိုရာဆန္ဒတွေ

လုံးဝပြည့်ဝကြပါစေသော်

All Chapters