← Chapters

နောက်ဆက်တွဲ

Vol. 2 Ch. 7

နောက်ဆက်တွဲ

Vol. 2 Ch. 7

“ မောင်ရင့်နေမကောင်းလို့ ခွင့်လာတိုင်တာပါ ”

မကြည်ပြာစာသင်ခန်းအပြင်ကနေလှမ်းပြောလိုက်ပါတယ်။ အထဲမှာ ကျောင်းသားတွေတော့ သိပ်မရှိပါဘူး။

“ ဝင်ခဲ့လေ အစ်မ ”

ဆရာမက စာအုပ်ပိတ်ပြီးလှမ်းခေါ်လိုက်ပါတယ်။ ကျောင်းသူကျောင်းသားတွေကတော့ ဂရုမစိုက်ပါဘူး၊ ဒီနေ့ မောင်ရင့်အလှည့်ပဲဆိုပြီး ပုံမှန်နေ့တစ်ခုလို ပြုမူနေကြပါတယ်။

“ သားလေး အတော်နေမကောင်းဖြစ်နေလို့ပါဆရာမ၊ အဲ့ဒါ နေပြန်ကောင်းမှ ကျောင်းကိုလွှတ်ချင်လို့ပါ ”

“ ရပါတယ်အစ်မ ၊ ဒီရက်ထဲ ခလေးတွေတော်တော်များများ နေမကောင်းဖြစ်နေကြတာ၊ ကျွန်မတောင် စာသေချာမသင်ဖြစ်ပါဘူး ”

ဆရာမက မြို့သူမို့ စကားပြောယဉ်ကျေးပါတယ်။ လဝက်စာမေးပွဲပြီးနောက် မောင်ရင့်ရဲ့ အမှတ်တွေတက်လာတာမို့ မောင်ရင့်အမေကိုလည်း အတော်သဘောကျနေပါတယ်။ ပုံမှန်မိဘတွေဆို ကျောင်းသားအကြောင်းခေါ်ပြောပြီးလည်း သိပ်ဂရုမစိုက်ကြဘူးလေ။

“ အဒေါ်စိတ်မပူပါနဲ့၊ သမီးစာကူးပေးထားပါတယ် ”

ရှေ့ဆုံးဘေးတန်းက ကောင်မလေးတစ်ယောက်ကထပြောပါတယ်။ သူ့နာမည်က သဇင်ကျော်ပါ၊ အတန်းခေါင်းဆောင်မို့ ကျောင်းသားတွေအပေါ် အစစအရာရာကူညီတတ်သူလည်းဖြစ်ပါတယ်။

“ ဟုတ်တယ်အစ်မ သူ့သူငယ်ချင်းတွေလည်းဝိုင်းကူပေးပါလိမ့်မယ်၊ စာလည်းအသစ်သိပ်မသင်ဖြစ်ပါဘူး၊ ဒီကြားထဲ နားမလည်ရင်လည်း ညနေကျောင်းဆင်းတဲ့အခါ ကျွန်မဆီစာမေးပြီမှပြန်လို့ရပါတယ် ”

ဆရာမက ပြုံးပြီးပြောလိုက်ပါတယ်၊ တပည့်မရဲ့အလိုက်သိမှုကိုလည်း ဂုဏ်ယူသွားပါတယ်။ မောင်ရင့်သူငယ်ချင်းတစ်သိုက်ကတော့ မသိသလိုပဲ အိပ်ငိုက်တဲ့သူတွေက အိပ်ငိုက်နေကြပါတယ်။

“ ကျေးဇူးပါ ဆရာမရယ် အားလည်းနာပါတယ်၊ လဝတ်စာမေးပွဲကိစ္စပြီးကတည်းက စာနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်သွားတာ၊ သူက ကြိုးစားတာတော့ ကြိုးစားပါတယ်၊ စာတွေမေ့မေ့သွားတယ်ပြောလို့ ကျွန်မလည်း ဆူရခက်သွားတာ ”

“ အကြောက်လွန်သွားလို့နေမှာပါ၊ မောင်ရင့်က အရမ်းအသည်းငယ်တာ မိန်းခလေးတွေကိုတောင် ကြောက်တယ်၊ သဇင်ဆို သူ့ကိုအမြဲစနေကြလေ ”

ဆရာမက မကြည်ပြာစိတ်အေးအောင်ပြောလိုက်ပါတယ်။ တကယ်လည်း မောင့်ရင့်က ရှက်ကြောက်လွန်းသူပါ၊ ၈ တန်းခလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် နောက်ကျလွန်းနေတာ ဒါကြောင့်လည်း ပါမယ်လို့ ဆရာမတွေးမိသွားပါတယ်။

“ ဒါဆို ကျွန်မ ပြန်လိုက်အုံးမယ်နော်ဆရာမ၊ ကျေးဇူးပဲနော် သမီးလေး ”

မကြည်ပြာ သဇင်ကျော့်ကိုပါ လှမ်းနှုတ်ဆက်လိုက်ပါတယ်။ ပြီးမှ

“ ကျော်ခေါင် နင့်အမေ့နဲ့တိုင်လိုက်ရမလား၊ အိပ်ငိုက်နေတာကြည့် ငါ့တောင်နှုတ်မဆက်ဘူး ”

ငိုက်နေတဲ့ဝတုတ်လေးလည်း လန့်သွားပါတယ်။

“ ဒေါ်လေး အမေ့ကိုပြန်မပြောပါနဲ့နော်၊ မောင်ရင့်ကိုစာကူကျက်ပေးပါမယ် ”

မကြည်ပြာနှာခေါင်းရှုပ်လိုက်ပါတယ်။

“ ကိုယ့်စာကိုယ်ပဲ အရင်လုပ်ပါအုံး ”

ဒီအချိန်မှာပဲ ဆရာမကရယ်ပြီး

“ ကျောင်းသားလည်း သိပ်မရှိတာနဲ့ စာကျက်ချင်တဲ့သူကျက် နားချင်တဲ့သူနားလို့ ခွင့်ပေးထားလို့ပါ အစ်မ၊ ခလေးတွေက လိမ္မာကြပါတယ် ”

မကြည်ပြာထူးဆန်းသွားပါတယ်၊ ဆရာမလေးတို့ကျ တစ်မျိုးပဲပေါ့၊ ဒါပေမယ့် အထင်မသေးရဲပါဘူး ဆရာမလေးက အသင်အပြအရမ်းကောင်းပြီး စေတနာပါတယ်ဆိုတာ မိဘအားလုံးလက်ခံထားပြီးသားပါ။

“ မသိလို့နော် ဆရာမ သူ့အမေက အရမ်းစည်းကမ်းကြီးတာ အဆင့်မကောင်းရင် ထင်းပေါက်စနဲ့ချည်းချလို့ ကျွန်မတို့ ခဏခဏဝင်ဆွဲရတယ် ”

ကျော်ခေါင် လူရှက်သွားပါတယ်။ အဒေါ်ကြီးရဲ့လွှတ်လွှတ်ပြောတတ်တာ တစ်ခုနဲ့တော့ ခက်ပါတယ်။

ကျောင်းသားအချို့ ပြုံးစိစိနဲ့လှမ်းကြည့်လိုက်ကြပါတယ်၊ စာလုပ်နေတဲ့သူတွေလည်းရှိလို့ အသံတော့ ကျယ်ကျယ်မထွက်ရဲကြပါဘူး။ ဆရာမလေးလည်း ပြုံးတုံ့တုံ့ဖြစ်သွားရင်း

“ ကြားတယ်နော် သားကျော်ခေါင်၊ အမေ့ကိုစိတ်မပျက်စေနဲ့နော် ”

“ ဟုတ်ကဲ့ပါဆရာမ၊ ကျေးဇူးပါ ဒေါ်လေး ”

ကျော်ခေါင် ဆက်မအိပ်ရဲတော့ပါဘူး၊ ဘေးကစုစု,စုစုတွေလည်း စာအုပ်လေးတွေ ကိုယ်စီထုတ်လိုက်ကြပါတယ်။ အခြေအနေပြောင်းသွားတာမို့ မကြည်ပြာလည်း ငါဝင်ပါမိပြန်ပြီဆိုပြီး ရှက်ရှက်နဲ့ နှုတ်ဆက်ထွက်လာခဲ့ပါတော့တယ်။

စာဖတ်သံတွေ နောက်ကပါမလာပါဘူး၊ ဆရာမလေး အခြေအနေကိုပြန်ထိန်းလိုက်ပြီထင်ပါတယ်၊ မသိတော့ပါဘူးလေ။

ခွင့်တိုင်ပြီးသွားပြီမို့ လက်တလောပူပန်စရာကိစ္စက မကြည်ပြာခေါင်းထဲပြန်ရောက်လာပါတယ်။ မောင်ရင့်က ဆရာမလေးတို့ထင်နေသလို ရိုးရိုးနေမကောင်းဖြစ်နေတာပဲ မဟုတ်ပါဘူး။

( ခ )

တောင်ပေါ်ဖြစ်၍ လေက တဟူးဟူးတိုက်ခတ်လျက်ရှိပါသည်။ မသိမ်းရသေးသည့် သစ်ရွက်ခြောက်တို့မှာလည်း တချက်တချက်လွင့်လျက်ရှိပါ၏။

လှည်းလမ်းမနှင့်မနီးမဝေးက သစ်ရွက်ခြောက်တို့ပုံလေရာ အရိပ်ကောင်းပျဉ်းကတိုးပင်ကြီးအောက်ရှိ ခပ်လတ်လတ်အရွယ်အိမ်ကလေးဆီမှ ငြီးသံသဲ့သဲ့တို့မှာလည်း အနီးအနားအိမ်များဆီသို့ ရောနှောပျံ့လွင့်လျက်ရှိပါသည်။

“ မောင်ရင့်ဖျားတာက သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားမသိ၊ သရဲပူးတယ်ထင်တာပဲ ”

“ ဟုတ်ပါ့ ငါဟိုနေ့က ဖြတ်သွားရင်း ထူးထူးဆန်းဆန်းကြီးထိုင်နေတာတွေ့ခဲ့ရပါတယ်ဆို ”

ခေါင်းရင်းကိုကျောပေး၍ထိုင်နေသော အသက် ၃၅ နှစ်အရွယ် မိန်းမတစ်ယောက်မှ ဟိုကြည့်ဒီကြည့်နဲ့ ခပ်တိုးတိုးပြောလိုက်ပါသည်။

“ မမြင့်ရယ် အရမ်းစွပ်စွပ်စွဲစွဲမပြောပါနဲ့ ကလေးက လိမ်လိမ်မာမာလေးပါ၊ သရဲတော့မပူးနိုင်လောက်ပါဘူး၊ အဖျားကြီးလွန်းလို့နေမှာပါ ”

မျက်နှာချင်းဆိုင်မှ မိန်းမတစ်ယောက်က ရေနွေးထည့်ရင်း သက်ပြင်းချကာပြောလိုက်ပါသည်။

“ မပု ဘာသိလို့လဲ လိပ်ပြာလှရင်လည်းဖမ်းစားခံရတတ်တယ်၊ သူ့အဖွားအသုဘမှာတုန်းကလည်း တော်တော်ကြာအောင် မေ့သွားသေးတာတဲ့၊ ကျွန်မ ညီမတောင် နှာနှပ်ပေးလိုက်ရသေးတယ် ”

ခေါင်းရင်းမှ မိန်းမက ပထမမိန်းမကို ဟုတ်တယ်မလားဟူသောပုံစံဖြင့် မှေးလှမ်းငေါ့လိုက်ပါသည်။

“ ဟုတ်တယ် အစ်မ၊ နိုးလာ‌တော့ ကြောင်တောင်တောင်နဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီး သူ့အဖွားအိမ်မက်ပေးတာတဲ့၊ အလောင်းတောင်မြေမကျသေးတာကို အိမ်မက်ပေးတယ်လာလုပ်နေတာ၊ အဲ့နေ့က ညီမမှာအမေစိန့်ကိုကြောက်လို့ စောစောပြန်ခဲ့ရသေးတယ် ”

ခပ်ငယ်ငယ်မိန်းမမှ ကြောက်စရာတစ်ခုခုကို ပြန်တွေးမိသည့်ပုံဖြင့် ပုခုံးတွန့်ကာ ပြောလိုက်ပါသည်။

“ အဲ့ဒါတကယ်ပဲလေ ငါ ခရီးကပြန်ရောက်ရောက်ချင်း မှီသလောက်သွားကူပေးရင်းနဲ့သေချာသိခဲ့ရတာ၊ အမေညွှန့်တို့ကို လာနှုတ်ဆက်တာတဲ့ ”

“ ဒါပေမယ့် အဲ့ကတည်းကမောင်ရင့်ပုံစံက မူမမှန်ဘူး၊ ပြီးတော့ ဘာလို့မောင်ရင့်ကိုမှအိမ်မက်ပေးရတာလဲ သူ့သမီး အမေညွန့်ကျ ပြန်ပြောပြမှသိရတယ်လေ ”

မပုဆိုသူမှ တွေးတွေးဆဆဖြင့်

“ မောင်ရင့်က ကလေးမို့ အိမ်မက်ပေးရတာလွယ်လို့နေမှာပေါ့၊ မမြင့်ပြောသလို လိပ်ပြာလှလို့ အိမ်မက်ပေးတာလည်း ဖြစ်နိုင်ပါတယ် ”

အဖျားတိုးသွားသော မပုလေသံကို မမြင့်ဆိုသူမှ သဘောကျဟန်ဖြင့် ငါပြောသားပဲဟု တုံ့ပြန်လိုက်ပါသည်။

“ ဒါနဲ့လေ အခုမောင်ရင့်ကို ပူးနေတဲ့သရဲက အမေစိန်လားမသိ၊ နှုတ်ဆက်တယ်လို့ညာပြီး ဟန်ဆောင်နေတာထင်တယ် ”

“ ပြောရဲဆိုရဲ ... ငါခေါက်လိုက်ရ၊ ဒေါ်ညွှန့်တင်ကြားလို့ ခုနှစ်သံချီအတက်ခံနေရမယ် ဟိုက အိုသာအိုတာ အာကကျယ်ပါဘိနဲ့ ”

မမြင့်က အငယ်မပါးစပ်ကို လှမ်းပိတ်ရင်း အပြင်ကိုလှည့်ကြည့်လိုက်ပါသည်။ ဒေါ်ညွှန့်လေသံ သူမိထားပြီးသည်မှာသိပ်မကြာသေးဘူးမို့ ထပ်မကြားချင်တော့သည်မှာအမှန်ပင်။

“ ကျွန်မပြန်အုံးမယ် မမြင့်၊ အိမ်မှာရေကုန်နေတာ အခုမှသတိရလို့၊ ကျော်ခေါင်ကသိပ်အားကိုးရတာမဟုတ်ဘူး ရေခမ်းခါနီးမှ သွားခပ်ချင်တာ ”

မပုက လက်ကျန်ရေနွေးကိုမေ့ရင်းပြောလိုက်ပါသည်။ သူ့ပုံစံက ငါမပါဘူးနော် ဆိုသကဲ့သို့ပင်။

“ ‌ကျေးဇူးပဲနော် မပု၊ ဒီသနပ်ခါးလေး လိုချင်နေတာကြာပြီရယ်၊ နောက်တစ်ခါမြို့ဘက်သွားရင်လည်း ပြောပါအုံးနော်၊ ကျွန်မ ပိုက်ဆံကြိုပေးထားပါ့မယ် ”

မမြင့်က လိုက်ပို့ရင်း မျက်နှာချိုသွေးလိုက်ပါသည်။ ပိုက်ဆံရှိသော်လည်း သွားနိုင်လာနိုင်သူမဟုတ်တာမို့ ယခုလို မြို့ဘက် ခဏခဏတက်တတ်သည့် မပုတို့ကိုသာ သူ့မှာအားကိုးနေရပါသည်။

“ ရပါတယ် မမြင့်ရဲ့ ... အချင်းချင်းတွေပဲ၊ တင်စိန်လည်း လိုချင်တာရှိရင် မှာလို့ရတယ်နော် ”

“ ဟုတ်အစ်မ လိုချင်တာတော့ ရှိတယ်၊ ဘုရားပွဲမှာဝတ်ဖို့ကောင်းတာလေးတစ်ခုခုပေါ့ ”

တင်စိန်က ရှက်ရှက်နဲ့ အစ်မဖြစ်သူ မမြင့်ကိုလှမ်းကြည့်လိုက်ပါသည်။ လင်တော်မောင်ကို အားမကိုးရသူမို့ အစ်မသည်သာ ကူညီရာဖြစ်နေသူ‌ပါ။

“ ကျွန်မပဲ လာပြီး ပေါင်းမှာလိုက်ပါမယ်၊ သူ့ဆီကတော့ မျှော်လင့်မနေပါနဲ့ မပုရယ် သူ့လင် အမူးသမားက သူရှာတာတောင်သူမလောက်ဘူး ”

“ ဟီးဟီး ... ဒါပေမယ့် အစ်ကိုကြီးလိုတော့ မရိုက်တတ်ပါဘူးနော် ”

“ အေးလေ သူ့ဘာသာ မူးပြီးမှောက်နေတာကို ”

မပုအပြင်မရောက်တော့ပါ၊ တစ်အိမ်ဝင်တစ်အိမ်ထွက်ဈေးသည်ဘဝက ယခုလိုပင် စကားကောင်းရင်ကောင်းသလိုကြာသွားတတ်ပါသည်။

“ စကားများမနေကြနဲ့အုံး သွားပြီနော် ”

ကြားလိုက်လားမသိပေမယ့် ဒီအတိုင်းပဲ မပုလှည့်ထွက်လာခဲ့လိုက်ပါတော့သည်။ မနက်တစ်ပိုင်း အရောင်းလှသွားပြီမို့ စိတ်လည်းကြည်နေပါသည်။

ဒီလိုလေးပဲဆက်ရောင်းသွားရရင် ဘုရားပွဲမတိုင်မှီ ကျော်ခေါင့်အတွက် အင်္ကျီအသစ်စီစဉ်ပေးနိုင်လိမ့်မည်ဟုလည်း တွေးမိပါသည်။ ခက်တာက မောင်ရင့်အကြောင်းချည်း အတင်းတုပ်နေကြသည်ကို သံယောင်လိုက်ကာ ဈေးရောင်းပေးနေရခြင်းကို စိတ်ညစ်လာသည့်ပြဿနာပါ။

မောင်ရင့်ဆိုသည်မှာ သားဖြစ်သူ၏သူငယ်ချင်းလည်းဖြစ်၊ မိမိသူငယ်ချင်း၏သားလည်းဖြစ်သူပင်။ လိမ္မာယဉ်ကျေးသည့် ကလေးလည်းဖြစ်သသည်မို့ မပုကိုယ်တိုင်လည်း ချစ်ခင်ရပါသည်။

တကယ်သရဲပူးတာ မဟုတ်ပါစေနဲ့ဟုသာ မပုဆုတောင်းနေမိပါသည်။ ဒီရွာလို တောခြုံအုံကြားမှာ တစ်ခုခုဖြစ်လျှင် မည်သူမှ ကယ်နိုင်လိမ့်မည်မဟုတ်ပေ။

“ ပုမ နင် ဈေးရောင်းပြီးပြန်လာတာလား ”

“ ကြည်ပြာပါလား ဘယ်ကတုန်း ”

ကားလမ်းမဘက်မှလှည့်ဝင်လာသော သူငယ်ချင်းဖြစ်သူကိုကြည့်ရသည်မှာ အတော်အားပြတ်နေဟန်တူပါသည်။

“ ကျောင်းကို ခွင့်သွားတိုင်တာ၊ နင့်တူ အခုထိနေမကောင်းသေးဘူးလေ၊ အရမ်းကြာနေရင် မကောင်းလို့ ခွင့်တိုင်ထားလိုက်တာ၊ ဆရာမလေးသဘောကောင်းလို့ တော်ပါသေးတယ် ”

မကြည်ပြာက သက်ပြင်းချသံနဲ့ဖြေလိုက်ပါသည်။ သားဖြစ်သူ စာသေချာလုပ်သည့်အခါမှ ဖြစ်ရသည်မို့ ယုန်ထင်ကြောင်ထင်လည်းဖြစ်နေပါ၏။

“ အေး ငါလည်း ညနေကျရင် သတင်းထပ်လာမေးမလို့ပဲ၊ ဘယ်လိုနေသေးလဲ မနေ့ကနဲ့စာရင် ”

“ မသက်သာပါဘူးဟယ်၊ ဆိုးလည်းမဆိုး ကောင်းလည်းမကောင်းနဲ့ အမေနဲ့ငါလည်း နားကိုမလည်တော့ပါဘူး ”

သူငယ်ချင်း၏ရင်တွင်းစကားကြောင့် မပုအိမ်မပြန်နိုင်တော့ပေ။ မောင်ရင့်လေးကိုလည်း သနားမိပါသည်။

“ ငါတစ်ခါတည်းလိုက်ခဲ့မယ် စိတ်ညစ်မနေနဲ့တော့ အားလုံးဝိုင်းစဉ်းစားကြတာပေါ့ ”

#သုတဈာန်

#သာလွန်ပညာရှင်

#သည်းခြေပျက်ခြင်း

ကောင်ကျိုးလိုရာဆန္ဒတွေ

လုံးဝပြည့်ဝကြပါစေသော်

All Chapters