← Chapters

တစ်ကောင်တည်းမဟုတ်ဘူး

Vol. 2 Ch. 9

တစ်ကောင်တည်းမဟုတ်ဘူး

Vol. 2 Ch. 9

“ ဂစ် ... ဂစ် ”

အိမ်ထဲက ထွက်လာသည့်အသံ၊ လည်ပင်းညှစ်ခံနေရသည့်ကြားမှ အသားကုန်အော်ဟစ်နေသလိုမျိုး၊ အမေညွှန့် အစိုးရိမ်ကြီးသွားပါသည်၊ ညဉ်းရုံပဲမဟုတ်တော့သည့် အခြေအနေပင်။

“ ဝုန်း ”

လူသုံးယောက် တံခါးကို အတင်းဖွင့်ကာ အထဲကိုပြေးဝင်သွားပါသည်။ အတွင်းမှာ မောင်ရင့် တက်နေပါပြီ။ ဖြူခြောက်နေသော နှုတ်ခမ်း‌တို့နှင့်အပြိုင် မျက်သားများက လန်လျက်ရှိနေပါ၏။ သို့ပေမယ့် လဲကျမနေ ...

“ လက်ကိုချုပ်ကြ ”

အမေ့ညွှန့် နောက်ကသိုင်းဖက်ပါသည်၊ လူက အကောင်သေးပေမယ့် တော်ပေါ်တက်ကာ ထင်းခွေဟင်းရှာသမားမို့ အားကသန်လှပါ၏။ တစ်ဖက်တချက်မှာက မကြည်ပြာနဲ့ မပုမက လည်ပင်းဖျစ်ထားသည့်လက်နှစ်ဖက်ကို ဆွဲခွာနေကြပါသည်။

“ အမေရေ မရဘူး ”

မကြည်ပြာလှမ်းအော်ပါသည်။ မပုမလည်း မဟန်ပါ။ မောင်ရင့်လက်နှစ်ဖက်တွင် ဘယ်တုန်းကမှ မပေါ်ခဲ့ဖူးသော အကြောများက အပြိုင်းပြိုင်းထက အတင်းညှစ်နေပါသည်။

“ အသုံးကို မကျကြဘူး ”

အမေညွှန့်ဆူလိုက်ကာ မောင်ရင့်နာရင်းကို ခပ်ပြင်းပြင်း အုပ်ချလိုက်ပါသည်။ ဖြောင်းဟူသော အသံနှင့်အတူ လည်ပင်းကိုညှစ်နေသည့်လက်နှစ်ဖက်ရပ်သွားပါသည်။

“ အမေဘာလုပ်တာလဲ ”

မကြည်ပြာလန့်ပြီး အော်လိုက်ပါသည်။ မပုမလည်းကြောင်သွားပါသည်။ မောင်ရင့်လည်း တွေတွေကြီးဖြစ်ကာ ငေးကြည့်နေပါ၏။

“ နင်တို့မှ အားကိုးမရတာ၊

အခုရပ်သွားပြီ ကြည့် ”

ဟုတ်ပါသည် မောင်ရင့်မတ်တပ်ကြီးပြုံးကြည့်နေသည်ကို ‌ကြက်သီးထဖွယ်တွေ့လိုက်ရပါပြီ။ မပုမ ကြောချမ်းသွားပြီး ...

“ သား မောင်ရင့် ... ”

ဟုခေါ်ကာ အနောက်ကို တစ်လှမ်းဆုတ်လိုက်မိပါသည်။ သူ့စိတ်ထဲမှာလည်း သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သေချာသွားပါပြီ။

“ သားလေး အမေလေ ”

မကြည်ပြာ မျက်ရည်များကျလာကာ အရှေ့ကိုတိုးသွားပါသည်၊ သားရယ် ဘယ်လိုတွေဖြစ်ကုန်တာတုန်း အမေ့ကိုပြောပါအုံး။

“ ကြည်ပြာနောက်ဆုတ်

ဒါနင့်သားမဟုတ်ဘူး ”

အမေညွှန့် မကြည်ပြာကို လှမ်းဆွဲကာ နောက်ကို ဆုတ်လိုက်ပါသည်၊ ထို့နောက်ဒေါသထွက်နေသော မျက်နှာဖြင့် ...

“ နင်ဘယ်သူလဲ

ငါ့မြေးကို ဘာလုပ်ထားတာလဲ ”

လက်ထဲတွင်လည်း တံမြက်စည်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပါသည်၊ မကြည်ပြာလည်းမျက်ရည်သုတ်ရင်း ...

“ ငါ့သားကို အခုလွှတ်ပေးစမ်း ”

ပြောင်းလဲသွားသည့် အခြေအနေကြောင့် မပုမ အနောက်ကနေ ဘာလုပ်ရမည်မသိဖြစ်နေပါသည်၊ အခြေအနေကို ရိပ်စားမိသည့် အမေညွှန့်က ...

“ ပုမ ကျောင်းကြီးကိုသွားပြီး ဆရာတော်ကိုပင့်ခဲ့ အကျိုးအကြောင်းပြောပြီး၊ အမြန်လုပ် ”

ဟုတ်ဟုတ်ပင် မပြောနိုင်တော့ပေ မပုမ ခြေကုန်သုတ်လေတော့၏၊ မကြည်ပြာနှင့် အမေညွှန့်လည်း မောင်ရင့်ဘက်သို့ ပြန်လည်မျက်နှာမူလိုက်ကြပါသည်။

“ ဟီး ဟီး ငါဘယ်သူလဲဟုတ်လား ”

မောင်ရင့်ဆီမှ သရော်နေပုံရသည့် ယောက်ျားကြီးတစ်‌ယောက်အသံတစ်ခုထွက်လာပါသည်။ သွားကြီးဖြီးပြီးလည်း ကြည့်နေပါသည်။

“ ‌ပြောစမ်း နင်ဘယ်သူလဲ ”

မကြည်ပြာ စိတ်မရှည်တော့ပေ။

“ ငါလည်း မသိဘူး ဟီးဟီး ”

အမေညွှန့် မျက်မှောင်ကြုပ်သွားပါသည်။

“ မင်းပြောလိုက် ...မင်းဘာမင်းပြောပါလား ငါမသိဘူး ... ငါလည်းပွင့်နေလို့ဝင်လာတာ ဒီကောင်မလေးတွေက ဘာတွေလဲ ”

မောင်ရင့်တစ်ယောက်တည်း စကားမျိုးစုံပြောနေပါသည်။ တစ်သံနှင့်တစ်သံလည်း မတူညီကြပါချေ။ အချင်းချင်းရန်ဖြစ်နေသည်ကို ကြားဝင်ဖျန်ဖြေခံရသည်မို့ မကျေမ‌နပ်ဖြစ်နေသည့်ပုံပင်။

“ သရဲကောင် နင်ဘယ်သူလဲ ”

အမေညွန့်က တံမြက်စည်းနှင့်ညွှန်ကာ ရင်ဘတ်ရှိ ဆွဲသီးကိုပါ မြှောက်ပြလိုက်ပါသည်၊ မကြည်ပြာလည်း အမေညွှန့်ကိုကြည့်ပြီး ထူးဆန်းသွားပါသည်။

“ ပြောစမ်း ငါ့သားကိုအခုလွှတ် ”

သားအမိနှစ်ယောက် အသားတွေ တဆတ်ဆတ်‌တုန်နေကာ ဒေါသများ ပေါက်ကွဲနေကြပါသည်၊ အာဂမိန်းမများကို ဘေးလူများပင် နားလည်နိုင်တော့မည် မထင်ပေ။

“ ငါမဟုတ်ဘူး ”

“ ငါလည်းမဟုတ်ဘူး ”

“ ငါမပါဘူး ”

“.... ”

.

.

.

.

အသံများတစ်ခုပြီး တစ်ခုထွက်ပေါ်လာကာ နောက်ဆုံး၌ မောင်ရင့်အသံဖျော့ဖျော့လေးကိုကြားလိုက်ရပါသည်။

“ သားကိုကယ်ပါအုံး ”

“ သားလေး ”

လဲကျတော့မည့် မောင်ရင့်ကို မကြည်ပြာ အမြန်ပွေ့ဖက်လိုက်ပါသည်။ တစ်ကိုယ်လုံးအေးစက်ပြီး မျက်နှာမှာလည်း သွေးစုပ်ဖြူရော်နေပါပြီ။

“ ဝုန်း ”

လေအေးတစ်ချက်နှင့်အတူ အမေညွှန့်တစ်ယောက်လဲကျသွားပြန်ပါသည်။ မကြည်ပြာ လန့်ပြီး သားကိုခဏချကာ အမေ့ဆီပြေးသွားလိုက်ပါသည်။

“ အမေ ဘာဖြစ်တာလဲ ”

“ စိတ်မပူနဲ့ ဆရာတော်ကြွလာရင်

အခြေအနေတွေကို သေချာပြောပြလိုက် ”

စကားဆုံးသည်နှင့် ခေါ်မရတော့ပေ၊ အမေညွှန့်ကို ယုံကြည်သည်မို့ မကြည်ပြာ အိပ်ယာပြင်ကာ အသာအယာချပေးထားလိုက်ပါသည်။

“ သားရယ် ဘယ်လိုတွေဖြစ်ရတာလဲ ”

အားနည်းပြီး စကားပင်သေချာမပြောနိုင်တော့သော သားဖြစ်သူကို ပွေ့ဖက်ထားရင်း မကြည်ပြာ မျက်ရည်များကျလာပါသည်။ မောင်ရင့်ပါးပြင်ပေါ်တွင်လည်း မျက်ရည်များက စီးကျနေပါ၏။

သူ့ခမျာပြောချင်သောစကားများလည်း မဖွင့်ဟနိုင်ဖြစ်နေပါသည်။ အဖွားအဖြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်စိတ်များ‌ဖြစ်နေပါသည်။

( ခ )

လက်ဆွဲအိပ်ကိုဖွင့်ကာပစ္စည်းများအသေချာစစ်ကြည့်လိုက်ပြီး ကျေနပ်သွားဟန်ဖြင့် ပြန်ပိတ်ကာ မတ်တပ်ထရပ်လိုက်ပါသည်။

တစ်ယောက်တည်းသာနေသူမို့ မည်သူ့ကိုမျှနှုတ်ဆက်စရာမရှိပါ၊ တစ်ခါတလေတော့ သူစာခေါ်ပြတတ်တာရှိပါသည်၊ မရှင်းသည်များကို ထပ်ပြောနိုင်ရန်သာရည်ရွယ်သည်မို့ အပိုဝင်ငွေတော့မရပေ။

“ ဆရာမ သွားတော့မလား ”

သဇင်ကျော်က အလိုက်သိစွာ ထရပ်လိုက်ပါသည်၊ ရတနာထွန်းက စားလက်စမုန့်ထုပ်ကိုသိမ်းလိုက်ပါသည်။

“ သွားကြတာပေါ့ လှေလည်းစီးရအုံးမှာ ”

ချောင်းကိုဖြတ်ရမှာဆိုပေမယ့် သိပ်မကျယ်တာမို့ စိုးရိမ်စရာတော့မရှိပေ။ စက်ဘီးသယ်နိုင်လောက်သည့် ဖောင်လှေသာ စောစောထွက်သွားမည်ကို ဆရာမကြောက်နေခြင်းပင်။

စက်ဘီးစီးရအဆင်ပြေအောင် ဘောင်းဘီဝတ်ထားသည့် ဆရာမကိုကြည့်ရင်း ရတနာထွန်း အံ့ဩသွားပါသည်။ အိမ်ကအဒေါ်နှင့်ရွယ်တူဟုပင်မထင်ရပေ၊ မြို့သူမို့လည်း ဖြစ်ပါလိမ့်မည်။

“ ဘာတွေငေးနေတာလဲ ဆရာမကိုကြည့်ပြီး လန့်သွားတာမလား၊ ငါလည်းအခုလိုဝတ်တာမြင်တုန်းက အံ့ဩသွားတာ ”

သဇင်ကျော်က ရယ်ပြီးပြောပါသည်၊ ညီအစ်မဆိုလျှင် မည်သူမျှ ငြင်းမည်မဟုတ်ပေ။ သူ့အထင် ဆရာမကကို နုပျိုလွန်းနေတာပါ၊ အခြားမြို့သူများ ကို သူတွေ့ဖူးသလောက် ယခုကဲ့သို့ သိသိသာသာ အရွယ်တင်မနေ။

မနေ့က မောင်ရင့်အမေရဲ့ ဆရာမလေးဆိုတာကိုပင် ရယ်ချင်သွားပါသည်၊ ဒါပေမယ့် လေးစားသမှုနှင့်ခေါ်သည်မို့ အပြစ်တော့မဆိုသာပေ။ မောင်ရင့်အမေဖြစ်နေ၍ အပြစ်တင်၍လည်း မဖြစ်ပါ။

“ ကျောင်းစိမ်းနဲ့လည်း သိပ်မကွာတာကို ထူးဆန်းလိုက်တာနော်၊ ဆရာမကို မမလို့ပဲခေါ်တော့မယ် ”

ရတနာထွန်းက ဆရာမကို လှမ်းစလိုက်ပါသည်။

“ ကဲကဲ အရွှန်းဖောက်မနေကြနဲ့တော့

နောက်ကျနေရင်မကောင်းဘူး ”

စကားပြောရင်း ကြည်သန့်မေမှ စတင်၍ နင်းထွက်လိုက်ပါသည်။ ကား‌လမ်းမကိုတင် ၁၀ မိနစ်လောက်နင်းကြရပါအုံးမည်။

“ ဟာ ဆရာမကမြန်ချက်ပဲ ”

သဇင်ကျော်တို့နှစ်ယောက် နောက်ကအမှီလိုက်ကြပါသည်၊ ကားလမ်းမပေါ်က ရွာနှစ်ရွာကိုဖြတ်ပြီး အဲ့ဒီကနေမှ ချောင်းရှိရာအတွင်းဘက်ကို ချိုးကာ သွားရမည်မို့ ခရီးလမ်းကကြမ်းပါသည်။

“ မောင်ရင့်တို့ ဒီလိုအသွားအပြန်နဲ့ ကျောင်းတက်ရတာ တော်တော် ပင်ပန်းမှာပဲ၊ ကျောင်းနားက ရွာမှာနေပြီးတက်လို့ရရင်လည်းကောင်းမယ် ”

“ သူလည်း ပြောဖူးတယ်ဆရာမ၊ သူ့အမေတို့က စိတ်မချလို့တဲ့ မောင်ရင့်က ခြူရှာတော့ ”

“ ဟဲ့ .. ”

ရတနာထွန်းက ဘေးကနေစီးရင်း တိုးတိုးပြောလိုက်ပါသည်၊ သဇင်ကျော်က ဆရာမသိပြီးသားဟူသော အမူအရာကိုပြလိုက်သည်မို့ အံ့ဩတကြီးနှုတ်ဆိတ်သွားပြီး ‘ကောင်မ ငါ့မှာတော့ ဟန်ဆောင်လိုက်ရတာ’ ဟု မျက်စောင်းထိုးလိုက်ပါသည်။

“ အင်း သူလည်း သနားပါတယ် ”

ဆရာမက တွေးတွေးဆဆဖြင့်ပြန်ပြောလိုက်ပါသည်၊ အချင်းချင်းပြောနေသည်ကိုလည်း မသိချင်ယောင်ဆောင်နေလိုက်ပါ၏။ တပည့်တွေက ရူးရူးမိုက်မိုက်လုပ်မည့်သူတွေ မဟုတ်တာမို့ အထူးတလည် လိုက်ပိတ်နေစရာမလိုဟု သူယူဆထားပါသည်။

“ ကျော်ခေါင်က မနေ့က အတော်ပျော်နေတာ ဆရာမလာမယ်ဆိုလို့ လှမြင့်ကလည်း သူ့အမေကို ဟင်းကောင်းကောင်းချက်ခိုင်းပြီး စောင့်နေမှာတဲ့ ”

သဇင်ကျော်က လက်တဖက်လွှတ်ကာ ဆံပင်သပ်ရင်းပြောလိုက်ပါသည်။ ကားအသွားအလာသိပ်မရှိချိန်မို့ ယခုလိုက စီး၍ရပါသည်။

“ လှမြင့်က ပိုပျော်နေလောက်တယ်၊ အဲ့ကောင်က သူ့အမေကပ်စေးနည်းကြောင့် တစ်ခါမှကောင်းကောင်းမစားရဘူးလို့ ညဉ်းနေတာ ”

“ ဘယ်ကသာ ကျော်ခေါင်က ပိုပျော်နေတာ ”

“ အဲ့လိုမစပါနဲ့လို့ပြောထားတာကို၊ အဲ့ကောင်က အစားပဲပုပ်နေတာ ငါလုံးဝကြည့်မရဘူး ”

စက်ဘီးစီးရင်း မုန့်ပလုပ်ပလောင်းစားနေသည့် ရတနာထွန်းကိုကြည့်ကာ သဇင်ကျော် အော်ရယ်မိသွားပါသည်။

“ ဘယ်သူက အစားပုပ် ”

“ သမီးတို့ရေ တိုးတိုးပြော‌အုံး စက်ဘီးစီးနေလို့ သိပ်မကြားရတာသမီးတို့ အသံတွေက အကျယ်ကြီးပဲ ”

ဆရာမ မနေသာတော့ပေ၊ ရှေ့နားဆို ချောင်းစပ်ရောက်ပြီမို့ လူတွေကို ဟိုတစ သည်တစတွေ့နေရပါပြီ။ ကုန်းမြင့်စေတီလေးတစ်ဆူကိုလည်း မှိန်ပျပျတွေ့နေရပါ၏။

“ ဟီး ... ဟုတ်ဆရာမ ”

နှစ်ယောက်သား ခေါင်းငြိမ့်ရင်း ရွှေရောင်တဝင်းဝင်းတောက်ပနေသည့်စေတီဘက်ကိုလည်း စိတ်ဖြင့်မှန်း၍ဦးချလိုက်ကြပါတော့သည်။

#သုတဈာန်

#သာလွန်ပညာရှင်

#သည်းခြေပျက်ခြင်း

ကောင်းကျိုးလိုရာဆန္ဒတွေ

လုံးဝပြည့်စုံကြပါစေသော်

All Chapters