တိုက်စားသွားပြီ
Vol. 2 Ch. 10
မပုမတစ်ယောက် ကပ္ပိယနောက်မှနေ၍ ခပ်သွက်သွက်လိုက်လာပါသည်။ ဆရာတော်မှ မနှေးလွန်းမမြန်လွန်းကြွနေပါသော်လည်း လိုက်မမှီသကဲ့သို့ရှိနေပါ၏။ ဆွမ်းခံကြွနေကျခြေလှမ်းများက အရေးပေါ်ကိစ္စကြောင့်လည်း ပိုမြန်နေခြင်း ဖြစ်ပါလိမ့်မည်။ အချိန်ကလည်း နေဝင်ပါတော့မည်။
ရွာက သိပ်မကျယ်သည်မို့ တောင်ကုန်းကိုတော့ မြင်နေရပါပြီ၊ မပုမတစ်ယောက် 'မကြည်ပြာတို့ ဘယ်လိုဖြစ်သွားပြီလဲ' ဆိုတာကိုလည်း စိုးရိမ်နေပါသည်။
“ သမီးစိုးရိမ်မနေပါနဲ့
အဘတို့လည်း ရောက်ပြီပဲ ”
ကပ္ပိယအဘမှ ရိပ်မိဟန်ဖြင့်နှစ်သိမ့်လိုက်ပါသည်။ တကယ်လည်း ရောက်ပြီမို့ အိမ်အခြေအနေကို လှမ်းကြည့်ကာ အပင်အောက်က မြေကွက်လပ်မှာပဲ အနေကထိုင်ကို ဖြန့်ခင်းလိုက်ပါ၏။
“ ဆရာတော် သီတင်းသုံးတော်မူပါဘုရား ”
ဆရာတော်မှ အနေကထိုင်ပေါ် ထိုင်လိုက်ကာ အိမ်အခြေအနေကို ဝေ့ကြည့်လိုက်ပါ၏။ တံခါးတစ်ချပ်က အတင်းဖွင့်ဝင်ထားဟန်ဖြင့် ပွင့်နေကာ အထဲမှ မကြည်ပြာက ကလေးဖြစ်သူကို အိပ်ယာထက်အသာအယာနေရာချနေပါသည်။
“ ဆရာတော် တပည့်တော်
သွားပြောလိုက်ပါမယ်ဘုရား ”
မပုမက ကပ္ပိယနောက်မှ ထွက်လာကာ လက်အုပ်ချီရင်း ခွင့်တောင်းလိုက်ပါသည်၊ ထို့နောက် ဆရာတော်က ရပါတယ်ဟူသော အမူအရာပြန်ပြသည်မို့ အသာနောက်ပြန်ဆုတ်သွားပါသည်။
“ တပည့်တော် ဦးခိုက်ပါတယ်ဘုရား ”
မကြည်ပြာက တံခါးဘေးမှ အသာကျုံ့ထွက်လာကာ ခပ်ခွာခွာမှ လှမ်း၍ဦးချလိုက်ပါသည်။ ထို့နောက် ကပ္ပိယ အဘက ရှေ့ကိုတိုးဖို့ပြောသည်မို့ အရှေ့ထပ်တက်ကာ မပုမသွားပြီးနောက်ပိုင်း အကြောင်းစုံကို အမေညွှန့်မှာထားသည့်အတိုင်း အသေအချာလျှောက်ထားလိုက်ပါတော့သည်။
“ အင်း ကလေးက သနားစရာပဲ ”
ဆရာတော်မှ ခေါင်းငြိမ့်ရင်း မှတ်ချက်ချလိုက်ပါသည်။ တစ်ခုခုဆို၍သာလာရပါသည် ယခုကိစ္စမျိုးကို စွန့်လွှတ်ခဲ့သည်မှာလည်း ကြာမြင့်ခဲ့ပါပြီ။
“ ဒီလောက်တောင် ဖြစ်သွားတာ
ဘယ်သူမှမလာကြဘူးလား ”
မပုမက လှမ်းမေးလိုက်ပါသည်။
“ ပြန်သွားကြတာ၊ အမေကိုလည်း သူတို့ မနှိုးတတ်၊ မောင်ရင့်ကိုလည်း ကြောက်နေကြတာကို ”
မကြည်ပြာက သက်ပြင်းချကာပြောလိုက်ပါသည်။
“ ဒကာမညွှန့်တင်က အားကုန်သွားတာပါ သူ့ကိုမပူနဲ့၊ ဒကာမသားကိုသာ စိတ်ပူရမှာ အခုက မပြီးသေးဘူး၊ တစ်ခွန်းတည်းပြောပြီး အခုထိ နှိုးမလာသေးဘူးမလား ”
“ တင့်ပါ့ဘုရား၊ ဒါပေမယ့် ညပိုင်းကတော့ ပြဿနာမရှိဘူးလားလို့ပါဘုရား ”
အရှေ့က ဖြစ်စဉ်အကြောင်းစုံကို မပုမစကားမှ သိထားပြီးပြီမို့ ဆရာတော်ထပ်မမေးတော့ပါပေ။
“ ဆရာတော် ဒီည ဒီအပင်အောက်မှာ သီတင်းသုံးမယ်၊ ကပ္ပိယအတွက် တစ်ခုခုစီစဉ်ပေးလိုက်ပါ၊ ဒကာမဒေါ်ညွှန့်တင် နှိုးလာမှ အတူတူပြန်လာခဲ့ကြ ”
“ ဆရာတော် ပင်ပန်းပါတယ်ဘုရား၊ အမေကခေါ်ခိုင်းလို့သာ တစ်ခုခုလားဆိုပြီး စိုးရိမ်သွားတာပါ၊ အမေဘာမှမဖြစ်ဘူးဆိုတော့ စိတ်ချပါပြီဘုရား ”
မကြည်ပြာ အားနာသွားပါသည်၊ တစ်ညလုံးအပြင်မှာဆို ငယ်ရွယ်သောသူတောင်နေနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ခြင်နှင့်အခြားပိုးမွှားများက ဒုက္ခကောင်းကောင်းပေးပါလိမ့်မည်။
“ အကြောင်းရှိလို့နေမှာပါ ကြည်ပြာရဲ့၊ ငါ့အတွက်လည်း တကူးတကလုပ်မနေနဲ့ ဆရာတော့်အနားမှာပဲ ယပ်ခပ်ပြီးနေမှာ ”
“ မဟုတ်တာ အဘရယ်၊ ဆရာတော့်ဝေယျာဝစ္စအတွက်လိုအပ်တာလည်း ဝိုင်းကူရအောင် သမီးကိုလည်း သင်ပေးပါ၊ တစ်ခုခုဆိုလည်း အထဲမှာနားဖို့ နေရာပြင်ထားပါမယ် ”
“ ရတယ် ဒကာမ ကပ္ပိယရှိရင်ရပြီ၊ ဒကာမအမေနဲ့သားနားမှာသာ လိုတာသွားလုပ်ရေ၊ ဒကာမညွှန့်တင်နိုးလာရင်တော့ ဘုန်းကြီးဆီခေါ်လာခဲ့ ”
“ တင့်ပါ့ ဘုရား ”
“ သွားသွား ကြည်ပြာ
ဆရာတော့်အနားမှာငါရှိတယ် ”
မကြည်ပြာလည်း ဆရာတော့်ကို ဦးချကာ မပုမနှင့်အတူ လက်အုပ်ချီရင်းထွက်သွားပါသည်။
“ ဆရာတော် လိုတာရှိမိန့်ပါဘုရား ”
“ ပြည့်စုံပါတယ် ဒကာ၊ သောက်ရေသာ ကပ်ပေးထား၊ ယပ်ခပ်မနေပါနဲ့ သက်တောင့်သက်သာ သွားနေ၊ ခဏနေမှ ဒကာမညွှန့်တင်ကို ခေါ်လာခဲ့ ”
ကပ္ပိယအဘလည်း ဆရာတော်တစ်ပါးတည်းသီတင်းသုံးချင်နေပုံရသည်မို့ အလိုက်သိစွာ အိမ်ဘက်ပဲ ထွက်လာခဲ့ပါ၏။ စိတ်ထဲမှာတော့ ဟိုတွေးသည်တွေးဖြစ်နေပါသည်။
“ ဟင် အဘ ဘာလိုလို့လဲ၊ အတော်ပဲ ဆရာတော့်ကို ဘာကပ်ရမလဲ ပြောနေကြတာ ”
ကပ္ပိယအဘက အိမ်ဘေးတင်းကုပ်မှ ထွက်လာသော မကြည်ပြာတို့ နှစ်ယောက်ကို ပြုံးကြည့်လိုက်ပါသည်။
“ ကျောင်းကန် ဘုရားနဲ့ဝေးနေကြတဲ့နှစ်ယောက် ဆရာတော်က နေလွဲတာနဲ့ ရေပဲဘုန်းပေးတော့တာလေ ”
“ ဖျော်ရည်တောင် မဘုန်းပေးဘူးလားအဘ၊ ကျောင်းလေးမှာဆို သမီးတို့ကပ်နေကြပဲလေ ”
မကြည်ပြာတို့နှစ်ယောက် ဇဝေဇဝါဖြစ်သွားပါသည်၊ ဖျော်ရည်တောင်မရဘူးလား။
“ ဝိနည်းကြောင့်လား အဓိဌာန်ကြောင့်လားတော့ ငါလည်းမသိဘူး၊ ဆရာတော်ပြောတာတော့ သူကကျန်းမာရေးကောင်းလို့ မလိုဘူးတဲ့ ”
“ ဟုတ် ဒါဆို ဘာလုပ်ရမလဲဟင် ”
“ ဘာမှမလုပ်နေနဲ့ ငါ့တောင်မောင်းထုတ်လိုက်တာ ”
မကြည်ပြာတို့နှစ်ယောက် ဆရာတော်၏ထူးဆန်းသည့်အကျင့်ကို အံ့ဩသွားကြပါသည်၊ သဘောလည်းကျသလို ဖြစ်သွားပါ၏။
“ ဒါတောင် ကျောင်းက အမြဲတမ်းခြောက်ကပ်ပြီး ရှိတယ်လို့တောင် ဘယ်သူမှတော်တန်သတိမထားမိကြဘူးနော် ”
မပုမက နှမျောတသပြောလိုက်ပါသည်။
“ ဆရာတော်က အသံကျယ်တာမကြိုက်ဘူးလေ၊ ဒီတော့ တချို့ဥုပုသ်သည်တွေက ပျင်းလို့ဆိုပြီးကျောင်းပြောင်းသွားကြတာ၊ ငါလည်းပြန်ကြားရတာပါ သေချာတော့မသိဘူး၊ ပြောသာပြောတာ ငါတောင်ပျင်းတယ် ”
“ ဟုတ်တယ် ဆရာတော်က အရမ်းစည်းကမ်းကြီးလွန်းတယ်၊ စကားလည်း သိပ်မပြောဘူး ”
မကြည်ပြာက သူသတိထားမိတာ ဝင်ပြောလိုက်ပါသည်။ ကျောင်းလေးဘုန်းကြီးဆိုလျှင် ဖော်ဖော်ရွေရွေနှင့်မို့ ကလေးလူကြီးမရွေး သွားဖြစ်ကြပါသည်။
“ အဲ့ဒါတွေ ထားလိုက်ပါ၊ ညွှန့်တင်နိုးလာတာသာ စောင့်ကြတာပေါ့၊ ဒါနဲ့ နင်ပြောသလိုဆို ညွှန့်တင်က နင့်ယောက်ျားထက်တောင် အားသန်နေတာလား ”
“ ဟုတ်တယ်အဘ၊ အမေက ဒီတစ်ခါ ပိုအားသန်သွားသလိုပဲ၊ အရင်ကသိပ်သတိမထားမိခဲ့ဘူး၊ ဒီတိုင်း ကျန်းမာရေးကောင်းတယ်ပဲ ထင်နေတာ ”
“ အေး နင်ပြောမှ ငယ်ငယ်က
ကိစ္စတောင် သွားသတိရတယ် ”
ကပ္ပိယအဘက အိမ်ထဲတွင်လှဲနေသည့် အမေညွန့်ကိုကြည့်ကာ အတည်ပြုဟန်ဖြင့် ခေါင်းငြှိမ့်လိုက်ပါသည်။
“ အမေစိန်ဆိုတာ ငါတို့ငယ်ငယ်က စုန်းမကြီးလို့နာမည်ကြီးတယ်၊ နင်တို့ကြားဖူးလား ”
“ မကြားဖူးဘူးအဘ ”
“ အေး ငါတောင်မှ အခုမှ ပြောရဲတာ၊ သူ့အကြောင်းကို အဝေးကြီးက ပြောနေတာကိုတောင် သိနိုင်တယ်တဲ့၊ ဒီတိုင်းသက်သက်တော့ ဘာမှမလုပ်ပေမယ့် လုပ်ပြီဆိုရင်လည်း ဘယ်လိုမှ တောင်းပန်လို့မရဘူး ဆိုပဲ၊ ငါတို့တော့ မကြုံဖူးပါဘူး တို့မိဘတွေတော့ အရမ်းကြောက်ခဲ့ရတာ ”
မကြည်ပြာနှင့်မပုမ စိတ်ဝင်တစားဖြစ်သွားပါသည်၊ အထူးသဖြင့် မကြည်ပြာသိချင်စိတ်များသွားပါသည်၊ ထမင်းတောင်ကိုယ်တိုင်မစားနိုင်လို့ သူခွံ့ကျွေးခဲ့ရသည့် အမေစိန်သည် ဤလောက်စွမ်းပါသည်တဲ့လား၊ ဒါဆို သူ့အမေရော ?
“ အဘရေ သိချင်သေးပေမယ့် သမီးအိမ်ပြန်ရအုံးမယ်၊ အိမ်မှာသားလေးတစ်ယောက်တည်း ကျွန်မကိုစောင့်နေမှာ ”
“ အေး ပုမ နင်လည်း အိမ်ပြန်အုံး၊ စားပြီးမှ အေးအေးဆေးဆေးလာခဲ့လေ၊ ဒီညက အမေနိုးလာမှ ဘာဆက်လုပ်ရမလဲသိမှာ ”
“ အေးအေး ငါအမြန်ပြန်လာခဲ့မယ်၊
အဘသမီးသွားလိုက်အုံးမယ် ”
မပုမထွက်သွားပြီးအတော်ကြာမှ ကပ္ပိယအဘက ရေဆာဟန်ဖြင့် ရေတောင်းသောက်ကာ စကားဆက်ပါသည်။
“ အမေစိန်က မဆုံးခင်အထိ ပညာထက်တုန်းတဲ့၊ နင်က အနီးကပ်ပြုစုခဲ့ရတာဆို တစ်ခုခုမပြောပြဘူးလား ”
“ မပြောဘူးအဘ၊
သာမာန်အဘွားအိုကြီးအတိုင်းပဲ ”
ဘယ်လိုတွေးကြည့်ကြည့် ကပ္ပိယအဘပြောနေသည်နဲ့ လုံးဝမတူပါချေ၊ အင်မတန်သဘောကောင်းသည့် အဖွားအိုကြီးဟုပင် မြင်မိပါသည်။
“ အေး သူငြိမ်သွားတာက အခုဆရာတော်နဲ့တွေ့ပြီးတဲ့နောက်ပဲ၊ ဒါပေမယ့် ဘယ်သူမှတော့ သူ့အကြောင်းမပြောရဲကြဘူး၊ သိထားတဲ့သူတွေကို ဆရာတော်ကမေတ္တာရပ်ခံထားတာကြောင့်ရော သူ့ကိုလည်း ကြောက်လို့ရောပဲ ”
“ ဆရာတော်ကလည်း စုန်းကြီးပဲလားအဘ ”
မကြည်ပြာနားမလည်ဖြစ်သွားပါသည်။
“ မဟုတ်ဘူး ဆရာတော် ဒီရွာကို စရောက်လာတုန်းက လူဝတ်ကြောင်တဲ့၊ နယ်လှည့်ပြီးဆေးကုပေးနေတာ၊ နောက်မှသိရတာ အမေစိန်ဆီကို လာတာတဲ့ ”
“ အဲ့ဒါနဲ့ ဆရာတော်က ဘယ်လိုဘုန်းကြီးဖြစ်သွားတာလဲအဘ၊ အမေစိန့်ကို လာဖမ်းတာလား ”
“ အေး အမေစိန်က ဘာလုပ်ထားတယ်ဆိုလားပဲ အဲ့တာနဲ့ ဆရာတော်ရှုံးသွားတယ်၊ ဒီမှာပဲ လူဝတ်ကြောင်ကိုစွန့်ပြီး သာသနာဘောင်ထဲ ဝင်လိုက်ရတယ်ဆိုပါတော့ ”
“ အဲ့ဒါက အမေစိန်လူမသိအောင်နေတာနဲ့ ဘယ်လိုပတ်သက်နေတာလဲဟင် အဘ၊ ပြီးတော့ အမေကရော ”
“ အေး ရှုံးပေမယ့် ပညာစွန့်ပြီး သာသနာ့ဘောင်ထဲဝင်မယ် အမေစိန်နဲ့ကတိတစ်ခုလုပ်မယ်ဆိုပြီး အပေးအယူဖြစ်သွားကြတာပဲ အသေးစိတ်တော့ ဆရာတော်ပဲ သိတော့မယ်၊ညွန့်တင်ကတော့ ”
ကပ္ပိယအဘတောင် အသေအချာမသိလိုက်လျှင် အဲ့ဒီနောက်ပိုင်းလူမသိအောင်နေနေတာမို့ အမေကိုယ်တိုင်တောင် အမေစိန့်အကြောင်းသိပါအုံးမလားတွေးမိပါသည်၊ တစ်ခါမှလည်း ဟုတ်တိပတ်တိ မပြောဖူးပါပေ။
“ သူက ကလေးကတည်းက အားသန်တာ ငါတို့မနိုင်ဘူး၊ အစက သူနဲ့မကစားခိုင်းဘူး, ပြောရရင် ငါတို့ကြိုက်သေးတယ် ”
“ အဘက အမေ့ငယ်ရည်းစားလား ”
“ ဟုတ်တယ် ဒါပေမယ့် ညွန့်တင်က တစ်ပြည်သားကိုရွေးသွားတယ်၊ ငါအခုလို ကပ္ပိယဖြစ်လာတာ သူ့ကြောင့်လေ ”
ကပ္ပိယအဘက အတိတ်ကိုလွှမ်းဆွတ်ဟန်ဖြင့် ဆွေးဆွေးမြေးမြေးပြောလိုက်ပါသည်။ မကြည်ပြာ ဘယ်လိုနှစ်သိမ့်ပေးရမည်မသိဖြစ်သွားပါသည်၊ ထွက်သွားသောအဖေ့ကိုလည်း တွေးမိကာ စိတ်တိုသွားပါသည်။
“ အေး ပြောကြတာတော့ ညွန့်တင်က ဘီလူးဝင်စားတာတဲ့၊ ဒါပေမယ့် ငါ့အထင် သူ့အမေရဲ့ပညာနဲ့ အားကြီးနေတာထင်တာပဲ၊ ဘီလူးအင်းဆိုလား အမေစိန်ရဲ့နာမည်ကြီး ပညာတစ်ခုပဲတဲ့ ”
စကားပြောရင်း ကြက်သီးထလာဟန်ဖြင့် အနောက်ဖက်သို့လှည့်ကြည့်လိုက်ပါသည်၊ ထို့နောက် ပြုံးပြီးကြည့်နေသည့် အမေညွှန့်ကို မြင်ကာ အောင်မလေးဟု လန့်ခုန်လိုက်ပါ၏။
“ ငယ်ကျင့်ကို မပျောက်ဘူး၊ ငါ့သမီးကို ဘာတွေလျှောက်ပြောနေလဲ၊ ဘုန်းကြီးကျောင်းသားကြောင့်သာတော်တယ် ကြောက်တာကလည်း လွန်ရော ”
အမေညွှန့်က ဘယ်အချိန်ကတည်းက တံခါးဘေးမှထွက်လာပြီး အနောက်ဘက်ရောက်နေသလဲ နှစ်ယောက်လုံး စကားကောင်းနေပြီး သတိမထားမိလိုက်ကြပါချေ။
“ ဟဲဟဲ ကလေးတွေ ဗဟုသုတရအောင်ပါ၊ နင်နိုးလာပြီဆိုတော့ ဆရာတော့်ဆီသွားရအောင် ”
“ ဆရာတော်လည်း သိနေလောက်ပါပြီ၊ ငါလည်းပြောစရာရှိတယ် သွားကြတာပေါ့ ”
“ အမေ သားလေးရော ”
မကြည်ပြာ ကျန်ခဲ့ရမလားဟူသောအမူအရာဖြင့် မေးလိုက်ပါသည်။ ညပိုင်းက စိတ်ချရပေမယ့် အခုနက ဆရာတော့်ကိုကြည့်ရသည်မှာ အရမ်းလေးနက်နေပုံရပါသည်။
“ ထားခဲ့လိုက် ဆရာတော်ရောက်နေပြီပဲ ”
သုံးယောက်သား ပျဉ်းကတိုးပင်ကြီးအောက်သို့ထွက်လာခဲ့လိုက်ပါသည်၊ တစ်ဖက်မှလည်း မပုမတို့ သားအမိနှစ်ယောက်ရောက်လာပါ၏။
“ လာ ဒကာမ ဘုန်းကြီးစောင့်နေတာ ”
“ တပည့်တော်လည်း စောင့်နေတာပါဘုရား၊ တပည့်တော်မြေးလေးကို ကယ်ပါအုံးဘုရား၊ ဒီမှာ အချိန်မှီကယ်နိုင်တာ ဆရာတော်ပဲ ရှိပါတော့တယ်ဘုရား ”
“ ဒကာမလည်း သိပါတယ် ဘုန်းကြီးအခြေအနေကို၊ ဒါပေမယ့် ဘုန်းကြီးအချိန်တော့ ဆွဲပေးနေပါတယ်၊ ခဏသည်းခံပေးပါ၊ ဒီည စိတ်ချလက်ချနဲ့ အိပ်ရေးဝဝအိပ်လို့ရပါတယ် ”
အမေညွှန့် သက်ပြင်းချလိုက်ပါသည်။
“ ဆရာတော်က ဒီဘဝမှာအသားကျနေပြီပဲ ”
“ အဆိုးထဲက အကောင်းပါပဲဒကာမ
ဘုန်းကြီးလည်း ပျော်နေပါပြီ ”
“ တပည့်တော် စောင့်ပေးပါ့မယ်ဘုရား ”
“ ကဲ ဒကာမ ကြည်ပြာနဲ့ ဒကာမ ပုမတို့သားအမိ အနောက်ကို ခဏဆုတ်ပေးနော် ကပ္ပိယ ဘုန်းကြီးဘေးလာပါ ”
ထို့နောက် အမေညွှန့်အရှေ့တက်လာကာ မကြည်ပြာတို့မကြားနိုင်လောက်သည့်အသံဖြင့် ၁၅ မိနစ်ဝန်းကျင်ခန့် အကြောင်းအရာတော်တော်များများကို လျှောက်ထားနေသည်ကိုတွေ့ရပါသည်။ ခဏနေတော့ ဆရာတော်ထံမှ ' မိုက်မဲလိုက်ကြတာ ' ဟု မိန့်သံကိုလည်းကြားလိုက်ရပါသည်။
“ ဒကာမတို့ရော လျှောက်စရာရှိသေးလား ”
ဆရာတော်က မကြည်ပြာတို့ဘက်လှည့်ကာမေးလိုက်ပါသည်။ လျှောက်ထားစရာမရှိပုံမို့ ကပ္ပိယအဘပါ,အပါ အားလုံးကို အိမ်ထဲပြန်အနားခိုင်းလိုက်ပါသည်။ အချိန်ကား ည ၁၀ နာရီထိုးပါတော့မည်။
#သုတဈာန်
#သာလွန်ပညာရှင်
#သည်းခြေပျက်ခြင်း
#စိတ်ကူးယဉ်ဂမ္ဘီရစာပေ
ကောင်းကျိုးလိုရာဆန္ဒတွေ
လုံးဝပြည့်စုံကြပါစေသော်