← Chapters

မျိုးနဲ့ရိုးနဲ့

Vol. 2 Ch. 11

မျိုးနဲ့ရိုးနဲ့

Vol. 2 Ch. 11

ရောင်နီသဲ့သဲ့နှင့်အတူ ကြက်ဖတွန်သံများက ညံထွက်လာပါသည်။ ကျေးငှက်များထက် အိမ်မွေးကြက်က ပိုများသည့်ရွာမို့ အထူးအဆန်းတော့ မဟုတ်ပေ။ ခြံကြီးများနှင့်မမွေးကြပေမယ့် တစ်နိုင်တစ်ပိုင်တော့ အိမ်အောက်တိုင်း, အိမ်နောက်တိုင်း, အိမ်ဘေးအဖီတိုင်းတွင် ကြက်ခြံများရှိတတ်ပါ၏။

သို့သော် ချက်စားရသည်ထက် ရောင်းစားရသည်က ပိုများပါသည်၊ ဝေးလံလှသည့်ကြားမှ တကူးတကလာဝယ်ကြသည့် ဘေးရွာများကြောင့် စီးပွားဖြစ် ထုတ်ပစ်တတ်လို့ပင်။ ဝေးဆို အဖက်ဖက်မှ ရေတစ်တန်, ကုန်း ( တောင် ) တစ်တန်ကို ခက်ခက်ခဲခဲ ကျော်ခွပြီးမှ လာနိုင်ကြ၍ ဖြစ်ပါသည်။

ရွာက ကားလမ်းမဘေးတွင် မျက်နှာမူကာရှိသည်ဆိုသော်ငြား ယခုအခါတွင် မည်သည့်ကားမှ မသွားကြတော့ပါပေ၊ လမ်းဟောင်းကြီးက လှည်းများသာ ရှိပါတော့သည်၊ တစ်ခါတလေ သစ်ကားနှင့် အုံနာ ( လှေပိုင်ရှင် ) ကားများသာ သွားတတ်ပါ၏။

ရွာအနောက်တွင်က ချောင်းအကျယ်ကြီးရှိပါသည်၊ ချောင်း၏ဟိုးအဖျားတစ်လျှောက်တွင်လည်း သစ်ခုပ်ရွာ, တောင်ယာရွာဟူ၍ အသစ်အသစ်တို့ရှိပါသေးသည်၊ အများအားဖြင့်ယာစောင့်တဲများကနေဖြစ်သွားခြင်းပင်။

ရွာ၏တောင်ဘက်မှာတော့ တောကြီးသာရှိပါသည်၊ လွန်လျှင် ရွာတစ်ရွာသို့ရောက်မည်ဖြစ်ပြီး ထိုကဲ့သို့နှစ်ရွာကိုကျော်ပြီးလျှင် အဓိကကားလမ်းမအသစ်ကြီးသို့ရောက်ပါမည်။ မောင်ရင့်တို့ ကျောင်းကို ထိုကဲ့သို့သွား၍ရပါသည်၊ သို့သော် ဖြတ်ရမည့် တောလမ်းခရီးက ကြမ်းသည်မို့ မတတ်သာမှသာ သွားကြပါသည်။

ကားလမ်းဟောင်း၏တစ်ဖက်တွင်တော့ တောင်ကုန်းငယ်များမှတဆင့် မြင့်မြ့င်သွားသည့် အရိုးတောင်ကြီးရှိပါသည်၊ အခေါ်အဝေါ်က လူစိမ်းများအတွက် ထူးဆန်းသော်ငြား ဒေသခံရွာသားများအတွက်တော့ အဓိပ္ပါယ်သိချင်စရာဘာမျှမရှိပါပေ။ ရွာ၏ မြောက်ဘက်အထိ ထိုတောင်တန်းများက ဆက်သွားပါသည်၊ ဘယ်အထိရှိမည်လဲဟူ၍တော့ မည်သူမှ မသိပါချေ။

အိမ်ခြေက ရာဂဏန်းမျှသာရှိသော်ငြား မြေနေရာကား ကျယ်ဝန်းလှပါသည်၊ ယခုဆိုလျှင် ကားလမ်းတစ်ဖက်ရှိတောင်ကုန်းလေးများတွင်ပင် အိမ်ဆောက်နေကြပါပြီ။ ထိုတောင်ကုန်းလေးတို့တွင် ပိုင်ရှင်ရှိပါ၏၊ တခြားတော့ မဟုတ်ပါပေ ယခုနှစ်ထဲတွင်မှ ပူပူနွေးနွေးဆုံးပါးသွားပြီဖြစ်သည့် အမေစိန်ပင်ဖြစ်ပါသည်။

သို့သော် ငွေမယူသည်မို့ အမေညွှန့်တို့လက်ဆုပ်လက်ကိုင်ပြစရာမကျန်ခဲ့ပါပေ၊ တချို့မြေများက သဘောကောင်းတာပဲလေဆိုပြီး တက်နေကြခြင်းမှ မဆင်းတော့ခြင်းဖြစ်ပါသည်၊ အများအားဖြင့် အရှေ့သားခေါ် ပဲခူးဘက်မှ အလုပ်ရှာဆင်းလာကြသည့် သူများပင်။ တချို့ကတော့ စာချုပ်မရှိသော်လည်း အလိုက်သိစွာ တတ်နိုင်သလောက် လာကန်တော့တတ်ကြပါသည်၊ သက်ကြီးပိုင်းရွာသူရွာသားများမှာတော့ သူတို့ကိုကြည့်၍ ကြက်သီးတ,ထထသာဖြစ်နေပါသည်။ နောက်ပိုင်းဘာမှမကြားသည်မို့ တချို့ငယ်ငယ်ရွယ်ရွယ်စုံတွဲများ အိမ်‌ေဆာက်နေကြပြန်ပါသည်။

မည်သို့ပင်ဆိုစေကာမူ အရဲကိုးကာတော့ အမေစိန့်အကြောင်းကို သတိလက်လွတ်မပြောရဲကြပေ၊ တောင်ပေါ်တက်နေသည့် ငယ်ရွယ်သူများတောင် အမေညွှန့်တို့ကို ချိုချိုသာသာ,သာ ဆက်ဆံရဲကြပါသည်။ အသေအချာမသိသော်ငြား လူကြီးများ၏ ညွန့်မေကိုမကြောက်လားဟူသော သွယ်ဝိုက်‌သောဖြဲခြောက်ထားမှုများကြောင့် အမျိုးမျိုးတွေးကာ တွေ့တိုင်း ပြုံးပြမိကြရပါသည်။ တစ်ခါလက်တည့်စမ်းမိသော မမြင့်သန်းတစ်ယောက် ကြောက်ပါပြီဖြစ်သွားရပါသည်၊ ထူးထူးဆန်းဆန်းတော့မဟုတ်ပါ အမေညွှန့် နပန်းသတ်ကာ တွေ့တိုင်းမရိုး‌အောင်ကျိန်ဆဲနေသည်ကို မခံနိုင်တော့၍ပင်။

ဤမျိုးရိုးက ယောက်ျားကံမကောင်းဟူ၍တော့ဆိုရပါမည်။ အမေစိန် ဒီရွာမှာအကြောင်းပါပြီး ယောက်ျားနှင့် ကလေးများရသည်အထိသာ ပေါင်းလိုက်ရပါသည်၊ ယောက်ျားဖြစ်သူမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပိုးထိဆုံးသွားပါသည်။ အမေညွန့်လက်ထက်တွင်လည်း ယောက်ျားက ထွက်ပြေးသွားပါသည်။ မွေးချင်းမောင်နှမများသတင်းကိုတော့ အမေစိန့်အမျိုးဆိုသူများထံပို့ပြီးနောက်ပိုင်း မကြားရတော့ပါပေ။ တလောက အမေညွှန့်သမီး မကြည်ဖြူ့သားကို အလုပ်ပေးကာပညာသင်ပေးရန်လာခေါ်သော ဒေါ်စောတင်ကတော့ ချွင်းချက်ဖြစ်ပါသည်။ သူပြောသွားပုံအရလည်း မွေးချင်းထဲ သူတစ်ယောက်ပဲ ကျန်ခဲ့သည်ဟု သိရပါသည်၊ အိမ်ထောင်ဖက်များမရမှီကပင် ဆုံးပါးသွားကြသည်ဟု သိရပါသည်၊ ဒေါ်စောတင်သည်လည်း ကလေးရှိပုံမပေါ်ပေ၊ အပျိုကြီးပင်ဖြစ်ဖို့များပါသည်။

တတိယမျိုးဆက် မကြည်ပြာနှင့်မကြည်ဖြူတို့ကတော့ ကံကောင်းပါသည်၊ ကလေးများအရွယ်ရောက်တော့မည်အထိ အိမ်ထောင်ဘက်များနှင့် သာမာန်ရန်ဖြစ်ရုံသာရှိပါ၏။ ပြည့်စုံသည်မဟုတ်သော်ငြား သူ့အထွာနှင့်သူဆိုလျှင် ယောက်ျားကံကောင်းသူများဟုပင်ဆိုရပါမည်၊ တချို့ကလည်း ဒီညီအမလက်ထက်မှာ ကျိန်စာပြယ်သွားပြီ‌ပေါ့ဟု မှတ်ချက်ပေးကြပါသည်။ လောလောဆယ်တော့ မကြည်ဖြူသားမှာရွာတွင်မရှိပါ၊ မကြည်ပြာသားမှာတော့ ...။

“ ဆရာတော် အရုဏ်ဆွမ်းဘုန်းပြီးပြီထင်တယ် ”

မကြည်ပြာက သပိတ်ဆေးရန် သွားယူဖို့ပြင်နေပါသည်၊ မိုးလင်းခါစမို့ အမေညွှန့်၊ သူ၊ ကပ္ပိယအဘနှင့် ဆရာတော်တို့သာရှိပါသည်။ မောင်ရင့်ကား အိမ်မောကျနေတုန်းပင်၊ ညကတည်းက နိုးမလာခြင်းဖြစ်ပေသည်၊ စိုးရိမ်၍အမေညွှန့်ကိုပြောသော်လည်း ဆရာတော်ရှိတယ်မပူနှင့်ဟူ၍သာ ပြန်နှစ်သိမ့်လိုက်ပါသည်။

“ ဆေးလို့ရပြီသမီး၊ နေ့လည်ဆွမ်းပါ ကပ်ချင်ရင် အခုနကလိုပဲဆရာတော် ထခါနီးကျရင် ဆွမ်းခံရပ်ပါအုံးဘုရားလို့ပြောပြီးလျှောက်နော်၊ ဆရာတော်က ခံဆွမ်းပဲ ဘုန်းတယ် ”

သပိတ်ကိုကပ္ပိယအဘက ယူလာကာပြောလိုက်ပါသည်။ ဆရာတော်က အပင်အောက်မှာပင် လက်ဆေးသန့်စင်လိုက်သည် ထင်ပါသည်။

“ ဟုတ်အဘ ”

မကြည်ပြာ နောက်ဖေးသို့ သပိတ်ကိုယူသွားပြီး ရေကျင်းကာ ဆပ်ပြာနှင့်အသေချာဆေးကြောလိုက်ပါသည်၊ ဘုရားဆွမ်းတော်ကတော့ အမေညွှန့်ဆေးပြီးနေပါပြီ။

ကပ္ပိယအဘက ကွပ်ပျစ်တွင်ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း ဆရာတော့်အရိပ်အခြေကို ကြည့်နေပါသည်၊ ပုံမှန်ဆိုလျှင် အနားတွင်အလွယ်တကူရှိရသော်လည်း ယနေ့ကျ အထူးအဆန်းဖြစ်နေပါသည်။

“ တိုးတိုး သမီး ”

ရှူးဟူသောအမူအရာဖြင့် ကပ္ပိယအဘထလာကာ တောင်ကုန်းပေါ်တက်လာသော မပုမတို့ သားအမိကိုပြောလိုက်ပါသည်၊ အနောက်တွင် အိမ်နီးနားချင်းများလည်း ပါလာပါသည်။

“ အဘ ညက သမီးသားပြောထားသလို ဆရာမလေးလာရင် ကြိုဖို့ပြင်ပြီးပြီ၊ ဆရာတော် ဘာမိန့်သေးလဲမသိ ”

ကျော်ခေါင်က ခေါင်းငြိမ့်ကာ သူအသင့်ပဲဟူသောအမူအရာလုပ်ပြပါသည်၊ သူ့အနောက်တွင်က လှမြင့်ရှိပါသည်၊ ဘေးတွင်က မမြင်သန်း ဟိုကြည့်သည်ကြည့်လုပ်နေပါသည်၊ အမေညွှန့်ကို လန့်နေတာသာ ဖြစ်ရပါမည်။

“ အုပ်ချုပ်ရေးမှူးက သူပါထွက်‌ကြိုရမယ့်ကိစ္စလို့ပြောနေပါတယ်အဘ ”

လှမြင့်က မကျေမနပ်ပြောလိုက်ပါသည်၊ ကိုယ့်ဆရာမကို ကိုယ်တိုင်ခေါ်လာပြီး လူကြီးလုပ်ခွင့်မရတော့ပေ။ ကပ္ပိယအဘ မျက်မှောင်ကြုပ်သွားကာ

“ ဒီကောင်ပါချင်ပြန်ပြီ၊ ထားလိုက်ခေါ်သွားချေ၊ တစ်ရွာလုံးခေတ်ပညာတတ်မရှိတော့ သူလည်း လူတတ်လုပ်ချင်တာပေါ့ ”

တူဖြစ်သူကိုမကြည်ပေမယ့် ကပ္ပိယအဘ ထိုအထိပါ,ဝင်လည်းမပြောချင်တော့ပေ။

“ လူကြီးပါတော့လည်း ပိုကောင်းတာပေါ့ ငါတို့ဘာသာဆို ဆရာမလေးလာရတာ မတန်ဘူး ”

ကျော်ခေါင်က လှမြင့်ကို စိတ်ညစ်အောင်လုပ်ချင်၍ ဝင်ထောက်ခံလိုက်ပါသည်။

“ ဘာမတန်တာလဲ မောင်ရင့်ကို သတင်းမေးဖို့လာတာကို၊ ဆရာမက မင်းသမီးလား ”

“ ဟုတ်တယ် မင်းသမီးပဲ၊

မင်းသမီးတောင်ရှုံးတယ်၊ နင်မသိဘူးလား ”

“ ကဲကဲ တော်ကြတော့ ဆူတယ် ဆရာတော် အာရုံပျက်နေမယ်၊ ကလေးတွေက ဟိုကောင်နဲ့ ဆရာမလေးသွားခေါ် လူကြီးတွေက ဘာလုပ်ချင်လဲ နေရာချပေးရမလား ”

ကပ္ပိယအဘက စိတ်မရှည်ဖြစ်ကာ

လူခွဲလိုက်ပါသည်။

“ ဆရာတော့်ကိုလာကန်တော့တာပါ ”

“ မကြည်ပြာကို ဝင်ကူလိုက်မယ်အဘ ”

“ ဆရာတော့်ကိုဘာကပ်ရမလဲမသိ ”

စပ်စုရန်လိုက်လာသောလုံမပျိုတစ်စု ပါးစပ်ထဲရှိရာ‌တွေ လျှောက်ပြောကြပါသည်။ တချို့ကျ နောက်ကနေ တိတ်တိတ်ကလေး နှစ်ကိုယ်ကြားအသံဖြင့်

“ ဆရာတော်က တို့အိမ်ကျ အခုလိုမကြွဘူး၊ မျက်နှာလိုက်တယ် ”

“ ဟဲ့နေမကောင်းလို့ ကြည့်ပေးနေတာလေ ”

“ ဒီအတိုင်းပဲထိုင်နေတာကို၊ ပြီးတော့ ဟိုတစ်ခါငါကျောင်းသွားတုန်းက ကပ္ပိယကြီးကိုပြောနေတာကြားခဲ့တယ်၊ ဆေးမပေးရဘူးတဲ့ ရဟန်းက၊ ငါတောင် ကျောင်းလေးဆရာတော်ဆီ တစ်ပါတ်လောက်မရောက်ဖြစ်လိုက်ဘူး၊ အခုကျ ဆရာတော်က တစ်ညလုံးတောင်လူနာစောင့်ပေးနေတယ် ”

“ တိုးတိုးပြော ကပ္ပိယကြီးက နားပါးတယ်၊ အမေစိန်က ဆရာတော့်ကျောင်းဒကာမကြီးလေ မလာလို့ရမလားဟဲ့ ”

“ ဒါနဲ့ ဆရာတော်က အမေစိန်နဲ့ရွယ်တူပဲကို ကျန်းမာတုန်းပဲနော်၊ ၉၀ ဝန်းကျင်ဆိုတာမထင်ရဘူး၊ ထူးဆန်းတယ် ”

ကပ္ပိယအဘချောင်းဟန့်လိုက်ကာ

“ အကုန်ကြားတယ်နော် ရိုင်းရိုင်းစိုင်းစိုင်းလေးတွေ၊ စပ်စုဖို့, အတင်းပြောဖို့မလာကြနဲ့ ၊ ဘာမှမရှိဘူး၊ ညွှန်မေရေ ဒီမှာကလေးတွေ လာကူတယ် ဘာခိုင်းစရာရှိလဲ ”

အမေညွန့်က ဘာလဲဟူသောအမူအရာဖြင့် လမ်းလျှောက်ဝင်လာပါသည်။

“ ဘာမှမဟုတ်ဘူး အမေညွှန့်၊

ဆရာတော်လာဖူးရင်းသတင်းလာမေးတာပါ ”

“ အဟီး သမီးတို့ဘာလုပ်ပေးရမလဲဟင် ”

မည်းနေသာအမေညွန့်မျက်နှာတည်တည်ကြီးကိုကြည့်ကာ လန့်ဖြန့်ပြီးစကားတွေတောင်ရောက်မြောက်ရောက်ဖြစ်ကုန်ကြပါသည်။

“ မရှိဘူး ပြန်ကြ ”

စကားဆုံးသည်နှင့် ကလေးမတွေ ဆရာတော်ကိုအရှေ့ထား၍ သုတ်ခြေတင်ပြေးကြပါတော့သည်။ ရယ်လည်းရယ်သွားကြပါသေးသည်။

“ ဗိုင်းနာမတွေ ရှုပ်ကိုရှပ်တယ် ငါနဲ့တွေ့ချင်နေတာ ”

“ စိတ်လျှော့ပါ ငါကခြောက်ရုံခေါ်လိုက်တာကို ”

“ နင်ပါနာချင်လို့လား ”

“ ကြောက်ပါတယ်ဟာ ”

“ ဘာစားမလဲ နင် ”

“ အရင်လို နင့်လက်ရာ

ထမင်းကြမ်းနဲ့ဟင်းကျန်လေးပေါ့ ”

“ အသက်ကကြီးနေပြီ လာစား ”

အိမ်ထဲတွင်တော့ မပုမ၊ မကြည်ပြာနှင့် အပျိုပေါက်အရွယ်ကလေးမနှစ်ယောက်ရှိပါသည်၊ ပုံမှန်ထက်ပိုပြီး လုပ်စရာဘာမှမရှိပေမယ့် အမေညွှန့်ကို လန့်ပြီး ဝင်ထိုင်နေကြခြင်းပင်ဖြစ်ပါသည်။ မောင်ရင့်ကတော့ အိမ်မောကျလျက်ပင် ရှိပါသေးသည်။

#သုတဈာန်

#သာလွန်ပညာရှင်

#သည်းခြေပျက်ခြင်း

#စိတ်ကူးယဉ်ဂမ္ဘီရစာပေ

ကောင်းကျိုးလိုရာဆန္ဒတွေ

လုံးဝပြည့်စုံကြပါစေသော်

All Chapters