ထူးဆန်းသည့်မိန်းမလှနှစ်ဦး
Vol. 2 Ch. 12
ချောင်းက ဆရာမလေးကြည်သန့်မေ ခန့်မှန်းထားသည်ထက်ပိုကျယ်နေပါသည်။ ချောင်းကျယ်လျှင် လေတိုက်နှုန်းကြောင့် လှိုင်းကြက်ခွပ်တွေ ဖြစ်လာတတ်သည်မို့ ဒါမျိုးလန့်တတ်သူပီပီ နည်းနည်းတော့ ရင်တုန်သွားပါ၏။
“ လေတဟူးဟူးနဲ့ မိုက်တယ်ဟဲ့ ”
သဇင်ကျော်က ခုန်ပေါက်နေပါသည်၊ ပင်လယ်နှင့်ချောင်းကို ကြိုက်သူမို့ ယခုခရီးက သူ့အတွက် ဘုရားလည်းဖူး လိပ်ဥလည်းတူးဟု ဆိုရပေမည်။
“ ငါ့လည်းတိုက်မိပါအုံးမယ်ဟယ် "
ပါးစပ်ထဲပလုပ်ပလောင်းနှင့်ရတနာထွန်းက စားလက်စမုန့်ထုတ်ကို အတင်းကိုင်ကာ နောက်သို့ဆုတ်လိုက်ပါသည်။
တပည့်နှစ်ယောက်၏အဖြစ်ကိုကြည့်ရင်း ဆရာမလေးကြည်သန့်စင်ပြုံးမိပါသည်၊ မူးတတ်သူမို့ လှိုင်းကြောက်သည်ကလွဲလျှင် သူလည်းပျော်နေပါသည်၊ မိမိတာဝန်တစ်ခု လက်စသတ်နိုင်ပါတော့မည်။
မကြာမှီမှာပင် ဆရာမလေးတို့ကို မြင်သွားသည့်တစ်ဖက်ကမ်းမှ လှေသမားက လှော်ခတ်လာပါတော့၏။ ဖောင်လှေပေါ်တွင်တော့ လူအနည်းငယ်ပါလာပုံပင်။
“ ကျော်ခေါင်က နင့်ကိုမစောင့်နိုင်တော့ဘူးထင်တယ်၊ လှေပေါ်ပါ တက်လိုက်လာတယ်နေမယ် ”
“ ကောင်မ လျှောက်ပြောမနေနဲ့၊
ဒီဘက်ကမ်းလာမယ့်သူတွေနေမှာပေါ့ ”
“ ငါပြောတာ မယုံရင်
လာတဲ့အခါ ကြည့်ကြည့် ”
“ အေးနင်တွေ့မယ် ”
နှစ်ယောက်သား စကားများနေစဉ်မှာပဲ လှေက ကမ်းစိုက်လာပါသည်၊ ၁၀ မိနစ်တောင်မကြာလိုက်ပါပေ။
“ ဆရာမလေး ရွာကိုလာလည်မယ်ဆိုလို့ ကျွန်တော်ကိုယ်တိုင်လာကြိုတာပါ၊ ကလေးတွေချည်းလွှတ်ရင် ရွာကလူကြီးတစ်ယောက်အနေနဲ့ မသင့်တော်ဘူးလို့ခံစားရလို့ပါ၊ ဆရာမစိတ်မဆိုးပါဘူးနော် ”
လှေပေါ်မှ အသက် ၃၈ နှစ်ဝန်းကျင်ခန့်ရှိသော သန့်သန့်ပြန့်ပြန့်နှင့်ယောက်ျားတစ်ဦးဆင်းလာပါသည်။ အနောက်တွင်တော့ ကျော်ခေါင်နှင့် လှမြင့်တို့ပါလာပါသည်။ လှမြင့်မျက်နှာကြီးကတော့ ဆူပုပ်နေပါ၏။
“ ရပါတယ်၊ ကျွန်မရွာကိုလာလည်တာမဟုတ်ပါဘူး၊ ကျွန်မကျောင်းသားတစ်ယောက် အပြင်းဖျားနေတယ်ကြားလို့ ကျောင်းပိတ်ရက်လေး သတင်းလာမေးတာပါ ”
ဆရာမလေးမျက်နှာမကြည်ဖြစ်သွားပါသည်၊ ကျောင်းသားတွေလာပို့ပေးတိုင်း သူ့ကို ဒီလူက ရိသဲ့သဲ့လုပ်လေ့ရှိပါသည်။ မောင်ရင့်တို့မျက်နှာနှင့်မို့ သည်းခံခဲ့ရပေါင်းများလှပါပြီ၊ ယခုထိုသူ့ရွာကိုမှ လာမိလျက်သားဖြစ်သွားပါသည်။ ပိုဆိုးသည်က ရွာမှလူကြီးတစ်ဦးလည်း ဖြစ်နေပါသည်တဲ့၊ ခေါင်းထဲသိပ်မထည့်ထားသည်မို့ သတိတချက်လွတ်သွားမိပါသည်။
“ ဟုတ်ပါတယ် သမီးတို့လည်း မောင့်ရင့်ကို သတင်းလာမေးတာပါ၊ လာကြိုပေးလို့ကျေးဇူးတင်ပါတယ် ဦးလေး ”
သဇင်ကျော်တို့နှစ်ယောက် အလိုက်သိစွာ ဆရာမရှေ့ပိတ်ရပ်ပြီး ပြောလိုက်ကြပါသည်။
“ ဒါပေါ့ ဒါပေါ့၊ ဆရာမလေးဘယ်လောက်ကြင်နာတတ်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဖောင်ပေါ်တက်ကြပါ ”
ရွာလူကြီးဆိုသူက မျက်နှာပိုးသပ်ကာ လမ်းဖယ်ပေးလိုက်သည့်မို့ သဇင်ကျော်တို့နှစ်ယောက် ဆရာမလေးကို ကာ,ကာ ကာ,ကာ လှေဖောင်ပေါ်တက်သွားကြပါသည်၊ ရတနာထွန်းက ကျော်ခေါင့်ကို မျက်စောင်းထိုးကြည့်ကာ စိတ်ထဲမှ အားမကိုးရဘူးဟု တေးမှတ်ထားလိုက်ပါသည်။
ကျော်ခေါင်နှင့်လှမြင့်လည်း ခေါင်းလေးများငုံကာ ဆရာမကိုမကြည့်ရဲဖြစ်နေကြပါသည်။ ရွာလူကြီးကြောင့် ရှက်လည်း ရှက်နေကြပါ၏။
“ ကျွန်တော့်ကြောင့် အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဆရာမလေး၊ ကျောင်းမှာလိုမျိုး မနှောက်ယှက်မိဖို့ ကတိပေးပါတယ်၊ အခုက တကယ်တာဝန်အနေနဲ့ လာတာပါ ”
ဆရာမလေးက ဘာမှပြန်မပြောပါပေ။
“ အရင်က ရွာမှာ အလည်တန်းအောင်တဲ့သူတောင်မရှိကြဘူးလေ၊ ပိုက်ဆံတတ်နိုင်တဲ့သူတွေ, အမျိုးရှိတဲ့သူတွေကတော့ ကလေးတွေကို ကျောင်းရှိတဲ့ ရွာကြီးတွေမှာ အိမ်ငှားနဲ့ထားကြတယ်၊ အမျိုးဆီအပ်ထားကြတယ်၊ ကျွန်တော်လည်း အဲ့ဒီအထဲပါတာပေါ့ ”
ထို့နောက် လှေလှော်နေသော ဦးလေးကြီးဘက်သို့လှည့်ကာ ကျန်ခဲ့သော ကမ်းစပ်ကို မျှော်ကြည့်ပြန်ပါသည်။ လေက သိပ်မတိုက်တော့တာမို့ ခပ်အေးအေးလေးသာရှိနေပါ၏။
“ ဒီကလေးတွေ အလှည့်ကျ ကျွန်တော့်သူငယ်ချင်းတွေအစား ကိုယ်ချင်းစာတာနဲ့ ကမကထလုပ်ပြီး အခုလို လှေဖောင်အစီအစဉ်ကို အကောင်အထည်ဖော်လိုက်တာ၊ စက်ဘီးတွေခေတ်စားလာတာကြောင့်လည်း ပါတာပေါ့လေ၊ ကျွန်တော်တို့ခေတ်တုန်းက လူတိုင်း မစီးနိုင်ပါဘူး ”
ဆရာမလေးက လှည့်မကြည့်ပါချေ။
“ ဟိုဘက်လမ်းကျ ကျောင်းနဲ့နီးတယ်ဆိုပေမယ့် ကလေးတွေစက်ဘီးနင်းလို့မရဘူးလေ၊ ပြီးတော့ ကားနဲ့မှ မဟုတ်ရင် သွားရတာ သိပ်မလုံခြုံဘူး၊ ဒီလမ်းသစ်ကျ ကားသွားလို့မရပေမယ့် စက်ဘီးစီးရုံလောက်ရတယ်၊ ကျွန်တော်တို့ချဲ့ခဲ့တာပေါ့ ”
ဆရာမလေးက ဒီတစ်ခါတော့ လှည့်ကြည့်ပေးပါသည်။ ရွာလူကြီးလည်း အားတက်သွားကာ
“ ကျွန်တော် လမ်းကြမ်းကနေ အသွားအပြန်မောင်းပို့မလို့စဉ်းစားသေးတယ်၊ ဒါပေမယ့် ကျွန်တော်လည်းမတတ်နိုင်လို့ပါ၊ ဒါကြောင့် အလယ်တန်းဆက်တက်နိုင်အောင် လမ်းသစ်အစီအစဉ်လုပ်လိုက်တာ၊ သိပ်မထူးဆန်းပေမယ့် အရင်လူကြီးက ဂရုမစိုက်ဘူးလေ ”
စကားပြောရင်းပါးစပ်ယားလာဟန်ဖြင့် ဆေးလိပ်မီးညှိဖို့လုပ်ပြီးခါမှ ဆရာမလေးကိုအားနာ၍ပြန်ချလိုက်ပါသည်။
“ ဆရာမလေး ရောက်တုန်းရောက်ခိုက် ကျွန်တော်တို့ မူလတန်းကျောင်းလေးကို လိုက်ပြပါရစေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးပေါ့၊ ကျွန်တော်နဲ့ ကျောင်းလေးဆရာတော်ပေါင်းပြီးလုပ်ထားတာလေးပါ၊ မနက်က ဆရာမလေးလာမယ်ဆိုတာ သိရလို့ ဆရာတော်ကိုတောင် လျှောက်ခဲ့သေးတယ်၊ ဆရာတော်ကလည်း သူ့ကျောင်းသားတွေလိမ္မာရဲ့လား သိချင်နေတာတဲ့ ”
ဒီလိုဆိုတော့လည်း ဒီလူက နှာဘူးသက်သက်ပဲမဟုတ်ဘူးဟု တွေးကာ ဆရာမလေး ပြုံးပြလိုက်ပါသည်။
“ မောင်ရင့်ဆီကအပြန်ဆရာတော့်ကိုဝင်ဖူးလိုက်ပါမယ်၊ ကိုအောင်ပြည့်ဖြိုးရဲ့ပရဟိတစိတ်ဓာတ်ကိုလည်း လေးစားပါတယ် ”
ရွာလူကြီး မျက်နှာဝင်းသွားကာ သွားတောင်မစိတော့ပါချေ။ ဘေးကလှေသမားပင် မျက်စိဆံပင်မွှေးစူးသွားပုံရပါ၏။
' ငကြွားကြီး ' ဟု သဇင်ကျော်တို့နှစ်ယောက် ကြိတ်ကာ သရော်နေကြပါသည်၊ မောင်ရင့်ဆီက သိရသည်မှာ တစ်ရွာလုံး၏စုပေါင်းစပ်ပေါင်းငွေတွေနှင့်ဖြစ်လာရခြင်းပင်၊ တစ်ခါတလေ ရွာလူကြီးက ငွေစာရင်းဖျောက်တတ်သည်လို့ပင်ကြားရသည်ဟုပြောဖူးပါသည်။
“ ဆရာမရောက်ပြီ ”
ကျော်ခေါင်တို့က စကားဝင်ဖြတ်ကာ လှေပေါ်မှ ဆင်းလိုက်ကြပါသည်။ ရွာလူကြီးလည်း အိုးတိုးအတဖြစ်သွားကာ ယောင်ပြီးခုန်ဆင်းလိုက်မည်ပြင်ပြီးခါမှ ဆရာမအရင်ဆင်းပါပြောကာ နောက်ကနေလိုက်ဆင်းလိုက်ပါသည်။
ကမ်းစပ်က ကျောက်လုံးလေးများနှင့် လှပနေပါသည်၊ အရောင်ဆန်းဆန်းလေးများလည်း ရှိသည်မို့ ရေသာကြည်နေပါက အတော်လှမည်ဟု ဆရာမလေး တွေးမိသွားပါသည်။ သဇင်ကျော်တို့ကတော့ ကြိုက်တာလေးတွေရွေးကောက်ကာ ရေဆေးရင်း သိမ်းနေပါသည်။
“ နင်ကြိုက်ရင် ငါစုထားတာတွေရှိတယ်၊ အဲ့တာတွေက ပိုလှတယ် ဒါတွေက ဘယ်သူမှမကြိုက်တဲ့ဟာတွေ ”
ကျော်ခေါင်က ဆရာမမသိအောင် ရတနာထွန်းအနားတိုးရင်း ပြောလိုက်ပါသည်။ လှမြင့်ကတော့ ဆရာမအနားသွားကာ ရွာလူကြီးနှင့်ကြားကို ဝင်လိုက်ပါသည်၊ ဆရာမတစ်ဖက်ရှိ သဇင်ကျော်က ဒီတစ်ခါတော့ လှမြင့်ကတော်သားဟူသော အမူအရာဖြင့် လက်မထောင်ပြလိုက်ပါ၏။
“ အဲ့တာလည်း ယူမယ်၊ ဒါလည်းယူမယ်၊
ငါ့ကိုမုန့်လည်းဝယ်ကျွေး ”
ရတနာထွန်းက ဝမ်းသာအားရပြောလိုက်ပါသည်။
“ အေးပါ ငါ့မုန့်သာလုမစားနဲ့
ကျန်ခဲ့ပြီ သွားကြမယ် ”
ကျော်ခေါင်လည်းခေါင်းကုပ်ကာ ရတနာထွန်းကိုစောင့်ရင်း ဆရာမလေးတို့နောက်အမှီလိုက်သွားပါတော့သည်။
( ခ )
အမေညွှန့်တစ်ယောက် ညကဆရာတော်ထံလျှောက်ဖြစ်သည်များကို ကပ္ပိယအဘနှင့် ထမင်းကြမ်းစားရေနွေးသောက်ရင်း ပြန်စဉ်းစားနေမိပါသည်။
“ စားတာနှေးလှချည့်လား ညွန့်မေ ”
ကပ္ပိယအဘမှ ရေနွေးမော့ချရင်းပြောလိုက်ပါသည်။ ထို့နောက် အရိပ်အခြေအနေကို ကြည့်ကာ မျက်နှာပိုးသပ်၍
“ ညက ကိစ္စစဉ်းစားနေတာလား ဆရာတော်ပြောသလိုပဲ စိုးရိမ်မနေပါနဲ့၊ နှစ်ယောက်တည်းရှိလို့ပြောတာ နင်လည်း ဘာမှလုပ်နိုင်တာမှမဟုတ်တာ ”
အမေညွန့်အိမ်ကိုလှမ်းကြည့်ရင်း အထဲမှ မကြည်ပြာ၊ မပုမနှင့် ရွာက,ကလေးမနှစ်ယောက်ကို စိတ်မချဖြစ်နေတာ ဖျောက်လိုက်ပါသည်၊ ဆရာတော်ရှိနေတာပဲ ငါလည်း ဘာမှ,မှ မတတ်တာ။
“ ဆရာတော်က ဝိနည်းအရရော,သူ့အကျင့်အရရော ပြောလို့မရလုပ်လို့မရတာတွေရှိတယ်၊ ငါတောင် အနေကြာလာလို့ အခြေအနေကိုကြည့်ပြီး ဘာလုပ်ရမလဲသိနေတာ၊ စစချင်းတုန်းကဆို ငါ့ကြောင့် ဆရာတော် ခဏခဏ ဒုက္ခရောက်ခဲ့ရသေးတယ် ”
“ ငါနားလည်ပါတယ် ”
“ နင့်အမေဆီက ပညာမရခဲ့တာ ဝမ်းနည်းနေလား၊ အပြစ်တင်မနေပါနဲ့ ဘီလူးတစ်ယောက်လို သန်မာအောင်လုပ်ပေးခဲ့တဲ့အပြင် အသက်ကယ်ပစ္စည်းကိုပါပေးခဲ့တာ သူ့သမီးကိုချစ်လို့ပေါ့ဟာ၊ ဒါပေမယ့် နင်ခဏခဏထုတ်မသုံးနဲ့နော် နင့်အသက်ဓာတ်ကိုထိခိုက်တယ်မလား၊ နောက် တကယ်အဖွားကြီးဖြစ်သွားလို့ ဘယ်သူမှမခန့်ပဲနေမယ်၊ အမေစိန်ကလည်းမရှိတော့ဘူး ”
ငါသိပါတယ်ဟူသော အမူအရာဖြင့် အမေညွန့် ဆွဲသီးလေးကို ပွတ်လိုက်ပါသည်၊ ပထမမောင်ရင့်လက်ထဲက အိမ်မက်ထဲမှ အမေစိန်ပေးခဲ့တာဆိုသည့်ဘူးအပြာလေးကို သူ့မြစ်အတွက်လက်ဆောင်ပါလားဆိုပြီး မျှော်လင့်မိပါသေးသည်။ သို့သော် သူတိတ်တဆိတ်စစ်ကြည့်တာဘာမှမထူးခြား၍ မောင်ရင့်အခန်းထဲမှာသာ နေရာတကျပြန်ထားပေးလိုက်ပါသည်။
သူ့ညီမဒေါ်စောတင်ရှိလျှင်ကောင်းပါမည်၊ သူဆိုလျှင် ဒီကိစ္စကို ဖြေရှင်းပေးနိုင်ပါလိမ့်မည်၊ တဆက်တည်း မောင်ဝင်းခန့်ရော အဆင်ပြေရဲ့လား တွေးမိသွားပါသည်၊ မိမိစရိုက်အလျောက် ကြမ်းကြမ်းတမ်းတမ်းပြောခဲ့သည်များကြောင့် သတိမရတော့ပဲ မေ့သွားပြီလားဟူ၍လည်း ဝမ်းနည်းမိပါသည်။
ယောက်ျားမရှိဘဲ သမီးနှစ်ယောက်ကို ပျိုးထောင်လာရသူမို့ တစ်လုံးတင်နှစ်လုံးတင်မခံရအောင် ကြမ်းကြမ်းတမ်းတမ်းနေခဲ့မိပါသည်။ သမီးများလက်ထက်တွင်တော့ သူ့လိုမခက်ခဲစေချင်တာ့ပေ။ အနိုင်ကျင့်တတ်သည့်ကောင်လေးများကို ခြောက်လွှတ်ရင်း ယောက်ျားကောင်းရအောင်စီစဉ်ပေးခဲ့ပါသည်။
အငယ်မယောက်ျားဆိုလျှင် လူတော်ဟုပင်ပြော၍ရပါသည်၊ ကျိန္တလီ ( ရခိုင်ပြည်နယ် ) လို မြို့ငယ်ကနေလာတာမို့လည်း မျက်စိပွင့်နားပွင့်ရှိပါသည်။ စီးပွားရှာလည်းကောင်းသလို သမီးဖြစ်သူကိုလည်း အလွန်ချစ်ရှာပါ၏၊ စဉ်းစားရင်း မောင်ရင့်အဖေပြန်လာလျှင် ဒီအခြေအနေကို လက်ခံနိုင်ပါ့မလားဟုလည်း တွေးပူမိသွားပြန်ပါသည်။
ကောလဟာလပြန့်မှာကိုလည်း ထိန်းရပါအုံးမည်၊ ဆရာတော်ပညာသုံးလို့မရတော့သည်မှာ အလွန်ဒုက္ခရောက်ရပါသည်၊ အမေရှိတုန်းကဆိုလျှင် လုပ်ချင်တာလုပ်၍ရပါသည်။ သမီးများထက်သမက်များ ကြောက်လန့်သွားမှာကို သူမလိုလားပါချေ။ ယခုအခြေအနေအထိ သတင်းတွေကို သူ့ဘက်ပို့ရင်း သူထိန်းနိုင်သမျှထိန်းထားပါသည်။ ကျန်တာကိုတော့ ခဏနေလာမည့်ဆရာလက်ပဲ အပ်ရပါတော့မည်။
“ ဆရာတော်တစ်ခုခုပြောချင်နေပုံရတယ် ငါသွားအုံးမယ်၊ လျှောက်တွေးမနေနဲ့ ဆရာတော့်မျိုးဆက်ပါဆို စိတ်ချပါဟ ”
ဆရာတော့်အမူအရာကို ကြည့်ကာ ကပ္ပိယအဘထသွားပါသည်၊ မစိုးရိမ်ဖို့ ပစ္စည်းများသိမ်းရင်း သေချာမှာသွားပါသေးသည်။
“ ကပ္ပိယ ခဏနေရင်
ဘုန်းကြီး ကျောင်းပြန်ကြွမယ် ”
အချိန်ကား နေ့လည်တစ်ချက်ထိုးဖြစ်ပါသည်၊ ဆရာဆိုသူလာတော့မည်ဖြစ်၍ ဆရာတော်အချက်ပေးသည်ဟု ယူဆကာ ကပ္ပိယအဘ အနေကထိုင်ကို ခါ၍သိမ်းလိုက်ပါသည်။ ထို့နောက် နေရာကိုကြည့်လိုက်ရာ ဆရာတော်ခြေလှမ်းအနည်းငယ်နှင့်ပင် တစ်ခါမျှမထိုင်ဖူးသကဲ့သို့ မူလအနေအထားပြန်ဖြစ်သွားသည်ကို အံ့သြဖွယ်တွေ့လိုက်ရပါသည်။ ကပ္ပိယအဘ တံ့တွေးမြိုချရင်း မသိယောင်ဆောင်က ဆရာတော့်နောက်မှ လိုက်သွားပါသည်။
“ ဆရာတော်ပြန်ကြွတော့မှာပါလားဘုရား ”
အမေညွန့်လက်အုပ်ချီကာ ကန်တော့လိုက်ပါသည်။
“ ဒကာမကြီးအမေက ဘုန်းကြီးအပေါ်မှာကျေးဇူးကြီးတယ်၊ ပြီးတော့ ဒီကိစ္စက ဘုန်းကြီးအပြီးမသတ်နိုင်ခဲ့တဲ့ကိစ္စပါ၊ သာသနာဘောင်က သူအနေနဲ့ ဒီအထိပဲ ကူညီနိုင်လို့ ဘုန်းကြီးလည်း စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဘုန်းကြီလွတ်လွတ်လပ်လပ်ကူညီပေးလို့ရတာရှိရင်တော့ စိတ်မပူကြပါနဲ့၊ ဘုန်းကြီးကျောင်းပြန်ကြွပါပြီ ”
ဆရာတော်က တည်ငြိမ်စွာပြန်ကြွသွားပါသည်၊ အမေညွန့် အိမ်ထဲမှသူတွေကိုလှမ်းမခေါ်တော့ပါ။ စပ်စုရန်လာကြသူများကလည်း မနက်ကတည်းက ထွက်သွားကြပြီမို့ အပြန်လမ်းက အထီးကျန်စွာ ပေါ်လွင်နေပါသည်။
ဆရာတော်က တော်ရာမှာပျော်သွားပြီပဲ၊ အမေသိလား အမေအောင်မြင်ခဲ့ပြီ၊ အကုန်လုံးအမေပြောခဲ့တဲ့အတိုင်းပဲ၊ ခဏနေ ဆရာတော်ရဲ့မျိုးဆက်လာရင်တော့ အမေ,မပြောခဲ့တဲ့ တရားခံကို သမီးရှာမယ်။ အမေညွန့်အတွေးနက်ရင်း လမ်းဘက်ထွက်ကြည့်လိုက်ပါသည်၊ ရောက်လာပြီလား။
( ဂ )
' ဟင် 'ဆရာမလေးစိတ်ထဲ ထူးဆန့်သည့်လှိုင်းတစ်ခုဝင်ရောက်လာပါသည်၊ မဟုတ် လှိုင်းနှစ်ခုခံစားမိလိုက်ပါသည်။
' ဆရာတော်လား ကပ္ပိယလား ' တော်ပေါ်မှာဆွမ်းခံကြွပြီးဆင်းလာသည့် ဆရာတော်နှင့်ကပ္ပိယကိုကြည့်ကာ မျက်မှောင်ကြုပ်လိုက်ပါသည်။ သို့သော်သူ့အနားရောက်သည့်အခါတွင်တော့ ဘာမှမခံစားရတော့ပေ၊ ' ငါ့အနေနဲ့ အထင်မှားစရာတော့မရှိဘူး ' ။
“ သားလှမြင့် အခုနက
ဆရာတော်နဲ့ ကပ္ပိယကိုသိလား ”
“ ဟုတ်ဆရာမ ကျောင်းကြီးဆရာတော်နဲ့သူ့ကပ္ပိယကြီးလေ၊ ကပ္ပိယကတော့ ရွာမှာ အဲ့အဘတစ်ယောက်ပဲရှိတယ်၊ ဘုန်းကြီးကတော့ နှစ်ပါးရှိတယ်၊ ကျောင်းလေးဆရာတော်က ဆရာမလေးခဏနေရင်သွားမယ့်ကျောင်းပဲဆရာမလေး၊ ကျောင်းလေးဆရာတော်က ငယ်သေးလို့ ကပ္ပိယမလိုဘူးထင်တယ် တစ်ခုခုဆို ရွာလူကြီးတွေသွားလုပ်ပေးကြတယ်၊ .... ကျောင်းကြီးဆရာတော်က လူနဲ့မတည့်ဘူးဆရာမ ”
လှမြင့်က သူသိသလို အသံတိုးတိုးဖြင့်ပြောလိုက်ပါသည်။ ကပ္ပိယကြီးလက်သံကိုလည်း ကြောက်သည်ပင်။
“ သူပြောတာမဟုတ်ဘူး ဆရာမလေး၊ ကျောင်းကြီး ဆရာတော်က အသက်အရွယ်ကြောင့် သူ့တရားပဲသူမှတ်နေတာ အနှောက်အယှက်ဖြစ်မှာစိုးလို့ ရပ်ရေးရွာရေးဆို ကျောင်းလေးဆရာတော်နဲ့ပဲတိုင်ပင်ဖြစ်ကြတာပါ၊ ပြီးတော့ ကျွန်တော်က ကျောင်းလေးကပ္ပိယအဖွဲ့လည်း ဖွဲ့ပေးထားပါတယ် ”
လှမြင့်ကိုအမြင်ကပ်နေသော ရွာလူကြီးကဝင်ကာ သေချာရှင်းပြလိုက်ပါသည်၊ အသေးစိတ်တော့ပြောပြစရာမလိုပေ။
“ ဆရာမ အပြန်ကျ သမီးတို့ကျောင်းကြီးလည်းဝင်ကြတာပေါ့၊ အချိန်ရပါသေးတယ် နေအေးမှပြန်ကြမယ်လေ ”
သဇင်ကျော့်အဆိုပြုချက်ကိုဆရာမလေးခေါင်းငြိမ့်ထောက်ခံလိုက်ပါသည်၊ အခုနကတည်းက သူအတည်ပြုစရာလည်းရှိနေသည်ပင်။ အချိန်က ယခုမှတစ်နာရီဆိုတော့ ငါးနာရီအချိန်ရပါသေးသည်။
“ ကျောင်းကြီးဆိုတာ တော်တော်ကြီးလို့လား ”
ရတနာထွန်းက မုန့်စားရင်းမေးလိုက်ပါသည်။ ကျော်ခေါင်က မိမိထက်စားနိုင်သူကိုကြည့်ကာ အနာဂတ်အတွက်ရင်လေးစာဖြင့် ဟုတ်တယ်ဟု ပြီးစလွယ်ဖြေရင်း တော်ပေါ်ပဲ ဖိတက်ခဲ့ပါတော့သည်။
“ ကြည်ပြာရေ ဆရာမလေးလာတယ် ”
အမေညွန့်အသံပေး၍ ဆရာမလေးတို့ကို အိမ်ထဲခေါ်သွားလိုက်ပါသည်၊ အထဲတွင် ဆရာတော်ထွက်သွားပြီးကတည်းက မောင်ရင့်ကနိုးနေပါပြီ။ ငူငူကြီးပဲမို့ ဘေးနှစ်ဖက်တွင် မကြည်ပြာနှင့်မပုမတို့က အသင့်အနေအထားဖြင့်ရှိနေကြသည်။ ရွာက ကောင်မလေးနှစ်ယောက်ကိုမူ အမေညွန့်က ခြောက်လွှတ်လိုက်ပြီဖြစ်ပါသည်။
အမေညွန့်က အနောက်ကပါလာသော ကျောင်းသားလေးယောက်နှင့် ရွာလူကြီးကိုကြည့်ကာ ဆရာမလေးအား မှေးငေါ့ပြလိုက်ပါသည်၊ ဆရာမလေးလည်း ရုတ်တရက်မို့ကြောင်သွားပြီးမှ အံ့ဩတကြီး ဖြင့် ဟုတ်ကဲ့သိပါတယ်ဟူသောအမူအရာဖြင့် မသိမသာခေါင်းပြန်ငြိမ့်ပြလိုက်ပါသည်။
“ ကိုအောင်ပြည့်ဖြိုး ကျွန်မ တပည့်လေးတွေနဲ့ အေးအေးဆေးဆေး စကားပြောချင်လို့ ကျောင်းလေးကနေစောင့်နေပေးလို့ရမလားရှင့် ”
ရွာလူကြီးကမလိုက်လျောချင် လိုက်လျောချင်ပုံစံဖြင့် ဟုတ်ကဲ့ဆရာမလေးသဘောပါပြောရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ထွက်သွားပါတော့သည်။
' အစ်မက ကျွန်မကိုသိတာလား '
ခေါင်းထဲဝင်လာသောအသံကို
အမေညွှန့်ခဏလျစ်လျူရှုရင်း
“ ကပ္ပိယက အကျိုးအကြောင်းပြောသွားတယ်၊ ဆရာမလေးက ဆေးကုတတ်တယ်လို့သူကြားထားတယ်တဲ့၊ သတင်းလာမေးရင်း လက်ကျန်ရောဂါကို သူဆက်ကုပေးလိမ့်မယ်ပြောသွားတယ်၊ သရဲပူးတာကို ညကငါရိုက်ထုတ်လိုက်ပြီ၊ ငါ့လက်သံကြောက်ပြီးပြေးပြီ၊ နင်တို့လည်း မှတ်ထားကြ၊ ဆရာတော်တစ်ညလုံးရှိသွားတာက သရဲတွေအပြီးပြေးအောင် ထိုင်နေပေးတာ ”
စကားဆုံးသည်နှင့် မကြည်ပြာ, မပုမ, သဇင်ကျော်, ရတနာထွန်း,လှမြင့်နှင့် ကျော်ခေါင်တို့ ထိုနှစ်ယောက်အား ဝိုင်းကြည့်လိုက်ကြပါသည်။
မကြည်ပြာနှင့်မပုမက အမေညွန့်အား ဒီလောက်တောင်ခွန်အားကြီးတာလားဟူသောအမူအရာဖြင့် အံ့ဩတကြီးကြည့်ခြင်းဖြစ်ပြီး၊ ဆရာမလေးကျ ရုပ်ကလည်းချော ပညာကလည်းစုံနဲ့ တော်လိုက်တာဟူသောအမူအရာဖြင့် အားကျကာ ကြည့်ခြင်းဖြစ်ပါသည်။ မောင်ရင့်အခြေအနေနှင့် ဆရာတော်တစ်ညလုံးရှိသည့်ကိစ္စကတော့ ခန့်မှန်းမိထားကြသည့်အတိုင်းမို့ အထူးအဆန်းဖြစ်မသွားပါချေ။
သဇင်ကျော်, ရတနာထွန်း, လှမြင့်နှင့်ကျော်ခေါင်တို့က အမေညွှန့်အား ကြောက်လန့်တကြားကြည့်မိသွားကြကာ၊ ဆရာမလေးနှင့် ဆရာတော်တို့ကိုကျ လေးစားကြည်ညိုစိတ်ဖြင့် ကြည့်မိ, မြင်ယောက်မိ သွားကြခြင်းပင်ဖြစ်ပါသည်။
အနီးရှိ ကာယကံရှင်နှစ်ယောက်မှာလည်း နည်းနည်းတော့ အိုးတိုးအတဖြစ်နေကြပါသည်။ အမေညွန့်ကပဲ ဦးဆောင်ကာစကားစလိုက်ပါသည်။
“ ဆရာမလေးအပြင်ခဏလောက် ”
ထိုနှစ်ယောက်ထွက်သွားပြီးမှသာ အိမ်အတွင်းရှိလူများ၏အာရုံက ငူငူငိုင်ငိုင်ဖြင့် ငုတ်တုတ်ထိုင်နေသော မောင်ရင့်အပေါ်သို့ ပြန်ရောက်လာကြပါသည်။ သို့သော်ဘယ်လိုခေါ်ခေါ်မထူးသည်မို့ အတင်းအကြပ်မလုပ်ကြတော့ဘဲ ဆရာမအလာကိုသာစောင့်နေကြပါတော့သည်။
လှမြင့်က ငါမပြောဘူးလားဟူသောအမူအရာဖြင့်ရှိနေပြီး သဇင်ကျော်က ငါပဲဖြစ်လိုက်ပါတော့ဟယ်ဟူသောအမူအရာဖြင့် ချက်ချင်းကိုပုံကျသွားသဖြင့် ရတနာထွန်းက မသိသာအောင်လှမ်းထိန်းထားရင်း ကျော်ခေါင်က သူ့အမေနှင့် မကြည်ပြာအရှေ့ပိတ်ရပ်နေကာ မောင်ရင့်နှင့်အပြိုင် ကြောင်တောင်တောင်လုပ်ပြနေပါလေတော့၏။
#သုတဈာန်
#သာလွန်ပညာရှင်
#သည်းခြေပျက်ခြင်း
#စိတ်ကူးယဉ်ဂမ္ဘီရစာပေ
ကောင်းကျိုးလိုရာဆန္ဒတွေ
လုံးဝပြည့်စုံကြပါစေသော်
______________________________________