ဆရာမရှိတယ်နော်
Vol. 3 Ch. 13
နေ့လည်ခင်းမို့ အပူရှိန်က ပြင်းပြင်းရှရှရှိနေပါသည်။ သို့သော် ဆရာမလေးနှင့်အမေညွန့်တို့မှာပတ်ဝန်းကျင်အဖြစ်စုံကိုစိတ်မဝင်စားနိုင်အားသေးဘဲ တစ်စုံတစ်ရာကို ခေါင်းချင်းဆိုင်ကာ ဆုံးဖြတ်ချက်ချနေကြပါ၏။
“ ကလေးတွေရှေ့မှာ အဆင်ပြေပါ့မလား၊ အဲ့လောက်ထိနိုင်နင်းဖို့ကျ နင့်အသက်က ငယ်လွန်းမနေဘူးလား ”
အမေညွန့်က စိတ်မချဖြစ်ကာပြောလိုက်ပါသည်။
“ အစ်မစိတ်မပူပါနဲ့၊ ညီမယုံကြည်ချက်ရှိပါတယ်၊ တစ်ခုခုဆိုရင် မောင်ရင့်ကို ဒီခြုံထည်လေးနဲ့သာအုပ်ပြီးအနားမှာနေပေးပါ ”
ဆရာမလေးက ခေါက်လျက်သား ကာကီရောင်အနေတော်ခြုံထည်လေးတစ်ထည်ကို တရိုတသေထုတ်ယူကာ အမေညွန့်ကိုပေးလိုက်ပါသည်။
“ လေးလိုက်တာဟဲ့ ”
အမေညွန့်လက်နှစ်ဖက်အောက်သို့ညွှတ်ကျသွားသဖြင့် ဆရာမလေးထံမှ အဓိပ္ပါယ်ဖော်မရသည့်အသံတစ်ခုက မကြားရသလောက်လွှင့်လာကာ သက်တောင့်သက်သာပြန်ဖြစ်သွားစေလိုက်ပါ၏။
“ ဒီလောက်ဆို စိတ်ချပြီ
အလုပ်စကြတာပေါ့ ”
အမေညွန့်ကျေနပ်သွားပုံကိုကြည့်ပြီး ဆရာမလေးပြုံးလိုက်ပါသည်၊ အမေညွန့်ခွန်အားနှင့်ပင်မ,မနိုင်ဖြစ်နေသည့် ဤပစ္စည်းကို သူသည်လည်း ပုံမှန်အတိုင်း မသယ်နိုင်ပါပေ။ သက်ဆိုင်ရာတေးသံနှင့်နှိုးစွပေး၍သာ ချီမြှောက်နိုင်ပါသည်၊ ၃ နာရီစာအတွက်တော့ ဒီလောက်က အဆင်ပြေပါပြီ။
“ ဆရာမလေး မောင်ရင့်ကိုကြည့်ပါအုံး ”
အိမ်ထဲဝင်ဝင်ချင်း ပြေးလာကာ အော်လိုက်သည့် သဇင်ကျော့်အသံကြောင့် ဆရာမလေးအတွေးစပြတ်သွားပါသည်။
“ မောင်ရင့်က နေမကောင်းတဲ့အရှိန်နဲ့ အားပြတ်နေလို့ လူကမျောပြီး ငူငူငိုင်ငိုင်ဖြစ်နေတာ၊ အော်မနေနဲ့တော့ လူကြီးတွေလန့်ကုန်ပြီ ”
ဆရာမလေးက သဇင့်ကျော့်အခြေအနေကိုထိန်းရင်း ဖာထေးကာပြောလိုက်ပါသည်၊ ထိုအခါမှ ကာပေးနေသည့် ရတနာထွန်းနှင့်ကျော်ခေါင်မှာ သက်ပြင်းချလိုက်ရပါ၏၊ အတန်းခေါင်းဆောင်က ထိန်းလို့မရပေ။
မကြည်ပြာအခြေအနေကို အနည်းငယ်သဘောပေါက်သွားပုံရပါသည်၊ သဇင်ကျော့်ကိုကြည့်ရင်း မပုမကို မှေးငေါ့လိုက်ပါ၏။
မပုမကတော့ မောင်ရင့်အားကြောက်နေသည့် လှမြင့်ကို ကြည့်နေရင်းမှ မကြည်ပြာပြောသည်ကို ခေါင်းခါပြလိုက်ပါသည်။
မောင်ရင့်က သူ့ကိုဝိုင်းလျက်ရှိသည့်လူအုပ်အား ရှိသည်ဟူ၍ပင်သဘောမထားပါချေ၊ ငေးငိုင်နေရာမှ တစ်ချက်တစ်ချက် ထရယ်နေတတ်ပါသေး၏။
“ ဆရာမလေးက ပြောတယ် အရင်ဆုံး လူနာကို သန့်ရှင်းရေးလုပ်ရမယ်တဲ့၊ ငါနဲ့ကြည်ပြာ မောင်ရင့်ကို ရေချိုးပေးလိုက်အုံးမယ် ”
အမေညွန့်က လိုရင်းပြောကာ မောင်ရင့်ကိုအဝတ်တွေစချွတ်လိုက်သဖြင့် သဇင်ကျော်နှင့်ရတနာထွန်း အပြင်ကို အမြန်ထွက်သွားကြပါသည်၊ ကျော်ခေါင်နှင့် လှမြင့်က အမေညွန့်ကို ဝိုင်းကူလိုက်ကြပါ၏။
မပုမက အပြင်မှရေကို အထဲသို့သယ်လာခဲ့ကာ အတွင်းကနေ မကြည်ပြာက လှမ်းယူလိုက်ပါသည်။ ထို့နောက် တဖက်လှည့်နေသည့် ဆရာမလေး, မပုမ,ကျော်ခေါင်နှင့် လှမြင့်တို့ အပြင်ခဏထွက်လိုက်ကြပါ၏။
“ ဆရာမလေး ရေချိုးပြီး
အဝတ်လှယ်ပေးပြီးပါပြီ ”
မောင်ရင့်လည်း နေမကောင်းသဖြင့်လှဲနေရသည်မှာ ကြာပြီမို့ ယခုမှ နဂိုရုပ်လေးထွက်လာပါသည်။ ရတနာထွန်းက သဇင်ကျော့်ကို သတိပေးရင်း ဆရာမတို့နှင့် အထဲလိုက်ဝင်လာပါသည်။
“ အခန်းပါ သန့်ရှင်းပေးထားတာပဲ ”
ဆရာမလေးက အမေညွန့်ကိုကျေးဇူးတင်ဟန်ဖြင့် ခေါင်းငြှိမ့်ပြကာ ရှေ့ဆုံးမှ လျှောက်လာပြီး မောင်ရင့်အနား ထိုင်ချလိုက်ပါသည်။
“ အခန်းလည်း သန့်ရှင်းသွားပြီ၊ လူလည်းသန့်ရှင်းသွားပြီ၊ ဒါက စိတ်ခြောက်ချားပြီး သတိမျောနေတဲ့ လူနာကို မကုခင်ပြင်ဆင်ရမယ့်အခြေခံအချက်ပဲ ”
မောင်ရင့်ကထူးခြားသူမို့ အလားတူထပ်မဖြစ်နိုင်တော့ပါပေ၊ ထို့ကြောင့် အပေါ်ယံဝေဒနာမျိုးကြုံလာလျှင် တပည့်များအတွက် အသုံးဝင်ပါစေဟူသောစေတနာဖြင့် အပြင်ပမထုတ်ဖြစ်ခြင်းပင်။
“ အခုကစပြီး ဆရာမပြောခိုင်းမှ စကားပြောကြမယ်နော်၊ အဝင်အထွက်လုပ်လို့မရတော့ဘူးမို့ မစခင်တစ်ခါတည်းလုပ်ထားကြပါ ”
အားလုံးက လုပ်စရာမရှိပုံဖြင့် ငြိမ်နေကြပါသည်။
“ ဒါက အနွေးကျောက်လေး၊ မပူဘူး အအေးအပူမျှပြီး လူနာကိုသက်တောင့်သက်သာဖြစ်စေတာလေး၊ ဆရာမကအလွယ်လုပ်ချင်လို့ ထုတ်လိုက်တာ ဒါမရှိလည်း လူနာကို သက်တောင့်သက်သာအနေအထား ထားနိုင်ရင်ရပြီ ”
ဆရာမအသံက မတိုးမကျယ် သာယာနာပျော်ဖွယ်နားထဲဝင်လာ၍ အားလုံးက ငြိမ်ပြီးနားထောင်နေကြပါသည်၊ ကာယကံရှင် မောင်ရင့်ကတော့ ပျော်ပျော်ကြီးရေချိုးကာ အိပ်မောကျနေပြန်ပါသည်။
“ ဒီ အနွေးကျောက်လေးက အလင်းရောင်မျှတအောင်လည်း လုပ်ပေးတယ်၊ အဓိက,က လူနာ အတွက် သက်တောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ပဲ ”
ဆရာမလေးစကားအဆုံးတွင် ခရီးနှင်လာရသူများရော, အလုပ်များထားသူများပါ ပင်ပန်းမှုဟူသမျှသည် ယူပစ်လိုက်သကဲ့သို့ သက်တောင့်သက်သာဖြစ်သွားကြပါသည်။
“ ငါဘယ်ရောက်နေတာလဲ ”
လှဲနေသည့် မောင်ရင့်ထံမှ နဂိုအသံလေးက ဝေဝါးစွာ မျှင်းခနဲထွက်လာပါသည်။
“ အိမ်မှာပဲလေ သား ”
အကုန်လုံး ချိုသာသည့်ဆရာမအသံလေးကိုလည်း နောက်ဆက်တွဲ ကြားလိုက်ရပါသည်။
“ ဘယ်သူပြောနေတာလဲ ”
မောင်ရင့်က မချုပ်ထားဘဲနှင့် ရုန်းကန်ကာ မေးလိုက်ပါသည်။
“ ဆရာမပါသား ဆရာမကြည်သန့်မေပါ ”
ဆရာမလေးက အလိုက်တသင့်ဖြေလိုက်ပါသည်။
“ ဘာသားလဲ ငါ့ကိုဘုရင်လို့ခေါ်စမ်း ”
မောင့်ရင့်အသံက ပိုမိုခက်ထန်လာသည်မို့ အားလုံးလည်း လန့်သွားကြပါသည်။ ဒီတစ်ခါတော့ ဆရာမလေးက မည်သို့မျှ ပြန်လည်ကာ မတုံ့ပြန်ပါပေ။
“ အားလုံးပြီးသွားပါပြီသား၊ အိမ်ကိုပြန်ရောက်ပါပြီ၊ အနားမှာ မိသားစုတွေ, သူငယ်ချင်းတွေလည်းရှိကြတယ်၊ သားကိုအားလုံးက မျှော်နေကြတာ ”
မောင်ရင့်အရှိန်ကျသွားအောင် ခဏစောင့်ပြီးမှ ဆရာမလေးက အေးမြစွာ အသံလွင်လွင်လေးနှင့် ပြောလိုက်ပါသည်။
“ ငါ့ကိုမချစ်ကြဘူး၊ ဝင်းခန့်လည်းထွက်သွားပြီ၊ အရမ်းအထီးကျန်တယ်၊ ဘယ်သူမှ ဂရုမစိုက်ကြဘူး၊ ငါ့နေရာကိုပြန်ပို့ပေး၊ ထွက်သွားကြ၊ အကုန်ထွက်သွားကြ ”
မောင်ရင့် လက်တွေပါမြှောက်ကာ ထလာဖို့လုပ်ပါသည်၊ ထိုအချိန်တွင် အမေညွန့်လက်ထဲမှ ခြုံလွှာတစ်ထည်က အလိုက်တသင့် လွှားခနဲအုပ်ကျသွားပါ၏။
အင့် ဟူသောမည်သံနှင့်အတူ မောင်ရင် ပြန်လဲကျသွားပါသည်၊ တိတ်ဆိတ်စွာမှတ်သားနေသူအားလုံးမှာလည်း ရင်တထိထိပ်ဖြစ်နေကြပါ၏။
“ ဆရာမက သားကိုချစ်တာပေါ့၊ ဒီလောက်လိမ္မာတဲ့ကလေးကို ဘယ်သူကမချစ်တာတုန်း ”
ဆရာမလေးက နွေးထွေးစွာပြုံး၍ပြောလိုက်ပါသည်။ ထို့နောက် အမေညွန့်ကို ကြည့်လိုက်ရာ
“ အဖွားမြေးလေးကို
အဖွားကလည်း ချစ်တယ်နော် ”
အမေညွန့်ကလည်း အသံကိုတတ်နိုင်သမျှလျှော့ချကာ ချိုချိုသာသာလေးပြောကြည့်လိုက်ပါသည်။
“ မေမေ့အချစ်တုံးလေး
မေမေက အရမ်းချစ်တာပေါ့ ”
မကြည်ပြာကလည်း မောင်ရင့်အနားကပ်သွားကာ ဆံပင်ကိုလက်နှင့်သပ်ပေးရင်း မျက်ရည်များကျနေသည့်ကြားမှ အတတ်နိုင်ဆုံးပြုံး၍ နွေးထွေးစွာ ပြောလိုက်ပါသည်။
ထို့နောက် သူငယ်ချင်းများကလည်း အရင်းနှီးဆုံး နှင့် အနွေးထွေးဆုံးစကားလုံးများကို သုံးကာ မောင်ရင့်ကိုဝိုင်းပြီး ပြောကြပါသည်။
ထူးခြားသည်မှာ အသံများတစ်ခုပြီးတစ်ခုထွက်လာသော်လည်း ထပ်မနေ, အက်မနေဘဲ ဆရာမလေးကဲ့သို့ပကတိချိုသာနေကာ လှပဆန်းပြားသည့်လှိုင်းများအသွင်ဖြင့် မောင့်ရင့်နားထဲသို့ တိုးဝင်သွားကြခြင်းပင်။
နာရီဝတ်မျှကြာသော်ရုန်းကန်နေသည့်မောင်ရင့်လက်များက ငြိမ်ကျသွားပါသည်၊ ဖောင်းကြွနေသည့် သွေးကြောများမှာလည်း မောင်ရင့်လက်အတိုင်း မရှိသကဲ့သို့ ပြန်ပျောက်သွားပါသည်။ နီရဲလာသည့် အသားများမှာ ပြန်လည် ဝါဝင်းစိုပြေလာပြီး မျက်နှာမှာ ခပ်ရဲရဲလေးပြန်ဖြစ်လာပါသည်။
သို့သော်သတိရမလာသေးချေ၊ ထိုအခိုက်တွင် အားလုံးရှိန်းခနဲ ခံစားလိုက်ရပြီး ကြက်သီးတဖြန်းဖြန်းထသွားကြပါသည်။ ရတနာထွန်းက သဇင်ကျော်ကို ဖက်ကာ လန့်သွားပါသည်၊ လှမြင့်ကလည်း ဒူးတုန်နေပါ၏။
“ အားလုံးပြီးသွားပါပြီ၊ ကလေးက အားငယ်ပြီး ဂယောင်ခြောက်ချားဖြစ်သွားတာ၊ သူ့ကိုပစ်မထားပါနဲ့ သူ့အစ်ကိုက မြို့ကိုတက်သွားလို့ အထီးကျန်နေတာထင်တယ် ”
ကျော်ခေါင်တို့ ပြောထားပြီးသားမို့ အစ်ကိုအကြောင်းကို ဆရာမလေးသိနှင့်နေပါသည်၊ ထို့ကြောင့် အလိုက်သင့်ထည့်သုံးလိုက်ပါ၏။
“ ဟုတ်မယ် ဆရာမလေး ကျော်ခေါင်ကျ စာပဲတကုပ်ကုပ်လုပ်နေပြီး၊ လှမြင့်ကျ သူနဲ့မတည့်တော့ အိမ်ပြန်ရောက်ရင် အဖော်မရှိဖြစ်သွားတာနေမယ်၊ ကျွန်မလည်း အလုပ်မအားတာနဲ့ ပစ်ထားသလိုဖြစ်သွားတယ်၊ သတင်းလာမေးရင်း ရောဂါပါ ကုပေးလို့ကျေးဇူးတင်ပါတယ်ဆရာမလေး ”
ကျော်ခေါင်က မပုမကို ကြည့်လိုက်ပါသည်၊ လှမြင့်က လူရှက်သွားပါသည်။ သဇင်ကျော်ကတော့ အတိုးချ ဂရုစိုက်ပေးရမည်ဟု သံဓိဌာန် ချလိုက်ပါ၏။
“ မောင်ရင့်က အသည်းငယ်လွန်းတာကြောင့်လည်းပါ .. ” အမေညွန့်က စကားဆုံးအောင်ပင်မစောင့်ဘဲ မပုမကို စောင်းကြည့်လိုက်ရာ စကားစမှာ အပြီးမသတ်လိုက်ရတော့ပေ။
“ ရပါတယ် မောင်ရင့်က ကျွန်မတပည့်ပဲ၊ စာတွေအတွက်တော့မပူပါနဲ့ အခုနကပဲ သူ့သူငယ်ချင်းတွေဝိုင်းကူညီထားကြတာပဲ ”
သဇင်ကျော်, ရတနာထွန်း,လှမြင့်နှင့် ကျော်ခေါင်တို့ ရှက်ကိုးရှက်ကန့်ဖြစ်သွားကြပါသည်။
“ ဆရာမလေး ဒီမှာညအိပ်မှာမလား ”
မကြည်ပြာက မျှော်လင့်တကြီးဖြင့်မေးလိုက်ပါသည်၊ နေကောင်းပြီဆိုပေမယ့် ဆရာမလေးအနားမှာရှိလျှင်ပို၍ စိတ်ချရပါသည်။ နောက်ပြီး သူတကယ်လည်း ကျေးဇူးတင်မိနေ၍ ပြုစုချင်သေးသည်ပင်။
“ ကလေးတွေလည်း ပါတော့ ပြန်မှရမယ်ညီမ၊ သူတို့မိဘတွေက ညအိပ်မပါဘူးထင်နေကြတာ၊စိတ်ပူနေမှာဆိုးလို့ ”
“ ဒါလည်း ဟုတ်တယ်၊ ဆရာမလေးကို အနေခက်ရအောင် လျှောက်မေးမနေနဲ့၊ ကလေးအနားမှာနေအုံး ငါဆရာမလေးနဲ့ ပြောစရာရှိသေးတယ် ”
အမေညွန့်က စကားစဝင်ဖြတ်ကာ ဆရာမလေးကို ခေါ်ထုတ်သွားပါသည်။ ကလေးတွေကတော့ မောင်ရင့်အနားမှာ မပုမနှင့်အတူ ကျန်ရစ်ခဲ့ကြပါသည်။
“ နင်တကယ်တော်တာပဲ
နင့်အဖေကို မှီတော့မှာ သေချာတယ် ”
ပျဉ်းကတိုးပင်အောက်ရောက်လျှင် အမေညွန့်မထိန်းထားနိုင်တော့ပဲ ပြောချလိုက်ပါသည်။
“ အစ်မဝင်ကူလို့လည်း ပါ,ပါတယ်၊ ပြီးတော့ အထဲမှာ တခြားကူညီတဲ့သူတွေလည်းရှိတယ် ”
ဆရာမလေးကအနည်းငယ်စဉ်းစားပြီးပြောလိုက်ပါသည်၊ ဒီအစ်မက မိမိဖခင်ကိုလည်းသိနေသည့်ပုံရပါသည်။
“ ဟုတ်လား ငါ့ကိုပြောပြလို့ရလား
ထားလိုက်ပါ ဒဏ်မခံနိုင်လောက်ဘူး ”
ဆရာမလေးက ဘာမှပြန်မပြောပါပေ။
“ ဒါနဲ့ အခုအခြေအနေက တစ်မျိုးကြီးပဲနော်ဘယ်လိုဖြစ်သွားတာလဲ၊ ပြီးတော့ တရားခံလည်း ပြောပါအုံး ”
အမေညွန့် စိတ်လောနေပါသည်။
“ အခြေအနေက တွေးထားသလိုမဟုတ်တာ အမှန်ပဲ၊ အစ်မသာ ခြုံထည်မလွှားခဲ့ရင် ညီမတောင် ပြန်လာနိုင်မှာမဟုတ်ဘူး၊ တရားခံကတော့ ဘယ်လိုမှ ရှာလို့မရဘူး၊ ကာယကံရှင်ကိုယ်တိုင်ပဲရှာရမယ် ”
ပြောရင်းဖြင့် ကြောက်စရာအသက်ဘေးနှင့်တွေ့ခဲရသည့်အခြေအနေကို ပြန်တွေးမိသွားကာ မောင်ရင့်ရှိရာ အိမ်ဘက်သို့ လှမ်းကြည့်လိုက်မိပါသည်။
“ အဲ့လောက်တောင်လား၊ ငါ့မြေးလေးက တရားခံကိုရှာမယ်ဆို ဒီအတိုင်းနေသွားလို့မရတော့ဘူးပေါ့ ”
အမေညွန့် အတော် စိတ်မကောင်းဖြစ်သွားပါ၏။
“ တရားခံနဲ့မပတ်သက်ရင်တောင် သူ့ကံကြမ္မာက သတ်မှတ်ထားပြီးသားပဲလေ အစ်မ ”
#သုတဈာန်
#သာလွန်ပညာရှင်
#စိတ်ကူးယဉ်ဂမ္ဘီရစာပေ
#ပရလောက #ဇာတ်ဆရာ၏ပုံပြင်များ
ကောင်းကျိုးလိုရာဆန္ဒတွေ
လုံးဝပြည့်စုံကြပါစေသော်